စီးပိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်း
Vol. 215 Ch. 3260
ဝံပုလွေနယ်မြေဖြစ်စဉ်ထဲရှိ ဝံပုလွေများက ကိုက်ခဲနေကြသော်လည်း သူတို့သည် ဆူဇီမို၏ ဖျက်ဆီးခြင်း ခံလိုက်ရ၏။
ကျားသစ်သားရဲသည် နောက်ချန်ပုံရိပ်များစွာ ချန်ရစ်ခဲ့ပြီး တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်လေသည်။ ထိုသို့ဆိုလျှင်တောင် ၎င်းသည် ဆူဇီမို၏ ထက်ရှသော အမြင်အာရုံကနေ မလွတ်မြောက်နိုင်ပေ။
သူတို့သုံးယောက်သည် အသင်္ချေတောကောင်တောင်ကြောရိုး၏ အထက်မှာ တိုက်ခိုက်နေကြ၏။ ဆူဇီမို၏ အော်ရာက သိပ်သည်းပြင်းထန်နေပြီး ကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် အတူပူးပေါင်းထားလျှင်တောင် ဖိနှိမ်ခံနေရပြီး ရှုံးနိမ့်တော့မည့် လက္ခဏာများ ပြသလာ၏။
ဤမြင်ကွင်းသည် လူတိုင်း၏ ထင်မြင်ချက်ထက် တကယ်ပင် ကျော်လွန်နေ၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်ရတနာတစ်ခုခုကို အသုံးပြုခြင်း မရှိသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်ဘုရားလက်နက်များဖြင့် ပြည့်နှက်နေသည်ဟု ထင်ရသည်။ သူ၏ လက်ချောင်းများက ဓားများကဲ့သို့၊ သူ၏ လက်သီးက တူများကဲ့သို့၊ သူ၏ တံတောင်များက လှံများကဲ့သို့၊ သူ၏ ခြေတံက ကျာပွတ်များကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို အဆက်မပြတ် နောက်သို့ဆုတ်ခွာသွားရစေ၏။
ဤအတိုင်းဆက်သွားလျှင် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် ဆူဇီမို၏ ဖိနှိမ်ခြင်းခံရပေတော့မည်။
“အား…”
ထိုသည်ကို တွေ့မြင်သောအခါ ရှုလွေက ကြိတ်၍သက်ပြင်းချလိုက်၏။
“တာအိုရောင်းရင်းဆူက အသင်္ချေတောကောင်တောင်ကြောရိုးက ခေါင်းဆောင်လေးဦးနဲ့ လာတွေ့ရဲလောက်အောင် ယုံကြည်မှုရှိနေတာ အံ့သြစရာ မရှိတော့ဘူး… လက်စသတ်တော့ သူ့မှာ ဒီလိုမျိုး တိုက်ခိုက်ရည်ခွန်အား ရှိနေတာပဲ… ကံဆိုးတာကတော့…”
ချန်ချင်းဟယ်၊ မုံ့ရှစ်နှင့် အခြားသူများကလည်း နှုတ်ဆိတ်နေကြ၏။
ရှုလွေသည် ဆက်မပြောသော်လည်း သူက ဘာအတွက် စိတ်မကောင်းဖြစ်နေသည်ကို လူတိုင်းခန့်မှန်းမိနိုင်ကြသည်။
ယခုအချိန်မှာ ဆူဇီမိုသည် အသာစီးရရှိနေသည်ဟု ထင်ရသော်လည်း ယခုအချိန်ထိ ဝင်ရောက်မတိုက်ခိုက်ရသေးသော မဟာကောင်းကင်ဘုံသာလွန်သူသုံးဦး ရှိနေဆဲဖြစ်၏။
မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးက ဝင်ရောက်တိုက်ခိုက်သည်နှင့် ဤတိုက်ပွဲက စောလျင်စွာ အဆုံးသတ်သွားပေလိမ့်မည်။
ကောင်းကင်ဘုံသာလွန်သူကျားသည် ယခုတင် ဆူဇီမို၏ သတ်ဖြတ်ခြင်းခံထားရပြီး မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် သူ့ကို သေချာပေါက် အလွတ်ပေးတော့မည် မဟုတ်ပေ။
အခြေအနေမကောင်းတော့သည်ကို တွေ့မြင်မည်ဆိုလျှင် မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက သေချာပေါက် ဝင်ရောက်တိုက်ခိုက်ပြီး ဆူဇီမိုကို သတ်ဖြတ်ပေလိမ့်မည်။
“ဒီလိုမျိုးဖြစ်လာတဲ့အတွက် တာအိုရောင်းရင်းဆူကို တကယ်ပဲ အပြစ်တင်လို့မရဘူး”
ချန်ချင်းဟယ်က ပြောလိုက်၏။
