← Chapters

လက်ညှိုးတစ်ချက်နှင့်အတူ သေဆုံးသွားခြင်း

Vol. 215 Ch. 3250

လက်ညှိုးတစ်ချက်နှင့်အတူ သေဆုံးသွားခြင်း

Vol. 215 Ch. 3250

ဆူဇီမိုသည် မဟူရာကြွက်ဂိုဏ်းချုပ်နှင့် တိုက်ခိုက်နေသည်ကို ကြည့်ပြီး တချို့က လှောင်ပြောင်သရော်ကာ တချို့က စိုးရိမ်ပူပန်နေ၏။

သို့သော်လည်း ဆူဇီမို၏ အမူအရာက တစ်ချိန်လုံးတည်ငြိမ်နေလေသည်။

စောစောက ချန်ချင်းဟယ်ကို သူပြောခဲ့သည့်စကားက ဟာသတစ်ခုမဟုတ်ပေ။ သူသည် တကယ်ပင် သူ၏အစွမ်းအစကို စမ်းသပ်ဖို့အတွက် တစ်ယောက်ယောက်ကို ရှာချင်နေ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတုန်းက သူသည် ကောင်းကင်ဘုံခုံရုံးအရှင်များနှင့်တိုက်ခိုက်ခဲ့သော်လည်း ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုများကြောင့် သူသည် သာလွန်သူတစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ခဲ့ပေ။

ဆူဇီမိုသည် မကြာသေးခင်ကမှ တက်လှမ်းလာပြီး သာလွန်သူများ၏ တိုက်ခိုက်မှုပုံစံနှင့် အကျွမ်းဝင်မှုမရှိပေ။ ထို့ကြောင့်ပင် သူက အကဲစမ်းနေခြင်းဖြစ်၏။

မဟူရာကြွက်ဂိုဏ်းချုပ်သည် နောက်တစ်ဖန်တိုက်ခိုက်လိုက်သော်လည်း ဆူဇီမိုက ဖျတ်ခနဲရှောင်တိမ်းလိုက်သည်။

ဆူဇီမိုသည် မဟူရာကြွက်ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း သူသည် တာအိုပြယုဂ်နယ်ပယ်မှာ ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို နားလည်ဆင်ခြင်နေ၏။

သူတို့ပြောသည့်အတိုင်း တဗူးနည်းစနစ်များ၏ စွမ်းအားက တာအိုပြယုဂ်နယ်ပယ် သာလွန်သူများပေါ် သက်ရောက်မှုများစွာမရှိတော့ဘူးဆိုလျှင် တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ပေးသည့် လျှို့ဝှက်အတတ်များကဲ့သို့ ယခင်က သူ၏ နည်းလမ်းများစွာသည် အသုံးမဝင်တော့ဟု ဆိုလိုလေသည်။

ဆူဇီမိုသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။ အချိန်မြစ်တစ်စင်းက သူ၏နောက်ဘက်မှာ ပေါ်ထွက်လာသော်လည်း ၎င်းက သူ၏ ဘဝသက်တမ်းကို မလျော့ကျစေနိုင်ပေ။

သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း လုံးဝတိုးမလာခဲ့ပေ။

ထင်မှတ်ထားသည့်အတိုင်းပင်။

တဗူးနည်းစနစ်တစ်ခု၏ စွမ်းအားက တာအိုနယ်ပယ်မှာ သက်ရောက်မှုမရှိတော့ပေ။

ထိုသို့ဆိုလျှင် သာလွန်သူများကြားတိုက်ပွဲမှာ သဘောကျစရာကောင်းသောလှုပ်ရှားကွက်များ သို့မဟုတ် ကမ္ဘာတုန်လောက်ဖွယ်ရာ နတ်ဘုရားစွမ်းအားများနှင့် တဗူးနည်းစနစ်များကို မပြသနိုင်ဟု ဆိုလိုလေသည်။

တိုက်ခိုက်မှုသည် သူတို့၏ တာအိုအမှတ်အသားများနှင့် ပေါင်းစည်းထားသော သူတို့၏ ကိုယ်ကာယများ၊ မျိုးဆက်သွေးများ၊ အမြုတေစိတ်ဝိညာဉ်များ၊ ဓမ္မရတနာများနှင့် လောကများကြား တိုက်ရိုက်ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုက နားလည်သဘောပေါက်သွားသည်။

