အသင်္ချေတောကောင်တောင်ကြောရိုး
Vol. 215 Ch. 3253
ရှုလွေက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ... ကျုပ် ခင်ဗျားနဲ့ လိုက်မယ်”
“ငါတို့လည်း လိုက်မယ်”
ချန်ချင်းဟယ်နှင့် မုံ့ရှစ်ကလည်း ဆူဇီမို၏ ဘေးကို ရောက်ရှိလာကြ၏။
အသင်္ချေတောကောင်တောင်ကြောရိုးသည် ရှင်သန်ဖို့အတွက် မျှော်လင့်ချက် မရှိသလောက်နီးပါးဖြစ်သော ကျားတစ်ကောင်၏ သားရဲတွင်း ဖြစ်သည်ဆိုမှတော့၊ သူတို့သည် ဆူဇီမိုကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းပြီး သူတို့က ဤနေရာမှာ မဆိုင်သလို ပုန်းကွယ်နေနိုင်မည် မဟုတ်ပေ။
“ကျုပ်တို့လည်း လိုက်မယ်”
ကျန်ရှိနေသော ကစဉ့်ကလျားနန်းတော်မှ လူသုံးထောင်ကျော်ကျော်ကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြ၏။
တစ်ဖက်မှာတော့ သူတို့သည် ယခုတင် ဆူဇီမိုက သူတို့ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိနေကြ၏။
တစ်ဖက်မှာတော့ ဘာကြောင့်ရယ်မသိ သူတို့သည် ဆူဇီမိုအပေါ် ဖော်မပြတတ်သော ယုံကြည်မှုတစ်ခုကို ရရှိလာ၏။
၎င်းသည် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကြောင့်ဆိုတာ ဤအပင်မျိုးနွယ်သက်ရှိများက မသိရှိကြပေ။
ဖန်းမူက ထွက်ပြေးချင်ပြီး သတိထားကာ နောက်သို့ ဆုတ်ခွာလိုက်၏။
ရုတ်တရက်ဆိုသလို ရှုလွေက သူ၏ နောက်ဘက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မှင်သေသေဖြင့် မေးလိုက်၏။
“ဖန်းမူ... မင်း ငါတို့ကို ဖြေရှင်းချက်တစ်ခု မပေးဘဲ ထွက်သွားမလို့လား”
“ဘာကို ဖြေရှင်းချက်ပေးရမှာလဲ”
ဖန်းမူသည် သူ့အတွက် လွတ်မြောက်ဖို့ လမ်းမရှိတော့သည်ကို တွေ့မြင်သောအခါ သူက သတိကို လွှတ်ချပြီး အော်ပြောလိုက်၏။
“ဉာဏ်ရှိတဲ့ ငှက်တစ်ကောင်က အသိုက်လုပ်ဖို့အတွက် ပိုကောင်းတဲ့ သစ်ပင်ကို ရွေးချယ်မှာပဲ... ငါက ကစဉ့်ကလျားနန်းတော်ကို နှစ်ပေါင်းများစွာကြာအောင် ခုခံကာကွယ်ပေးခဲ့တယ်... ငါ မျှော်လင့်ချက်ကို တကယ်ပဲ မတွေ့ရတော့ဘူး”
“ငါ မင်းတို့တွေနဲ့ ဆက်ပြီး ပြေးလွှားမနေချင်တော့ဘူး... ငါက ငါ့ရဲ့ ရှင်သန်ရာပုံစံကို ပြောင်းလဲချင်တယ်... ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာက ပုံရိပ်ယောင်ဒဏ္ဍာရီတစ်ခုပဲ... အခုချိန်မှာ အဲ့ဒါကို ယုံကြည်နေသေးတဲ့သူက မင်းတို့တွေပဲ ရှိတော့တယ်”
