အခန်း (၁၂၅၁-၁၂၅၅)
Vol. 66 Ch. 1251-1255
အပိုင်း ၁၂၅၁
လူတိုင်းကလည်း သူတို့ကျော်ဖြတ်ခဲ့သည့်ကျင့်ကြံခြင်းအဆင့်များ၏ ကျင့်ကြံနည်းက လွဲမှားနေသည်ဟုပင် တွေးတောလာမိစေသည်အထိ ဖြစ်လာသည်။
“သင်္ကေတ အခုသုံးဆယ့်ခုနစ်ခု ဖြစ်သွားပြီ”
အဆင့်လွန်အဆင့်တစ်ယောက်က ပြောသည်။
ကြောက်မက်ဖွယ်မိုးကြိုးများ၏အောက်တွင် လုယွီ၏ကိုယ်က အက်ကွဲရာများပြည့်နှက်လာခဲ့ကာ အရိုးဖြူများပင် ပေါ်လာသည်။ လုယွီက ရုတ်တရက် မျက်လုံးကိုဖွင့်ပြီးနောက် ကောင်းကင်သို့ကြည့်သည်။
“ငါ့ရဲ့အကန့်အသတ်က ဒီထက်ပိုတယ်”
လုယွီက နောက်ထပ်ခြေတစ်လှမ်းလှမ်းပြန်သည်။ ဒီတစ်ကြိမ်တွင် သူကခြေလှမ်းတစ်ဝက်ခန့်သာ လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
“သူရူးနေပြီ။ တစ်ချိန်တုန်းက စွမ်းအားကြီးမားလွန်းတဲ့သူတွေတောင်မှ ဒီမိုးကြိုးအောက်မှာ သေဆုံးသွားခဲ့ပြီး သေမျိုးတွေဖြစ်သွားကြတယ်။ သူတို့ဘယ်တော့မှ ပြန်လည်မမွေးဖွားနိုင်ကြတော့ဘူး”
“ဒီလိုပါရမီရှင်မျိုးက ဒီလိုပျက်စီးသွားရမှာ နှမြောစရာပဲ။ သူကအစပိုင်းက ထိုက်ရိဂိုဏ်းကနေ မောင်းထုတ်ခံလိုက်ရတယ်။ နှမြောစရာကောင်းတာက ဒီနေရာမှာ ထိုက်ရိဂိုဏ်းကလူတွေမရှိနေကြဘူး။ မဟုတ်ရင် သူတို့ဘယ်လိုအမူအရာဖြစ်နေမလဲ ငါသိချင်သေးတယ်”
ကြည့်ရှုသူများအားလုံးက သက်ပြင်းချနေကြသည်။ သို့သော် လုယွီကရှင်သန်နိုင်မည်မဟုတ်ဟု သူတို့ခံစားနေရသေးလေသည်။
ထိုအချိန်တွင် ကောင်းကင်တွင် မျက်စိကြိမ်းမတတ်တောက်ပသော မီးတောက်များကထွက်ပေါ်လာသည်။ ကြီးမားသောမီးတောက်ကြီးထွက်ပေါ်လာပြီး မြင့်မားသောကောင်းကင်အနှံ့ဖြန့်ကျက်တည်ရှိနေဟန်က အလွန်အမင်းခြောက်ခြားဖွယ်ကောင်းသောအရှိန်အဝါကို ခံစားလာမိစေသည်။ သုံးဆယ့်ရှစ်ခုမြောက် သင်္ကေတတစ်ခုက ထွက်ပေါ်လာပြန်သည်။
ထိုသင်္ကေတပေါ်လာသည်နှင့် လုယွီ၏ပုံရိပ်က ရှေ့သို့ထပ်တစ်လှမ်းတိုးလိုက်ပြန်သည်။ သူ၏အနောက်တွင် သင်္ကေတသုံးဆယ့်ရှစ်ခုက ထွက်ပေါ်နေပြီး မျက်စိကြိမ်းမတတ်တောက်ပနေသည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် လုယွီ၏ယခင်စွမ်းအားကြီးမားလှသောကိုယ်က ကွဲအက်လာသည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးများက စိုရွဲကာ ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့လေပြီ။