ဤအဆင့်မှာ လူတစ်ယောက်၏ ဓမ္မတာအိုများသည် သူတို့၏ လောကများနှင့် ပေါင်းစည်းနေပြီဖြစ်၏။

ထိုသို့ဖြင့် တိုက်ခိုက်ရည်နည်းလမ်းများက များစွာပိုမိုရိုးရှင်းလာ၏။ မဟာတာအို၏ အဆုံးစွန်သို့‌ ရောက်ရှိသည့်အခါ အရာများစွာသည် ရိုးရှင်းမှုကို ပြန်သွားသည်ဟူသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီနေ၏။

ဆူဇီမိုသည် တာအိုပြယုဂ်နယ်ပယ်မှ ပြောင်းလဲမှုများကို နားလည်ဆင်ခြင်ရင်း ရှောင်တိမ်းနေ၏။

အခြားသူများ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် အရေးနိမ့်နေပြီး ပြန်လည်တိုက်ခိုက်နိုင်ခြင်းပင်မရှိဘဲ မဟူရာကြွက်ဂိုဏ်းချုပ်၏ ဖိနှိမ်ခြင်းခံနေရသည်ဟု ထင်ရ၏။ မုန့်ရှစ်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“တာအိုရောင်းရင်းဆူရဲ့ လှုပ်ရှားမှုနည်းစနစ်က တကယ်ပဲမဆိုးဘူး… ဒါပေမဲ့ သူက ဘာပဲပြောပြော လူသားတစ်ဦးပဲ… သူ့မှာ သာမန်ကိုယ်ကာယနဲ့မျိုးဆက်သွေးပဲရှိတယ်… သူက မဟူရာကြွက်ဂိုဏ်းချုပ်ကို ထိပ်တိုက်ရင်မဆိုင်ရဲဘူး”

“သူ့မှာ သာလွန်သူ စိတ်ဝိညာဉ်ရတနာတစ်ခုသာရှိမယ်ဆိုရင်…”

ချန်ချင်းဟယ်က တီးတိုးရေရွတ်လိုက်၏။

သို့သော်လည်း ဆူဇီမိုသည် ယခုမှ တက်လှမ်းလာခါစဖြစ်ပြီး သူက သာလွန်သူ စိတ်ဝိညာဉ်ရတနာတစ်ခုကို သန့်စင်ဖို့ အချိန်ရခဲ့လိမ့်မည်မဟုတ်သည်ကို သူမသိရှိထားသည်။

သူမမှာ သာလွန်သူစိတ်ဝိညာဉ်ရတနာတစ်ခုရှိသော်လည်း ၎င်းသည် သူမ၏ မူပိုင်စိတ်ဝိညာဉ်ရတနာဖြစ်လေသည်။ သူမက ၎င်းကို ဆူဇီမိုအား ငှားပေးမည်ဆိုလျှင်တောင် များစွာအသုံးတည့်လိမ့်မည် မဟုတ်ပေ။ ထိုအခိုက်အတန့်မှာ ရှုလွေ၏ ခန္ဓာကိုယ်ထဲရှိ ကျန်ရှိနေသော အဆိပ်ဓာတ်က ပျက်ပြယ်သွားပြီး သူ၏ ထိခိုက်ဒဏ်ရာအများစုက သက်သာပျောက်ကင်းလာ၏။ သူသည် တိုက်ပွဲနယ်မြေမှာ တိုက်ခိုက်လိုက် ရှောင်တိမ်းလိုက်ပြုလုပ်နေသော ပုံရိပ်နှစ်ခုကိုကြည့်ပြီး အံ့အားတသင့်ရေရွတ်မိသွား၏။

“စီနီယာအစ်ကိုရှု ဘာဖြစ်လို့လဲ”

ချန်ချင်းဟယ်က ဆူဇီမိုကို စိုးရိမ်ပူပန်နေပြီး အလောတကြီးမေးမြန်းလိုက်သည်။

ရှုလွေ၏ ကျင့်ကြံမှုနယ်ပယ်သည် ပိုမိုမြင့်မားပြီး သူက အခြားသူများထက် ပိုမိုရှင်းလင်းစွာ အကဲဖြတ်နိုင်ပေလိမ့်မည်။ သူက လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“တာအိုရောင်းရင်းဆူက ထိန်ချန်ထားတဲ့ပုံပဲ.. သူက ခွန်အားအပြည့်အဝကိုသုံးမနေဘူး”