ဖန်းမူကို ကစဉ့်ကလျားနန်းတော်၏ အစောင့်ရှောက်ဟောင်းတစ်ယောက်ဟု ဆိုနိုင်ပြီး သူသည် ရှုလွေနှင့် အခြားနှစ်ယောက်နှင့်အတူ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှု ရှိလာခဲ့၏။ သူသည် သူတို့၏ အတိတ်ကာလ ဆက်ဆံရေးကို ထောက်ထားဖို့ ကြိုးစားရုန်းကန်နေသည်မှာ သိသာ၏။
ချန်ချင်းဟယ်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိလာပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
မုံ့ရှစ်က ဒေါသချောင်းချောင်းထွက်နေပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတာပဲ... မင်း ထွက်သွားချင်တယ်ဆိုရင် ငါတို့ မင်းကို တားမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်း ဘာလို့ ကစဉ့်ကလျားနန်းတော်ကို သစ္စာဖောက်ရတာလဲ”
နောက်ဆုံးအချိန်ထိ ရှုလွေနှင့် အခြားနှစ်ယောက်သည် ဖန်းမူအတွက် မျှော်လင့်ချက်တစ်စွန်းတစ်စကို ကိုင်စွဲထားဆဲဖြစ်၏။
“ငါ မင်းတို့ကို သစ္စာဖောက်တယ် ဆိုတော့ရော ဘာဖြစ်လဲ”
ဖန်းမူက လှောင်ရယ်လိုက်၏။
“ငါ့ကို အခုချိန်မှာ အသေခံဖို့အတွက် အသင်္ချေတောကောင်တောင်ကြောရိုးဆီ မင်းတို့နဲ့ လိုက်စေချင်လို့လား... မင်းတို့တွေက ပေါင်းသင်းဆက်ဆံရေးနဲ့ မှန်ကန်ဖြောင့်မတ်မှုကို တန်ဖိုးထားတယ်... သေရမှာကို မကြောက်ဘူး... ဒါပေမဲ့ ငါကတော့ မသေချင်ဘူး”
“မင်းတို့ သုံးယောက်က အခုမှ တက်လှမ်းလာခါစ အပြင်လူကို ဒီလောက်ထိ ယုံကြည်နေတယ်ဆိုမှတော့... ကစဉ့်ကလျားနန်းတော်က နောက်ဆုံးမှာ မင်းတို့ကြောင့် မြှုပ်နှံခံရလိမ့်မယ်”
“ဟုတ်ပြီလေ”
ရုတ်တရက် ဆူဇီမိုက ပြုံးလိုက်၏။
“သူ အေးအေးချမ်းချမ်းသေနိုင်အောင် သူ့ကို အသင်္ချေတောကောင်တောင်ကြားဆီ ခေါ်သွားကြတာပေါ့”
“ကောင်းတယ်ဟေ့... ကောင်းတယ်”
ကျားသစ်မ သာလွန်သူက ခါးသီးစွာ ရယ်မောလိုက်၏။
“ကစဉ့်ကလျားနန်းတော်က နင်တို့တွေအားလုံးက အသေခံချင်နေတယ်ဆိုမှတော့.. နင်တို့တွေထဲ ဘယ်သူကမှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
တကယ်တော့ ကစဉ့်ကလျားနန်းတော်မှ ကျင့်ကြံသူများမှာ မြင့်မားသော ကျင့်ကြံမှုနယ်ပယ် မရှိကြပေ။ သူတို့က ဤနေရာမှာ နေခဲ့မည်ဆိုလျှင်လည်း အခြားသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်သည်။
သူတို့က အသင်္ချေတောကောင်တောင်ကြောရိုးသို့ အတူတကွ လိုက်ပါမည်ဆိုလျှင် ဆူဇီမိုက သူတို့ကို ကာကွယ်ပေးနိုင်ဦးမည်ဖြစ်သည်။
