စစ်ဆေးမေးမြန်းခြင်း
Vol. 215 Ch. 3255
အသင်္ချေတောကောင် တောင်ကြောရိုး၏ တောင်တန်းဂိတ်တံခါးရှေ့မှာ…
သိပ်မကြာခင် စောစောက ထွက်ခွာသွားသော သာလွန်သူက ပြန်လာနေသည်ကို ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက တွေ့မြင်လိုက်ရ၏။
လောဖုန့်သည် အနားကို ရောက်မလာခင်မှာပင် အဝါရောင်အမွေးများဖြင့် ပြည့်နှက်နေသော သူ၏မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်ထွက်လာ၏။ သူက မျက်နှာလိုမျက်နှာရပင် လုပ်နေပြီး အနည်းငယ် ထူးဆန်းနေ၏။
“အထူးဧည့်သည်တော်တို့... ကြိုဆိုပါတယ်… ခင်ဗျားတို့ ရောက်လာတာ အသင်္ချေတောကောင် တောင်ကြောရိုးအတွက် တကယ့်ကို ဂုဏ်ယူဖွယ်ရာပါပဲ”
သာလွန်သူ လောဖုန့်က ပြောလိုက်၏။
“ကျုပ်က လောဖုန့်ပါ… ကျေးဇူးပြုပြီး စောစောက ကျုပ်ရဲ့ ကြန့်ကြာမှုအတွက် ခွင့်လွှတ်ပေးပါ… အထဲကို ကြွလှမ်းခဲ့ကြပါဦး”
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက နေရာမှာတင် မှင်တက်သွားပြီး ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။
“ဘာတွေဖြစ်နေတာပါလိမ့်”
“အဲ့ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်မလား”
“အဓိပ္ပာယ်တော့ မရှိဘူး… အသင်္ချေတောကောင် တောင်ကြားက ငါတို့ကို ကိုင်တွယ်ချင်တယ်ဆိုရင် သူတို့က ဘာလို့ အဲ့လောက်ထိ ယဉ်ကျေးနေမှာလဲ”
ရှုလွေနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် တိတ်တဆိတ် ဆက်သွယ်ပြောဆိုလိုက်ကြ၏။
ဆူဇီမိုကလည်း စဉ်းစားရခက်နေ၏။
သို့သော်လည်း သူသည် ကျင့်ကြံရေးလမ်းခရီးမှာ ရှည်လျားစွာ လျှောက်လှမ်းခဲ့ပြီးလေပြီ။
အောက်ဘုံလောကကနေ ယနေ့အချိန်ထိ သူ့မှာ အတွေ့အကြုံများစွာ ရှိထားခဲ့၏။ သူသည် မည်သည့် စိတ်ခံစားချက် အတက်အကျကိုမျှ မပြသဘဲ ခေါင်းသာညိတ်ပြလိုက်၏။
တကယ်တမ်းမှာ ဤမြင်ကွင်းသည် သာလွန်သူလောဖုန့်အတွက် ပို၍ပင် ထူးခြားအံ့မခန်း ဖြစ်နေ၏။
“ဒီလူရဲ့နောက်ခံက တကယ်ပဲ စွမ်းအားကြီးမားတဲ့ပုံပဲ… မဟုတ်ရင် ခေါင်းဆောင်သုံးဦးက သူ့ကို ဒီလောက်ထိ တန်ဖိုးထားမှာ မဟုတ်ဘူး”
လောဖုန့်က သူ့ဘာသာသူ တွေးလိုက်၏။
“သူ့ရဲ့ ဣန္ဒြေကတင် အခြားသူတွေထက် အများကြီး သာလွန်နေပြီ”
“တောင်တန်းဂိတ်တံခါးကို ဆက်ပြီး စောင့်ကြပ်နေကြ… ပေါ့ပေါ့ဆဆ မလုပ်ကြနဲ့”
သာလွန်သူ လောဖုန့်က သူ၏ ခါးကို မတ်ပြီး အခြားသော သားရဲတောကောင်များကို အော်ငေါက်လိုက်၏။ သူက ဆူဇီမိုကို အနည်းငယ် ဦးညွှတ်၍ ပြုံးပြလိုက်၏။
“အထူးဧည့်သည်တော်တို့... ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ… ခေါင်းဆောင်သုံးဦးက ခင်ဗျားတို့ကို ကြိုဆိုဖို့အတွက် အသင်္ချေတောကောင် တောင်ကြောရိုးမှာ စားသောက်ပွဲတစ်ခု ပြင်ဆင်ပြီးထားပါပြီ”
‘ဘာလဲဟ’
