မဟာတာအို နယ်မြေဖြစ်စဉ်
Vol. 215 Ch. 3259
“ငါတို့ကိစ္စကို ခဏထားတာ ကောင်းမယ်ထင်တယ်”
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်က ကြည့်ပြီး ပြောလိုက်၏။
“ငါတို့ ဒီပုရွက်ဆိတ်တွေကို ကိုင်တွယ်ပြီးမှ သူတို့ရဲ့အသားကို စားပြီး ဆက်ဆွေးနွေးကြတာပေါ့”
“ရတယ်လေ... ငါ့ဘက်က ကိစ္စမရှိဘူး”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က ရယ်မောကာ ပြောလိုက်၏။
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးက သူ့ဘေးမှာရှိသော သူ၏ ညီအစ်ကိုသုံးယောက်ကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
စိတ်ဆတ်သော ကျားက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
သူ့အစ်ကိုကြီး၏ အချက်ပြမှုကို တွေ့မြင်သောအခါ သူက ချက်ချင်းပင် ရှေ့သို့ထွက်ပြီး မာန်ဖီဟိန်းဟောက်လိုက်၏။ သူ၏ ကျားမျက်လုံးက ပြူးကျယ်လာပြီး သူက ဆူဇီမို၏ ရှေ့သို့ ပြေးဝင်ကာ သူ၏ ဧရာမလက်ကိုမြှောက်ပြီး ဖြတ်ရိုက်ချလိုက်၏။
ဆူဇီမိုက အချိန်မီ မတုံ့ပြန်နိုင်သည့်အလား ရှောင်တိမ်းဖို့ စိတ်ကူးမရှိဘဲ နေရာမှာတင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်၏။
လူတိုင်း၏ ထင်မြင်ချက်အရ ထိုအပြုအမူက သာမန်သာဖြစ်၏။
မည်သို့ပင်ဆိုစေ သာလွန်သူတစ်ဦးနှင့် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးကြား ကြီးမားသော ခွန်အားကွာဟချက် ရှိနေ၏။
“ပုရွက်ဆိတ်... မင်း ငါတို့ကို ဘယ်လိုတောင် အရူးလုပ်ရဲတာလဲ... ငါ မင်းကို…”
ဘုန်း…
ရုတ်တရက် ဆူဇီမိုက သူ၏ လက်သီးကိုမြှောက်ပြီး ကောင်းကင်ဘုံသာလွန်သူ ကျား၏ ဧရာမလက်ဝါးကို ပစ်ထိုးလိုက်၏။
လက်သီးနှင့် လက်ဝါးက ကျယ်လောင်သော မြည်သံနှင့်အတူ ထိတွေ့ရိုက်ခတ်သွား၏။
ကောင်းကင်ဘုံသာလွန်သူ ကျားက စကားဆုံးအောင် မပြောနိုင်ခင် ခပ်စူးစူးအော်ဟစ်လိုက်လေသည်။
ဖြောင်း…
ကြောက်စရာကောင်းသော အရိုးကျိုးသံက ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံသာလွန်သူ ကျား၏ လက်ဝါးသည် ဆူဇီမို၏ ထိုးချက်ဖြင့် စိစိညက်ညက်ကြေသွားပြီး သွေးစွန်းနေသော အရိုးများက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ထွက်ပေါ်လာ၏။
ဆူဇီမိုကတော့ သူသည် ထိုင်ခုံပေါ်မှာ ထိုင်နေဆဲဖြစ်၏။ ထိုသို့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ရွေ့လျားမသွားရုံသာမက သူ၏ အောက်ဘက်မှာရှိသော ထိုင်ခုံကပင် သက်ရောက်ခံရခြင်း မရှိပေ။
ကောင်းကင်ဘုံသာလွန်သူ ကျားက တုန်လှုပ်သွားပြီး အခြေအနေကို ချိန်ဆကာ နောက်သို့ဆုတ်ခွာလို၏။
သို့သော်လည်း ဆူဇီမိုက ရုတ်တရက် သူ၏ လှုပ်ရှားကွက်ကို ပြောင်းလဲပြီး သူ၏ လက်သီးကို လက်ဖဝါးအဖြစ် ပြောင်းလဲလိုက်၏။ သူက ကောင်းကင်ဘုံသာလွန်သူ ကျား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆွဲယူလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ညှိုးဓားကို ပူးကပ်ပြီး ရှေ့သို့ပစ်ထိုးလိုက်၏။
