အခြေအနေ အပြောင်းအလဲ
Vol. 215 Ch. 3257
ခန်းမထဲသို့ လူနှစ်ယောက် ဝင်ရောက်လာသည့် ခဏမှာပင် အသင်္ချေတောကောင်တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူသုံးဦး၏ အော်ရာများက ချက်ချင်းပင် ဖိနှိမ်ခံလိုက်ရ၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေ၏ အမူအရာက အကြိမ်များစွာ ပြောင်းလဲသွားပြီးနောက် သူ၏လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။
“မင်္ဂလာပါ... မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်... မင်္ဂလာပါ... မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်”
ကောင်းကင်ဘုံသာလွန်သူ ကျားနှင့် ကောင်းကင်ဘုံသာလွန်သူ ကျားသစ်ကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကာ ဦးညွှတ်လိုက်ကြ၏။
ဤသည်မှာ ပညာရှင်များအပေါ် ထားရှိသင့်သည့် လေးစားသမှုနှင့် ကျင့်ဝတ်ထုံးတမ်းဖြစ်သည်။
ဆူဇီမိုက လှုပ်ရှားခြင်းမရှိဘဲ သူ၏ထိုင်ခုံမှာသာ ထိုင်နေ၏။ သူ၏ အကြည့်ကလည်း မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးထံ ရောက်ရှိသွားပြီး အကဲခတ်ကြည့်နေ၏။
သူတို့ထဲမှတစ်ယောက်က အရပ်ရှည်ပြီး ပိန်ပါးသည်။ သူ၏ မီးခိုးဖြူရောင်ဆံပင်ကို ပြောင်းပြန်စုချည်ထားပြီး မုတ်ဆိတ်ချွန်ချွန်ရှိကာ သူ၏ အမူအရာက အေးစက်နေ၏။ သူသည် မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ် ဖြစ်ရပေမည်။
အခြားတစ်ယောက်က ဗလတောင့်တောင့်နှင့် အလွန်တရာ သန်မာလေသည်။ သူ့မှာ နှာခေါင်းပွပွ၊ ပါးစပ်ကျယ်ကျယ်နှင့် နွားရိုင်းဦးချိုတစ်စုံ ရှိနေ၏။ သူ၏ မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အပေါ်ယံမှာ စီးဆင်းနေသည့် ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခု ရှိနေသည်။ သူသည် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ် ဖြစ်ရပေမည်။
ဆူဇီမိုသည် မဟာကောင်းကင်ဘုံသာလွန်သူ နှစ်ဦးထံမှ ဖိအားအငွေ့အသက်တစ်ခုကို တကယ်ပင် ခံစားနေရ၏။
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးက ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့၏ အကြည့်များက ဆူဇီမိုနှင့် အခြားသူများကို ရပ်တန့်ခြင်းမရှိဘဲ ကျော်ဖြတ်သွား၏။
ကစဉ့်ကလျားနန်းတော်မှ လူများကြားမှာ ကျင့်ကြံမှုနယ်ပယ် အမြင့်မားဆုံးသူက တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်း သာလွန်သူတစ်ဦးသာ ဖြစ်၏။ သူတို့၏ မျက်လုံးထဲမှာ ထိုသူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်ပြီး သူတို့နှစ်ယောက်က အလေးအနက်မထားပေ။
“မဟာကောင်းကင်ဘုံသာလွန်သူတို့... ကျေးဇူးပြုပြီး ထိုင်ကြပါဦး… အခုပဲ စားသောက်စရာနဲ့ ဝိုင်ကို ပြင်ပေးထားတယ်… သောက်ရင်းစားရင်း စကားပြောကြတာပေါ့”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်က စကားလမ်းကြောင်းပြောင်းပြီး တတ်နိုင်သမျှ အချိန်ဆွဲလိုကာ အလောတကြီး ပြုံး၍ ပြောလိုက်၏။
