မဟူရာဆိတ်တောင်ကြောရိုး
Vol. 215 Ch. 3254
အသင်္ချေတောကောင် တောင်ကြောရိုးမှာ...
ဧရာမကျောက်တိုင်လေးတိုင်တွင် တောကောင်လေးကောင်၏ ရုပ်ပုံများကို ထွင်းထုထားလေသည်။ ၎င်းတို့သည် အသင်္ချေတောကောင်ခန်းမကို ထောက်ကန်ပေးထား၏။
ထိုအခိုက်အတန့်တွင် အသင်္ချေတောကောင် တောင်ကြောရိုးမှ ခေါင်းဆောင်သုံးဦးဖြစ်သော ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေ၊ ကောင်းကင်ဘုံသာလွန်သူ ကျားနှင့် ကောင်းကင်ဘုံသာလွန်သူ ကျားသစ်တို့က ခန်းမ၏ အမြင့်ပိုင်းနေရာမှာ ဘေးချင်းယှဉ် ထိုင်နေကြ၏။
ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေပြီး လေထုက တင်းကျပ်လေးလံနေသည်။
သူတို့သုံးယောက်၏ အမူအရာများက တည်တံ့နေပြီး သူတို့က အကျပ်ရိုက်နေသည်မှာ သိသာနေ၏။
“ဟမ့်…”
အတန်ကြာပြီးနောက် ကောင်းကင်ဘုံသာလွန်သူ ကျားက ဆက်လက်၍ မချုပ်တည်းနိုင်တော့ပုံရလေသည်။ သူက စားပွဲကို ဘန်းခနဲရိုက်ပြီး မတ်တတ်ထရပ်ကာ ကျိန်ဆဲလိုက်၏။
“မဟူရာဆိတ်တောင်ကြောရိုးက အရမ်းကို လောဘကြီးလွန်းမနေဘူးလား… သူတို့က အသင်္ချေတောကောင်တောင်ကြောရိုးက ရင်းမြစ်သတ္တုတွင်း ကိုးခုကို အခုချက်ချင်း လွှဲပေးစေချင်နေတယ်… အဲ့ဒါတော့ အရမ်းကို များသွားပြီ”
“တကယ်ပဲ တခြားထွက်ပေါက်မရှိတော့ဘူးဆိုရင် ငါတို့ အသေအကြေ တိုက်ခိုက်ကြတာပေါ့”
အသင်္ချေတောကောင် တောင်ကြောရိုးက သိမ်းပိုက်ထားသော ရင်းမြစ်သတ္တုတွင်း စုစုပေါင်း ကိုးခုရှိလေသည်။
မဟူရာဆိတ်တောင်ကြောရိုးသည် အသင်္ချေတောကောင် တောင်ကြောရိုးမှ ရင်းမြစ်သတ္တုတွင်း ကိုးခုကို တောင်းဆိုလိုက်သည်မှာ သူတို့သည် အသင်္ချေတောကောင် တောင်ကြောရိုး၏ အခြေခံအုတ်မြစ်တစ်ခုလုံးကို သိမ်းယူချင်သည်ဟု ဆိုလိုလေသည်။
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေကိုကြည့်ပြီး မေးလိုက်၏။
“အစ်ကို-၂... ငါတို့ တိုက်ခိုက်ရမလား၊ နောက်ဆုတ်ရမလား ဆုံးဖြတ်ပေးဦး”
“ငါတို့ ဘယ်လိုတိုက်ခိုက်မှာလဲ”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“မဟူရာဆိတ်တောင်ကြောရိုးမှာ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မဟာကောင်းကင်ဘုံသာလွန်သူ နှစ်ဦးရှိတယ်… သူတို့ရဲ့လက်အောက်မှာ ကောင်းကင်ဘုံသာလွန်သူ ဆယ်ဦးကျော် ရှိတယ်… ငါတို့ သူတို့ကို လုံးဝမနိုင်ဘူး”
“ဒါဆို ငါတို့ညီအစ်ကိုတွေ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ အခြေခံအုတ်မြစ်တွေကို သူတို့ဆီ ဒီတိုင်းပဲ လွှဲပေးလိုက်မှာလား”
ကောင်းကင်ဘုံသာလွန်သူ ကျားက မချင့်မရဲဖြစ်နေ၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့အစ်ကိုကြီးက ဒီတစ်ခေါက် သူ့ရဲ့တံခါးပိတ်ကျင့်ကြံမှုမှာ သူ့ရဲ့အဟန့်အတားကို ချိုးဖျက်ပြီး မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး ဖြစ်လာမလားဆိုတာအပေါ် မူတည်နေတယ်”