ဒါ့အပြင် သူတို့သည် အသင်္ချေတောကောင်တောင်ကြောရိုးကို သိမ်းပိုက်နိုင်မည်ဆိုလျှင် ကစဉ့်ကလျားနန်းတော်မှ ကျင့်ကြံသူများသည် ထိုနေရာမှာ နေထိုင်နိုင်ပေလိမ့်မည်။
“သွားကြတာပေါ့”
ဆူဇီမိုက မဟူရာကြွက်ဂိုဏ်းချုပ်နှင့် အခြားသူများ၏ သိုလှောင်အိတ်များကို ဖြုတ်ယူပြီး လောကအပိုင်းအစများကို သိမ်းဆည်းကာ တိုက်ပွဲနယ်မြေကို ခပ်မြန်မြန်ရှင်းလင်းလိုက်၏။
ထို့နောက် သူသည် အင်မော်တယ်ယာဉ်ပျံတစ်စင်းကို ထုတ်ယူပြီး ရှုလွေတို့အုပ်စု၊ ကျားသစ်မ သာလွန်သူ၊ ဖန်းမူနှင့် ကစဉ့်ကလျားနန်းတော်မှ လူသုံးထောင်ကျော်ကျော်ကို တင်ဆောင်ကာ အသင်္ချေတောကောင်တောင်ကြောရိုးသို့ ဦးတည်လိုက်လေသည်။
အင်မော်တယ် ရေပြင်ပေါ်မှာ ရှုလွေနှင့် အခြားနှစ်ယောက်က ဆူဇီမိုရှေ့သို့ နောက်တစ်ဖန် ရောက်ရှိလာပြီး ကျေးဇူးတင်စကား ပြောလိုက်ကြ၏။
“မင်းတို့တွေ ဒီလိုလုပ်စရာ မလိုပါဘူး”
ဆူဇီမိုက ညင်သာစွာ ပြုံးပြီး ချန်ချင်းဟယ်ကို သိုလှောင်အိတ်တစ်အိတ် ကမ်းပေးလိုက်၏။
“အရင်တုန်းက မင်းပေးခဲ့တဲ့ ရင်းမြစ်ကျောက်တုံးတွေအတွက် ကျေးဇူးတင်ပါတယ်... တာအိုရောင်းရင်းချန်”
ချန်ချင်းဟယ်က ၎င်းကို အလိုလိုလက်ခံယူလိုက်၏။ သူမက သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီးနောက် အထဲမှာ ရင်းမြစ်ကျောက်တုံးရာချီကို တွေ့မြင်လိုက်ရ၏။
“ဒါ... ဒါက အရမ်းကို အဖိုးတန်လွန်းတယ်”
ချန်ချင်းဟယ်က အလောတကြီး ငြင်းပယ်လိုက်သည်။
စစချင်း ဆူဇီမို၏ သိုလှောင်အိတ်ထဲရှိ ရင်းမြစ်ကျောက်တုံး တစ်ရာကျော်အပြင်၊ မဟူရာကြွက်ဂိုဏ်းချုပ်နှင့် အခြားသူများထံကနေ ယခုတင် သူသိမ်းဆည်းလာသော ရင်းမြစ်ကျောက်တုံးတချို့လည်း ရှိနေ၏။
ရှုလွေနှင့် မုံ့ရှစ်ကလည်း မနာလိုအားကျသွားကြ၏။
ချန်ချင်းဟယ်က ဆူဇီမိုကို ရင်းမြစ်ကျောက်တုံးတချို့ ပေးခဲ့ပြီး ယခု သူမက အဆတစ်ရာကျော်ကို ပြန်လည်ရရှိလိုက်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ငါက တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယအသွင်ပြောင်းလဲခြင်းရဲ့ အထွတ်အထိပ်အထိ ကျင့်ကြံခဲ့ပြီးပြီ… ငါ့အတွက် အဲဒီရင်းမြစ်ကျောက်တုံးတွေက သိပ်ပြီးအသုံးမဝင်တော့ဘူး”
တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းအပြီးမှာ သူသည် ရှေ့သို့ ထပ်မံတက်လှမ်းလိုသည်ဆိုလျှင် သူသည် မဟာတာအို၏ အနှစ်သာရကို နားလည်ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။
ရင်းမြစ်ကျောက်တုံး ဘယ်လောက်များများကို စုပ်ယူသည်ဖြစ်စေ၊ ၎င်းသည် မဟာတာအို၏ အနှစ်သာရကို နားလည်ဆင်ခြင်သုံးသပ်ဖို့ သို့မဟုတ် သူ၏ အဟန့်အတားကို ချိုးဖျက်ပေးဖို့ အသုံးဝင်တော့မည် မဟုတ်ပေ။
ချန်ချင်းဟယ်က ထိုစကားကို ကြားသောအခါ သူမက ဆက်လက်၍ မငြင်းပယ်တော့ပေ။ သူမက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“ကျွန်မ ဒီရင်းမြစ်ကျောက်တုံးတွေကို တခြားသူတွေကို ခွဲဝေပေးလို့ ရလား”
“ရတာပေါ့”
ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“အဲဒါတွေက မင်းပစ္စည်းဖြစ်သွားပြီပဲ… မင်းကြိုက်သလို စီမံလို့ရတယ်”
ချန်ချင်းဟယ်က စိတ်သက်သာစွာ သက်ပြင်းချပြီး ရှုလွေနှင့်် မုံ့ရှစ်ကို ကြည့်လိုက်၏။
“ငါတို့တွေ ဒီရင်းမြစ်ကျောက်တုံးတချို့ကို ယူထားပြီး ကျန်တာတွေကို ကစဉ့်ကလျားနန်းတော်က ဧကရာဇ်ပညာရှင်တွေကို ခွဲဝေပေးလိုက်မယ်”
ရင်းမြစ်ကျောက်တုံးများက အဖိုးတန်လွန်းသော်လည်း ချန်ချင်းဟယ်သည် ထိုအရာများအားလုံးကို သူမတစ်ယောက်တည်းအတွက် ယူမထားပေ။ ထိုအစား သူမသည် သူမ၏ ဂိုဏ်းသားရောင်းရင်းမျာအးတွက် တွေးပေးလေသည်။
ရှုလွေ၊ မုံ့ရှစ်နှင့် အခြားသူများက ရင်းမြစ်ကျောက်တုံးများကို ဝမ်းသာအားရ လက်ခံယူပြီး သူတို့၏ စိုးရိမ်ပူပန်မှုများက လျော့ကျသွား၏။
သုံးရက်ကြာပြီးနောက် ကစဉ့်ကလျားနန်းတော်မှ လူအုပ်စုက နောက်ဆုံးမှာ အသင်္ချေတောကောင်တောင်ကြားသို့ ရောက်ရှိလာကြ၏။
သူတို့က အသင်္ချေတောကောင်တောင်ကြောရိုးသို့ အမှန်တကယ် ခြေမချခင် သန်မာအားကောင်းသော သွေးနံ့က သူတို့၏ မျက်နှာကို ရိုက်ခတ်လာပြီး မွန်းကျပ်သွားစေ၏။
အဝေးကနေကြည့်လျှင် အသင်္ချေတောကောင်တောင်ကြောရိုးသည် အရိုးဖြူများဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော အလောင်းများက မြှုပ်နှံခံထားရသည်။
တောင်ကြောရိုးများကြားမှာ အနက်ရောင်နှင့်အနီရောင် ရောထွေးနေသည့် ကြီးမားသည့် အကွက်တစ်ကွက် ရှိနေပြီး မြက်ပင်တစ်ပင်ပင် ပေါက်မနေပေ။
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက သုန်မှုန်တည်တံ့သွား၏။