“မဟူရာဆိတ်တောင်ကြောရိုးက မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးက ဒီနေရာကို ဆင်းသက်ရောက်ရှိလာမယ်လို့ ဘယ်သူက တွေးမိခဲ့မှာလဲ… အသင်္ချေတောကောင်တောင်ကြောရိုးက ခေါင်းဆောင်ကလည်း သူက အဆင့်ချိုးဖျက်တက်လှမ်းပြီး မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး ဖြစ်လာခဲ့တယ်”
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။
ကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် အရေးနိမ့်နေသော်လည်း သူတို့က လုံးဝ ထိတ်လန့်တကြား ဖြစ်မနေပေ။
သူတို့ အကူအညီ လှမ်းတောင်းသည်နှင့် မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက သေချာပေါက် ဝင်ရောက်တိုက်ခိုက်လာမည်ကို သူတို့နှစ်ယောက်က သိရှိထား၏။
ဆူဇီမိုကတော့ ပို၍ပင် တည်ငြိမ်နေ၏။
သူသည် အခြားသော နည်းလမ်းများကို အသုံးမပြုဘဲ ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို သူ၏ကိုယ်ကာယနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ရွေးချယ်ထားသည့် အဓိကအကြောင်းရင်းမှာ သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကြမ္မာမီးအနီရောင်ကြာပန်းနှင့် ပေါင်းစည်းပြီးနောက် သူ၏ကိုယ်ကာယက ဘယ်အဆင့်ထိ ရောက်ရှိလာသည်ကို စမ်းသပ်ကြည့်လိုသောကြောင့်ဖြစ်သည်။
တိုက်ပွဲ၏ ဤအဆင့်အရောက်မှာ သူက အကြမ်းဖျင်းတွက်ချက်မှုတစ်ခု ရရှိသွားပြီဖြစ်၏။
သူတို့က ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် သူသည် သူ၏ ကိုယ်ကာယခွန်အားနှင့်ပင် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို သတ်ဖြတ်နိုင်မည်ဖြစ်၏။ သို့သော်လည်း သူက ဆက်လက်၍ အချိန်မဖြုန်းလိုတော့ပေ။
ဘေးတစ်ဖက်မှာ သူ့ကို ငမ်းငမ်းတက် စောင့်ကြည့်နေသော မဟာကောင်းကင်ဘုံသာလွန်သူသုံးဦး ရှိနေ၏။ မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေပြီကို သူက ယခုတင် သတိထားမိထား၏။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေး တိုက်ခိုက်လာသည်နှင့် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို သတ်ဖြတ်ဖို့က ပို၍ပင် ခက်ခဲသွားပေတော့မည်။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးကို တုံ့ပြန်ဖို့ အခွင့်အရေးတစ်ခုမပေးဘဲ သူက မိုးကြိုးလျှပ်စီးလို အလျင်အဟုန်ဖြင့် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို သတ်ဖြတ်ရပေမည်။
ထိုသို့အတွေးဖြင့် ဆူဇီမို၏ အော်ရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူက လောကတစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းက မီးခိုးရောင်ဖြစ်ပြီး ဝေဝါးနေ၏။
“ကစဉ့်ကလျားလောက…”
ကစဉ့်ကလျားလောကက ဆင်းသက်လာပြီး ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို ချက်ချင်းပင် လွှမ်းခြုံလိုက်သည်။
ဤလောကသည် မည်သည့်နယ်မြေဖြစ်စဉ် သို့မဟုတ် မည်သည့်စွမ်းအားမှ မရှိဘဲ သာမန်သာ ဖြစ်သည့်ပုံပေါ်နေ၏။ အထဲမှာ အလင်းရောင်၊ အမှောင်ထု သို့မဟုတ် လေဟာနယ် လုံးဝမရှိပေ။