“အစ်ကိုကြီးက ရှေ့ကိုတက်လှမ်းပြီး မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး ဖြစ်လာမယ်ဆိုရင် ငါတို့တွေက မဟူရာဆိတ်တောင်ကြောရိုးနဲ့ ညှိနှိုင်းဆွေးနွေးလာနိုင်လိမ့်မယ်… မဟူရာဆိတ်တောင်ကြောရိုးက မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကလည်း စိုးရိမ်ပူပန်လာလိမ့်မယ်လို့ ငါယုံတယ်”
“ဒါပေမဲ့ အချိန်က လောက်မှာမဟုတ်တော့ဘူး”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး မေးလိုက်၏။
“အစ်ကိုကြီးက အဆင့်ချိုးဖျက်မတက်လှမ်းခင် မဟူရာဆိတ်တောင်ကြောရိုးက ရောက်လာမယ်ဆိုရင် ငါတို့ဘာလုပ်ကြမလဲ”
“ငါတို့ တတ်နိုင်သမျှ အချိန်ဆွဲထားရမှာပေါ့... တကယ်လို့ ငါတို့…”
ခဏမျှ ရပ်တန့်ပြီးနောက် ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“တကယ်လို့ ငါတို့ မတတ်နိုင်တော့ဘူးဆိုရင် ငါတို့က အသင်္ချေတောကောင်တောင်ကြောရိုးကို လက်လွှတ်ပြီး တခြားထွက်ပေါက်တစ်ခုကို ရှာရမှာပေါ့… ငါတို့ရဲ့ အစွမ်းအစနဲ့ဆို ငါတို့က ဒီပိုင်နက်နယ်မြေကနေ ထွက်ခွာသွားမယ်ဆိုရင်တောင် ငါတို့က ပေါင်းမိုးပြည်နယ်မှာ နောက်ထပ် ခြေကုပ်ရာနေရာတစ်ခုကို တည်ဆောက်နိုင်တယ်”
“တစ်နေ့မှာ ငါတို့ညီအစ်ကိုတွေ အဆင့်ချိုးဖျက်တက်လှမ်းပြီး မဟာကောင်းကင်ဘုံသာလွန်သူတွေ ဖြစ်လာမယ်ဆိုရင် ငါတို့ ဒီကို သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ပြီး အသင်္ချေတောကောင် တောင်ကြောရိုးမှာ ကျန်ခဲ့တဲ့ အရာရာတိုင်းကိုတောင် ပြန်ယူနိုင်တယ်”
“အစ်ကို-၂… မင်းပြောတာ မှန်တယ်”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ခေါင်းညိတ်လိုက်၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ပြောလိုက်သည်။
“လက်အောက်ငယ်သားတွေကို တပ်လှန့်ထားလိုက်... အစောင့်တွေကိုလည်း တိုးချထားလိုက်... မဟူရာဆိတ်တောင်ကြောရိုးက လျှပ်တပြက် တိုက်ခိုက်လာမယ်ဆိုရင် ငါတို့ အဆင်သင့်ဖြစ်နေရမယ်”
“အစ်ကို-၂... မပူပါနဲ့”
ကောင်းကင်ဘုံသာလွန်သူ ကျားက ပြောလိုက်၏။
“တောင်တန်းဂိတ်တံခါးကို စောင့်ကြပ်ဖို့အတွက် သာလွန်သူလေးဦးနဲ့ သားရဲတောကောင် တစ်သောင်းကျော်ကို ငါစီစဉ်ပေးထားတယ်… ငါတို့တွေက အသင်္ချေတောကောင် တောင်ကြောရိုးပတ်လည်မှာ လှည့်ကင်းတွေကိုလည်း တိုးချထားတယ်… တစ်ခုခုဖြစ်လာမယ်ဆိုရင် ငါတို့တွေ ချက်ချင်းသိရလိမ့်မယ်”
ထိုစဉ်မှာပင် သာလွန်သူတစ်ဦးက ထူးဆန်းသောအမူအရာဖြင့် ပြေးဝင်လာ၏။
ကောင်းကင်ဘုံသာလွန်သူသုံးဦးက မဟူရာဆိတ်တောင်ကြောရိုးအကြောင်းကို ဆွေးနွေးပြောဆိုနေကြ၏။ သူတို့သည် ဝင်ရောက်လာသူ၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
တစ်ခုခု ဖြစ်လာပြီလား...