ရှုလွေနှင့် အခြားနှစ်ယောက်ကလည်း နောက်တစ်ဖန် စိုးရိမ်ပူပန်လာ၏။
“တာအိုရောင်းရင်းဆူ... ခင်ဗျားက အဲ့ဒီ ကျားသစ်ကောင်းကင်ဘုံသာလွန်သူနဲ့ တကယ်ပဲ တွေ့ဆုံမှာလား”
ရှုလွေက ထပ်မံ၍ သတိပေးလိုက်၏။
“ကျုပ်တို့တွေ အသင်္ချေတောကောင်တောင်ကြောရိုးကို ဝင်ရောက်သွားမယ်ဆိုရင် နောက်ပြန်လှည့်လို့ရမှာ မဟုတ်တော့ဘူး”
“ဟားဟားဟား”
ဆူဇီမိုက ကျယ်လောင်စွာ ရယ်မောလိုက်၏။
“နောက်ပြန်လှည့်ဖို့လား... အခုကစပြီး ကစဉ့်ကလျားနန်းတော်က အဲ့ဒီနေရာမှာ အခြေချနေထိုင်ရလိမ့်မယ်”
ရှုလွေက ခါးသီးစွာ ပြုံးလိုက်၏။
အဲ့ဒါသည် ဟာသတစ်ခုသာဖြစ်သည်ဟု လူတိုင်းက တွေးလိုက်ပြီး မည်သူကမှ အတည်အတံ့မမှတ်ယူပေ။
ကျားသစ်မသာလွန်သူ၏ ကျင့်ကြံမှုက ဖျက်ဆီးခံထားရပြီး သူမ၏ ရင်ထဲမှာ အဆုံးမဲ့ မကျေမချမ်းမှုများက စုစည်းနေ၏။ သူမက ခက်ဆတ်ဆတ် အော်ပြောလိုက်၏။
“ငါ့အထင်တော့ ကစဉ့်ကလျားနန်းတော်က နင်တို့ ပုရွက်ဆိတ်တွေက အရိုးတွေအသားတွေအဖြစ်ပြောင်းပြီး အသင်္ချေတောကောင်တောင်ကြားမှာ အမြဲတမ်းနေရလိမ့်မယ်”
တောင်တန်းဂိတ်တံခါးသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက အင်မော်တယ်ယာဉ်ပျံကို သိမ်းဆည်းကာ ကစဉ့်ကလျားနန်းတော်မှ လူတိုင်းနှင့်အတူ ဆင်းသက်လိုက်၏။
“ဘယ်သူတွေလဲ”
အသင်္ချေတောကောင်တောင်ကြောရိုး၏ တောင်တန်းဂိတ်တံခါးရှေ့မှာ သားရဲကျင့်ကြံသူသောင်းချီ ပေါ်ထွက်လာ၏။ သူတို့အားလုံးသည် သားရဲချီများဖြင့် ပြည့်နှက်နေပြီး သူတို့မှာ စိုးရိမ်ပူပန်နေသော အမူအရာများ ရှိနေ၏။ ဦးဆောင်လာသူ လေးယောက်စလုံးက တာအိုပြယုဂ်နယ်ပယ်မှာ ရှိလေသည်။
“ဘုရားရေ…”
မုံ့ရှစ်က တိတ်တဆိတ် ဆွံ့အသွား၏။
“အသင်္ချေတောကောင်တောင်ကြောရိုးက ဒီလောက်တောင် သန်မာတာလား… တောင်တန်းဂိတ်တံခါးကို စောင့်ကြပ်တဲ့ လူတွေက အများကြီးပဲ... သူတို့ထဲမှာ သာလွန်သူတွေတောင် ပါနေတယ်”
ဆူဇီမိုကလည်း အနည်းငယ် အံ့အားသင့်သွား၏။
ပုံမှန်အခြေအနေမှာဆိုလျှင် တောင်တန်းဂိတ်တံခါးတစ်ခုကို စောင့်ကြပ်ဖို့အတွက် ဤမျှအထိ အစုအဖွဲ့တစ်ရပ်ကို မလိုအပ်ပေ။
ဒါ့အပြင် အသင်္ချေတောကောင်တောင်ကြောရိုးမှာ သားရဲကျင့်ကြံသူများ၏ အမူအယာအရ သူတို့သည် မဟာရန်သူတော်တစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလားပင်။ အသင်္ချေတောကောင်တောင်ကြောရိုးက သူတို့ရောက်ရှိလာမည်ကို သိရှိထားသည့်ပုံရနေ၏။
