← Chapters

အခန်း (၁၂၁၆-၁၂၂၀)

Vol. 64 Ch. 1216-1220

အခန်း (၁၂၁၆-၁၂၂၀)

Vol. 64 Ch. 1216-1220

အပိုင်း ၁၂၁၆

လုယွီက သူမကို မည်သည့်စကားမျှ မဆိုလိုက်ချေ။ သူက ဟန်လျန်အာကိုသာ ခေါ်ပြီး ထျန်းချန်းတောင်ထိပ်စံအိမ်ထံသို့သွားသည်။

ဂိတ်တံခါးက ပိတ်သွားသောအခါ လျန်ချင်းယွီက ခြေဆောင့်တော့သည်။

“သူက အင်အားကြီးနေတာနဲ့ပဲ လူတွေကို သစ်သားတုံးမှတ်နေတာလား”

ထျန်းချန်းစံအိမ် …

ဟန်လျန်အာက အခြားသောခြံဝန်းထဲတွင် နေရာစီမံပေးခံရသည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အရှင်ငယ်”

ဟန်လျန်အာက လုယွီကို တုန်ယင်သောလေသံဖြင့်ပြောသည်။

သူမက အစေခံတစ်ယောက်မျှသာဖြစ်သည်။ သို့သော် လုယွီက အပြင်စည်းဂိုဏ်းသို့ပင်လိုက်ကာ သူမအား ကယ်ဆယ်ပေးခဲ့သည်။ ထိုတစ်ခဏတွင် ဟန်လျန်အာ၏ နှလုံးသားအတွင်း မရေမတွက်နိုင်သော စိတ်ကူးယဉ်အိပ်မက်များက ပြည့်နှက်နေပြီး မျက်နှာက ပန်းရောင်သန်းသွားသည်။

“မင်းကအနာဂါတ်အတွက် ဘာအစီအစဉ်ရှိလဲ”

လုယွီက ရုတ်တရက် ထမေးလိုက်သည်။

“အမ်”

ဟန်လျန်အာက ကြောင်သွားပြီး လုယွီကို စိတ်ရှုပ်ထွေးစွာကြည့်သည်။ သူက ဘာကိုဆိုလိုကြောင်း သူမက နားမလည်ချေ။

လုယွီက သူမကိုပြောသည်။

“အနာဂါတ်မှာ မင်းက ကိုယ်အသက်ရှင်ဖို့အတွက် အခြားလူတွေအပေါ်ပဲ ဆက်ပြီး မှီခိုနေတော့မှာလား၊ အခြားသူတွေသနားတာကိုပဲခံဖို့ ကြိုးစားနေတော့မှာလား”

“ငါ မင်းရဲ့အကြောင်းကို စုံစမ်းခဲ့ပြီးပြီ၊ အစက မင်းက ချမ်းသာတဲ့မိသားစုက သာမန်အိမ်စေတစ်ယောက်ပဲ၊ တိုက်ဆိုင်စွာနဲ့မင်းက နှင်းပျံဂိုဏ်းကိုအပို့ခံခဲ့ရတယ်၊ ဒါပေမယ့် မင်းက အမြဲကြောက်လန့်နေတတ်ပြီး အခြားလူတွေကိုလည်း ကောင်းကောင်းမရင်ဆိုင်နိုင်ဘူး”

“မင်း သိထားသင့်တာက ဒါက မင်းရဲ့ဘဝအပြောင်းအလဲအခြေအနေတွေပဲ၊ နှင်းပျံဂိုဏ်းကိုရောက်လာတဲ့အချိန်မှာ ဒါကအခွင့်အရေးတစ်ခုလို့တွေးပြီး ကြိုးစားရမယ်”

ဟန်လျန်အာက လုယွီကိုစိုက်ကြည့်သည်။ ထိုတခဏတွင်သူမက စိတ်ရှုပ်ထွေးနေခဲ့ကာ မည်ကဲ့သို့ခံစားနေရကြောင်းကိုပင် သေချာနားမလည်တော့ချေ။

“မင်းရဲ့ စိတ်ဝိဉာဉ်က အတော်လေးကောင်းတယ်၊ ဒါပေမယ့် မင်းကသာ ငါ့ရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာ မဟုတ်ရင် အခြားသူတွေရဲ့ မျက်စိရှေ့ရောက်သွားတဲ့ အသားတုံးကြီးလိုဖြစ်သွားလိမ့်မယ်၊ အဆိုးရွားဆုံးစကားလုံးတွေနဲ့ပြောရရင် မင်းကအခြားသူတွေအတွက် မင်္ဂလာညကို အတူဖြတ်သန်းပေးရမယ့် လူလိုမျိုးပဲ”

လုယွီက သူ၏ အင်္ကျီလက်ထဲမှ သိုင်းစာအုပ်တစ်အုပ်ကိုထုတ်ကာ ဟန်လျန်အာ၏အရှေ့သို့ ချပေးလိုက်သည်။

“မင်းရဲ့ ကောင်းကင်စိတ်ဝိဉာဉ်ခန္ဓာကိုယ်က သိုင်းတွေ ကျင့်ကြံဖို့ အကောင်းဆုံးခန္ဓာကိုယ်အမျိုးအစားပဲ၊ မင်းက ပိတ်ရက်တွေမှာ ခြံဝန်းကို သန့်ရှင်းရေးလုပ်နိုင်တယ်၊ အားတဲ့အချိန်တွေမှာတော့ ဒီသိုင်းကိုကျင့်ပါ၊ အပြင်ထွက်ချင်တယ်လို့ တွေးမိတာမျိုးရှိရင် သွားနိုင်တယ် ကိစ္စမရှိဘူး”

ကောင်းကင်နယ်မြေသိုင်း၏ ကူးရေးထားသောစာအုပ်ကို ချန်ထားရစ်ခဲ့ပြီး နောက်တွင် လုယွီက သူ၏စံအိမ်သို့ပြန်သွားသည်။

ကောင်းကင်လောကတွင် အင်အားကြီးသောလူပေါင်းများစွာက အဖိုးတန်သော သိုင်းပေါင်းများစွာကို အနာဂါတ်လောကအတွက် အခွင့်အခါကြုံကြိုက်သည်နှင့် ဖြန့်ဝေပေးလေ့ရှိသည်။