“ဘာဖြစ်လာတာလဲ”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက တည်တံ့စွာ မေးလိုက်၏။
ထိုသာလွန်သူက ကျယ်လောင်စွာဖြင့် ပြောလိုက်၏။
“ခေါင်းဆောင်တို့... တောင်တန်းဂိတ်တံခါးမှာ ကစဉ့်ကလျားနန်းတော်က ဆူဇီမိုလို့ခေါ်တဲ့ လူတစ်ယောက်က ခင်ဗျားတို့နဲ့ တွေ့ချင်နေတယ်”
“ဆူဇီမိုလား…”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ဒွိဟဖြစ်သွား၏။ သူက သူ့ဘေးမှာရှိသော နှစ်ယောက်ကို ကြည့်လိုက်၏။
“သူက ဘယ်သူလဲ... ငါ သူ့ကို မကြားဖူးဘူး”
အခြားသော ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကလည်း သူတို့၏ ခေါင်းများကို ညင်သာစွာ ခါပြလိုက်၏။
ကောင်းကင်ဘုံသာလွန်သူ ကျားက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကစဉ့်ကလျားနန်းတော်ကို ငါကြားဖူးတယ်... အဲ့ဒါက ဖျက်ဆီးခံရတော့မယ့်ဆဲဆဲ တတိယတန်းစား အဖွဲ့အစည်းတစ်ခုပဲ... သူတို့ဆီက ဘာသတင်းမှ ထွက်မလာတာ ကြာပြီ... ဘာလို့ သူတို့ ဒီကိုရောက်လာတာလဲ”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ထပ်မေးလိုက်၏။
“ဆူဇီမိုက ဘယ်ကျင့်ကြံမှုမှာလဲ”
“တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယအသွင်ပြောင်းလဲခြင်းမှာရှိတဲ့ သာလွန်သူတစ်ဦးပဲ”
ခန်းမ၏ အပြင်ဘက်မှာရှိသော သာလွန်သူက ပြန်ဖြေလိုက်၏။
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က မေးလိုက်၏။
“အဲ့ဒီမှာ ကစဉ့်ကလျားနန်းတော်က လူဘယ်လောက်များများ ပါလာလဲ... သူတို့ရဲ့ ကျင့်ကြံမှုတွေက ဘယ်အဆင့်မှာလဲ”
တံခါး၏ အပြင်ဘက်မှာရှိတဲ့ သာလွန်သူက ပြန်ဖြေလိုက်၏။
“အမြင့်မားဆုံး ကျင့်ကြံမှုနယ်ပယ်နဲ့သူတွေကတော့ တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယအသွင်ပြောင်းလဲခြင်းမှာရှိတဲ့ သာလွန်သူပဲ... သူတို့က စုစုပေါင်း နှစ်ယောက်... နောက်ထပ် သာလွန်သူတချို့လည်း ရှိတယ်... ကျန်တဲ့လူ သုံးထောင်ကျော်ကျော်ကတော့ တာအိုပြယုဂ်နယ်ပယ်ရဲ့ အောက်မှာပဲ... ခြိမ်းခြောက်နိုင်စွမ်းမရှိဘူး”
“ချီးထဲမှပဲ”
ကောင်းကင်ဘုံသာလွန်သူ ကျားက ကျိန်ဆဲကာ စိတ်မရှည်နိုင်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
“အဲ့ဒီ ပုရွက်ဆိတ်တစ်အုပ်စုက ဘယ်နေရာကနေ ရောက်လာတာလဲ... အဲ့ဒါ ငါတို့သုံးယောက်ကို လာပြောဖို့ တန်လို့လား... သူတို့ကို သတ်လိုက်... ပြီးရင် မင်းတို့ဘာသာမင်းတို့ ခွဲဝေစားသောက်လိုက်ကြ”
“ခေါင်းဆောင်-၃... ကျေးဇူးတင်ပါတယ်”
သာလွန်သူက ဦးညွှတ်ပြီး နောက်သို့ ဆုတ်ခွာလိုက်၏။
ထိုစဉ်မှာပင် ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက် လှမ်းအော်လိုက်၏။
“နေဦး...”