“စိတ်ဝင်စားစရာပဲ”
ခဏကြာအောင် ဆူဇီမိုသည် အဲ့ဒါကို ပုံမဖော်နိုင်ပေ။ သူက ကျားသစ်မ သာလွန်သူကို တောင်တန်းဂိတ်တံခါးရှေ့သို့ ဆွဲခေါ်လာပြီး အော်ပြောလိုက်၏။
“ငါက ကစဉ့်ကလျားနန်းတော်က ဆူဇီမိုပဲ... အသင်္ချေတောကောင်တောင်ကြောရိုးက ခေါင်းဆောင်လေးဦးနဲ့ တွေ့ချင်တယ်”
ရှုလွေနှင့် အခြားသူများက ထိုစကားကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။ သူတို့အနေဖြင့် သူ့ကိုတားဆီးဖို့ နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူသည် ခေါင်းဆောင်-၄ နှင့် သွားရောက်တွေ့ဆုံလိုသည်ကို ထားဦးတော့၊ သို့သော်လည်း သူသည် ခေါင်းဆောင်လေးဦးစလုံးနှင့် ချက်ချင်းပင် တွေ့ဆုံလိုသည်မှာ မောက်မာလွန်းရာကျမနေဘူးလား။
ဒါ့အပြင် အသင်္ချေတောကောင်တောင်ကြောရိုးမှ ခေါင်းဆောင်လေးဦးလုံးက ကောင်းကင်ဘုံသာလွန်သူပညာရှင်များ ဖြစ်ကြ၏။ သူတို့လို တတိယတန်းစား အဖွဲ့အစည်းတစ်ခုက လူပေါင်းထောင်ချီနှင့် ရုတ်တရက်ရောက်ရှိလာမည်ဆိုလျှင် အဲ့ဒါသည် အသင်္ချေတောကောင်တောင်ကြောရိုး၏ ရန်လိုစိတ်ကို ဆွဲဆောင်မိပေလိမ့်မည်။
တခြားအရာများကို အသာထား၊ တာအိုရောင်းရင်းဆူ၏ လေသံကပင် အရမ်းကို တင်းစီးလွန်းမနေဘူးလား။
သူသည် ‘အကြောင်းမကြားဘဲ ရောက်လာရတဲ့အတွက် ခွင့်လွှတ်ပါ’ သို့မဟုတ် ‘ဒုက္ခပေးမိတဲ့အတွက် စိတ်မကောင်းပါဘူး’ စသော အလ္လာပသလ္လာပ စကားများကိုပင် ပြောဆိုမနေခဲ့ပေ။
ရှုလွေနှင့် အခြားသူများ မသိသည့်အရာမှာ ဆူဇီမိုအနေဖြင့် သူတို့၏ ဝင်ပေါက်ဝသို့ ဆင်းသက်ပြီး ဤကဲ့သို့သော စကားကို ပြောဆိုသည်ကပင် သူ့အနေဖြင့် လုံလောက်သည့် ယဉ်ကျေးမှုကို ပြပြီးနေပြီဖြစ်သည်။
“ကစဉ့်ကလျားနန်းတော်လား”
အသင်္ချေတောကောင်တောင်ကြောရိုးမှာ သာလွန်သူလေးဦးက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်ပြီး တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“အားလုံးပဲ... ဒီမှာ ခဏစောင့်ဦး... ကျုပ်သွားပြီး အစီရင်ခံလိုက်ဦးမယ်”
သာလွန်သူလေးဦးက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် သူတို့ထဲမှ တစ်ယောက်က သူ၏ လက်နှစ်ဖက်ကိုယှက်၍ ပြောဆိုပြီးနောက် လှည့်ထွက်သွား၏။
ရှုလွေနှင့် အခြားနှစ်ယောက်က မှင်တက်နေကြ၏။
အသင်္ချေတောကောင်တောင်ကြောရိုးက တကယ်ပဲ ဤမျှအထိ သဘောကောင်းတာလား...။