လုယွီကလည်း အလားတူလုပ်ခဲ့ခြင်းဖြစ်သည်။ လုယွီက ထွက်သွားသောအခါ ဟန်လျန်အာ၏ ရွေးချယ်မှုနှင့်လုပ်ဆောင်မှုများအားလုံးက သူနှင့်မသက်ဆိုင်တော့ချေ။

စံအိမ်ထဲတွင် …

လုယွီက လျန်ချင်းယွီ၏ သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အိတ်မှ ကြိုးက ပြေလျော့သွားသည်နှင့်အထဲတွင် စိတ်ဝိဉာဉ်ကျောက်တုံးများစွာ ထွက်လာသည်။ စိတ်ဝိဉာဉ်ကျောက်တုံးများအပြင် လုယွီက ထူးဆန်းသော ပစ္စည်းများကိုလည်းမြင်လိုက်ရသည်။ အချို့သောပစ္စည်းများက ကြီးကြီးမားမား အသုံးဝင်ခြင်းမရှိပေ။ သို့သော် အချို့သော ပစ္စည်းများကမူ သူ့အတွက် အလွန်အသုံးဝင်သည်။

လုယွီက အတွင်းထဲမှ အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ကိုင်လိုက်သည်။ ကျောက်သား၏မျက်နှာပြင်က ချောမွေ့နေသော်လည်း အခြားကျောက်တုံးများနှင့် ကွာခြားခြင်းမရှိပေ။

“ဒါက ချော်ရည်ကျောက်တုံးပဲ၊ ဒီလောကရဲ့ ရတနာလို့ ပြောနိုင်တယ်”

လုယွီက ကျောက်တုံးကို ပွတ်သပ်ပြီးနောက်တွင် မျက်ဝန်းအတွင်း အလင်းရောင်များတောက်ပလာသည်။ သူက သိုလှောင်အိတ်ထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ယူလိုက်သည်။ ထိုသံလိုက်အိမ်မြောင်ဟာ မှော်လက်နက်တစ်မျိုးဖြစ်ပြီး ပျက်စီးလုနီးပါးဖြစ်နေခဲ့ချေပြီ။ သို့ရာတွင် အချို့သော လုပ်ဆောင်နိုင်စွမ်းများက အကောင်းအတိုင်းရှိနေသေးသည်။ အထဲတွင် မိစ္ဆာအတတ်ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးကဲ့သို့ ဖြစ်စေနိုင်သောစွမ်းအားများနှင့်ရှုပ်ထွေးသော အာကာသနိယာမများ ပါဝင်သည်။

“ချော်ရည်ကျောက်တုံးက အာကာသမှော်လက်နက်ကို ဖန်တီးနိုင်တယ်၊ ဒါပေမယ့် လုပ်ရမယ့်နည်းလမ်းတွေက အရမ်းရှုပ်ထွေးပြီး ခြစ်ရာပွန်းပဲ့ရာတွေ တောင်ပါလို့ မဖြစ်ဘူး”

စိတ်ဆုံးဖြတ်ပြီးနောက်တွင် လုယွီက စတင်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သူ၏ယခင်ဘဝတွင် လုယွီက မှော်လက်နက်များကို သန့်စင်ရာတွင် အတွေ့အကြုံရှိခဲ့သည်။ သို့သော်သူက ကျွမ်းကျင်သည့်အဆင့်သို့ မရောက်ခဲ့ချေ။ သို့ရာတွင် ဧကရာဇ်ထိုက်ချန်(ကောင်းကင်ဧကရာဇ်)၏ မှတ်ဉာဏ်ရှိသောကြောင့် တယွီမင်းဆက်မှ စာကြည့်တိုက်အတွင်းရှိ သတင်းအချက်အလက်များအားလုံးကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။

ထိုသို့ဖြင့် လုယွီက အနည်းငယ်သော ရှုံးနိမ့်မှုများကို ကျော်ဖြတ်ပြီးနောက်တွင် အာကာသမှော်လက်နက်က ဖြေးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

အပိုင်း ၁၂၁၇

လုယွီက နှင်းပျံဂိုဏ်း၏အရှင်ငယ်တစ်ပါးဖြစ်သောကြောင့် တစ်လလုံး မစ်ရှင်များပင် လုပ်ရန်မလိုအပ်ခဲ့ချေ။ ထို့အပြင်ယခင်လမှ အဖြစ်အပျက်များကြောင့် မည်သူကမှလည်း သူ့အား ပြဿနာ လာမရှာရဲကြချေ။

ကျင့်ကြံခြင်းက အရည်အချင်းပေါ် မူတည်သော်လည်း အဆုံးတွင် အင်အားကသာ အရေးအကြီးဆုံးဖြစ်သည်။ လုယွီ၏ လက်ရှိအင်အားဖြင့်ဆိုလျှင် သူ့ကိုယ်သူ စွမ်းအားအကြီးဆုံးတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီး မည်သူကမျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်တော့ချေ။ သူ၏မျိုးဆက်အတွင်းမှ မည်သူကမှလည်း သူ့အား ရန်မစရဲကြချေ။ သို့သော် တစ်ချိန်တည်းတွင်ပင် နှင်းပျံဂိုဏ်းအတွင်း သံသယဝင်ဖွယ်ကောင်းသော သတင်းစကားများက ပျံ့လာခဲ့သည်။ အရှင်ငယ်က အင်အားကြီးမားလွန်းသည်။ သို့သော် သူက ထိုက်ရိဂိုဏ်းမှ နှင်ထုတ်ခံခဲ့ရ၏။

ထိုသတင်းများကို ကြားသောအခါ လင်းကျန်းဖန်းက ပြောလေ့ရှိသည်။

“ထိုက်ရိဂိုဏ်းက မိသားစုနောက်ခံကိုမှီခိုပြီး တည်ရှိနေတဲ့ဂိုဏ်းပဲ၊ ဂိုဏ်းသားတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးမောက်မာထောင်လွှားလာကြတယ်၊ အစပိုင်းက ထိုက်ရိဂိုဏ်းမှာ အရှင်ငယ်က လုံလောက်တဲ့အင်အားကို ပြသခဲ့ပေမယ့် ဖိနှိမ့်ခံခဲ့ရတယ်၊ သူ့အတွက် ကျော်ကြားဖို့အခွင့်ကို မရှိခဲ့တာ၊ ဒီလိုဂိုဏ်းမျိုးက သိပ်မကြာခင်မှာ ဖျက်ဆီးခံရမှာပဲ”