“ဒါက မီးကျောက်ဆီကလာတဲ့ မီးနိယာမစွမ်းအားပဲ”
လုယွီက အသက်ပြင်းပြင်းရှူသည်။ သူ၏တစ်ကိုယ်လုံးက ပြန်လည်မွေးဖွားလာသလိုခံစားရသည်။
“ငါ လုပ်နိုင်တယ်…ဆက်သွားမယ်”
လုယွီက ခြေတစ်လှမ်းထပ်လှမ်းပြန်သည်။ ထိုအချိန်တွင် အလွန်အန္တရာယ်များသောအရှိန်အဝါတစ်ခုက ထွက်ပေါ်လာသည်။ အထက်တွင်စုစည်းနေသောမိုးကြိုးများအားလုံးက ရန်စခံရသလိုမျိုး ပို၍ကြောက်လန့်ဖွယ်ကောင်းလာတော့လေသည်။
မြွေဖြူရောင်မိုးကြိုးများက မဲမှောင်သွားသည်။ ထို့နောက်မိုးကြိုးနဂါးတစ်ကောင်အဖြစ်ပြောင်းလဲကာ လုယွီကိုကြည့်ပြီး ဟိန်းဟောက်တော့သည်။
“မိုးကြိုးနဂါးပါလား”
“ငါဒါကို ရှေးဟောင်းတာအိုကျမ်းစာပိုဒ်ထဲမှာ တစ်ကြိမ်မြင်ခဲ့ဖူးတယ်။ ရှေးခေတ်အချိန်က သူတော်စင်ကြီးတွေက အဆင့်တက်တဲ့အချိန်မှာ ကောင်းကင်ရဲ့မနာလိုမှုကိုခံရပြီး မိုးကြိုးနဂါးတွေရဲ့သတ်ဖြတ်ခြင်းကိုခံရတယ်”
“သူက ဘာလုပ်လိုက်လို့ ကောင်းကင်ကတောင် ဒေါသထွက်သွားရတာလဲ”
အဆင့်လွန်အဆင့်တစ်ယောက်က သက်ပြင်းချပြီးပြောသည်။
“မနာလိုမဖြစ်ဘဲနေမလား လုထျန်းကန်းရဲ့နှင်းပျံဂိုဏ်းက သင်္ကေတသုံးဆယ့်ရှစ်ခုပိုင်တဲ့ အဆင့်အမြင့်ဆုံးအရှင်ငယ်တစ်ပါးကို ပိုင်ဆိုင်သွားခဲ့တယ်။ သူသာအဆင့်လွန်အဆင့်ဖြစ်သွားရင် ဘယ်လောက်စွမ်းအားကြီးလိုက်မလဲဆိုတာ ကောင်းကင်ကပဲ နားလည်လိမ့်မယ်”
သူတို့၏စကားမှတစ်ဆင့် မိုးကြိုးနဂါးအဖြစ်ပြောင်းလဲသွားခြင်းမှာ လူအများ၏လုယွီအပေါ်ထားသော မနာလိုစိတ်များကြောင့် ကောင်းကင်က ခံစားမိပြီး တစ်ဖန်စွမ်းအားကိုထုတ်လွှတ်ပေးသည်ဟု ဆိုလိုနေသည်။ လူအများစု၏အကြည့်က လုထျန်းကန်း၏ကိုယ်ပေါ် ရောက်လာခဲ့သည်။
နှင်းပျံဂိုဏ်းတွင် လုထျန်းကန်းရှိခြင်းကပင် လူတိုင်းကို ခြိမ်းခြောက်ခံရသလို ခံစားစေခဲ့ရပြီးသားဖြစ်သည်။ ယခုကဲ့သို့သာ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ယောက် နှင်းပျံဂိုဏ်းတွင် ထွက်ပေါ်လာမည်ဆိုလျှင် သူတို့အနေဖြင့် မည်သည့်နည်းနှင့်မှ နှင်းပျံဂိုဏ်းကိုကျော်နိုင်မည်မထင်ချေ။
တိမ်ဆိုင်များအတွင်းတွင် လုယွီရင်ဆိုင်နေရသည့် မိုးကြိုးနဂါးကြီးက အလွန်အမင်းပြင်းထန်သည့်စွမ်းအားများကို ထုတ်ဖော်နေလေတော့သည်။ လုယွီက သူ၏သွေးအလိမ်းလိမ်းဖြစ်နေသည့်ကိုယ်ကို တရွတ်တိုက်ဆွဲပြီးရှေ့သို့တက်ပြန်သည်။
