အနှိုင်းမဲ့တဲ့လား
Vol. 215 Ch. 3249
လူတိုင်းသည် အသံထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်ပြီး မလှမ်းမကမ်းမှာ ရပ်နေသော အမျိုးသားတစ်ဦးကို တွေ့မြင်သွား၏။ သူ၏ ဆံပင်များက အနက်ရောင်ဖြစ်ပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့မှာ ချောမောကြည့်ကောင်းသော ရုပ်ရည်သွင်ပြင်ရှိပြီး စာပေသမားဆန်နေ၏။
“ဟမ်...”
မဟူရာကြွက်ဂိုဏ်းချုပ်က တစ်ချက်ဝေ့ကြည့်လိုက်၏။
တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းခြင်း...
ဤလူက ကစဉ့်ကလျားနန်းတော်မှာ ဘယ်အချိန်တုန်းက ရောက်နေတာလဲ…
မဟူရာကြွက်ဂိုဏ်းချုပ်က သူ့ဘေးမှာရှိသော ဖန်းမူကို ကြည့်လိုက်၏။
ထိုအခိုက်အတန့်မှာ ဖန်းမူကလည်း ငေးငိုင်နေ၏။ သူသည် ဤလူ ဘယ်အချိန်က ရောက်ရှိလာသည်ကို မသိရှိဘဲ ရင်းနှီးနေသလို ရှိသည်ဟုသာ ခံစားရ၏။ သို့သော်လည်း သူက ခဏကြာသည်အထိ မည်သည့်အရာကိုမှ စဉ်းစားမရပေ။
ချန်ချင်းဟယ်က အလိုလိုလှည့်ကြည့်ပြီး ဝင်ရောက်လာသူကို တွေ့မြင်သောအခါ သူမကလည်း မှင်တက်သွား၏။
“ဒီလူက...”
ချန်ချင်းဟယ်သည် ရောက်ရှိလာသောသူက ရင်းနှီးနေပုံရသည်ဟု ခံစားရ၏။ သူ့မှာ အဖြူရောင်မုတ်ဆိတ်နှင့်ဆံပင်များ ပျောက်ဆုံးသွားသော်လည်း သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ကြည်လင်တောက်ပသော မျက်လုံးများ ရှိနေဆဲဖြစ်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုလူမှာ ဘဝသက်တမ်းများစွာ မကျန်ရှိတော့သည်မှာ သိသာနေ၏။ ဒါ့အပြင် လွန်ခဲ့သည့် နေ့ဝက်ကတင် သူသည် တာအိုပြယုဂ်နယ်ပယ်၏ ပထမအသွင်ပြောင်းခြင်းမှာသာ ရှိနေခဲ့၏။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ ပြဿနာရှိလို့လား”
မဟူရာကြွက်ဂိုဏ်းချုပ်က မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်လုံးများက ကြမ်းကြုတ်ခက်ထန်သော အလင်းတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက အချိန်မရွေး ပေါက်ကွဲကာ သတ်ဖြတ်တော့မည့်အလားပင်။
တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းခြင်းမှာရှိသော သာလွန်သူများစွာက သူ၏ လက်ထဲမှာ သေခဲ့ရဖူးသည်။
သူသည် အစိမ်းရောင်ဝတ်အမျိုးသားကို လုံးဝ အတည်အတံ့မှတ်ယူခြင်း မရှိပေ။
“အင်း... တကယ်တော့ မရှိဘူး”
ဆူဇီမိုက ပြောရင်း ရှုလွေနှင့် အခြားနှစ်ယောက်ရှိရာသို့ လျှောက်လှမ်းကာ ရှုလွေ၏ လက်ဖျံပေါ်မှ ဒဏ်ရာကို ကြည့်လိုက်၏။