“ငါလည်း ပြောချင်တာရှိတယ်၊ ဒီနေ့ကစပြီး ရှန်းလုံတောင်ထိပ်က လစဉ်ကျင်းပတဲ့ပြိုင်ပွဲကို ဦးစီးကျင်းပဖို့ ဆုံးဖြတ်ထားတယ်၊ ငါ့ကိုနိုင်တဲ့လူရှိရင် အဲ့ဒီလူက ရှန်းလုံတောင်ထိပ်က အကြီးဆုံးတပည့်ဂိုဏ်းသားဖြစ်ပြီ”

ထိုစကားက ပျံ့သွားသည်နှင့် နှင်းပျံဂိုဏ်းအတွင်း အုတ်အော်သောင်းနင်းဖြစ်တော့သည်။ သို့ရာတွင် လူအနည်းစုကသာလျှင် လင်းကျန်းဖန်း၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။ ရှန်းလုံတောင်ထိပ်က ထိုသို့လုပ်နိုင်လျှင် တောင်ထိပ်မှ လူတိုင်းနီးပါးက ပြင်းပြင်းထန်ထန်ကြိုးစားကာ ကိုယ်ပိုင်ခွန်အားကြီးမြင့်လာအောင် ကြိုးစားကြပေလိမ့်မည်။ ထိုသို့ တပည့်တိုင်းနီးပါးက ထူးချွန်ပြောင်မြောက်စွာ ထက်မြက်လာသည်နှင့် သူတို့ တောင်ထိပ်၏အဆင့်အတန်းက မြင့်မားလာပေလိမ့်မည်။ ထိုသို့ဖြင့် နှင်းပျံဂိုဏ်းက တောင်ထိပ်တိုင်းလိုလို ထိုကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုလာကြသည်။ တစ်လတာအချိန်က လျင်မြန်စွာကုန်လွန်သွားသည်။ လူတိုင်းက တံခါးပိတ်ကာ ကျင့်ကြံနေကြချိန်တွင် ရေခဲနယ်မြေအထက်ကောင်းကင်ပြင်မှ အမိန့် သတင်းစကားတစ်ခု ပျံ့လွင့်လာသည်။

“တော်ဝင်ဖခင်ရဲ့အမိန့်တော်အရ တော်ဝင်နယ်မြေရဲ့အမွေဆက်ခံပွဲကို အခုချက်ချင်းကျင်းပမယ်၊ ရေခဲနယ်မြေက လူငယ်မျိုးဆက်တပည့်ဂိုဏ်းသားတိုင်းက ထောက်ခံချက်စာလွှာနဲ့အတူ ဝင်ရောက်နိုင်တယ်”

ထိုအသံထဲတွင် မည်သည့်ခံစားချက်မျှမပါပေ။ သို့သော် အလွန်ကျယ်သည့်အတွက် ရေခဲနယ်မြေတစ်ခုလုံးနီးပါးကြားရသည်။

မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားပေါင်းများစွာက အသီးသီးသော တောင်ထိပ်ပေါင်းများစွာမှ ထွက်လာကြသည်။ သူတို့အားလုံးက ကောင်းကင် တောင်ထိပ်ထံသို့ ဦးတည်ကြ၏။ အနိုင်ရရှိသူက တော်ဝင်နယ်မြေအမွေဆက်ခံခွင့်ကို ရရှိမည်ဖြစ်ပြီး ရေခဲနယ်မြေတစ်ခုလုံး၏ တော်ဝင်သားတော်ဖြစ်လာပေလိမ့်မည်။

တော်ဝင်သားတော်နှင့်ဆုံသည်နှင့် ကလန်တိုင်းက ခေါင်းဆောင်များပင်ဖြစ်စေ၊ အကြီးအကဲများပင်ဖြစ်စေ လူတိုင်းနီးပါးက ရိုကျိုးစွာဆက်ဆံရမည်ဖြစ်သည်။

နှင်းပျံဂိုဏ်း၏ အတွင်းစည်းတွင် တောင်ထိပ် ၉၉ ခုရှိသည်။ မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားများအားလုံးက ထျန်းချန်းခန်းမသို့ ရောက်လာကြချိန်တွင် သူတို့၏ အကြီးအကဲများကလည်း အဖော်ပြုလာပေးကြသည်။

“အားလုံးပဲ အရှင်ငယ်ကို ဂါဝရပြုကြပါ။”

လူအုပ်က အော်ဟစ်ကြသည်။ ထိုအချိန်တွင် တံခါးက ပွင့်သွားပြီး လုယွီက ခမ်းနားသော ဝတ်စုံနှင့်အတူ ဖြေးညှင်းစွာဝင်ရောက်လာသည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က အရှင်က တော်ဝင်နယ်မြေပြိုင်ပွဲက ယှဉ်ပြိုင်မယ့်လူတွေရဲ့စာရင်းကို ပေးလာတယ်။ အခု အရှင်ငယ်က ဝင်ရောက်ခွင့်ရတဲ့ လူတွေအားလုံးရဲ့ နာမည်ကို ဖတ်ပြမယ်”

လုယွီ၏အနောက်မှ လူတစ်ယောက်က ပြောလိုက်သည်။

ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီး မရေမတွက်နိုင်သောအကြည့်များက လုယွီထံ ရောက်လာသည်။

“ရှန်းလုံတောင်ထိပ်က လင်းကျန်းဖန်း”

“ထျန်းရှင်းတောင်ထိပ်က ဆုရန်”

“ဟန်ရှန်းတောင်ထိပ်က ရှောင်းရှန်းချင်”

“တုကူးတောင်ထိပ်က လျန်ချင်းယွီ”