ခန်းမ၏ အပြင်ဘက်မှာရှိတဲ့ သာလွန်သူက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
ကောင်းကင်ဘုံသာလွန်သူ ကျားနှင့် ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က မေးခွန်းထုတ်လိုသော အမူအရာဖြင့် ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေကို လှည့်ကြည့်လိုက်ကြ၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက သူ၏ မျက်လုံးကို တဖြည်းဖြည်း မှေးကျဉ်းပြီး မေးလိုက်၏။
“အဲ့ဒီလူက ဘာပြောခဲ့သေးလဲ... သူပြောခဲ့တဲ့စကားကို အတိအကျ ပြန်ပြောစမ်း”
“ငါက ကစဉ့်ကလျားနန်းတော်က ဆူဇီမိုပဲ... အသင်္ချေတောကောင် တောင်ကြောရိုးက မင်းတို့ခေါင်းဆောင်လေးယောက်နဲ့ တွေ့ချင်တယ်”
သာလွန်သူက စကားကို တစ်လုံးချင်း ပြန်ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိသွား၏။
ဤလူက ရဲတင်းလွန်းနေသည်။
တာအိုပြယုဂ်နယ်ပယ် သာလွန်သူတစ်ဦးအနေဖြင့် ဤကဲ့သို့သော စကားများကို ပြောဆိုရဲသည်မှာ သူက ရန်လိုနေသည်မှာ သိသာနေ၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေနှင့် ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာပင် မဟူရာဆိတ်တောင်ကြောရိုးကို တွေးမိသွား၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ခဏမျှစဉ်းစားပြီးနောက် အမိန့်ပေးလိုက်၏။
“ဆူဇီမိုနဲ့ တခြားသူတွေကို သွားပြီးတော့ ဒီကိုဖိတ်ခေါ်လာခဲ့... နောက်ပြီး သူတို့ရဲ့ လက်အောက်ငယ်သားတွေအတွက် ဝိုင်ကောင်းကောင်းနဲ့ စားသောက်စရာ ပြင်ပေးပြီး ပို့ပေးလိုက်”
“နား... နားလည်ပါပြီ”
အပြင်ဘက်မှာရှိသော သာလွန်သူက စဉ်းစားရခက်သွားသော်လည်း သူက အမိန့်ကို နာခံလိုက်ဆဲဖြစ်၏။
ဤလူသည် များစွာဂရုစိုက်ပုံမရသည်ကို ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက တွေ့မြင်သောအခါ သူ၏အမူအရာက တည်တံ့သွားပြီး အော်ငေါက်လိုက်၏။
“လောဖုန့်... နားထောင်စမ်း... ငါ မင်းကို အဲ့ဒီလူတွေကို ကောင်းကောင်းမွန်မွန် ဖိတ်ခေါ်ခိုင်းတာနော်”
“မင်းတို့အရူးတွေ ပါးပါးနပ်နပ်နဲ့ ထိန်းထိန်းသိမ်းသိမ်းနေရင် အကောင်းဆုံးပဲ... အဲ့ဒီအထူးဧည့်သည်တွေကို မဆန့်ကျင်မိစေနဲ့”
သာလွန်သူလောဖုန့်က အလောတကြီး ခေါင်းညိတ်ပြလိုက်၏။
သူက ဘယ်လိုလုပ် မရှုပ်ထွေးဘဲ နေပါ့မလဲ။ စောစောကတင် ကောင်းကင်ဘုံသာလွန်သူ ကျားသည် ကစဉ့်ကလျားနန်းတော်မှ ဤလူအုပ်စုကို သတ်ဖြတ်စားသောက်ခိုင်းထား၏။ တစ်ခဏချင်းမှာပင် သူတို့တွေက အထူးဧည့်သည်တော်များ ဖြစ်သွားကြလေပြီ။