ရှုလွေ၏ ဒဏ်ရာက ပြင်းထန်ခြင်း မရှိသော်လည်း သူမိထားသော အဆိပ်က အလွန်တရာ စွမ်းအားကြီးမားလေသည်။ ၎င်းသည် ရှုလွေ၏ လက်ကနေတစ်ဆင့် အဆက်မပြတ်ဖြန့်ကြက်ပြီး သူ၏ ပခုံးအထိ ရောက်ရှိလာ၏။
ရှုလွေ၏ မျိုးဆက်သွေးက ၎င်းကို လုံးဝ မဖိနှိမ်နိုင်ပေ။
၎င်းက ဆက်လက်၍ ပျံ့နှံ့သွားပြီး သူ၏ နှလုံးနှင့် အသိစိတ်ထဲသို့ ကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင် သူက သေရပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ ရှုလွေ၏ အသိစိတ်က အနည်းငယ်ပင် ထုံထိုင်းလာပြီဖြစ်၏။
ဆူဇီမိုသည် မဟူရာကြွက်ဂိုဏ်းချုပ်ကို ကြည့်ပင်မကြည့်ဘဲ မှင်သေသေဖြင့် ပြောလိုက်၏။
“ငါက မင်းကို ပြောစရာတစ်ခုရှိလို့ ဒီကို ရောက်လာရုံပဲ… ဘာလဲဆိုတော့ အခုချိန်မှာ ဒီနေရာမှာ ငါက ဆရာကြီးပဲ”
ထိုစကားလုံးများကို စောစောကတင် မဟူရာကြွက်ဂိုဏ်းချုပ်က ပြောခဲ့လေသည်။ ယခု ထိုစကားလုံးများသည် အခြားလူတစ်ယောက်၏ ပါးစပ်ကနေ ထွက်ကျလာ၏။
ဆူဇီမိုက သူ့စကားမဆုံးသေးခင် ရုတ်တရက် တိုက်ခိုက်လိုက်၏။ သူ၏ လက်ချောင်းထိပ်ဖျားမှာ အစိမ်းရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး သူက ရှုလွေ၏ ခန္ဓာကိုယ်နှင့်လက်ကို တောက်လိုက်လေသည်။
“ခင်ဗျား ဘာလုပ်တာလဲ”
မုံ့ရှစ်က တုန်လှုပ်သွား၏။ သူ မတုံ့ပြန်နိုင်ခင် ဆူဇီမိုက သူ၏ ဓမ္မပညာရပ်ကို ထုတ်ဖော်လို့ ပြီးစီးသွားပြီဖြစ်သည်။
ရှုလွေက ဆက်ကနဲ တုန်ယင်သွား၏။ အစကတော့ မုံ့ရှစ်က သူ့ကို ထူမပေးထား၏။ ထိုအခိုက်အတန့်မှာ ရှုလွေ၏ အသက်ဓာတ်အားက တိုးလာပြီး သူ၏ မျက်နှာပေါ်ရှိ မရဏအော်ရာက တဖြည်းဖြည်း ပျက်ပြယ်သွားသည်ကို သူက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်သည်။
ရှုလွေ၏ လက်မှာ ဖြန့်ကြက်နေသော အဆိပ်ကပင် ထိုအခိုက်အတန့်မှာ အလျင်အမြန် ဆုတ်ယုတ်သွားပြီဖြစ်၏။ စိမ်းညစ်ညစ် အဆိပ်သွေးများက သူ့လက်ဖျံဒဏ်ရာကနေ ဖြည်းဖြည်းချင်း စီးကျလာ၏။ စွမ်းအားကြီးမားသော အင်အားတစ်ခုက ၎င်းကို သူ့ခန္ဓာကိုယ်ထဲကနေ ဖျစ်ညှစ်ထုတ်ပေးလိုက်သည့်အလားပင်။
မဟူရာကြွက်ဂိုဏ်းချုပ်၏ လက်သည်းအဆိပ်က စွမ်းအားကြီးမားသော်လည်း ၎င်းသည် ဆူဇီမို၏ အသက်ဓာတ်ကြာလက်ညှိုးနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေ၏။
ထိုမျှသာမက ရှုလွေ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော အသက်ဓာတ်အားသည် တစ်ချိန်တည်းမှာပင် သူ၏ အတွင်းဒဏ်ရာများကို ကုသပေးနေ၏။
ရှုလွေ၏ အခြေအနေက ပိုမိုကောင်းမွန်လာနေ၏။ သူက မုံ့ရှစ်၏ ဖေးမမှု မရှိဘဲ သူ့ဘာသာသူ မတ်တတ်ရပ်နိုင်ပြီဖြစ်သည်။
ဖြစ်စဉ်တစ်ခုလုံးသည် ဆူဇီမို စကားတစ်ခွန်းပြောနေစဉ် ဖြစ်ပွားသွား၏။