…

နာမည်ပါသောလူအားလုံးက လုယွီ၏အနောက်သို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာကြသည်။ နှင်းပျံဂိုဏ်းမှ ထူးချွန်သော ကျွမ်းကျင်ပညာရှင်အဆင့် အတွင်းစည်းတပည့်ဂိုဏ်းသားများအားလုံးက ရွေးချယ်ခံရသည်။ သူတို့အားလုံးက တော်ဝင်နယ်မြေသို့ ဝင်ရောက်ကျင့်ကြံခွင့်ရမည်ဖြစ်သည်။

သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။ အတိတ်ချိန်ကတည်းက တော်ဝင်နယ်မြေက အလွန်ရက်စက်လွန်းပြီး သေဆုံးမှုနှုနှ်းများခဲ့သော်လည်း သူတို့အားလုံးက လုယွီ၏ အနောက်မှလိုက်ရမည်ဖြစ်သည်။ သူတို့အား ဦးဆောင်မည့်သူက အလွန်စွမ်းအားကြီးသူဖြစ်နေသည်။

“နာမည်ပါတဲ့လူတွေအားလုံးက ငါနဲ့အတူ ဂူဘုရားကျောင်းကို လိုက်လာကြပါ၊ အခြားတပည့်ဂိုဏ်းသားတွေကတော့ အချင်းချင်းဖေးမပြီး နေနိုင်တယ်၊ ငါက ငါတို့ဂိုဏ်းက အင်အားကို လေးစားတယ်၊ မင်းတို့က ဘယ်လိုတိုးတက်မှုကိုမဆို လုပ်နိုင်တာနဲ့ ဆုလာဘ်တွေ ချီးမြှင့်ခံရမှာပဲ”

လုယွီ၏စကားသံက မကျယ်သော်လည်း လူတိုင်းနီးပါးက ကြားလိုက်ရသည်။

အပိုင်း ၁၂၁၈

“အရှင်ငယ်ကို ဂါဝရပြုပါတယ်”

လူတိုင်းနီးပါးက တညီတညာတည်းအော်ဟစ်ကြသည်။

တံခါးဝတွင် မှီကာရပ်နေသော ဟန်လျန်အာက လူအများဝန်းရံခံထားရသည့် လုယွီ၏ပုံရိပ်ကိုကြည့်ကာ သူမ၏မျက်ဝန်းအတွင်း တောက်ပသည့်အလင်းများက လင်းလက်လာသည်။

“အနာဂါတ်မှာ ငါလည်း ဒီလိုလူမျိုးဖြစ်ရမယ်”

ဟန်လျန်အာ၏မျက်ဝန်းတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အလင်းတန်းများက တောက်ပလာတော့သည်။

ရေခဲနယ်မြေ၊ ဟန်လုံချိုင့်ဝှမ်း …

ရေခဲနယ်မြေ၏အလယ်ပိုင်းဒေသ တောရိုင်းနယ်မြေတွင် တောင်တန်းများစွာ ရှိသည်။ ရေခဲနယ်မြေတစ်ခုလုံးက ကြီးမားသော တောင်တန်းကြီးကိုးခုဖြင့် ဆက်သွယ်ထားသည်။ ထိုတောင်တန်းများ၏ တစ်နေရာတွင် ဟန်လုံချိုင့်ဝှမ်းရှိသည်။

ထိုနေရာတွင် ရေခဲနယ်မြေတစ်ခုလုံး၏ အသန်မာဆုံးသော အင်အားစုများတည်ရှိရာနေရာဟု ဆိုနိုင်သည်။ အကြောင်းမူကား အလွန်ကြီးမားသော တောင်တန်းကြီးရှစ်ခုက ဝိုင်းပတ်ထားပြီး အပြင်ဘက်တွင် တစ်နှစ်ပတ်လုံးနှင်းနှင့် ရေခဲများ ဖုံးလွှမ်းနေလေ့ရှိသည်။

သာမန်သေမျိုးများဆိုလျှင် ထိုနေရာသို့ သွားရောက်ခဲလေသည်။ အဝေးမှကြည့်လျှင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်သည့် ခန်းမကြီးကို ဦးစွာမြင်ရမည်ဖြစ်သည်။ ထိုနေရာက လူအများစုအား လာရောက်ခွင့်မပြုသော်လည်း သည်နေ့က တော်ဝင်နယ်မြေမှ အမွေအနှစ်ဆက်ခံပြိုင်ပွဲ ကျင်းပမည့်နေ့ဖြစ်သဖြင့် မရေမတွက်နိုင်သော လူများအားလုံးက ထိုနေရာသို့ ရောက်လာနေကြသည်။

အဓိကခန်းမ၏အတွင်းတွင် …

အမျိုးမျိုးသောအင်အားစုများမှ တပည့်ဂိုဏ်းသားပေါင်းများစွာက အချင်းချင်း သတိကပ်စောင့်ကြည့်ပေးနေကြသည်။ အချင်းချင်းက မိတ်ဆွေဖွဲ့ကာ မဟာမိတ်ပြုပြီး အခြားသူများကို ရင်ဆိုင်ရန်ကြိုးစားကြခြင်းမျိုးလည်းရှိသည်။

“ငါ မင်းနဲ့မတွေ့ရသေးတာ နှစ်အနည်းငယ်ပဲကြာသေးတယ်၊ ရှောင်ထောင်ရို့ မင်းက ပိုပြီးတောင် အင်အားကြီးလာသေးတာပဲ”

“ရှောင်ထောင်ရို့က ထိုက်ရိဂိုဏ်းရဲ့ အရှင်ငယ်ဖွဲ့ကို ရသွားမယ်လို့တောင် မထင်ထားဘူး”

လူတစ်အုပ်က ရွှီရှန်းထျန်း၏အနားတွင် ဝိုင်းအုံကာ ချီးကျူးနေကြသည်။ထို ဂိုဏ်းအများစုက အလယ်အလတ်အဆင့်များသာလျှင်ဖြစ်သည်။ ထို့ကြောင့် ထိုလူများအားလုံးက ထိုက်ရိဂိုဏ်းကဲ့သို့ အဆင့်လွန်ဂိုဏ်းကိုကပ်ကာ မှီခိုလိုကြခြင်းဖြစ်သည်။