ဖောက်…
ကောင်းကင်ဘုံသာလွန်သူ ကျား၏ဦးခေါင်းတွင် သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ်က ထိုးဖောက်ခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
ကောင်းကင်ဘုံသာလွန်သူ ကျား၏ အလောင်းသည် ဆူဇီမို၏ ခြေရင်းမှာ ပျော့ခွေစွာဖြင့် လဲကျသွား၏။
ရုတ်တရက် အသင်္ချေတောကောင်ခန်းမက တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကစဉ့်ကလျားနန်းတော်မှ ရှုလွေနှင့် အခြားသူများသည် တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်နေပြီး အရာရာတိုင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။
သူတို့သည် ဆူဇီမို၏ နည်းလမ်းများကို အရင်က မတွေ့မြင်ဖူးခဲ့ခြင်း မဟုတ်ပေ။
တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာ ရှိသော မဟူရာကြွက်ဂိုဏ်းချုပ်သည် ဆူဇီမိုထံမှ လှုပ်ရှားကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။
သို့သော်လည်း ကောင်းကင်ဘုံသာလွန်သူ ပညာရှင်တစ်ဦးပင် ဆူဇီမို၏ လက်ချောင်းဖြင့် သေသည့်တိုင်အောင် ထိုးဖောက်ခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
သူတို့၏ သေဆုံးပုံကပင် တူညီနေ၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဆူဇီမိုသည် ထိုင်ခုံပေါ်ကနေ ထိုင်ရာမထဘဲ လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ဘုံသာလွန်သူတစ်ဦးကို သတ်ဖြတ်ခဲ့လေသည်။
တကယ်တမ်းမှာ ကောင်းကင်ဘုံသာလွန်သူ ကျားက သူ၏ မျိုးဆက်သွေးနှင့် လောကကို ထုတ်ဖော်ပြီး ကောင်းကင်ဘုံသာလွန်သူ စိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်ကာ အခြားသောနည်းလမ်းများကို အသုံးပြုမည်ဆိုလျှင် သူက ဤမျှအထိ မြန်မြန်ဆန်ဆန် သေရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်ဘုံသာလွန်သူ ကျားသည် သာလွန်သူတစ်ဦးမျှက ဤကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားမည်ဟု ထင်မှတ်မထားခဲ့ပေ။
တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးက လျှပ်တပြက်အတွင်း ဖြစ်ပွားသွား၏။
လက်ရှိ မဟာကောင်းကင်ဘုံသာလွန်သူ သုံးဦးပင်လျှင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။
“ညီ-၃…”
“အစ်ကို-၃…”
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်နှင့် ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေက ခပ်စူးစူးအော်ဟစ်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ လောကများကို မြှောက်တင်ကာ သူတို့၏ ကောင်းကင်ဘုံသာလွန်သူ စိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်၍ ဆူဇီမို ရှိရာသို့ ပြေးဝင်သွား၏။
ကောင်းကင်ဘုံသာလွန်သူ ကျားက နေရာမှာတင် သေဆုံးသွားသည်ကို တွေ့မြင်ပြီးနောက် ကောင်းကင်ဘုံသာလွန်သူ ပညာရှင်နှစ်ဦးသည် ဘယ်လိုလုပ် ထိန်ချန်ထားရဲတော့ပါမလဲ။