သို့သော်လည်း ၎င်းဆင်းသက်လာပြီးနောက် ကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ မဟာတာအိုနယ်မြေဖြစ်စဉ်များက စူးစူးဝါးဝါးအော်မြည်ကာ ချက်ချင်းပင် လဲပြိုကျသွား၏။
ကောင်းကင်ဘုံသာလွန်သူနှစ်ဦး၏ လောကများကို ဆူဇီမို၏ ကစဉ့်ကလျားလောကက စုပ်ယူဝါးမျိုပြီး ကစဉ့်ကလျားအဖြစ် ပြောင်းလဲပစ်လိုက်၏။
ဤကစဉ့်ကလျားလောကထဲမှာ ပေါင်းစည်းနေသော အရာများစွာ ရှိနေ၏။
ဓမ္မပညာရပ်များ၊ နယ်မြေဖြစ်စဉ်များ၊ ဓမ္မဝိသေသများ၊ ကောင်းကင်လှိုဏ်ဂူများ၊ အရင်တုန်းက ဆူဇီမိုကျင့်ကြံခဲ့သော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များ… သူတို့အားလုံးက ပါဝင်နေ၏။
အရာရာတိုင်းကို အဆုံးစွန်အထိ ပေါင်းစည်းခြင်းသည် ကစဉ့်ကလျားဖြစ်လာ၏။
လောကနှစ်ခု၏ ပျောက်ကွယ်မှုသည် ကောင်းကင်ဘုံသာလွန်သူနှစ်ဦးက ဆူဇီမို၏ ကစဉ့်ကလျားလောကရှေ့မှာ လုံးလုံးလျားလျား ပေါ်ထွက်လာပြီဟု ဆိုလိုသည်။
“မင်း ငါ့ရှေ့မှာ ဘယ်လိုတောင် သောင်းကျန်းရဲတာလဲ”
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက ထိုအချင်းအရာကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ဟိန်းဟောက်လိုက်၏။
သူ့အနေဖြင့် ဤကဲ့သို့ ရုတ်တရက် ဆိုးဝါးလာသော အခြေအနေမှာ ရှေ့သို့တက်လှမ်းတိုးပြီး သူတို့နှစ်ယောက်ကို ကယ်တင်ဖို့က နောက်ကျလွန်းသွားပြီဖြစ်သည်။
ကောင်းကင်ဘုံသာလွန်သူနှစ်ယောက်က အသက်အန္တရာယ်ကျရောက်လာသည်ကို တွေ့မြင်သောအခါ မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် အမြုတေစိတ်ဝိညာဉ် တာအိုအမှတ်အသားတစ်ခုကို အရင်ဆုံးထုတ်ဖော်ပြီး ဆူဇီမိုကို တိုက်ခိုက်လိုက်ရ၏။
ဤသည်မှာ အမြန်ဆုံး သတ်ဖြတ်ခြင်းနည်းလမ်းဖြစ်ပြီး ချက်ချင်းရောက်ရှိနိုင်သည်။
အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုသည် တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာရှိသော သာလွန်သူတစ်ဦးကို ချက်ချင်းသတ်ဖြတ်ဖို့ လုံလောက်လေသည်။
“သွားပါပြီ”
ထိုသည်ကို တွေ့မြင်သောအခါ ကစဉ့်ကလျားနန်းတော်မှ လူတိုင်း၏ စိတ်များထဲ ထိုအတွေးက ဝင်ရောက်လာ၏။
လူတချို့သည် မကြည့်ရက်နိုင်ဘဲ ခေါင်းငုံ့လိုက်ကြ၏။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူကလည်း အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားတစ်ခုကို ထုတ်ဖော်လိုက်၏။
ဆူဇီမိုသည် တစ်ခါက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များစွာကို ထိန်းချုပ်ထားခဲ့သည်။
သို့သော်လည်း ဤကျင့်ကြံမှုအဆင့်မှာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များသည် တာအို၏အဆင့်ကို မရောက်ရှိနိုင်ဘဲ များစွာအသုံးဝင်တော့မည် မဟုတ်ပေ။
သူသည် သိပ်သည်းပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဤအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို ကစဉ့်ကလျားထဲသို့ ပေါင်းစည်းပြီး ကစဉ့်ကလျား အမြုတေစိတ်ဝိညာဉ် တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ခြင်းဖြင့်သာ ဖြစ်လေသည်။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ဒီလူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က...