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက ပို၍ပင် ရှုပ်ထွေးသွားပြီး ဒွိဟဖြစ်နေကြ၏။
“သာလွန်သူ လောဖုန့်... ကျွန်မက အရင်တုန်းက အသင်္ချေတောကောင် တောင်ကြောရိုးကပါ”
မုံ့ရှစ် ဆွဲခေါ်လာသော ကျားသစ်မ သာလွန်သူက ရုတ်တရက် ဝင်ပြောလိုက်၏။
“ကစဉ့်ကလျားနန်းတော်က ဒီလူတွေက ကောင်းမှန်းဆိုးမှန်း နားမလည်ကြဘူး… သူတို့တွေက ကောင်းကင်ဘုံသာလွန်သံကျားသစ်ကို မပြောနဲ့… အသင်္ချေတောကောင် တောင်ကြားတစ်ခုလုံးကိုတောင်မှ လုံးဝ ဂရုမစိုက်ကြဘူး”
ရှုလွေနှင့် အခြားသူများက ထိုစကားကို ကြားသောအခါ ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
ကျားသစ်မ သာလွန်သူက သွေးထိုးလှုံ့ဆော်နေသည်မှာ သိသာနေ၏။
ချန်ချင်းဟယ်က အလောတကြီး ရှင်းပြလိုက်၏။
“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး သူ့ရဲ့ ပေါက်တတ်ကရစကားကို နားထောင်မနေပါနဲ့… အဲ့ဒါက နားလည်မှုလွဲတာပါ”
“ဟုတ်တာပေါ့ဗျာ... ဟုတ်တာပေါ့”
မထင်မှတ်ထားစွာပင် သာလွန်သူလောဖုန့်က လုံးဝဂရုစိုက်ခြင်းမရှိဘဲ အပြုံးနှင့်အတူ သာမန်ကာလျှံကာသာ ပြန်ဖြေလိုက်၏။
ကျားသစ်မ သာလွန်သူက ရင်ထဲမှာ တဖြည်းဖြည်း ဆို့နင့်သွား၏။
သူမသည် မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံသာလွန်သူကျားသစ်နှင့် ပတ်သက်မှု မရှိပေ။
အစကတော့ သူမသည် သူမ၏အသက်ကို ထိန်းသိမ်းထားဖို့အတွက် အသင်္ချေတောကောင်တောင်ကြား၏ အမည်ကို အသုံးချချင်ခဲ့ရုံသာဖြစ်၏။
ယခု ကစဉ့်ကလျားနန်းတော်မှ ဤလူများသည် အသင်္ချေတောကောင်တောင်ကြား၏ အထူးဧည့်သည်တော်များပင် ဖြစ်လာခဲ့လေပြီ။
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် သာလွန်သူလောဖုန့်၏ နောက်ကနေ လိုက်ပါလာကြ၏။ လမ်းတစ်လျှောက်မှာ သူတို့သည် အသင်္ချေတောကောင် တောင်ကြားတစ်ဝှမ်း ကြောက်စရာကောင်းသော မြင်ကွင်းများကို တွေ့မြင်ခဲ့ရ၏။
ဤနေရာကို အရိုးများက ဖုံးလွှမ်းထားပြီး အသွေးအသားများက ချိုင့်ခွက်တိုင်းကို ဖြည့်နိုင်သည်ဆိုသည်မှာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ ဤနေရာမှာ မည်သည့်စိမ်းလန်းစိုပြည်မှုမှ မရှိတော့ပေ။ အပင်များက ညှိုးခြောက်၍ သွေးနံ့က မွှန်ထူနေ၏။
အရိုးများပေါ်မှာ အရေပြားများက တွဲလောင်းကျနေ၏။ သူတို့ထဲမှတချို့သည် ခြောက်သွေ့နေပြီဖြစ်ပြီး တချို့က သွေးများ စွန်းထင်းနေဆဲဖြစ်၏။
သားရဲတောကောင်တချို့သည် မီးပုံတစ်ခုဘေးမှာ ဝိုင်းပတ်ပြီး ပျော်ပျော်ပါးပါး သောက်စားနေကြ၏။ သူတို့သည် ကြီးမားသော အသားပိုင်းများကို ဆုတ်ဖြဲပြီး သူတို့၏ ပါးစပ်ထဲသို့ ထည့်ကာ ကိုက်ဝါး၍ သူတို့၏ နှုတ်ခမ်းထောင့်ကနေ သွေးများ စီးကျလာနေ၏။