သာလွန်သူလောဖုန့်က နောက်သို့ ဆုတ်ခွာသွားပြီးနောက် ကောင်းကင်ဘုံသာလွန်သူ ကျားက ဒွိဟဖြစ်နေဆဲဖြစ်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အစ်ကို-၂... ညီ-၄... ကစဉ့်ကလျားနန်းတော်က အဲ့ဒီပုရွက်ဆိတ်တွေက ဘယ်လိုလုပ်ပြီး အထူးဧည့်သည်တော်တွေ ဖြစ်သွားတာလဲ”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က စိတ်သက်သာစွာ သက်ပြင်းချပြီး စုတ်သပ်လိုက်၏။
“တော်သေးတာပေါ့... အစ်ကို-၂ က သဘောပေါက်တာမြန်သွားလို့... ငါတို့တွေ မဟူရာဆိတ်တောင်ကြောရိုးရဲ့ လှည့်ကွက်ထဲ ကျဆင်းတော့မလို့ပဲ”
“မင်းတို့ ဘာကိုဆိုလိုတာလဲ”
ကောင်းကင်ဘုံသာလွန်သူ ကျားက ထပ်မေးလိုက်၏။
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ရှင်းပြလိုက်သည်။
“အဲ့ဒီ ဆူဇီမိုက မဟူရာဆိတ်တောင်ကြောရိုးက စေလွှတ်လိုက်တဲ့ သံတမန်တစ်ဦး ဖြစ်ဖို့များတယ်... ငါတို့တွေက အဲ့ဒီလူအုပ်စုကို သတ်လိုက်မယ်ဆိုရင် သူတို့က အဲ့ဒါကို အကြောင်းပြချက်အဖြစ် သုံးပြီး ငါတို့ကို လုံးဝညှိနှိုင်းဆွေးနွေးခွင့်ပေးမှာ မဟုတ်တော့ဘူး”
“မဟူရာဆိတ်တောင်ကြောရိုးက တကယ့်ကို ကောက်ကျစ်တာပဲ”
ကောင်းကင်ဘုံသာလွန်သူ ကျားက ထိုစကားကို ကြားသောအခါ ချွေးပြန်သွားလေသည်။
သူက အံကိုကြိတ်ပြီး ပြောလိုက်၏။
“တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယမြောက်အသွင်ပြောင်းလဲခြင်းမှာရှိတဲ့ သာလွန်သူတစ်ဦးက ဒီလောက်အထိ မောက်မာရဲတာ မထူးဆန်းတော့ဘူး... လက်စသတ်တော့ သူ့ကို မဟူရာဆိတ်တောင်ကြောရိုးက နောက်ခံပေးထားတာကိုး”
“ဒါပေမဲ့ ပြောရမယ်ဆိုရင်…”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ဆက်ပြောလိုက်၏။
“မဟူရာဆိတ်တောင်ကြောရိုးက ငါတို့လေးယောက်နဲ့ ဆွေးနွေးပြောဆိုဖို့အတွက် သာလွန်သူတချို့ကို စေလွှတ်ပေးလိုက်တယ်ဆိုတာ ငါတို့ကို အထင်သေးနေတာ မဟုတ်ဘူးလား”
သူတို့သုံးယောက်သည် အဖွဲ့အစည်းတစ်ခု၏ သာလွန်သူများနှင့် ခေါင်းဆောင်များ ဖြစ်ကြလေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် မဟူရာဆိတ်တောင်ကြောရိုးသည် လေးစားမှုထားသည့်အနေဖြင့် အနည်းဆုံး ကောင်းကင်ဘုံသာလွန်သူ ပညာရှင်တစ်ဦးကို စေလွှတ်ပေးသင့်လေသည်။
“ညီ-၃... ညီ-၄... ဘာမှ စိတ်တိုမနေနဲ့”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်၏။
“ဆူဇီမို ဒီကို ဘာကြောင့်ရောက်လာသလဲ အရင်ကြည့်ရသေးတာပေါ့... သူ့ရဲ့တောင်းဆိုချက်တွေကို ကျေနပ်စေဖို့ ငါတို့အတတ်နိုင်ဆုံး ကြိုးစားရလိမ့်မယ်”
“ငါတို့က တတ်နိုင်သမျှ အချိန်ဆွဲထားပြီး အစ်ကိုကြီး အဆင့်ချိုးဖျက်တက်လှမ်းတာကို စောင့်နေဖို့ပဲ... မလိုအပ်တဲ့ ပြဿနာတွေကို မရှာနဲ့ဦး”
“ကောင်းပါပြီ”
ကောင်းကင်ဘုံသာလွန်သူ ကျားနှင့် ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြ၏။