အဲဒါက မဟာကောင်းကင်ဘုံသာလွန်သူတစ်ယောက်ရဲ့ အဆင့်မှာပဲ…
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်သည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို အာရုံခံမိသွားပြီး တည်တံ့သော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
“တာအိုပြယုဂ်နယ်ပယ်ရဲ့ တတိယအသွင်ပြောင်းလဲခြင်းမှာရှိတဲ့ သာလွန်သူတစ်ဦးက အမြုတေစိတ်ဝိညာဉ်ကို မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးရဲ့အဆင့်ထိ တကယ်ပဲကျင့်ကြံထားနိုင်တာလား”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က ပင့်သက်ကို ရှိုက်လိုက်၏။
သူတို့နှစ်ယောက် စကားပြောလို့ မဆုံးသေးခင် အမြုတေစိတ်ဝိညာဉ် တာအိုအမှတ်အသားနှစ်ခုက တိတ်တဆိတ် ထိတွေ့ရိုက်ခတ်လိုက်ပြီဖြစ်၏။ သို့သော်လည်း ၎င်းသည် ဘေးပတ်ဝန်းကျင် လေဟာနယ်ကို တုန်ခါသွားစေ၏။
မဟာကမ္ဘာတစ်ထောင်လောက၏ လေဟာနယ်က အလွန်တရာ ခိုင်မာလေသည်။
သို့သော်လည်း ဆူဇီမိုနှင့် မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ အမြုတေစိတ်ဝိညာဉ်များ၏ ရိုက်ခတ်မှုက လေဟာနယ်ကို လှုပ်ခါသွားစေနိုင်၏။
“အား…”
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက ရှေ့သို့ တက်လှမ်းတော့မည့်ဆဲဆဲမှာပင် သူ၏ အမူအရာက ရုတ်တရက်ပြောင်းလဲပြီး ခပ်သဲ့သဲ့ညည်းတွားလိုက်၏။
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်ကလည်း ဆတ်ခနဲတုန်ယင်သွား၏။
အမြုတေစိတ်ဝိညာဉ် တာအိုအမှတ်အသားများ ထိတွေ့ရိုက်ခတ်သောအခါ မဟာကောင်းကင်ဘုံသာလွန်သူတောခွေးက အရေးနိမ့်သွားလေသည်။
“သူက အခုမှ အဆင့်ချိုးဖျက်တက်လှမ်းထားပြီး သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က မတည်ငြိမ်သေးလို့ ဖြစ်ရမယ်… အဲ့ဒါကြောင့် သူက မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ဖို့ ခက်ခဲနေတာပဲ”
မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က ညင်သာစွာ ပြောလိုက်၏။
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်က နှုတ်ဆိတ်နေလေသည်။
ကိစ္စများက ဤမျှအထိ မရိုးရှင်းသည်ကို သူက ခပ်ရေးရေး အာရုံခံမိနိုင်၏။
တကယ်တမ်းမှာလည်း ထိုသို့ပင်ဖြစ်၏။
မဟာကောင်းကင်ဘုံသာလွန်သူတောခွေးသည် သူ၏ အမြုတေစိတ်ဝိညာဉ်က မီးတောက်စွမ်းအားတစ်ခုဖြင့် လောင်ကျွမ်းခံလိုက်ရသလို အလွန်တရာနာကျင်သွားသည်ကို သိသိသာသာခံစားလိုက်ရ၏။
သူ၏ အခြေခံအုတ်မြစ်က ပျက်စီးထိခိုက်ခြင်း မရှိသော်လည်း သူက ချွေးပြန်လာသည်။
“ငါသတ်ချင်တဲ့သူတွေကို မင်း မကယ်နိုင်ဘူး”
ဆူဇီမိုက မဟာကောင်းကင်ဘုံသာလွန်သူတောခွေးကို ကြည့်လိုက်၏။ သူက အခွင့်အလမ်းကို ချိန်ဆပြီး ကစဉ့်ကလျားလောကကို ဆင်းသက်စေကာ ကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို လွှမ်းခြုံစေလိုက်လေသည်။