“ဘာကို စကားပြောရမှာလဲ... အဖြေတစ်ခုပဲပေး”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က လက်ကာပြပြီး မာန်ဖီဟိန်းဟောက်လိုက်သော အသံဖြင့် ပြောလိုက်၏။
“မင်းတို့တွေက အသင်္ချေတောကောင် တောင်ကြောရိုးက ရင်းမြစ်သတ္တုတွင်းကိုးခုကို စွန့်လွှတ်မှာလား”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲတောင့်တင်းသွား၏။
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က ပြောလိုက်၏။
“ငါ မင်းတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်… ငါတို့က မင်းတို့လေးယောက်ကို မြင့်မြင့်မားမား သတ်မှတ်ထားတယ်… မင်းတို့တွေက အတော်လေး အစွမ်းအစရှိတယ်လို့လည်း ခံစားရတယ်။ အဲဒါကြောင့်ပဲ မင်းတို့ကို ဒီအခွင့်အရေး ပေးနေတာ။”
“မဟုတ်ရင် ငါတို့ မဟူရာဆိတ်တောင်ကြောရိုးစစ်တပ်က ဒီနေရာကို သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်လာတာနဲ့ မင်းတို့တွေက ဒီနေရာကို မစွန့်ခွာချင်လည်း စွန့်ခွာရမှာပဲ”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေ၏ အမူအရာက သုန်မှုန်သွားပြီး သူ၏ ရင်ထဲမှာ ပူပန်ကြောင့်ကြမှုဖြင့် တောက်လောင်နေပြီဖြစ်၏။
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်၏ လေသံအရ သူတို့သည် အသင်္ချေတောကောင် တောင်ကြောရိုး၏ ရင်းမြစ်သတ္တုတွင်းကိုးခုကို ယနေ့ လက်မလွှတ်ဘူးဆိုလျှင် သူတို့အနေဖြင့် မထိမခိုက် လွတ်မြောက်နိုင်ဖို့ မလွယ်ကူတော့ပေ။
သို့သော်လည်း သူတို့၏ အစ်ကိုကြီးက အဆင့်ချိုးဖျက်တက်လှမ်းရာတွင် အရေးကြီးဆုံး အခိုက်အတန့်မှာ ရောက်ရှိနေပြီး သူတို့က ဤနေရာကို ချက်ချင်းလက်မလွှတ်လိုပေ။
“မဟာကောင်းကင်ဘုံသာလွန်သူတို့…”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့ ညီအစ်ကိုတွေက ဒီအခြေခံအုတ်မြစ်ကို ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့ရတာ… ကျုပ်တို့က ရင်းမြစ်သတ္တုတွင်းငါးခုကို ပေးမယ်လေ… ကျုပ်တို့ကျင့်ကြံဖို့အတွက် လေးခုကိုတော့ ကျေးဇူးပြုပြီး ချန်ထားပေးပါဦး”
“ဟားဟားဟား”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က သူ၏ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။ သူ၏ စွမ်းအားကြီးမားသော အသံက ခန်းမ၏ မျက်နှာကြက်ကို လှုပ်ခါသွားစေပြီး ဖုန်မှုန့်များ ကျဆင်းလာ၏။
“အသင်္ချေတောကောင် တောင်ကြောရိုးက ငါတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မမီဘူး”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က စကားကို တစ်လုံးချင်းပြောလိုက်၏။ အသင်္ချေတောကောင် တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူသုံးဦးက အမူအရာပျက်ယွင်းသွားလေသည်။
စိတ်ဆတ်သော ကောင်းကင်ဘုံသာလွန်သူ ကျားပင်လျှင် မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ ဖိအားအောက်မှာ တစ်စုံတစ်ရာ ပြောဆိုရဲခြင်း မရှိတော့ပေ။