မီးတောက်များ၏ အလင်းရောင်အောက်မှာ ပါးစပ်နှင့်မျက်နှာမှာ သွေးများ ပေကျံနေသော သားရဲတောကောင်အုပ်စုသည် ငရဲမှတက်လာသော ဆိုးယုတ်စိတ်ဝိညာဉ်များနှင့်တူနေ၏။
သူတို့ထဲမှ အသားတချို့သည် အပင်မျိုးနွယ်မှ ဖြစ်ပြီး တချို့က လူသားများထံမှ ဖြစ်၏။
သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ သူတို့သည် အစာမစားဘဲ နေနိုင်လေသည်။ ဤသားရဲတောကောင်အုပ်စု၏ အပြုအမူသည် သူတို့၏ သွေးဆာရက်စက်မှုနှင့် ကြမ်းကြုတ်ခက်ထန်သော သဘာဝကို လုံးလုံးလျားလျား ဖော်ပြနေ၏။
ကစဉ့်ကလျားနန်းတော်မှ လူများက ရင်ထဲမှာ လေးလံလာပြီး နှုတ်ဆိတ်နေကြ၏။
အစကတော့ ဤတောင်ကြောရိုးသည် စိမ်းလန်းစိုပြည်သော သစ်ပင်၊ ဝါးပင်များနှင့် ကြည်လင်နေသော ရေများဖြင့် ပြည့်နှက်နေခဲ့၏။
သို့သော် ယခု တောင်ကြောရိုးကို သွေးများနှင့် အရိုးများက ဖုံးလွှမ်းထားလေပြီ။ ကြည်လင်စိမ်းလဲ့နေသော ရေများက သွေးမြစ်များအဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်မှာ မည်သည့်အသက်ဓာတ်မှ ဆက်လက်၍ မရှိတော့ပေ။
ဆူဇီမိုက မှင်သေသေဖြင့် ရှိနေ၏။ သို့သော်လည်း သူ၏ အကြည့်က ပိုမိုအေးစက်လာနေသည်။
သိပ်မကြာခင် သာလွန်သူ လောဖုန့်၏ ဦးဆောင်မှုအောက်မှာ လူတိုင်းသည် အသင်္ချေတောကောင်ခန်းမသို့ ရောက်ရှိလာကြ၏။
ခန်းမ၏ တစ်ဖက်တစ်ချက်စီမှာ စားသောက်ဖွယ်ရာများကို ခင်းကျင်းထားပြီး အတော်လေး ကောင်းကောင်းမွန်မွန်ရှိနေ၏။
ခေါင်းဆောင်သုံးဦးသည် သူတို့ကို ထွက်၍မကြိုဆိုသော်လည်း သူတို့သည် ဆူဇီမိုနှင့် အခြားသူများ ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကာ အကဲခတ်ကြည့်နေကြ၏။
“ဒီလူအုပ်စုက...”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး စဉ်းစားရခက်သွား၏။
ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ကျားသစ်မတစ်ကောင်က လွဲလျှင် သူတို့ကြားမှာ မည်သည့်သားရဲမှ ပါမလာပေ။ ဒါ့အပြင် သူတို့သည် မဟူရာဆိတ်တောင်ကြောရိုးနှင့် ပတ်သက်မှု မရှိသည့်အလား စိုးရိမ်ထိတ်လန့်သည့်ပုံပေါ်နေ၏။
မဟူရာဆိတ်တောင်ကြောရိုးသည် အသင်္ချေတောကောင် တောင်ကြောရိုးနှင့် မတိမ်းမယိမ်းဖြစ်ပြီး သူတို့ကို သားရဲတောကောင်များစွာက အုပ်စိုးလေသည်။ သူတို့ကြားမှာ ဤမျှများပြားသော အပင်မျိုးနွယ်များ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေကလည်း တစ်စုံတစ်ရာ လွဲမှားနေသည်ကို ပြောနိုင်၏။
“ငါတို့ ခန့်မှန်းတာ လွဲသွားပြီလား”
ထိုသို့တွေးနေသော်လည်း ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက သူ၏ စိတ်ကို တည်ငြိမ်စေပြီး သူတို့၏ ရည်ရွယ်ချက်ကို အကဲခတ်စစ်ဆေးကြည့်ဖို့ ပြင်ထားလေသည်။
“အားလုံးပဲ ထိုင်ကြပါဦး”
သာလွန်သူလောဖုန့်က ဆူဇီမိုနှင့် အခြားသူများကို ထိုင်ခုံများမှာ ဝင်ထိုင်ရန် အမူအရာပြလိုက်ဆဲဖြစ်၏။
