အနှိုင်းမဲ့ သာလွန်သူ
Vol. 215 Ch. 3248
ကစဉ့်ကလျားနန်းတော်မှာ…
အစက ရှုလွေသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အနားယူအားဖြည့်နေ၏။ ရုတ်တရက် သူက မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက မတ်တတ်ထရပ်ပြီး အသံနှိမ့်ကာ ပြောလိုက်၏။
“ဂျူနီယာညီမချန်၊ ဂျူနီယာညီမုံ့၊ ဂျူနီယာညီဖန်း... သူတို့တွေ ရောက်လာကြပြီ”
ချန်ချင်းဟယ်နှင့် မုံ့ရှစ်က ရင်တစ်ချက်ထိတ်သွားပြီး ကောက်ရိုးတဲထဲကနေ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။
ဖန်းမူက သူ့ကောက်ရိုးတဲ၏ အပြင်ဘက်မှာ စောင့်ဆိုင်းနေပြီဖြစ်၏။ သူသည် ရှုလွေနှင့် အခြားနှစ်ယောက် ထွက်လာသည်ကို တွေ့မြင်သောအခါ သူတို့ကို အလောတကြီးကြိုပြီး အသံနှိမ့်ကာ ပြောလိုက်၏။
“အဲ့ဒါ မဟူရာကြွက်ဂိုဏ်းပဲ ဖြစ်ရမယ်”
“လူအရေအတွက် ဘယ်လောက်များလဲ”
မုံ့ရှစ်က အလောတကြီး မေးလိုက်သည်။
ရှုလွေက အာရုံခံကြည့်ပြီးနောက် သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်၏။
“သူတို့ အရေအတွက်သောင်းချီ ရှိနေမယ်”
ထိုစကားကို ကြားသောအခါ ချန်ချင်းဟယ်နှင့် မုံ့ရှစ်က ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
ဤကဲ့သို့ ကြီးမားသော အစုအဖွဲ့နှင့်အတူ သူတို့သည် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ သိသာနေ၏။ ကစဉ့်ကလျားနန်းတော်သည် ဤတစ်ခေါက် ကပ်ဘေးကနေ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
“ရောင်းရင်းတို့... ငါတို့ တိုက်ခိုက်ခံနေရပြီ... သတိအနေအထား ပြင်ထားကြ”
ရှုလွေက အော်ပြောလိုက်၏။
ကစဉ့်ကလျားနန်းတော်မှာ လူသုံးထောင်ကျော်ကျော်က နိုးထလာပြီး အလောတကြီး လှမ်းထွက်လာကြ၏။ သူတို့သည် ရှုလွေနှင့် အခြားသုံးယောက်၏ဘေးကို ရောက်ရှိလာပြီး ကြောင်တိကြောင်တောင်ဖြင့် အဝေးကို လှမ်းကြည့်နေကြ၏။
ထိုအခိုက်အတန့်မှာ မြေပြင်က အနည်းငယ်တုန်ခါလာသည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း အာရုံခံမိနေကြ၏။
လူတိုင်းသည် ရင်ထဲမှာ သိပ်သည်းလေးလံသော ဖိအားတစ်ခုကို ခံစားနေရသည်။
“စီနီယာအစ်ကိုရှု... ကျုပ်အထင်တော့…”
ဖန်းမူက တွေဝေတုံ့ဆိုင်းသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
“ဘာဖြစ်လို့လဲ”
ရှုလွေက မလှမ်းမကမ်း တောင်ကြောရိုးမှာ ပေါ်ထွက်လာသည့် အနက်ရောင်အရိပ်များကို အာရုံစိုက်ထားရင်း သာမန်ကာလျှံကာ မေးလိုက်၏။
ဖန်းမူက သက်ပြင်းချကာ ပြောလိုက်၏။
“ကျုပ်တို့တွေ အညံ့ခံကြရင် မကောင်းဘူးလား”