ထို့သို့ဖြင့် ဆူဇီမိုသည် ကောင်းကင်ဘုံသာလွန်သူ ပညာရှင်များ၏ အစွမ်းအစများကို မြင်တွေ့ခွင့်ရသွား၏။
ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် ကောင်းကင်ဘုံသာလွန်သူ စိတ်ဝိညာဉ်ရတနာများ...။ ဤအရာများအားလုံးသည် အမျိုးမျိုးသော ကျင့်ကြံမှုနယ်ပယ်များမှာ ရှိကြလေသည်။
ကောင်းကင်ဘုံသာလွန်သူ ပညာရှင်များနှင့် အခြားသော ကျင့်ကြံမှုနယ်ပယ်များကြား အကြီးမားဆုံး ကွာဟချက်မှာ သူတို့၏ နောက်ဖက်ရှိ လောကများ ဖြစ်နေဆဲပင်။
တာအိုပြယုဂ်နယ်ပယ်သည် လောကတစ်ခုတည်းမှာ တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ရခြင်းဖြစ်သည်။
တာအိုသုံးသပ်မှုနယ်ပယ်မှာတော့ တာအိုအမှတ်အသားကို ဗဟိုပြုပြီး လူတစ်ယောက်၏ လောကထဲရှိ မဟာတာအိုကို ဖြန့်ကြက်ရခြင်း ဖြစ်လေသည်။
မဟာတာအိုအပေါ် နားလည်ဆင်ခြင်မှုက ပိုမိုနက်ရှိုင်းလာသည်နှင့် မဟာတာအို၏ အငွေ့အသက်များက သူတို့၏ လောကနှင့် တဖြည်းဖြည်းပေါင်းစည်းပြီး အပြန်အလှန်တုံ့ပြန်ကာ အတူတကွ ရောနှောသွားပေလိမ့်မည်။
သူတို့ကို လုံးလုံးလျားလျား ပေါင်းစည်းသည်အထိ ဆက်လက်ကျင့်ကြံပြီး တာအိုနှင့်လောကက တစ်သားတည်းကျသွားပေလိမ့်မည်။
ဥပမာအားဖြင့် ငရဲတာအို၊ အဆူရာတာအိုနှင့် တောကောင်တာအိုတို့သည် တာအိုသုံးသပ်မှုနယ်ပယ်မှာ ရှိနေပြီဖြစ်သောကြောင့် သူတို့ကိုယ်ပိုင်လောကများကို စုဖွဲ့နိုင်ကြသည်။
တာအိုသည် လောကဖြစ်ပြီး လောကက တာအို ဖြစ်လာပေမည်။
တာအိုသုံးသပ်မှုနယ်ပယ်မှာ မဟာတာအိုသည် လောကနှင့် အပြန်အလှန်တုံ့ပြန်သောအခါ နယ်မြေဖြစ်စဉ်များစွာ မွေးဖွားပေါ်ထွက်လာပေလိမ့်မည်။ ထိုအရာကို မဟာတာအိုနယ်မြေဖြစ်စဉ်များဟု ခေါ်သည်။
ဤမဟာတာအိုနယ်မြေဖြစ်စဉ်များကနေတစ်ဆင့် လူတစ်ယောက်သည် တစ်ဖက်သူ ကျင့်ကြံထားသည့် မဟာတာအိုကို အလွယ်တကူ ထောက်လှမ်းနိုင်မည် ဖြစ်သည်။
မဟာတာအိုနယ်မြေဖြစ်စဉ်များသည် အလွန်တရာ စွမ်းအားကြီးမားပြီး သာလွန်သူများ၏ လောကများ ယှဉ်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်ရှုလိုက်၏။
ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေ၏ လောကထဲမှာ ဝံပုလွေတစ်အုပ်က မာန်ဖီအော်ဟစ်ပြီး သူ့ဘေးပတ်လည်မှာ လှည့်ပတ်ကာ ကြမ်းကြုတ်ခက်ထန်သော ဝံပုလွေမျက်လုံးများနှင့် ဆူဇီမိုကို စိုက်ကြည့်နေ၏။
ဝံပုလွေနယ်မြေဖြစ်စဉ်သည် သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့် ရပ်တန့်တားဆီးမရနိုင်သော အော်ရာတစ်ခုနှင့်အတူ ကောင်းကင်ဘုံသာလွန်သူ ဝံပုလွေ၏ နောက်ဘက်ကနေ လိုက်ပါလာ၏။
ကောင်းကင်ဘုံသာလွန်သူ ကျားသစ်၏ နောက်ဘက်မှာ အလွန်တရာ လျင်မြန်သော လှုပ်ရှားမှုနည်းစနစ်များနှင့် ကျားသစ်တစ်ကောင်သည် နောက်ချန်ပုံရိပ်များကို ချန်ထားရစ်ပြီး သူ၏အလျင်အဟုန်က ဆပွားတိုးလာနေ၏။
ဝံပုလွေတာအို...
ကျားသစ်တာအို...