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် ဤနှစ်များအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး တတိယတန်းစား အဖွဲ့အစည်းများနှင့် ရင်ဆိုင်နေခဲ့ရ၏။
သူတို့သည် ကောင်းကင်ဘုံသာလွန်သူပညာရှင်များနှင့် တွေ့မြင်ခဲ့ရမှု မရှိသလောက်နီးပါးပင်။
ယခု သူတို့သည် ခန်းမ၏ အမြင့်ပိုင်းမှာ ကောင်းကင်ဘုံသာလွန်သူသုံးဦး ထိုင်နေသည်ကို ရုတ်တရက်တွေ့မြင်လိုက်ရပြီး ကောင်းကင်ဘုံသာလွန်သူသုံးဦးထံမှ စွမ်းအားကြီးမားသော အော်ရာများကို ခံစားမိကာ သူတို့က ထိတ်လန့်တကြား ဖြစ်လာ၏။
သူတို့သာလျှင် မဟုတ်ဘဲ ရှုလွေ၊ ချန်ချင်းဟယ်နှင့် မုံ့ရှစ်ကဲ့သို့ သာလွန်သူများပင်လျှင် ကောင်းကင်ဘုံသာလွန်သူသုံးဦးရှေ့မှာ များစွာအားနည်းသည့်ပုံပေါ်နေပြီး သူတို့က အကြည့်ချင်းမဆုံရဲကြပေ။
ဤကဲ့သို့သော အခြေအနေအောက်မှာ ကစဉ့်ကလျားနန်းတော်မှ မည်သူကမှ ဝင်မထိုင်ရဲကြပေ။
ဆူဇီမို၏ အမူအရာကသာ တည်ငြိမ်နေပြီး သူက အနားမှာ မည်သူမှ မရှိသည့်အလား ထိုင်ခုံတစ်လုံးကို ယူထိုင်လိုက်၏။
ကစဉ့်ကလျားနန်းတော်မှ လူအုပ်စုက အလိုလိုနောက်ကနေလိုက်ပါပြီး ဆူဇီမို၏ နောက်ဘက်မှာ မတ်တပ်ရပ်လိုက်ကြ၏။
ထိုသို့ပြုလုပ်ခြင်းဖြင့်သာ လူတိုင်းက အနည်းငယ် စိတ်သက်သာရာရသွားကြ၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ဆူဇီမို၏ တည်ငြိမ်ပုံကို တွေ့မြင်သောအခါ သူက စိတ်ထဲကနေ ရေရွတ်လိုက်၏။
“ဒီလူက တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယအသွင်ပြောင်းလဲခြင်းမှာပဲ ရှိတယ်… သူက သူ့ရဲ့ယုံကြည်မှုကို ဘယ်ကနေ ရလာတာလဲ”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ညင်သာစွာ ချောင်းဟန့်ပြီး မေးလိုက်၏။
“တာအိုရောင်းရင်းဆူ... ခင်ဗျားက ဆူဇီမိုပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား”
“ဟုတ်တယ်... ငါပဲ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“တာအိုရောင်းရင်းဆူ... ခင်ဗျားက အသင်္ချေတောကောင်တောင်ကြောရိုးကို ပထမဆုံးအကြိမ် ရောက်လာတာပဲ… ဒီမှာ ရက်အနည်းငယ်လောက် နားနေပါလား… တစ်ခုခုရှိမယ်ဆိုရင် ကျုပ်တို့ အေးအေးဆေးဆေး ဆွေးနွေးပြောဆိုလို့ ရတာပဲ”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က ထိုစကားကို ပြောဆိုခြင်းမှာ သူ့တွင် ရည်ရွယ်ချက်နှစ်ခု ရှိလေသည်။
ဆူဇီမိုကို တကယ်ပင် မဟူရာဆိတ်တောင်ကြောရိုးက စေလွှတ်လိုက်သည်ဆိုလျှင် သူ့ကို ဤနေရာမှာ ခေါ်ထားခြင်းဖြင့် အချိန်ဆွဲထားနိုင်မည်ဖြစ်သည်။
ဤလူအုပ်စုသည် မဟူရာဆိတ်တောင်ကြောရိုးနှင့် ပတ်သက်မှု မရှိဘူးဆိုလျှင် သူတို့ကို ဤနေရာမှာ ခေါ်ထားခြင်းဖြင့် သူတို့က ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