မဟူရာကြွက်ဂိုဏ်းချုပ်ပင်လျှင် မျက်မှောင်ကြုတ်ပြီး ကြောက်ရွံ့မှု တစ်စွန်းတစ်စကို ခံစားလာရ၏။
သူက လောလောဆယ်မှာ တိုက်ခိုက်ချင်စိတ်ကို ချုပ်တည်းထားလိုက်၏။
ဤလူမှာ တစ်မူထူးခြားသော သွင်ပြင်ဟန်ပန်ရှိပြီး အလွန်တရာတည်ငြိမ်ကာ ထူးခြားဆန်းကြယ်နေ၏။ သူ့မှာ စွမ်းအားကြီးမားသော နောက်ခံတစ်ခုခု ရှိနေမလား...။
ပေါင်းမိုးပြည်နယ်မှာ အဖွဲ့အစည်းများစွာ ရှိပြီး သူတို့က ရောထွေးနေကြ၏။ ဤလူ့မှာ စွမ်းအားကြီးမားသော နောက်ခံတစ်ခုခု မရှိဟု မည်သူကမှ အာမမခံနိုင်ပေ။
သူသည် ဤကိစ္စကြောင့် ဒုတိယတန်းစား အဖွဲ့အစည်းတစ်ခုကို ဆန့်ကျင်မိမည်ဆိုလျှင် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားပေလိမ့်မည်။
“ရှင်က... တာအိုရောင်းရင်းဆူလား”
ချန်ချင်းဟယ်က ဆူဇီမိုကို ငေးကြည့်နေ၏။ အတန်ကြာအောင် ဒွိဟဖြစ်နေပြီးနောက် သူမက အကဲစမ်းမေးမြန်းလိုက်၏။
ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ပဲ ရှင် ဟုတ်လို့လား...”
ဆူဇီမို၏ အတည်ပြုချက်ကို ရရှိပြီးလျှင်တောင် ချန်ချင်းဟယ်က အဲ့ဒါကို မယုံကြည်နိုင်သေးပေ။
မည်သို့ပင်ဆိုစေ လွန်ခဲ့သည့်နေ့ဝက်ကတင် သူသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် ဘဝနေဝင်ချိန် လူအိုကြီးတစ်ယောက်ဖြစ်နေဆဲပင်။ ယခု သူသည် ဤကဲ့သို့ ချောမောသော စာပေသမားတစ်ဦး ဖြစ်လာခဲ့လေပြီ။ ဒါ့အပြင် သူ၏ ကျင့်ကြံမှုက နယ်ပယ်နှစ်ခုကို တစ်ခါတည်း ချိုးဖျက်တက်လှမ်းလာခဲ့၏။ ဤသည်က သူမ၏ နားလည်နိုင်စွမ်းကို လုံးလုံးလျားလျား ပျက်ပြားသွားစေ၏။
မုံ့ရှစ်၏ မျက်လုံးကလည်း ပြူးကျယ်သွားပြီး ဆူဇီမိုကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။ သူ၏ မျက်နှာက တုန်လှုပ်မှုဖြင့် ပြည့်နှက်နေပြီး သူက ခဏကြာသည်အထိ ဆွံ့အနေ၏။
“ကျုပ် မှတ်မိပြီ”
ထိုစဉ်မှာပင် ဖန်းမူက ရုတ်တရက်ပြောလိုက်၏။
“ဒီလူက ရှုလွေနဲ့ တခြားသူတွေ ခေါ်လာခဲ့တဲ့ တက်လှမ်းလာသူပဲ... သူ ပထမဆုံးရောက်လာတုန်းက သူ့မှာ ဘဝသက်တမ်း သိပ်မကျန်တော့ဘူး... အခုတော့ သူက အပြည့်အဝ ပြန်ကောင်းသွားပြီပဲ”
တက်လှမ်းလာသူ တစ်ဦး...
ထိုစကားကို ကြားသောအခါ မဟူရာကြွက်ဂိုဏ်းချုပ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“ငါက စိုးရိမ်စိတ် လွန်ကဲနေခဲ့တာပဲ”
မဟူရာကြွက်ဂိုဏ်းချုပ်က ခေါင်းခါလိုက်၏။ သူက မကြာသေးခင်ကမှ တက်လှမ်းလာသူတစ်ဦး ဖြစ်သည်ဆိုမှတော့ သူ့မှာ မည်သည့်နောက်ခံမှ မရှိနိုင်ပေ။
“တက်လှမ်းလာသူတဲ့... ဟဲဟဲ...”