“မင်းဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မလဲ ကြည့်ရသေးတာပေါ့”

အတန်ကြာအောင် သူ၏ တိုက်ခိုက်မှုများက လွဲချော်နေခဲ့ပြီးနောက် မဟူရာကြွက်ဂိုဏ်းချုပ်က ရုတ်တရက်အော်ငေါက်လိုက်၏။ သူ၏ မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာပြီး သူက လောကတစ်ခုကိုမြှောက်တင်ကာ ဆူဇီမိုကို ဖိနှိမ်လိုက်၏။

ဆူဇီမိုရှောင်တိမ်းနိုင်သော နေရာလွတ်များစွာ မကျန်ရှိတော့ပေ။

ဆူဇီမို၏ စိတ်အာရုံအများစုသည် တာအိုပြယုဂ်နယ်ပယ်မှာ တိုက်ခိုက်မှုပုံစံအပြောင်းအလဲများကို နားလည်ဆင်ခြင်နေ၏။ သူသည် မဟူရာကြွက်ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုများကိုရှောင်တိမ်းရန် အလိုအလျောက်တုံ့ပြန်ခြင်းအပေါ်မှီခိုပြီး သူက တစ်ချိန်လုံးခေါင်းငုံ့ကာ စဉ်းစားတွေးတောနေ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်လေဟာနယ်၏ ဖိအားကို အာရုံခံမိသောအခါ နောက်ဆုံး သူ၏ ငေးငိုင်ရာကနေ နိုးထလာ၏။

သူက ရှေ့မှာရှိသော မဟူရာကြွက်ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်၏။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး မဟူရာကြွက်ဂိုဏ်းချုပ်က ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားသည်။

ဤတိုက်ပွဲမှာ သူခံစားနေရသည့်ဖိအားကို သူ့ထက်ပို၍ မည်သူကမှ ကောင်းကောင်းမသိပေ။

အစကနေ ယခုအချိန်ထိ အစိမ်းရောင်ဝတ်အမျိုးသားက သူ့ကို ကြည့်ပင်မကြည့်ခဲ့ပေ။ သို့သော်လည်း သူသည် တစ်ဘက်သူ၏ အဝတ်စကိုပင် ထိအောင်မတိုက်ခိုက်နိုင်ပေ။

ယခု အစိမ်းရောင်ဝတ်အမျိုးသားက မဟူရာကြွက်ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်သည့်အချိန်မှသာ သူက သူ၏သွေးများ အေးခဲသွားသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။

နောက်ခဏ၌ ဆူဇီမိုက တိုက်ခိုက်လိုက်သည်။

အဲဒီမှာ မည်သည့်နတ်ဘုရားစွမ်းအား၊ မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် မည်သည့်တဗူးနည်းစနစ်မှ ထွက်ပေါ်မလာပေ။ သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ ပူးကပ်ကာ မဟူရာကြွက်ဂိုဏ်းချုပ်၏ နှာရောင်ကို ပစ်ထိုးလိုက်ရုံသာဖြစ်၏။

၎င်းသည် အလွန်တရာရိုးရှင်းသော လှုပ်ရှားကွက်တစ်ကွက်ဖြစ်သည်။

မဟူရာကြွက်ဂိုဏ်းချုပ်က ထိုသည်ကိုတွေ့မြင်သောအခါ သူ၏ အမူအရာက တည်တံ့သွား၏။ ရုတ်တရက် သူက သိုလှောင်အိတ်ထဲကနေ ဆေဘာတစ်လက်ကို ဆင့်ခေါ်ပြီး ဆူဇီမို၏ လက်ကို ခုတ်ပိုင်းချလိုက်၏။

“သတိထား”

ချန်ချင်းဟယ်က လှမ်းအော်ပြောလိုက်၏။

“ဒီလူက သူ့ရဲ့လောကကိုတောင်မှ မထုတ်ဖော်ဘူး.. သူက တော်တော်မောက်မာတာပဲ”

ရှုလွေကပင် ရင်ထဲမှာနင့်ခနဲဖြစ်သွား၏။

သူတို့ကြားအကွာအဝေးက အရမ်းကိုကြီးမားနေပြီး သူက ယခုအချိန်မှာ လောကတစ်ခုကို ထုတ်ဖော်မည်ဆိုလျှင်ပင် နောက်ကျသွားလောက်လေပြီ။