“အား…”
ကစဉ့်ကလျားလောကထဲမှာ ကောင်းကင်ဘုံသာလွန်သူနှစ်ဦးသည် စူးစူးဝါးဝါးအော်ဟစ်ပြီးနောက် တိတ်တဆိတ်လဲကျသွား၏။ သူတို့၏ အသားများက ကစဉ့်ကလျားအဖြစ် ပြောင်းလဲသွားလေပြီ။
အသင်္ချေတောကောင်တောင်ကြောရိုးမှာ ရှိသော သားရဲတောကောင်သိန်းချီသည် ချောက်ချားစရာကောင်းသော ဤမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။
တစ်ခါက အမြင့်မှာ စွမ်းပကားကြီးမားစွာ ရှိနေခဲ့သော ခေါင်းဆောင်နှစ်ဦးသည် မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ ရှေ့မှာပင် အပြင်လူတစ်ဦး၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ သူတို့က အလောင်းပင် မကျန်ရှိဘဲ သေဆုံးသွားရသည်။
ဘယ်လောက်တောင် စီးပိုးခြယ်လှယ်မှု ရှိလိုက်သလဲ…
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်နေသော အမူအရာများဖြင့် နေရာမှာပင် မှင်တက်နေကြ၏။
မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးပင်လျှင် ဆူဇီမိုကို မတားဆီးနိုင်ခဲ့ပေ။
“ကောင်းလိုက်တဲ့ တိုက်ကွက်ကွာ”
မုံ့ရှစ်က အော်မိသွား၏။ သူ၏ မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေပြီး သူက သွေးများဆူပွက်လာသည်ဟု ခံစားလိုက်ရ၏။
ဤသားရဲတောကောင်အုပ်စုသည် ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်ကြ၏။ မရေမတွက်နိုင်သော အပင်မျိုးနွယ်သက်ရှိများသည် သူတို့၏ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။ မုံ့ရှစ်သည် ဤသားရဲတောကောင်အုပ်စုကို အရိုးထိတိုင် မုန်းတီးနေခဲ့ပြီးသား ဖြစ်၏။
ဖြစ်ပျက်လာသည့် မြင်ကွင်းကို တွေ့မြင်သောအခါ သူက အတော်လေး ကျေနပ်သဘောကျနေ၏။
ရှုလွေကလည်း သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်ပြီး သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ဖိနှိမ်ဖို့ ကြိုးစားနေ၏။
“တာအိုရောင်းရင်းဆူက သတ်ဖြတ်ရာမှာ တကယ်ကို ပြတ်သားတာပဲ… သူက ငါတို့ကို ကာကွယ်ဖို့အတွက်လည်း အဲ့ဒါကို လုပ်လိုက်တာ”
“သူက မဟာကောင်းကင်ဘုံသာလွန်သူတောခွေးနဲ့ နောက်ပိုင်းတိုက်ခိုက်မယ်ဆိုရင် အဲ့ဒီကောင်းကင်ဘုံသာလွန်သူနှစ်ဦးက လွတ်မြောက်သွားတာနဲ့ သူတို့က သူတို့ရဲ့ အမျက်ဒေါသတွေကို ငါတို့အပေါ် ချက်ချင်းပုံချပြီး ငါတို့ကို သေချာပေါက် သတ်ဖြတ်လိမ့်မယ်”
ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။
သို့သော် ယခု ဆူဇီမိုသည် အသင်္ချေတောကောင်တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူသုံးဦးကို ဆက်တိုက်သတ်ဖြတ်လိုက်၏။ မဟာကောင်းကင်ဘုံသာလွန်သူတောခွေး၏ အမျက်ဒေါသက ဆူဇီမိုအပေါ် လုံးလုံးလျားလျား ကျရောက်သွားလေသည်။