မဟူရာကြွက်ဂိုဏ်းချုပ်က ရယ်မောပြီး ပြောလိုက်၏။
“မင်းက မကြာသေးခင်ကမှ တက်လှမ်းလာတာဆိုတော့ မဟာကမ္ဘာတစ်ထောင်လောကရဲ့ အန္တရာယ်တွေကို သိမှာမဟုတ်ဘူး... အဲ့ဒါကြောင့် မင်းက သူများကိစ္စတွေမှာ ဝင်ရှုပ်ရဲတာပဲ”
“ငါ မင်းကို အခုချက်ချင်း အညံ့ခံဖို့ အခွင့်အရေးတစ်ခု ပေးလိုက်မယ်... မင်း ဘာမှ မပြောသေးဘူးဆိုရင်တော့ ငါ မင်းကို သတ်မယ်”
ချန်ချင်းဟယ်က အသံတစ်ခုကို သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အလောတကြီး ပို့လွှတ်ပေးလိုက်၏။
“တာအိုရောင်းရင်းဆူ... မြန်မြန်ထွက်ပြေးတော့... ကျွန်မတို့ကို ဂရုစိုက်မနေနဲ့”
“ရပါတယ်”
“ငါက ငါ့ရဲ့ အစွမ်းအစကို စမ်းသပ်ဖို့ တစ်ယောက်ယောက်ကို ရှာနေတာ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောပြီး ရှုလွေနှင့် အခြားနှစ်ယောက်၏ ရှေ့မှာ မတ်တတ်ရပ်နေ၏။
“ခင်ဗျား... ခင်ဗျား သတိထားနော်... သူ့ကို အနှိုင်းမဲ့သာလွန်သူလို့ ခေါ်တယ်”
အစက လှောင်ပြောင်ထေ့ငေါ့နေခဲ့သော မုံ့ရှစ်ပင်လျှင် ဆူဇီမိုကို အလိုလိုသတိလှမ်းပေးလိုက်၏။
“ဟားဟား...”
ဆူဇီမိုက အသံထွက်ကာ ရယ်မောလိုက်၏။
“သူက ငါ့ရှေ့မှာ သူ့ကိုယ်သူ အနှိုင်းမဲ့လို့ ခေါ်ဆိုရဲတယ်ပေါ့”
လက်ရှိ မည်သူကမှ ဆူဇီမို၏ နောက်ခံကို မသိရှိကြပေ။ ထိုစကားကို ကြားသောအခါ သူက မောက်မာလွန်းသည်ဟု သူတို့က စိတ်ထဲကနေ ကျိန်ဆဲလိုက်ကြ၏။
ရွှစ်...
ရှေ့မှာရှိသော ပုံရိပ်က ဖျတ်ခနဲ လက်သွားသည်။
မဟူရာကြွက်ဂိုဏ်းချုပ်က တိုက်ခိုက်လိုက်ပြီဖြစ်၏။
သူ၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာ မြန်ဆန်လေသည်။ ဒါ့အပြင် ဤတစ်ခေါက် သူ၏ တိုက်ခိုက်မှုသည် အလွန်တရာ ရုတ်တရက်ဆန်ပြီး သူက မည်သည့်စကားကိုမှ မပြောခဲ့ပေ။
ဆူဇီမို စကားမပြောရသေးခင် မဟူရာကြွက်ဂိုဏ်းချုပ်က အနားကို ချဉ်းကပ်လာပြီဖြစ်၏။
ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းနွဲ့သွား၏။ သူက ညင်သာစွာ လှုပ်ရှားပြီး မဟူရာကြွက်ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်၏။
သူတို့နှစ်ယောက်၏ ပုံရိပ်များက ရောထွေးသွားလေသည်။
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ လက်ချောင်းများဖြင့် ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်ကာ မဟူရာကြွက်ဂိုဏ်းချုပ်ထံ တဗူးနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။
အချိန်တဗူး...