မဟူရာကြွက်ဂိုဏ်းချုပ်၏ တန်ပြန်တိုက်ခိုက်မှုမှာ ဆူဇီမိုက လုံးဝရှောင်တိမ်းခြင်းမရှိဘဲ… တကယ်ဆို သူ၏ကိုယ်နေဟန်ထားကိုပင် ပြောင်းလဲခြင်းမရှိပေ။ ထိုအစား သူက လက်ချောင်းဓားကိုပူးကပ်ပြီး ရှေ့သို့ဆက်လက်ပစ်ထိုးလိုက်၏။

“မင်းက အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ”

မဟူရာကြွက်ဂိုဏ်းချုပ်က အေးစက်စွာနှာတစ်ချက်မှုတ်ပြီး သူ၏ ကြွက်မျက်လုံးထဲမှာ စိတ်လှုပ်တရှားအလင်းတစ်ခု နောက်ဆုံးဖြာလက်လာ၏။

သူ၏ နောက်ဘက်မှာ လောကတစ်ခုက စုဖွဲ့လာခဲ့သည်။ သူ့လက်ထဲရှိ သာလွန်သူစိတ်ဝိညာဉ်ရတနာနှင့် တာအိုအမှတ်အသား၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ သူက ဆူဇီမိုရှိရာသို့ သူ၏ အစွမ်းကုန်ဖြင့် ခုတ်ပိုင်းချလိုက်၏။

ဆေဘာက ချောက်ချားစရာကောင်းသောသွေးနံ့နှင့်အတူ လေထုကို ဆုတ်ဖြဲပြီး ဆူဇီမို၏ ဦးခေါင်းကို ခုတ်ပိုင်းချတော့မည့်ဆဲဆဲမှာ ရုတ်တရက်ရပ်တန့်သွားလေသည်။

ဆေဘာသာလျှင်မဟုတ်ဘဲ မဟူရာကြွက်ဂိုဏ်းချုပ်နှင့် ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများပင် နေရာမှာတင်မှင်တက်ကာ ဤမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်နေကြ၏။

ချက်ချင်းပင် အချိန်နှင့်လေဟာနယ်က ရပ်တန့်သွားသည့်အလားပင်။

ဆေဘာသည် ဆူဇီမို၏ လက်နှစ်ချောင်းကြားမှာ ညှပ်နေပြီး လုံးဝမရွေ့လျားနိုင်ပေ။

ဖျောက်…

ရုတ်တရက်ဆိုသလို ကြွပ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆေဘာက နှစ်ပိုင်းကျိုးသွား၏။

“ဒါက…”

သာလွန်သူစိတ်ဝိညာဉ်ရတနာတစ်ခုကို အစိမ်းရောင်ဝတ်အမျိုးသားသည် သူ၏အသွေးအသားလက်နှစ်ချောင်းဖြင့် ချိုးပစ်လိုက်လေသည်။

ဆူဇီမို၏ လက်ချောင်းဓားက မဟူရာကြွက်ဂိုဏ်းချုပ်၏ နှာရောင်ရှိရာသို့ ဆက်လက်၍ အဖြောင့်တိုးဝင်လာ၏၊

မဟူရာကြွက်ဂိုဏ်းချုပ်က တုန်လှုပ်သွားပြီး စဉ်းစားနေဖို့ အချိန်များစွာမရပေ။ သူက သူ၏ လောကကို အလောတကြီးလှည့်ပတ်ပြီး သူ့ရှေ့မှာ ၎င်းကို ကာလိုက်၏။

ရွှစ်…

အဝတ်စ ဆုတ်ဖြဲခံလိုက်ရသောအသံမျိုး ထွက်ပေါ်လာသည်။

မဟူရာကြွက်ဂိုဏ်းချုပ်၏ လောကက ဆူဇီမို၏ လက်ချောင်းဓားဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။

သူ၏ လောကက မည်မျှပင်သန်မာသည်ဖြစ်စေ ၎င်းသည် ဆူဇီမို၏ ကိုယ်ကာယကို မခုခံနိုင်ပေ။

ကြမ္မာမီးအနီရောင်ကြာပန်းနှင့် ပေါင်းစည်းထားသော အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူ၏ မျိုးဆက်သွေးကို အသုံးပြုခြင်းမရှိလျှင်တောင် ကျင့်ကြံမှုနယ်ပယ်တူမှာ စွမ်းအားကြီးမားသောရန်သူများကို ကောင်းကောင်းဖိနှိမ်နိုင်သည်။