လုယွီ ထွက်သွားကတည်းက ရွှီရှန်းထျန်းက အရှင်ငယ်ဘွဲ့ကို ရရှိခဲ့သည်။ သူ၏ ယုံကြည်မှုရှိမှုနှင့် နောက်လိုက်များ အဆင့်အတန်းများအားလုံးပေါင်းလိုက်သော် သူက ဆက်တိုက် ကျော်ကြားလာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိလူအများစုက ရွှီရှန်းထျန်း၏ နောက်လိုက်များဖြစ်လိုကြပြီး ခစားလိုကြ၏။ သို့ရာတွင် ထိုလူများထဲမှ မည်သူကမျှ အတွင်းစည်းပြိုင်ပွဲတွင် ကောင်းကောင်းမွန်မွန် မလုပ်ဆောင်နိုင်ခဲ့ကြချေ။

“ယွန်ရှန်းဂိုဏ်းက လူတွေရောက်လာပြီ၊ တစ္ဆေဂိုဏ်းလည်း ရောက်လာပြီ၊ ဒီလူတွေက နတ်ဆိုးစိတ်ဝိဉာဉ်ကို ပိုင်ဆိုင်ထားပြီး မျက်တောင်မခတ်ဘဲ လူသတ်နိုင်စွမ်းရှိတယ်၊ သူတို့နဲ့ဝေးဝေးနေကြတာ အကောင်းဆုံးပဲ”

အချိန်ကြာလာသည်နှင့် ဂိုဏ်းကြီးဂိုဏ်းငယ်ဂိုဏ်းလတ်မျိုးစုံ ရောက်လာကြသည်။ ခန်းမက အလွန်ကျယ်သည့်အတွက် လူသောင်းပေါင်းများစွာ ဆန့်လေသည်။

ရွှီရှန်းထျန်းက လူအုပ်ကိုတစ်ချက်ကြည့်ပြီး သူ၏မျက်နှာရှိမောက်မာမှုက ထင်ရှားလာသည်။

ခေါင်းဆောင်က သူ့အား အမွေအနှစ်ဆက်ခံပေးကတည်းက ရွှီရှန်းထျန်း၏ ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာတိုးတက်လာခဲ့ပြီး သူက စိတ်ဝိဉာဉ်ထုတ်လွှတ်နိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ သူက စိတ်ဝိဉာဉ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့လေရာ လူငယ်သူရဲကောင်းမျိုးဆက်ဟု ဆိုနိုင်သည်။

“အဲ့ဒီကောင် ဘာလို့ မရောက်လာတာလဲ”

ရွှီရှန်းထျန်း၏အနားမှ ကျန်းရီကျင်းက ခပ်တိုးတိုးပြောသည်။

လုယွီ၏ရှေ့တွင် သူတို့က မျက်နှာပျက်ဖူးသည့်အတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် လူတိုင်းက လုယွီကို ရှာဖွေနေကြသည်။

“သူ့ကို မမြင်ရမှာပဲစိုးတယ်”

ရွှီရှန်းထျန်းက ယုံကြည်မှုရှိစွာပြောသည်။

“ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးသိုင်းတွေ သုံးထားသလဲမှ မသိတာ၊ နှင်းပျံဂိုဏ်းရဲ့ခေါင်းဆောင်ကိုတောင် လှည့်စားပြီး အရှင်ငယ်ဘွဲ့ကို ရအောင်ယူခဲ့တယ်၊ ဒါပေမယ့် တစ်လတာအချိန်ကြာသွားတဲ့နောက်မှာ ဘာဖြစ်သွားလဲ ဘယ်သူက သိနိုင်မှာလဲ”

“နှင်းပျံဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်က ဒေါသထွက်ပြီး ဒီကောင့်ကို သတ်လိုက်ပြီးလောက်ပြီ”

ကျန်းရီကျင်း၏မျက်ဝန်းအတွင်း စိတ်လှုပ်ရှားမှုက လင်းလက်တောက်ပ လာသည်။

“ဒီကောင်က ကံကောင်းပြီး ငါ့လက်ထဲကိုမကျခဲ့ဘူး၊ မဟုတ်ရင်တော့ သူ့ကို ဆိုးဆိုးရွားရွားခံစားရအောင် ငါက လုပ်ပေးရရလိမ့်မယ်”

အမွှေးတိုင်တစ်တိုင်ထွန်းချိန် ကုန်သွားပြီးနောက်တွင် အဓိကခန်းမ၏ တံခါးများက ပိတ်သွားပြီး ပြိုင်ပွဲက စတင်မည်ဖြစ်သည်။

ထိုသို့နောက်ဆုံးအချိန်တွင်ပင် ပုံရိပ်ပေါင်းများစွာက ခန်းမ၏အပြင်ဘက်သို့ ရောက်လာသည်။ ပထမဦးစွာရောက်လာခဲ့သူမှာ ငွေရောင်သားမွှေးအပေါ်ဝတ်ရုံကို ဝတ်ဆင်ထားလျက် လူအုပ်အတွင်းမှ ဖြေးညှင်းစွာဖြင့် လျှောက်လာသည်။ ထိုလူကို မြင်လိုက်သည်နှင့် လူတိုင်း၏စိတ်အတွင်းသို့ အေးစက်ကာ ခြိမ်းခြောက်နိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါတစ်မျိုးက ထိုးဖောက်ဝင်ရောက်လာသည်။

“ဒါက နှင်းပျံဂိုဏ်းလား”

အပိုင်း ၁၂၁၉

လုယွီက ခန်းမ၏ရှေ့တွင်ပေါ်လာသည်နှင့် နှင်းပျံဂိုဏ်းမှ တပည့်ဂိုဏ်းသားများအပါအဝင် အခြားသောဂိုဏ်းမှ လူများအားလုံးက သူ့ကိုစိုက်ကြည့်လာကြသည်။ လူတိုင်းနီးပါးက ရေခဲစွမ်းအားကို ကျင့်ကြံကြသည်။ သူတို့က ဝင်ရောက်လာသည်နှင့် ခြောက်ခြားဖွယ်အအေးဓာတ်ကို ခံစားလိုက်ရသည်။ လူတိုင်း၏အကြည့်က လုယွီထံသို့ ဦးစွာရောက်သည်။

“ပြောကြတာက ဒီအရှင်ငယ်က ထိုက်ရိဂိုဏ်းက စွန့်ပစ်ခံလိုက်ရတယ်လို့ကြားတယ်”