“ကိစ္စကို အခုပဲ ပြောကြတာပေါ့”
ဆူဇီမိုက စားပွဲခုံကို သူ၏ လက်ချောင်းဖြင့် တောက်လိုက်ပြီး သူ၏ လေသံက မေးခွန်းမထုတ်နိုင်သော စွမ်းအားတစ်ခုနှင့်အတူ တည်ကြည်ခိုင်မာနေ၏။
စီးပိုးလှချေလား…
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းပြီး ပို၍ပင် သတိထားလာ၏။ သူက မေးလိုက်၏။
“တာအိုရောင်းရင်းဆူ... ခင်ဗျားက ဘယ်အကြောင်းကို ဆွေးနွေးချင်တာလဲ”
ဆူဇီမိုက သူ၏ နောက်ဘက်မှ ကျားသစ်မ သာလွန်သူကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ဒီမိန်းမက ကစဉ့်ကလျားနန်းတော်ကို ဖျက်ဆီးဖို့အတွက် မဟူရာကြွက်ဂိုဏ်းကို ခေါ်လာခဲ့တယ်… ဒါပေမဲ့ သူ့ကို ငါ ဖိနှိမ်ထားတယ်”
သူက အသင်္ချေတောကောင်တောင်ကြောရိုးက ကောင်းကင်ဘုံသာလွန်သူ ကျားသစ်ရဲ့ မျိုးနွယ်ဝင်တစ်ဦး ဖြစ်တယ်လို့ပြောတယ်… သူက ငါ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်တယ်လို့တောင်မှ ခြိမ်းခြောက်ထားတယ်”
“အဲ့ဒါကြောင့် ဒီကိစ္စမှာ အသင်္ချေတောကောင်တောင်ကြောရိုးက သူ့အတွက် ရပ်တည်ပေးမလားဆိုတာ ကောင်းကင်ဘုံသာလွန်သူ ကျားသစ်ကိုမေးဖို့ ငါ ဒီကိုရောက်လာတာပဲ”
ထိုသို့ပြောလိုက်ပြီးနောက် အသင်္ချေတောကောင်ခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။
ကစဉ့်ကလျားနန်းတော်မှ ရှုလွေနှင့် အခြားသူများက ထိုစကားကို ကြားသောအခါ ချွေးပြန်ပြီး ရင်တထိတ်ထိတ်ဖြစ်လာ၏။
ကောင်းကင်ဘုံသာလွန်သူ ပညာရှင်များနှင့် စကားပြောသည့်အခါ ဤကဲ့သို့ ပြောဆိုရသလား…။
သူ့လေသံအရ သူသည် သူတို့ကို စစ်ဆေးမေးမြန်းဖို့ ဤနေရာကို ရောက်ရှိလာသည်နှင့် တူနေ၏။
ပို၍ပင် ထူးဆန်းသည့်အရာမှာ အထက်မှာရှိသော ကောင်းကင်ဘုံသာလွန်သူသုံးဦးသည် ဤကိစ္စနှင့် ပတ်သက်၍ ဒေါသထွက်နေပုံမရပေ။
သူတို့နားမလည်နိုင်သည်မှာ ယုတ္တိတန်လေသည်။ ဆူဇီမိုက ပို၍ စီးပိုးခြယ်လှယ်မှုရှိလေ၊ ဆူဇီမိုသည် မဟူရာဆိတ်တောင်ကြောရိုးနှင့် ပတ်သက်ဆက်စပ်နေသည်ဟု ကောင်းကင်ဘုံသာလွန်သူသုံးဦးက ပို၍ သေချာယုံကြည်လာလေပင်။
လက်စသတ်တော့ သူတို့က တိုက်ခိုက်ဖို့အတွက် ဒီလိုမျိုး အကြောင်းပြချက်တစ်ခုကို သုံးချင်နေတာပဲ…
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က သူ့ဘာသာသူ တွေးလိုက်၏။
သူက အဲ့ဒါနှင့်ပတ်သက်၍ စဉ်းစားတွေးတောပြီး ကျားသစ်မ သာလွန်သူကိုကြည့်ကာ ပြုံး၍ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ... ခင်ဗျား နားလည်မှု လွဲနေတာပဲ… ကျုပ်က ဒီကျားသစ်မ သာလွန်သူနဲ့ လုံးဝမသိဘူး… သူက ကျုပ်မျိုးနွယ်ဝင်လည်း မဟုတ်ဘူး။ ကျုပ်အနေနဲ့ သူ့အတွက် ရပ်တည်ပေးဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။”