“ငါ့ကိုကယ်ကြဦး”

မဟူရာကြွက်းဂိုဏ်းချုပ်က ဖြူဖပ်ဖြူရော်အမူအရာဖြင့် ထိတ်လန့်တကြားလှမ်းအော်လိုက်၏။

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ လက်ညှိုးဓားက ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး လက်ချောင်းဓား၏ ထက်ရှမှုက သူ၏ နှာရောင်ကိုပင် ထိုးဖောက်လာ၏။

မဟူရာကြွက်ဂိုဏ်းချုပ်က မည်သို့ပင်ရှောင်တိမ်းသည်ဖြစ်စေ လက်ချောင်းဓားက သူ၏ ရှေ့မှာ အမြဲတမ်းရှိနေ၏။

“ရပ်လိုက်…”

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ဘေးပတ်လည်မှာ အော်ငေါက်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။

မဟူရာကြွက်ဂိုဏ်းဘက်မှာ မျက်နှာချေများလိမ်းခြယ်ထားသောအမျိုးသမီးနှင့် အခြားသာလွန်သူငါးဦးက သူတို့၏ လောကများကို စုဖွဲ့ပြီး သူတို့၏ သာလွန်သူစိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်ကာ ဆူဇီမိုကို ရပ်တန့်ဖို့ ပူးပေါင်းလိုက်ကြ၏။

ကံဆိုးစွာနှင့်ပင် သူတို့က ခြေတစ်လှမ်းနောက်ကျသွားကြပြီဖြစ်၏။

မဟူရာကြွက်ဂိုဏ်းမှ သာလွန်သူများ၏ အော်ဟစ်သံမပြီးဆုံးသေးခင် မဟူရာကြွက်ဂိုဏ်းချုပ်၏ နှာရောင်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ပေါ်ထွက်လာ၏။ ၎င်းက ထိုးဖောက်ခံလိုက်ရပြီဖြစ်သည်။

မဟူရာကြွက်ဂိုဏ်းချုပ်၏ အမြုတေစိတ်ဝိညာည်က ဖျက်ဆီးခံလိုက်ရပြီး သူ၏ အလောင်းက မြေပြင်ပေါ်ကိုလဲကျကာ သူက အသက်မရှိတော့ပေ။

သေဆုံးသွားလေပြီ။

သူ့ကိုယ်သူ အနှိုင်းမဲ့သာလွန်သူဟု ခေါ်ဆိုခဲ့သော မဟူရာကြွက်ဂိုဏ်းချုပ်က လက်ချောင်းနှစ်ချောင်းဖြင့် ထိုးဖောက်သတ်ဖြတ်ခံလိုက်ရပြီဖြစ်၏။

လက်ရှိလူတိုင်းက ကြက်သေသေနေကြ၏။

သူတို့ကျင့်ကြံမှု၏ ဤအဆင့်ထိ သာလွန်သူများသည် ကျင့်ကြံမှုနယ်ပယ်တူမှာ စွမ်းအာကြီးမားသော ရန်သူများနှင့် မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြဖူးလေသည်။ သို့သော်လည်း သူတို့သည် ဤကဲ့သို့သော တိုက်ခိုက်ရည်နည်းလမ်းတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

ဆူဇီမိုသည် သွေးစွန်းနေသော သူ၏ လက်ချောင်းကို ဂရုမစိုက်သည့်ဟန်ဖြင့် ညင်သာစွာခါလိုက်၏။

“ဒီအဆင့်နဲ့ သူ့ကိုယ်သူ အနှိုင်းမဲ့လို့ ခေါ်ဆိုရဲတယ်ပေါ့လေ… အနှိုင်းမဲ့ဆိုတဲ့စကားက အရမ်းကိုပေါပေါပဲပဲဖြစ်မသွားဘူးလား”

မဟူရာကြွက်ဂိုဏ်းမှ ကျန်ရှိနေသော သာလွန်သူခြောက်ဦးသည် ယခုတင် သူတို့၏ လက်နက်များကို ထုတ်ဖော်ကာ သူတို့၏ လောကများကို မြှောက်တင်ထားခါစဖြစ်၏။ ထိုစကားကိုကြားသောအခါ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ထိတ်လန့်ကြောက်ရွံကာ လှုပ်ရှားရဲခြင်းမရှိတော့ပေ။

All Chapters