”လာစမ်းပါ မင်းဘယ်လောက်စွမ်းအားကြီးသလဲ ပြစမ်းပါ”
လုယွီကအော်ပြီး မိုးကြိုးနဂါးထံ လက်ရမ်းလိုက်သည်။
မိုးကြိုးနဂါးက အလွန်ဒေါသထွက်သွားပြီး လုယွီကိုကြည့်ကာ ဒေါသတကြီးဟိန်းဟောက်သည်။ သူကပါးစပ်ကြီးကိုဖြဲပြီး လုယွီကိုဝါးမြိုရန်ကြံစည်လာတော့သည်။ ထိုအချိန်တွင် မိုးကြိုးလျှပ်စီးများက အလွန်ပြင်းထန်စွာထွက်ပေါ်လာပြီး လုယွီကိုဝိုင်းပတ်လာကာ နဂါး၏ဝါးမြိုခြင်းကိုခံရရန်ပြင်ဆင်ပေးနေသည်။
အဆုံးမသတ်နိုင်သောမိုးကြိုးများ၏ အလယ်တွင် လုယွီ၏မွေးညင်းပေါက်များအားလုံးက ပွင့်ထွက်သွားကာ မိုးကြိုးစွမ်းအားများက အထဲသို့စီးဝင်သွားကြသည်။
ထိုအပေါက်များမှတစ်ဆင့်သွေးများက ဆက်တိုက်စီးထွက်လာသည်။ ထိုမျှပြင်းထန်သည့် မိုးကြိုးများ၏အောက်တွင် သူ၏အရိုးများက ဆက်တိုက်အက်ကွဲသံများကို ထုတ်ဖော်လာပြန်သည်။ လုယွီ၏ကိုယ်ပေါ်ကျရောက်နေသည့် မိုးကြိုးများ၏ဒဏ်က အလွန်ပြင်းထန်ကြောင်းကို ဟိုးအဝေးမှကြည့်နေသောအဆင့်လွန်အဆင့်များအားလုံးက ခံစားမိကြကာ ရင်ခုန်နှုန်းမြန်ဆန်လာကြသည်။
လူတိုင်း၏အကြည့်အောက်တွင် လုယွီက ခေါင်းကိုမော့ကာအော်ပြန်သည်။
“ဖွင့်စမ်း”
သူ၏ရင်ဘက်မှလျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိပုံစံခွက်တစ်ခုက ဖြည်းငြင်းစွာ လှည့်ပတ်လာသည်။ မိုးကြိုးနဂါးက လုယွီကို ဝါးမြိုတော့မည့်အချိန်တွင် ထိုဖိအားအောက်တွင် သေးသထက်သေးသွားခြင်းကို မြင်လိုက်ကြရသည်။
အပိုင်း ၁၂၅၂
အဝေးမှကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သောမိုးကြိုးများကို လုယွီကိုယ်တိုင်က ဝါးမြိုလိုက်ခြင်းအား မင်သက်ဖွယ်မြင်လိုက်ရလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားတော့သည်။
လုထျန်းကန်းက ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏ လက်ချောင်းများကပင် လှုပ်ခါလာသည်။
“သူက သူကမိုးကြိုးတွေကို ဝါးမြိုလိုက်တာလား”
ထိုကဲ့သို့သောဖြစ်ရပ်မျိုးက ရှေးခေတ်အချိန်က သမိုင်းတွင်ခဲ့သော ဒဏ္ဍာရီပုဂ္ဂိုလ်များကပင် မလုပ်နိုင်ခဲ့သော အရာများဖြစ်နေသည်။