အသင်္ချေတောကောင်ခန်းမထဲရှိ လေထုအပူချိန်က ရေခဲမှတ်အထိ ချက်ချင်းပင် ထိုးဆင်းသွား၏။
အခြားတစ်ဖက်မှာ…
ဆူဇီမိုသည် ဖြစ်ပျက်နေသည့်အရာကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။
အသင်္ချေတောကောင် တောင်ကြောရိုးသည် သူတို့အပေါ် စောစောက ထိုမျှအထိ ယဉ်ကျေးပျူငှာပြီး သူတို့ကို အထူးဧည့်သည်တော်များအဖြစ် ဆက်ဆံနေခဲ့သည်မှာ သူတို့ကို မဟူရာဆိတ်တောင်ကြောရိုးမှ လူများနှင့် အမှတ်မှားခဲ့သောကြောင့်ဖြစ်သည်။
ရှုလွေနှင့် အခြားနှစ်ယောက်က တဖြည်းဖြည်းနားလည်သဘောပေါက်လာပြီဖြစ်၏။
သို့သော်လည်း သူတို့သုံးယောက်က အဲဒါနှင့်ပတ်သက်၍ တွေးကြည့်လေ ပို၍ကြောက်လန့်လာလေပင်။
အစကတော့ ကစဉ့်ကလျားနန်းတော်သည် အဖွဲ့အစည်းတစ်ခု၊ အသင်္ချေတောကောင် တောင်ကြောရိုးကိုသာ ဆန့်ကျင်ခဲ့မိသည်။ ယခု မဟူရာဆိတ်တောင်ကြောရိုးမှ မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် စောစောက သူတို့၏ နာမည်ဂုဏ်သတင်း အသုံးချခံခဲ့ရသည်ကို သိရှိသွားမည်ဆိုလျှင် မဟူရာဆိတ်တောင်ကြောရိုးက သူတို့ကို သေချာပေါက် အလွတ်ပေးတော့မည် မဟုတ်ပေ။
“အခုတော့ အားလုံးပြီးသွားပြီ”
မုံ့ရှစ်က အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်ပြီး စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်၏။
“ငါတို့တွေ စောစောက ရပ်တန့်ခဲ့ရမှာ... အဲဒါဆိုရင် ငါတို့က လွတ်မြောက်နိုင်ဦးမယ်… ဒါပေမဲ့ အခုတော့... အား... တာအိုရောင်းရင်းဆူ... ခင်ဗျားကြောင့် ကျုပ်တို့တွေအကုန်လုံး ဒုက္ခရောက်ရတော့မယ်”
ထိုအခိုက်အတန့်မှာ ရှုလွေကလည်း ကြောက်ရွံ့မှုဖြင့် တုန်ယင်နေ၏။ သို့သော်လည်း မုံ့ရှစ်၏ စကားကို ကြားသောအခါ သူက မျက်မှောင်ကြုတ်ပြီး အလောတကြီး အော်ပြောလိုက်၏။
“ဂျူနီယာညီမုံ့... အဲဒါက တာအိုရောင်းရင်းဆူရဲ့ အမှားမဟုတ်ဘူး… သူ့ကြောင့်မဟုတ်ရင် ငါတို့တွေက စောစောကတည်းက မဟူရာကြွက်ဂိုဏ်းရဲ့ ဖျက်ဆီးခြင်းခံရမှာပဲ”
မုံ့ရှစ်က အမှားအမှန်ကို မခွဲခြားတတ်သောသူ မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုသည် ကစဉ့်ကလျားနန်းတော်ကို ဤရွှံ့ညွန်တောထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်လာခဲ့သည့်အတွက် သူက အနည်းငယ် မချင့်မရဲခံစားနေရ၏။
ချန်ချင်းဟယ်က ရှေ့မှာရှိသော ဆူဇီမိုကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
ဆူဇီမိုသည် ကောင်းကင်ဘုံသာလွန်သူသုံးဦးနှင့် မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ ရှေ့မှာပင် ဘာကြောင့် ဤမျှအထိ တည်ငြိမ်နေသည်ကို သူမက နားမလည်နိုင်ပေ။
အစကနေ ယခုအချိန်ထိ ဆူဇီမိုသည် မတ်တတ်ထရပ်ခြင်းမရှိဘဲ နေရာမှာတင် ထိုင်နေ၏။ သူက အားလပ်နေသည့်အခါ ဝိုင်ခွက်ကိုပင် ယူသောက်ပြီး မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို စိတ်ဝင်တစားဖြင့် အကဲခတ်ကြည့်နေ၏။