ဖန်းမူသည် သူ၏ အသံကို ဖိနှိမ်မထားဘဲ လက်ရှိလူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အစက ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှုလွေ၊ မုံ့ရှစ်နှင့် ချန်ချင်းဟယ်တို့က ဖန်းမူကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လာကြ၏။
“အညံ့ခံဖို့လား”
သူ့ရင်ထဲရှိ အမျက်ဒေါသကို ဖိနှိမ်ရင်း ရှုလွေက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ကာ နောက်တစ်ဖန် မေးလိုက်၏။
“မင်း ဘာစကားပြောတာလဲ”
မုံ့ရှစ်၏ စိတ်နေစရိုက်က ပိုမိုကြမ်းတမ်းပြီး သူက အော်ငေါက်လိုက်၏။
ဖန်းမူက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ခေါင်းခါပြလိုက်၏။
“စီနီယာအစ်ကိုရှု... ကျုပ်တို့ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တောင် ဘာဆက်ဖြစ်လာမှာလဲ... ခင်ဗျားလည်း ကောင်းကောင်းသိနေတာပဲ... ကျုပ်တို့တွေက နောက်ဆုံးမှာ ရှုံးနိမ့်ရမယ့် ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး... နောက်ဆုံး ကစဉ့်ကလျားနန်းတော်ကနေ လူဘယ်လောက်များများ အသက်ရှင်နိုင်မှာလဲ... ဒီလိုဆိုမှတော့ ဘာလို့ခေါင်းမာနေဦးမှာလဲ”
“ဒါဆို ငါတို့တွေက မဟူရာကြွက်ဂိုဏ်းဆီမှာ အညံ့ခံပြီး သူတို့ရဲ့ကျွန်တွေ ဖြစ်လာရမှာလား... ထွီ…”
မုံ့ရှစ်က ခပ်ဆတ်ဆတ် အော်ငေါက်လိုက်၏။
ရှုလွေက အမျက်ဒေါသဖြင့် ရယ်မောလိုက်၏။
“ငါတို့က အညံ့ခံမယ်ဆိုရင်တောင် ကစဉ့်ကလျားနန်းတော်က အဲ့ဒီလူတွေက အသက်ရှင်နိုင်မှာလား... အဲ့ဒီအဖွဲ့အစည်းတွေရဲ့အောက်မှာ ငါတို့အပင်မျိုးနွယ်ရဲ့ ကံကြမ္မာကို မင်းမသိဘူးလို့ မပြောစမ်းနဲ့... ငါတို့တွေက ငါတို့ရဲ့ လက်ကျန်ဘဝတစ်လျှောက် ဘာဂုဏ်သိက္ခာမှ မရှိဘဲ ကျွန်ပြုခံ၊ မောင်းနှင်ခံရလိမ့်မယ်... ငါတို့တွေက ပစ္စည်းကိရိယာတွေနဲ့ ဒါမှမဟုတ် စားစရာတွေတောင် ဖြစ်လာလိမ့်မယ်”
“ငါတို့ရဲ့အသက်တွေက သူတို့ရဲ့ မျက်လုံးထဲမှာ မြက်ပင်တွေလိုပဲ... ငါတို့အညံ့ခံမယ်ဆိုရင်တောင် ငါတို့က နောက်ဆုံးမှာ သေခြင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ဟားဟားဟား”
ထက်ရှသော ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။
“မင်းတို့ အညံ့မခံဘူးဆိုရင် မင်းတို့အားလုံး ဒီနေ့သေရလိမ့်မယ်”
ရယ်သံမဆုံးသေးခင် ကစဉ့်ကလျားနန်းတော်၏ အထက်မှာ လူခုနစ်ဦး ပေါ်ထွက်လာပြီဖြစ်၏။ သူတို့အားလုံးက သာလွန်သူများ ဖြစ်ကြသည်။
သူတို့ထဲမှ နှစ်ယောက်သည် တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်း သာလွန်သူများဖြစ်ကြပြီး၊ သုံးယောက်က ဒုတိယအသွင်ပြောင်းလဲခြင်း သာလွန်သူများဖြစ်ကာ၊ နှစ်ယောက်က ပထမအသွင်ပြောင်းလဲခြင်း သာလွန်သူများဖြစ်သည်။