မဟာတာအို သုံးထောင်ဆိုသည်မှာ သုံးဘုံလောကတွင် မဟာတာအို သုံးထောင်သာ ရှိသည်ဟု မဆိုလိုပေ။
၎င်းသည် မဟာတာအို၏ အရေအတွက်များပြားမှုကို ဖော်ပြရန် တင်စားမှုတစ်ခုမျှသာ ဖြစ်၏။
အဆူရာတာအို…
ဆူဇီမို အရင်က တွေ့မြင်ဖူးသော အဆူရာတာအိုနှင့် တောကောင်တာအိုတို့ကဲ့သို့ မဟာတာအိုတချို့သည် သူတို့၏ အခြေခံအုတ်မြစ်အဖြစ် သူတို့၏ မျိုးနွယ်စုများကို အသုံးချလေသည်။
သူ့ရှေ့မှ ဝံပုလွေတာအိုနှင့် ကျားသစ်တာအိုက ဤကဲ့သို့သော ပုံစံမျိုးဖြစ်၏။
မဟာတာအိုတချို့ကတော့ ဓားတာအိုနှင့် လှံတာအိုကဲ့သို့ လက်နက်များနှင့် ဓမ္မရတနာများအပေါ် အခြေခံထားလေသည်။
အခြေခံအုတ်မြစ်အဖြစ် သဘာဝကို အသုံးချသော မဟာတာအိုတချို့လည်း ရှိကြသည်။ နေ၊ လ၊ ကြယ်၊ ဆီးနှင်း၊ မိုး၊ နှင်း စသည်တို့အားလုံးက တာအိုများ ဖြစ်လာနိုင်သည်။
တကယ်ဆို ဒြပ်စင်ငါးမျိုးမဟာတာအို၊ အချိန်မဟာတာအိုနှင့် ကမ္မမဟာတာအိုကဲ့သို့ အခြေခံအုတ်မြစ်အဖြစ် ထူးခြားသော ဓမ္မတာအိုများကို အသုံးပြုသော မဟာတာအိုတချို့လည်း ရှိနေ၏။
ဥပမာအားဖြင့် ဆူဇီမိုကျင့်ကြံထားသော ကစဉ့်ကလျားမဟာတာအိုက ထိုကဲ့သို့သော တာအိုမျိုးဖြစ်၏။
ဝံပုလွေတာအိုမှာ မျိုးဆက်သွေး၊ ကိုယ်ကာယ၊ ကြမ်းကြုတ်ခက်ထန်မှု၊ လူမဆန်မှု၊ ထက်ရှသော လက်သည်းများ၊ ဝံပုလွေမျိုးနွယ်မှ အခြားသော စွမ်းအားအရင်းအမြစ်များနှင့် အရင်တုန်းက ကောင်းကင်ဘုံသာလွန်သူဝံပုလွေ ကျင့်ကြံထားခဲ့သော ဓမ္မတာအိုများအားလုံး ပါဝင်နေ၏။
ကျားသစ်တာအိုမှာတော့ ၎င်းတွင် အလျင်အဟုန်၊ ပေါ့ပါးဖျတ်လတ်မှုနှင့် ကျားသစ်မျိုးနွယ်၏ အခြားသောစွမ်းအားများ ပါဝင်နေ၏။ ၎င်းသည် အရာအားလုံးကို လွှမ်းခြုံထားပြီး လျှို့ဝှက်ဆန်းကြယ်နေ၏။
ထို့ကြောင့်ပင် မဟာတာအိုကို ဖမ်းဆုပ်၍ မရနိုင်ဟု ဆိုကြခြင်း ဖြစ်လေသည်။
တစ်ခုသောနယ်ပယ်အထိ ကျင့်ကြံမထားသရွေ့ သူတို့သည် အဲ့ဒါကို နားလည်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ဘုံသာလွန်သူနှစ်ဦးက သူတို့၏ မျိုးဆက်သွေးနှင့် လောကများကို ထုတ်ဖော်ပြီး သူတို့၏ ကောင်းကင်ဘုံသာလွန်သူ စိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်ကာ သူတို့၏ မဟာတာအိုနယ်မြေဖြစ်စဉ်များကို စုဖွဲ့လိုက်ကြ၏။ သူတို့သည် ထိန်ချန်ထားခြင်းမရှိဘဲ သူတို့၏ ခွန်အားကုန်ကို ထုတ်သုံးလာသည်မှာ သိသာနေ၏။
အသင်္ချေတောကောင်ခန်းမကပင် ကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ မဟာတာအိုနယ်မြေဖြစ်စဉ်များဖြင့် ဆွဲယူခံရပြီး လဲပြိုကျသွား၏။
ဤနေရာမှာ ဖြစ်ပွားသော ရုတ်ရုတ်သဲသဲ အခြေအနေသည် အနီးအနားမှာ စုဝေးရောက်ရှိနေသော သားရဲတောကောင်သိန်းချီကို ထိတ်လန့်သွားစေ၏။
ကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ တိုက်ခိုက်မှုမှာ ဆူဇီမိုသည် တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ မတ်တတ်ထရပ်ပြီး သူ၏ အော်ရာက ချက်ချင်းပင် မြင့်တက်လာ၏။
မတ်တတ်ထရပ်ရုံနှင့် သူသည် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးနှင့် အော်ရာချင်းယှဉ်နိုင်လာသည်။
ဆူဇီမိုက မန်သွင်းအော်ဟစ်လိုက်ပြီး နောက်ဆုတ်ရမည့်အစား ရှေ့သို့တက်လှမ်းတိုးကာ ကောင်းကင်ဘုံသာလွန်သူ နှစ်ဦးရှိရာသို့ ပြေးဝင်သွား၏။
“တာအိုရောင်းရင်းဆူက…”
ရှုလွေနှင့် အခြားသူများက အဲ့ဒါကို မယုံကြည်နိုင်ပေ။
သွေးချီ၊ လက်နက် သို့မဟုတ် လောကတစ်ခုကို အသုံးပြုခြင်းပင်မရှိဘဲ ဆူဇီမိုသည် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို လက်ဗလာဖြင့် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်လေသည်။
ဝုန်း… ဝုန်း… ဝုန်း…
ဆူဇီမိုသည် သူ့လက်ကိုမြှောက်ပြီး ကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ မဟာတာအိုနယ်မြေဖြစ်စဉ်များကို ခုခံနေ၏။ အလင်းရောင်က အဘက်ဘက်ကို ဖြန့်ကြက်သွားပြီး လေလှိုင်းများက တလိပ်လိပ်ထိုးတက်ကာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ စိတ်ဝိညာဉ်ရတနာများကပင် ထိတွေ့ရိုက်ခတ်သောအခါ သူတို့သည် ဆူဇီမိုထံမှ ထိုးချက် ကန်ချက် တစ်ချက်စီဖြင့် လွင့်စင်ထွက်သွားပြီး သူ့ကို လုံးဝ ထိခိုက်ဒဏ်ရာ မရရှိစေနိုင်ပေ။
“ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ ကိုယ်ကာယလဲ”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က ဘေးကနေ စောင့်ကြည့်ရင်း တုန်လှုပ်သွား၏။
သူသည် နွားရိုင်းမဟာတာအိုကို ကျင့်ကြံပြီး သူ၏ ကိုယ်ကာယက မဖျက်ဆီးနိုင်သော ရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ အလွန်တရာ သန်မာလေသည်။
သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်နှင့်ပင် သူသည် ကောင်းကင်ဘုံသာလွန်သူ စိတ်ဝိညာဉ်ရတနာတစ်ခုကို သူ၏ကိုယ်ကာယနှင့် မခံယူရဲပေ။
သို့သော်လည်း လက်ရှိအခြေအနေမှာ ကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် အတူပူးပေါင်းထားပြီး သူတို့၏ ဝှက်ဖဲများအားလုံးကို ထုတ်သုံးနေသည်ဆိုလျှင်တောင် ဆူဇီမိုက သူ၏ ကိုယ်ကာယနှင့်အတူ အသာစီးရရှိနေ၏။
ကောင်းကင်ဘုံသာလွန်သူနှစ်ဦးက တကယ်ပင် ဆုတ်ခွာရမည့် လက္ခဏာများ ပြသနေ၏။
“ရက်စက်ကြမ်းတမ်းတဲ့ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ”
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်က မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တွေးလိုက်၏။
“သူက အထွတ်အမြတ်ခိုလှုံရာက အရိုက်အရာဆက်ခံသူတစ်ယောက် ဖြစ်နိုင်မလား။”