“ဘာကြောင့်လဲတော့ ငါမသိပေမဲ့ နှင်းပျံဂိုဏ်းကအရှင်ကိုယ်တိုင်က သူ့ကိုအရှင်ငယ်ဖြစ်ဖို့ ဖိတ်ခေါ်ခဲ့တာဆိုပဲ”

“ဒီအရှင်ငယ်က အရင်က အပြင်စည်းတပည့်ဂိုဏ်းသားပဲရှိနေသေးတာ ဒါပေမဲ့ရုတ်တရက်ကြီး အရှင်ငယ်ဖြစ်သွားတာ အံ့သြစရာမကောင်းဘူးလား”

ထိုသို့ဖြင့် အမျိုးမျိုးသောဆွေးနွေးသံများက ပျံ့လွင့်နေသော်လည်း လုယွီက ဂရုမစိုက်ပေ။

ရွှီရှန်းထျန်းက တောက်ပစွာပြုံးလိုက်သည်။

“ဒီအကောင်က တကယ်ကံကောင်းတာပဲ ဒါပေမဲ့ တစ်လလောက်ပဲခံနိုင်မယ်”

“နှင်းပျံဂိုဏ်းက အချိန်အတန်ကြာပျက်စီးနေတဲ့ပုံပဲ။ ဒီလိုကောင်မျိုးကတောင် ထိပ်ဆုံးမှာ ရပ်နေနိုင်ပြီ။ ဒီလိုဂိုဏ်းမျိုးက သိပ်မကြာခင်မှာ ပျက်စီးသွားလိမ့်မယ်”

ကျန်းရိကျင်းက အထွန့်တက်သည်။

“ဒီအကောင် ဟွန့် ငါတို့ဒီအကောင့်ကိုသေအောင် နှိပ်စက်ရမယ်”

လုယွီကြောင့်သာမဟုတ်လျှင် သူမကထိုက်ရီဂိုဏ်း၏လျှို့ဝှက်နေရာတွင် သေသွားပြီဖြစ်ကြောင်းကို မေ့နေဟန်ရသည်။

“စိတ်မပူနဲ့ တော်ဝင်နယ်မြေရောက်သွားရင် သေခြင်းရှင်ခြင်းက လွယ်ကူသွားပြီ။ ဒီလိုကောင်မျိုးက သေချာပေါက် ခဏလေးနဲ့သေသွားမှာပဲ”

ရွှီရှန်းထျန်း၏မျက်ဝန်းအတွင်း အေးစက်သောအလင်းများက လက်လာသည်။

နှင်းပျံဂိုဏ်းမှလူများရောက်လာပြီးသည့်နောက်တွင် တံခါးက တင်းကျပ်စွာပိတ်သွားသည်။ ထိုတခဏတွင် ခန်းမ၏ပတ်ပတ်လည်တွင်ရှိသော ကျောက်တိုင်များက မီးများတောက်လောင်လာသည်။

ထို့နောက်တည်ငြိမ်ကာ အေးစက်သောအသံက ထွက်လာသည်။

“တော်ဝင်နယ်မြေ အမွေဆက်ခံပွဲရဲ့ ပထမအဆင့်က စမ်းသပ်တာမဟုတ်ပဲ ဆုလာဘ်ချီးမြင့်တာပဲ”

“အချိန်တစ်ခုကြာရင် ခန်းမထဲမှာ လေဝဲအရှိန်အဝါ ဆယ်ခုကျော်ထွက်ပေါ်လာလိမ့်မယ်။ မင်းတို့ဘယ်လောက်ထိ ရအောင် ယူနိုင်မလဲဆိုတာက မင်းတို့ရဲ့ကိုယ်ပိုင်စွမ်းအားအပေါ်မူတည်တယ်”

“ပထမပွဲမှာ သတ်ဖြတ်တာကို တားမြစ်မယ်။ မဟုတ်ရင် ဂူဘုရားကျောင်းက ဖယ်ထုတ်ခံရပြီး နောက်တစ်ဆင့်ကို တက်ခွင့်မရှိဘူး”

ထိုစကားသံထွက်လာသည်နှင့် ခန်းမတစ်ခုလုံးက လူများက ပတ်ဝန်းကျင်သို့ လိုက်ကြည့်ကြတော့သည်။ ထိုကဲ့သို့သောအရှိန်အဝါမျိုးကို တော်ဝင်ဖခင်ကသာ ပေးအပ်ခြင်းဖြစ်လောက်သည်။

ရွှီရှန်းထျန်းက ရုတ်တရက် မတ်တပ်ထရပ်ပြီး ယုံကြည်မှုရှိစွာပြောသည်။

“အရင်နှစ်တွေရဲ့အတွေ့အကြုံအရ တော်ဝင်ဘိုးဘေးချီးမြင့်တဲ့ လက်ဆောင်တော်ဖြစ်ပေမဲ့ အားနည်းတာတွေလည်းရှိသလို အားသာတာတွေလဲရှိတယ်။ ကြိုတင်ပြီး ဗဟိုချက်နေရာကို ရှာဖွေနိုင်မှ အရှိန်အဝါကောင်းကောင်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်”

ထိုစကားကိုကြားသည့်အခါ လူအများစုက ထောက်ခံကြောင်း ခေါင်းငြိမ့်ကြသည်။ ရွှီရှန်းထျန်းက ရုတ်တရက်ထွက်ခွာပြီး ခန်းမ၏အလယ်ဗဟိုသို့တိုက်ရိုက်သွားသည်။ ထိုနေရာတွင် အနည်းငယ်မြင့်မားသော ကြေးနီရောင်စင်မြင့်ရှိပြီး ပတ်ဝန်းကျင်တွင် ကြီးမားသော ကျောက်တိုင်ကြီးများရှိသည်။ ထိုကျောက်တိုင်ကြီးများပေါ်တွင် သားရဲကျောက်ရုပ်တစ်ခုစီ ရှိနေခဲ့ပြီး သူတို့၏ပါးစပ်မှ ရေများက ကျဆင်းနေကာ စင်မြင့်၏အောက်ဖက် ရေကန်အတွင်းသို့ စီးဝင်သွားသည်။