သာလွန်သူခုနစ်ဦး၏ နောက်ဘက်မှာ စစ်သည်ပေါင်း သောင်းချီက ချီတက်လာကြပြီး သဲမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ရှုလွေက တစ်ချက်ဝေ့ကြည့်ပြီး ဖန်းမူကိုကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဂျူနီယာညီဖန်း... သူတို့ဘက်မှာ သာလွန်သူခုနစ်ဦးပဲ ရှိတယ်... ငါတို့လေးယောက် ပူးပေါင်းထားမယ်ဆိုရင် ငါတို့ တိုက်ခိုက်နိုင်သေးတယ်”
ဖန်းမူက သူ၏ ခေါင်းကို ထပ်တလဲလဲ ခါယမ်းပြီး တဖြည်းဖြည်း နောက်သို့ဆုတ်သွား၏။
“ကျုပ်တို့တွေ နိုင်မှာမဟုတ်ဘူး”
“ဉာဏ်ရှိတဲ့သူက အခြေအနေကို အကဲခတ်တတ်တယ်”
မဟူရာကြွက်ဂိုဏ်းချုပ်က ပြုံး၍ ပြောလိုက်၏။
“တာအိုရောင်းရင်းဖန်းက ငါတို့ဆီမှာ အညံ့ခံပြီးသွားပြီ... သူက ငါတို့ မဟူရာကြွက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ”
“မင်း…”
မုံ့ရှစ်က ဒေါသတကြီး စိုက်ကြည့်လိုက်၏။
ချန်ချင်းဟယ်က ထိုစကားကို ကြားသောအခါ သူမမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်ထွက်လာပြီး အဲ့ဒါကို မယုံကြည်နိုင်ပေ။
ဖန်းမူက ရှုလွေနှင့် အခြားနှစ်ယောက်၏ အကြည့်များကို ရှောင်လွှဲပြီး အသံနှိမ့်ကာ ပြောလိုက်၏။
“ငါ... မင်းတို့တွေ ပြန်အလာကို စောင့်နေတယ်ဆိုတာ... ငါက မင်းနဲ့တခြားသူတွေအတွက် ဒီအခွင့်အရေးကို ရစေချင်လို့ပဲ”
“ရှုလွေ…. ဂိုဏ်းချုပ်က တာအိုပြယုဂ်နယ်ပယ်မှာ တတိယအသွင်ပြောင်းလဲခြင်းရဲ့ အထွတ်အထိပ်အထိ ကျင့်ကြံပြီးပြီ… သူက ပေါင်းမိုးပြည်နယ်မှာ စိုးမိုးခြယ်လှယ်ပြီး အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းလာလိမ့်မယ်… သူ့ရဲ့တာအိုဘွဲ့က အနှိုင်းမဲ့သာလွန်သူ ဖြစ်လာမယ်”
“မင်းက ထိခိုက်ဒဏ်ရာရထားတာကို မပြောနဲ့... မင်းရဲ့ အထွတ်အထိပ်အခြေအနေမှာ ရှိနေပြီး မင်းလိုလူ ဆယ်ယောက်ရှိနေမယ်ဆိုရင်တောင် မင်းက ဂိုဏ်းချုပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဟဲဟဲ”
မုံ့ရှစ်က လှောင်ရယ်လိုက်၏။
“အရှေ့တောင်ဒေသမှာ ပြည်နယ် ၁၀၈ခု ရှိတယ်... သူက ပေါင်းမိုးပြည်နယ်မှာ အဆင့်တူတွေကြား ပြိုင်ဘက်ကင်းရုံနဲ့ သူ့ကိုယ်သူ အနှိုင်းမဲ့သာလွန်သူလို့ ခေါ်ဆိုရဲတယ်ပေါ့လေ... လခွမ်းတဲ့မှ… ဘယ်လောက်တောင် အရှက်မဲ့လဲ”
မုံ့ရှစ်က သူ့ကိုယ်သူ ချုပ်တည်းမထားဘဲ သူက သေရမှာကို လုံးဝ ကြောက်ရွံ့မနေပေ။
“နင်က တော်တော်လျှာစောင်းထက်တာပဲ... နင်က ငါ့ယောက်ျားရဲ့လက်ထဲ ကျဆင်းသွားတဲ့အခါ နင့်ကို သူက သေချာပေါက် သေချင်စိတ်ပေါက်လာအောင် လုပ်လိမ့်မယ်”
မဟူရာကြွက်ဂိုဏ်းချုပ်၏ ဘေးမှာ မတ်တတ်ရပ်နေသော မျက်နှာချေများစွာ လိမ်းခြယ်ထားသည့် အမျိုးသမီးတစ်ဦးက အော်ပြောလိုက်၏။ အဝေးကနေပင် သူမ၏ ခန္ဓာကိုယ်မှာ မျက်နှာချေများ၏ အနံ့ကို ရနိုင်သည်။
“ဟုတ်ပြီလေ”