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်သည် နွားရိုင်းမျိုးနွယ်မှ ဖြစ်ရပေမည်။ သူ၏ ကိုယ်ကာယက အရမ်းကို သန်မာပြီး သူသည် ရုန်းကန်ပေါက်ကွဲအား ပြင်းထန်သော ဓမ္မတာအိုတစ်ခုခုကို ကျင့်ကြံထားရပေမည်။
မုတ်ဆိတ်နှင့် လူကတော့ သူ ကျင့်ကြံထားသော မဟာတာအိုကို အနည်းငယ် ခန့်မှန်းရခက်နေ၏။ သို့သော်လည်း သူ၏ ခွန်အားသည် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်၏ အထက်မှာ ရှိရပေမည်။
မဟုတ်ပါက သူတို့နှစ်ယောက် လာခဲ့သောအဖွဲ့အစည်းကို မဟူရာဆိတ်တောင်ကြောရိုးဟု ခေါ်ဆိုလိမ့်မည် မဟုတ်ပေ။
ငါ့ရဲ့မျိုးဆက်သွေးကို မသုံးဘူးဆိုရင် ငါက အဲဒီမဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးနဲ့ ရင်ဆိုင်တဲ့အခါ အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိမလဲ…
မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးက ငါ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ ကြုံတောင့်ကြုံခဲပဲ… ငါ နောက်ပြီးကျရင် သူတို့နဲ့ ငါ့ရဲ့သံသယတွေကို ဖြေရှင်းကြည့်ရမယ်။
ယခုအချိန်မှာ ဆူဇီမို စဉ်းစားနေသည့်အရာကို ချန်ချင်းဟယ်က လုံးဝတွေးမိလိမ့်မည် မဟုတ်ပေ။
ဝုန်း…
ထိုစဉ်မှာပင် ကမ္ဘာတုန်လောက်ဖွယ်ရာ မြည်ဟည်းသံက အသင်္ချေတောကောင် တောင်ကြောရိုး၏ နောက်ဘက်ကနေ ထွက်ပေါ်လာပြီး မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခု ပစ်လွင့်ထွက်ပေါ်လာ၏။
“ဟမ်…”
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် အသင်္ချေတောကောင် တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူသုံးဦး၏ ဘေးမှာရှိသော လစ်လပ်နေသည့် ထိုင်ခုံကိုကြည့်ပြီး ဖြစ်ပျက်နေသည့်အရာကို အကြမ်းဖျင်းခန့်မှန်းမိသွားသည်။
မဟာကောင်းကင်ဘုံသာလွန်သူ ဝံပုလွေနှင့် အခြားနှစ်ယောက်က ထိုအရာကို အာရုံခံမိသောအခါ သူတို့က ကျေနပ်သဘောကျသွားပြီး စိတ်အားမာန်တက်ကြွလာ၏။
“သူလုပ်နိုင်ခဲ့ပြီ”
“အစ်ကိုကြီးက အဆင့်ချိုးဖျက်တက်လှမ်းသွားပြီ”
“ဟားဟားဟား... အခုကစပြီး ငါတို့ အသင်္ချေတောကောင်တောင်ကြောရိုးမှာလည်း ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး ရှိလာပြီ”
ကောင်းကင်ဘုံသာလွန်သူ ကျားက ရူးသွပ်စွာ ရယ်မောလိုက်၏။
“ငါ့ရဲ့ အသင်္ချေတောကောင် တောင်ကြောရိုးက မင်းတို့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မမီဘူးလို့ ဘယ်သူပြောတာလဲ”
ရုတ်တရက် အသင်္ချေတောကောင် ခန်းမထဲမှာ အသံတစ်သံထွက်ပေါ်လာ၏။
နောက်ခဏ၌ ခန်းမထဲကို အမျိုးသားတစ်ယောက် ဆင်းသက်ရောက်ရှိလာ၏။ ယခုအချိန်ထိ သူလုံးလုံးလျားလျား မထိန်းချုပ်နိုင်သေးသည့် ပြင်းထန်ကြမ်းတမ်းသော စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံထားလေသည်။ သူက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး နောက်ဆုံးမှာ မဟူရာဆိတ် တောင်ကြောရိုးမှ မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ကြည့်လိုက်၏။