မဟူရာကြွက်ဂိုဏ်းချုပ်က မှင်တက်သွား၏။
ချန်ချင်းဟယ်၊ မုံ့ရှစ်နှင့် အခြားသူများကလည်း ကြက်သေသေနေကြ၏။
အချိန်တဗူးက မဟူရာကြွက်ဂိုဏ်းချုပ်ထံသို့ ဆင်းသက်လာပြီး မည်သည့်သက်ရောက်မှုမှ မရှိပေ။ တကယ်ဆို သူ၏ ဘဝသက်တမ်းက နည်းနည်းကလေးပင် လျော့ကျမသွားပေ။
“ဟားဟားဟား...”
ဘေးပတ်ဝန်းကျင်မှာ ရယ်မောသံများ ရုတ်တရက်ထွက်ပေါ်လာ၏။
မျက်နှာချေများ လိမ်းခြယ်ထားသော အမျိုးသမီးက ရူးသွပ်စွာ ရယ်မောပြီး ဆူဇီမိုကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“တက်လှမ်းလာသူ ဆိုတဲ့အတိုင်းပဲ... နင်က ဒီလောက်တောင် ထုံထိုင်းရလား... နင်က သာလွန်သူတစ်ဦးကို ကိုင်တွယ်ဖို့အတွက် တဗူးနည်းစနစ်ကို တကယ်ပဲ ထုတ်ဖော်တယ်ပေါ့”
ဆူဇီမိုက မှင်သေသေဖြင့် ရှိနေပြီး နောက်ထပ် တဗူးနည်းစနစ်နှစ်ခုကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
တဗူးနည်းစနစ်နှစ်ခုက မဟူရာကြွက်ဂိုဏ်းချုပ်ပေါ်သို့ ဆင်းသက်သွားသော်လည်း သူ့အပေါ်မှာ သက်ရောက်မှုများစွာမရှိပေ။
မုံ့ရှစ်က ညင်သာစွာ ချောင်းဟန့်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေ၏။
ချန်ချင်းဟယ်က ဒီတိုင်းကြည့်မနေနိုင်တော့ဘဲ သတိပေးလိုက်ရ၏။
“တာအိုရောင်းရင်းဆူ... တဗူးနည်းစနစ်တွေက တာအိုရဲ့ ကနဦးအဆင့်မှာပဲ ရှိတယ်... သာလွန်သူတစ်ဦးအပေါ် ပျက်စီးထိခိုက်မှုက မဆိုစလောက်ပဲ”
ဆူဇီမိုက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
မဟာကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုများကြောင့် သူရင်ဆိုင်ရသော ငရဲအရှင်ကဲ့သို့ မဟာဧကရာဇ်ပညာရှင်များသည် အလွန်ဆုံး တာအိုပြယုဂ်နယ်ပယ်၏ ပထမအသွင်ပြောင်းခြင်းနှင့်သာ တူညီလေသည်။
သူသည် တဗူးနည်းစနစ်ကိုးခုကို ထုတ်ဖော်ပြီးမှသာ သူတို့ကို ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
တာအိုပြယုဂ်နယ်ပယ်၏ ဒုတိယနှင့် တတိယအသွင်ပြောင်းခြင်းကို တွေ့ကြုံဖြတ်ကျော်ပြီးနောက် တဗူးနည်းစနစ်များ၏ စွမ်းအားသည် မဟူရာကြွက်ဂိုဏ်းချုပ်ကဲ့သို့ ပညာရှင်များကို ထိခိုက်ဒဏ်ရာ ရရှိစေနိုင်ခြင်း မရှိတော့ပေ။
တာအိုနှင့်ယှဉ်လျှင် တဗူးနည်းစနစ်များ၏ စွမ်းအားက တစ်ဆင့်နိမ့်ကျနေ၏။
ဤတဗူးနည်းစနစ်များ အားလုံးကို တာအို၏ အဆင့်အထိ နားလည်ဆင်ခြင်မထားသေးသရွေ့ ဖြစ်လေသည်။
သို့သော်လည်း ထိုသို့ပြုလုပ်ဖို့က လက်တွေ့မဆန်ပေ။
မဟာတာအို သုံးထောင်ထဲမှာ မည်သည့်တစ်ခုမဆို ကျင့်ကြံသူတစ်ယောက်ကို တစ်ဘဝလုံးစာ ကျင့်ကြံစေဖို့ လုံလောက်လေသည်။ တခြားသော မဟာတာအိုများကို နားလည်ဆင်ခြင်ရန် သူတို့မှာ အချိန်နှင့်စွမ်းအင် ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။