မဟူရာကြွက်ဂိုဏ်းချုပ်က အေးစက်နေသော အကြည့်ဖြင့် ပြောလိုက်၏။
“ဒီနေ့ အနှိုင်းမဲ့သာလွန်သူရဲ့ နည်းလမ်းတွေက ဘာတွေလဲဆိုတာ မင်းတို့ကို ငါပြပေးမယ်”
သူ့စကားမဆုံးသေးခင် မဟူရာကြွက်ဂိုဏ်းချုပ်က မုံ့ရှစ်၏ ရှေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး သူ၏ ထက်ရှသော လက်သည်းချွန်များက ဖြာထွက်လာ၏။ သူတို့သည် ညိုမှောင်နေသော အလင်းဖြင့် တလက်လက်တောက်ပနေပြီး မုံ့ရှစ်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်လေသည်။
မဟူရာကြွက်ဂိုဏ်းချုပ်၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာ မြန်ဆန်နေ၏။
နှစ်ဦးနှစ်ဖက်ကြားမှာ နယ်ပယ်အသေးနှစ်ခု ကွာဟချက်ရှိနေပြီး မုံ့ရှစ်က အချိန်မီ မတုံ့ပြန်နိုင်ပေ။
“သတိထား…”
ရှုလွေ၏ အသံက သူ၏ နားထဲမှာ ထွက်ပေါ်လာ၏။
ရုတ်တရက် သိပ်သည်းပြင်းထန်သော အင်အားတစ်ခုက သူ့ကို လွင့်စင်ထွက်သွားစေသည်ဟု မုံ့ရှစ်က ခံစားလိုက်ရ၏။ ရှုလွေသည် သူရပ်နေသော နေရာကို ရောက်ရှိလာပြီး လက်ပြန်ပစ်ရိုက်ကာ သူ့အတွက် မဟူရာကြွက်ဂိုဏ်းချုပ်၏ လက်သည်းကို တားဆီးလိုက်သည်ကို သူ၏ မျက်ဝန်းထောင့်ကနေ တွေ့မြင်လိုက်ရ၏။
ရွှစ်…
သွေးရောင်က ဖြာထွက်သွား၏။
ရှုလွေက ခြေလှမ်းအနည်းငယ် ဒယီးဒယိုင်ဆုတ်သွားပြီး သူ၏ လက်ဖျံကနေ သွေးများက စီးကျလာ၏။ သူသည် မဟူရာကြွက်ဂိုဏ်းချုပ်၏ ကုတ်ခြစ်ခြင်း ခံလိုက်ရပြီဖြစ်၏။
ဖူး…
ရှုလွေ၏ အမူအရာက ပြောင်းလဲသွားပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
လှုပ်ရှားကွက်တစ်ကွက်မျှနှင့် ရှုလွေက ဒဏ်ရာရရှိသွားပြီ ဖြစ်သည်။
သူ၏ ထိခိုက်ဒဏ်ရာများက အစကတည်းက ပျောက်ကင်းခြင်းမရှိသေးဘဲ ယခု ပို၍ပင် ဆိုးဝါးလာသည်။
“မင်း ငါ့ဆီကနေ ရိုက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူး”
မဟူရာကြွက်ဂိုဏ်းချုပ်က လှောင်ရယ်လိုက်ပြီး အထင်အမြင်သေးသော အမူအရာဖြင့် သူ၏ လက်ကို သမန်ကာလျှံကာ ခါထုတ်လိုက်၏။
“စီနီယာအစ်ကိုရှု…”
ချန်ချင်းဟယ်နှင့် မုံ့ရှစ်က ရှုလွေ၏ ဘေးသို့ ရောက်ရှိလာပြီး သူ့ကို ကာပေးလိုက်၏။
“ငါ အဆင်ပြေပါတယ်”
ရှုလွေက ကြိုးစား၍ ပြုံးလိုက်၏။ သူ့စကားမဆုံးသေးခင် သူက ရုတ်တရက် မူးဝေထုံထိုင်းသွားပြီး မြေပြင်ပေါ်ကို လဲကျလုမတတ် ယိမ်းထိုးသွား၏။
“ငါ့ရဲ့လက်သည်းချက်ကို အလွယ်တကူ ဖြေရှင်းနိုင်မယ် ထင်လို့လား”
မဟူရာကြွက်ဂိုဏ်းချုပ်က ပြုံး၍ မေးလိုက်၏။
ချန်ချင်းဟယ်သည် ရှုလွေ၏ လက်ပေါ်မှ ဒဏ်ရာကို ကြည့်လိုက်လေသည်။ ထိုဒဏ်ရာက စိမ်းဖန့်ဖန့်အရောင်ဖြစ်ပြီး စိမ်းရွှေရွှေအနံ့ထွက်နေ၏။ သူမက အံ့အားတသင့် ရေရွတ်လိုက်၏။
“အဆိပ်ပဲ”