“အစ်ကိုကြီး…”
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေနှင့် အခြားနှစ်ယောက်က သူ့ကို ကျေနပ်သဘောကျသော အမူအရာဖြင့် အလောတကြီး ကြိုဆိုလိုက်ကြ၏။
ရောက်ရှိလာသောသူက ယခုတင် အဆင့်ချိုးဖျက်တက်လှမ်းသွားသော မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးဖြစ်လေသည်။
“ဒီတစ်ခေါက် ငါတို့ကတော့ ခေါင်းချစရာ သင်္ချိုင်းမရှိဘဲ သေရတော့မယ်”
မုံ့ရှစ်က စိတ်ပျက်အားငယ်မှုနှင့်အတူ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို အရင်ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ ယခု သူတို့သည် မဟာကောင်းကင်ဘုံသာလွန်သူသုံးဦးနှင့်အတူ တစ်ချိန်တည်း ခန်းမတစ်ခုထဲမှာ စုဝေးရောက်ရှိနေကြ၏။
လူတိုင်းသည် သူတို့ကိုယ်သူတို့ အက်ကွဲကြောင်းထဲမှ ပုရွက်ဆိတ်များလို ခံစားလိုက်ရ၏။ သူတို့သည် ပါးလွှာသော ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသလို အသက်ပင် ပြင်းပြင်းမရှူရဲပေ။
“ပြောလို့တော့ မရသေးဘူး”
ထိုအခိုက်အတန့်မှာ ရှုလွေက ဣန္ဒြေရနေဆဲဖြစ်၏။ သူက သူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုကို ဖိနှိမ်ပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အခု အခြေအနေက ပြောင်းလဲသွားပြီ… အသင်္ချေတောကောင်တောင်ကြောရိုးမှာ မဟူရာဆိတ်တောင်ကြောရိုးနဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းအား ရှိလာပြီ”
“သူတို့နှစ်ဖွဲ့ စပြီးတိုက်ခိုက်တာနဲ့ သူတို့က ငါတို့ကို သေချာပေါက် ဂရုစိုက်နိုင်မှာ မဟုတ်တော့ဘူး… ရုန်းရင်းဆန်ခတ် အခြေအနေမှာ ငါတို့က ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ရလာနိုင်တယ်”
ထိုသို့ဆိုသော်လည်း အဖွဲ့အစည်းကြီးနှစ်ခုဖြစ်သော အသင်္ချေတောကောင် တောင်ကြောရိုးနှင့် မဟူရာဆိတ် တောင်ကြောရိုး၏ စောင့်ကြည့်မှုကနေ ထွက်ပြေးလွတ်မြောက်ဖို့ဆိုသည်မှာ ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခက်ခဲသည်ကို ရှုလွေနှင့် အခြားသူများက သိရှိထားကြ၏။
သူတို့ သတိတစ်ချက်ပေါ့လျော့မိလျှင် ခြေအမှားတစ်လှမ်းက သူတို့ကို စိစိညက်ညက် ကြေမှုန့်သွားစေနိုင်၏။
“အားလုံးပဲ… နောက်ပြီးကျရင် ငါ အချက်ပြတာကို စောင့်နေ… မဆင်မခြင် မလှုပ်ရှားကြနဲ့”
ရှုလွေက ကစဉ့်ကလျားနန်းတော်မှ လူတိုင်းထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
အစကတော့ ရှုလွေနှင့်အခြားသူများသည် ဆူဇီမို၏ ညွှန်ကြားမှုအတိုင်း လိုက်နာပြီး အသင်္ချေတောကောင်တောင်ကြောရိုးသို့ အတူတကွရောက်ရှိလာကြ၏။
သို့သော် ယခု ကစဉ့်ကလျားနန်းတော်က ချေမှုန်းသုတ်သင်ခံရမည့်အန္တရာယ် ကျရောက်လာပြီး ရှုလွေသည် ဆူဇီမိုအပေါ် ပုံမအပ်ရဲတော့ပေ။ သူက မတတ်သာဘဲ ရှေ့သို့ထွက်ပြီး ကစဉ့်ကလျားနန်းတော်ကို ဤရွှံ့ညွန်တောထဲကနေ ရုန်းထွက်နိုင်အောင် ကြိုးစားကြည့်ရပေမည်။