အဓိကခန်းမ ပတ်ပတ်လည်တွင်လည်း အလားတူစင်မြင့်များရှိနေသည့်တိုင်အောင် ထိုတစ်ခုက အခမ်းနားဆုံးဖြစ်သည်။

“အရှိန်အဝါတွေက ဒီနေရာကနေ စမ်းရေဖြစ်လာတယ်။ စိတ်မရှိပါနဲ့ ငါဒီနေရာကို ယူလိုက်ပြီ”

ရွှီရှန်းထျန်းက ပြုံးကာပြောသည်။

အခြားအင်အားစုမှလူများက ရွှီရှန်းထျန်းကို တိတ်တဆိတ်ကျိန်ဆဲကြသည်။ ခန်းမမှလာမည့်အရှိန်အဝါများက ခြောက်ဆယ်ရာခိုင်နှုန်းတိတိ မြင့်မားနေကြောင်း သေချာသည်။ သူတို့က ဆန္ဒမရှိသော်လည်း ရွှီရှန်းထျန်းဘက်တွင် လူအုပ်ကများသည့်အတွက် သူတို့က လက်လျော့လိုက်ကြရသည်။

ထိုအချိန်တွင် စင်မြင့်အများစုက သိမ်းယူခံလိုက်ရသည်။ အင်အားစုငယ်များမှ လူများကသာလျှင် လူစုခွဲလျက် ရှိနေကြသည်။ သူတို့က စင်မြင့်ကြီးများကို မသိမ်းယူနိုင်ကြသေးချေ။ လုယွီက ပတ်ဝန်းကျင်သို့ တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ထောင့်တစ်နေရာသို့ လက်ညိုးထိုးလိုက်သည်။

“အဲ့ဒီကိုသွားမယ်”

ထိုနေရာက ခန်းမ၏ချောင်အကျဆုံးနေရာဖြစ်ပြီး ပြတင်းပေါက်ပင်မရှိချေ။ အင်အားစုကြီးများကမူ သူ့အားကြည့်ကာ လှောင်ကြသည်။

ရွှီရှန်းထျန်းကလည်း လှောင်သည်။

“နှင်းပျံဂိုဏ်းက လူတွေက ဒီလောက်အထိတောင်ကြောက်လန့်ပြီး မတိုက်ခိုက်ရဲဘဲ နေမယ်လို့ မထင်ထားမိဘူး”

ခန်းမအတွင်းရှိ အခြားသောလူများအားလုံးကလည်း နှင်းပျံဂိုဏ်းကို လှောင်သလိုကြည့်ကြသည်။ သူတို့အားလုံးက ခန်းမ၏အချို့သောအဆင့်မြင့်စင်မြင့်များကို သိမ်းယူထားကြသော်လည်း အခြားသောစင်မြင့်ကြီးများ ရှိနေသေးသည်။ ထို့အပြင် ထိုစင်မြင့်တိုင်းက ပေါက်ကွဲမတတ်ပြင်းထန်သည့် လေဝဲအရှိန်အဝါများ ထွက်လာမည့်နေရာများဖြစ်ကြသည်။ လုယွီ၏နေရာကမူ ချောင်အကျဆုံးနှင့် ဖုန်အတက်ဆုံးဖြစ်နေသည်။ ထိုကဲ့သို့သောနေရာမျိုးကို အင်အားစုငယ်များမှ လူများပင် မကြည့်ကြချေ။

သူတို့၏အမြင်တွင် လုယွီကကိုယ်ပိုင်စွမ်းအားမလုံလောက်သဖြင့် အခြားသူများထံမှ မလုယူရဲခြင်းဟု မြင်နေကြသည်။

အပိုင်း ၁၂၂၀

ရွှီရှန်းထျန်းက သက်ပြင်းချကာပြောသည်။

“အတိတ်တုန်းကဆိုရင် နှင်းပျံဂိုဏ်းက အဆင့်အတန်းမြင့်မဟာဂိုဏ်းကြီးပဲ။ အခုတော့ ဒီလိုအမှိုက်ကောင်ကို အရှင်ငယ်အဖြစ် ခေါ်လိုက်မိလို့ ဒုက္ခရောက်သွားပြီ”

ထိုစကားကို ကြားသောအခါ နှင်းပျံဂိုဏ်းမှလူများက ဒေါသထွက်သွားကြသည်။

“အရှင်ငယ် ကျွန်တော်က သူ့ကို သွားရိုက်ပေးမယ်”

လင်းကျန်းဖန်းက ဒေါသတကြီးပြောသည်။

လုယွီ၏ခွန်အားဖြင့်ဆိုလျှင် ခန်းမထဲရှိ မည်သည့်လူကမှ သူ၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။

လုယွီက ဖျော့တော့စွာပြောသည်။

“ပါးစပ်ပိတ်ပြီး ကျင့်ကြံကြ”

နှင်းပျံဂိုဏ်းအတွင်းတွင် လုယွီက အလွန်အဆင့်အတန်းမြင့်မားသည်။ လင်းကျန်းဖန်းက ဆန္ဒမရှိသော်လည်း ချက်ချင်းလိုလိုထကာ ကျင့်ကြံတော့သည်။

ရွှီရှန်းထျန်းကလည်း ပြသနာဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။ သို့သော်ထိုသို့မဖြစ်လာသည့်အခါ မောက်မာစွာသာ နှာခေါင်းရှုံ့လိုက်သည်။ သူက မုန်းတီးလွန်းနေသဖြင့် ပူနေတုန်း သံမဏိကို ရိုက်နှက်ရန် ကြိုးစားလိုက်သည်။

“ဖန်းယွန် မင်းက ဂိုဏ်းကနေ ငါ့ကြောင့် မောင်းထုတ်ခံရပေမဲ့ ငါတို့ဂိုဏ်းကလူဖြစ်ခဲ့တယ်။ အခုမင်းက နှင်းပျံဂိုဏ်းရဲ့အရှင်ငယ် ဖြစ်နေပြီ။ မင်းနည်းနည်းရင့်ကျက်သင့်တယ်လို့ မထင်ဘူးလား။မင်းရဲ့ ဂိုဏ်းတူညီငယ် ညီမငယ်တွေအားလုံးကို မင်းကြောင့် ဒုက္ခရောက်စေတော့မလို့လား”