ရှုလွေကလည်း နားလည်သိရှိသွားပြီး သူက အလွန်တရာ စိတ်ပျက်အားငယ်သွား၏။ သို့သော်လည်း သူက အဲ့ဒါကို မျက်နှာမှာ မပေါ်စေဘဲ မဟူရာကြွက်ဂိုဏ်းချုပ်ကို အေးစက်စွာ ကြည့်နေ၏။
သူတို့နှစ်ယောက်ကြား ကွာဟချက်က တကယ်ပင် ကြီးမားလွန်းသည်ကို သူက သိရှိသွားသည်။
သူက သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင်တောင် သူ့အနေဖြင့် မဟူရာကြွက်ဂိုဏ်းချုပ်နှင့် ယှဉ်နိုင်ဖို့ မလွယ်ကူပေ။
ရှုလွေက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။
သူ၏ အကြည့်က ကစဉ့်ကလျားနန်းတော်မှ လူတိုင်းအပေါ် ဆင်းသက်သွားပြီး သူတို့၏ တွေဝေရှုပ်ထွေးမှု၊ ထိတ်လန့်ကြောက်ရွံ့မှုနှင့် သတ္တိကြောင်နေသော မျက်နှာများကို တွေ့မြင်နေရ၏။
သူ သေဆုံးသွားပြီးနောက် ချန်ချင်းဟယ်၊ မုံ့ရှစ်နှင့် ကျန်ရှိနေသော လူသုံးထောင်ကျော်ကျော်၏ ကံကြမ္မာများကို တွေးမိချိန်မှာ သူက ပူဆွေးဝမ်းနည်းမှုကို ခံစားလာရ၏။
မူလကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ယနေ့မှာ ဤအခြေအနေအထိ ကျဆင်းသွားပြီဖြစ်၏။
ယနေ့မှစ၍ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာသည် သမိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ပုံရိပ်ယောင်ဒဏ္ဍာရီတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။
“မင်းတို့တွေ အညံ့မခံကြသေးဘူးလား”
မဟူရာကြွက်ဂိုဏ်းချုပ်က စီးပိုးခြယ်လှယ်စွာဖြင့် မေးလိုက်၏။
“ငါ့ကို သတ်လိုက်”
ချန်ချင်းဟယ်က ဝမ်းနည်းစွာ ပြောလိုက်၏။
“ကောင်းကင်ဘုံတာအိုရဲ့စက်ဝန်းက နေရာအနှံ့ရှိတယ်… အဲ့ဒီမှာ ဝဋ်ဆိုတာ ရှိတယ်… ကောင်းကင်ဘုံက အပင်မျိုးနွယ်ကို တစ်ကျော့ပြန် ဦးမော့လာစေလိမ့်မယ်… အဲ့ဒီအချိန်ကျရင် သွေးစွန်းထားတဲ့ လက်တွေနဲ့ နင်တို့တွေအားလုံးက သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်”
“ဟီးဟီးဟီး”
မဟူရာကြွက်ဂိုဏ်းချုပ်က စူးစူးဝါးဝါး ရယ်မောလိုက်၏။
“နင်တို့တွေက သေခါနီးဆဲဆဲအချိန်ကို ရောက်နေပြီ... ဒါတောင် အပင်မျိုးနွယ်ရဲ့ ကံကြမ္မာကို တွေးနေသေးတယ်… အပင်မျိုးနွယ်က အရှေ့တောင်ဒေသမှာ ဆရာကြီးတွေ မဟုတ်တော့ဘူး”
မုံ့ရှစ်က အံကိုကြိတ်ကာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်... အရှေ့တောင်ဒေသကို အုပ်စိုးမယ့်သူတွေက မင်းတို့လည်း ဖြစ်လာမှာမဟုတ်ဘူး”
မဟူရာကြွက်ဂိုဏ်းချုပ်က လှောင်ရယ်ပြီး ဝင့်ကြွားစွာ ပြောလိုက်၏။
“တခြားအရာတွေကို မပြောနဲ့... အနည်းဆုံးတော့ လက်ရှိဒီနေရာမှာ ငါက ဆရာကြီးပဲ”
“ဟုတ်ပါ့မလား”
ထိုစဉ်မှာပင် ဘေးဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံက ဂရုမစိုက်သည့်ဟန်ဖြင့် တည်ငြိမ်လွန်းနေ၏။