ကျန်းရိကျင်းကလည်း ထိုအခွင့်အရေးကို ယူကာပြောသည်။

“ဟုတ်တယ် ဒီလိုငကြောက်က အရှင်ငယ်တစ်ယောက်ဖြစ်နေမယ်လို့ မထင်ထားမိဘူး”

လင်းကျန်းဖန်းက နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ ပြောလိုက်သည်။

“မင်းတို့သတ္တိရှိရင် ဒီနေရာကိုလာခဲ့စမ်းပါ။ ငါမင်းတို့ကို အဝတ်စုတ်ဖြစ်အောင် ရိုက်နှက်ပြမယ်”

အခြားသောတပည့်ဂိုဏ်းသားများက စိတ်မရှည်စွာပြောသည်။

“ပေါက်ကရတွေပြောမနေဘဲ ဆန္ဒရှိရင် လာစမ်းကြည့်လို့ရတယ်”

တော်ဝင်နယ်မြေက လူတိုင်းကလည်း နှင်းပျံဂိုဏ်းက ထိပ်တန်းအဆင့် ကျွမ်းကျင်ပါရမီရှင်များပြည့်နေကြောင်း သိထားကြသည်။ သူတို့က အမျိုးမျိုးသောပြိုင်ပွဲများကို ကျော်ဖြတ်ခဲ့ပြီး သူတို့၏နာမည်က နယ်မြေတစ်ခုလုံးအနှံ့ပျံ့နှံ့ခဲ့ပြီးသား ဖြစ်သည်။

“စိန်ခေါ်တာလောက်ပဲ တတ်နိုင်တယ်။ ဒုတိယပွဲမတိုင်ခင် မင်းတို့ကငါ့ရဲ့အတွင်းအားကို ကုန်အောင်လုပ်ချင်နေကြတာလား။ ယုတ်မာကြတာပဲ”

ရွှီရှန်းထျန်းကနှာခေါင်းရှုံ့သည်။

လင်းကျန်းဖန်းကလည်း အထင်တသေး ပြောသည်။

“မင်းမလာရဲရင် ပါးစပ်ပိတ်နေလိုက်”

ထိုအချိန်တွင် အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ကုန်သွားပြီဖြစ်သည်။ လူတိုင်း၏ခြေထောက်အောက်ရှိ ကြမ်းပြင်မှ တုန်ခါသံက ထွက်လာသည်။

“အရှိန်အဝါစွမ်းအင်တွေ ထွက်လာတော့မယ်”

တစ်စုံတစ်ယောက်က တအံ့တသြပြောသည်။

လေထဲသို့ဖြည်းညင်းစွာဖြင့် မြောက်တက်လာသော အခိုးအငွေ့ အရှိန်အဝါစွမ်းအားများကို ခံစားမိလိုက်ကြချိန်တွင် အရင်နှစ်များထက်ပို၍စွမ်းအားမြင့်မားနေကြောင်း သတိထားမိလိုက်ကြသည်။ ရွှီရှန်းထျန်းပြောသည့်အတိုင်း အရှိန်အဝါများက အညီအမျှခွဲဝေခြင်းမဟုတ်ချေ။ အချို့နေရာများက အလွန်များပြီး အချို့နေရာများက အလွန်နည်းပါးသည်။

တစ်ချိန်ထဲတွင်ပင် လုယွီတို့အဖွဲ့ရှိ လူတိုင်းနီးပါးက မျက်လုံးကိုအံ့အားတကြီး ဖွင့်လိုက်ကြသည်။

“ငါတို့ကမှ တကယ်ဉာဏ်ကောင်းတာပဲ”

“မဟုတ်သေးဘူး လေထဲက စိတ်ဝိဉာဉ်စွမ်းရည်စက်တွေကိုကြည့် ငါတို့ဘက်က အဆတစ်ရာလောက်ပိုများတယ်”

လင်းကျန်းဖန်းတို့အားလုံးက ပျော်ရွှင်စွာဖြင့် ကျင့်ကြံကြတော့သည်။ သို့ရာတွင် အချို့သောစင်မြင့်ကြီးများကလည်း ပြင်းထန်သည့်အရှိန်အဝါများကို ထုတ်ဖော်ထားကြသည်။

ရွှီရှန်းထျန်း၏ခြေထောက်အောက်ခြေစင်မြင့်ဝန်းကျင်တွင်ရှိသော နဂါးသားရဲရုပ်များမှ မည်သည့်အရှိန်အဝါမှ ထွက်မလာခဲ့ချေ။ ထိုအခြေအနေကိုမြင်သောအခါ ရွှီရှန်းထျန်း၏မျက်နှာက ပျက်ယွင်းသွားသည်။

“ဒီကောင်စုတ်က ဘယ်လိုတောင် ကံကောင်းနေတာလဲ တိုက်ဆိုင်လွန်းတယ်”

ရွှီရှန်းထျန်းက ဒေါသထွက်လာသည်။ သူက လုယွီရှိရာဘက်သို့ ချက်ချင်းလိုလို ပျံသန်းသွားလိုက်သည်။

လုယွီတို့ရှိနေသောနေရာမှရသည့် အရှိန်အဝါစွမ်းအားများက အများဆုံးဖြစ်နေသည်။ ရွှီရှန်းထျန်း၏နှလုံးသားက လောဘများဖြင့် ပြည့်နှက်လာပြီး အော်ဟစ်လိုက်သည်။

“ဒီနေရာက မင်းတို့အပိုင်မဟုတ်ဘူး ထွက်သွားစမ်း”

နှင်းပျံဂိုဏ်းမှလူများအားလုံးက သူ့အား လျစ်လျူရှုထားကြသည်။ သူတို့အားလုံးက မျက်လုံးများသာမှိတ်လျက် တိတ်ဆိတ်စွာကျင့်ကြံနေကြတော့သည်။ ရွှီရှန်းထျန်းက ထိုက်ရိဂိုဏ်းမှအရှင်ငယ်ဖြစ်ပြီး အခြားဂိုဏ်းတိုင်းက ရိုကျိုးစွာ ဆက်ဆံကြရသည်။ သို့သော် ဒီလိုအခြေအနေမျိုးနှင့် မကြုံတွေ့ဘူးချေ။

All Chapters