လူတိုင်း၏အကြည့်အောက်တွင် သူ၏ပတ်ပတ်လည်မှ မိုးကြိုးများအားလုံးကို လုယွီက ဝါးမြိုသွားကြောင်းကို မြင်လိုက်ရလေသည်။ နာရီဝက်ခန့်ကြာပြီးသည့်နောက်တွင် လူတိုင်းက လုယွီကိုသာ မတုန်မလှုပ် စိုက်ကြည့်မိကြတော့သည်။ နောက်ဆုံးကျန်သောမိုးကြိုးက လုယွီ၏အရေပြားအတွင်းသို့ ဝင်ရောက်ပြီးနောက် သူ၏အရေပြားမှ ပေါက်ကွဲသံထွက်ပေါ်လာသည်။
လွင့်မျောနေသောတိမ်ဆိုင်များအထဲမှ ပုံရိပ်ယောင်များက ထွက်ပေါ်လာသည်။ အားလုံးက ရွှေရောင်ပုံရိပ်ကြီးများဖြစ်နေကြပြီး တည်တင်းသောအမူအရာများဖြင့် ဖြစ်နေကြသည်။ တစ်ချိန်ထဲလိုလို သူတို့အားလုံးက လုယွီကိုကြည့်ပြီး ရှေးခေတ်သင်္ကေတများကို မှုတ်ထုတ်ပေးကြသည်။ သူတို့ကရှေးခေတ်ကောင်းကင်ဘာသာစကားနှင့်ပြောနေသည်ဟု ထင်ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်း၏နှလုံးသားက တုန်ယင်သွားပြန်သည်။ တစ်စုံတစ်ယောက်က ခပ်တိုးတိုးပြောသည်။
“ဒါက ကောင်းကင်နဲ့မြေပြင် အမြင်အာရုံမဟုတ်လား”
ထိုမြင်ကွင်းကသာ တစ်လောကလုံးအနှံ့ပျံ့နှံ့သွားမည်ဆိုလျှင် အားလုံးက မင်သက်အံ့သြဖွယ် ပါးစပ်အဟောင်းသားဖြစ်လောက်သည်။ ထိုရှေးခေတ်ဘာသာစကားများက ကောင်းကင်အနှံ့ပျံ့နှံ့သထက် ပျံ့နှံ့လေရာ လုယွီထံသို့နေရောင်ခြည်အလင်းတန်းကဖြာကျစေလာသည်။ လုယွီ၏တစ်ကိုယ်လုံးတွင် သွေးများစိုရွှဲလျက်အနေအထားဖြင့် သူကထိုနေရာတွင်ပင် ထိုင်ချလိုက်သည်။
သူ၏တစ်ကိုယ်လုံးက သွေးများဖြင့်စိုရွှဲကာ မိုးကြိုးပစ်ခံရသဖြင့် လောင်ကျွမ်းပြာနှမ်းနေသည်ဟု ထင်ရသည့်တိုင်အောင် သူ၏အရှိန်အဝါက ခန့်မှန်း၍မရနိုင်အောင် တိုးသထက်တိုးလာသည်ဟုလည်း သူက ခံစားမိနေသည်။
“ကောင်းကင်နဲ့မြေပြင် အမြင်အာရုံကိုရဖို့ အခွင့်အရေးက အရမ်းရှားပါးလွန်းတယ်။ ရှေးခေတ်မှတ်တမ်းတွေမှာတောင် တစ်ခါမှ မရှိခဲ့ဘူးသေးဘူး”
“သူ့ရဲ့အနောက်ကို ကြည့်လိုက်ဦး”
ရုတ်တရက်အော်ဟစ်သံက ထွက်လာသည်။ လုယွီ၏အနောက်ရှိ သင်္ကေတများထဲတွင် ငွေဖြူရောင်သင်္ကေတတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုသင်္ကေတက မိုးကြိုးနဂါး၏ သင်္ကေတတစ်ခုဖြစ်ပြီး လုယွီကိုလှည့်ပတ်ကာ ပျံသန်းဟိန်းဟောက်နေဟန်ဖြစ်သည်။ လုယွီ၏အနောက်တွင် သင်္ကေတသုံးဆယ့်ကိုးခု ထွက်ပေါ်လာလေပြီ။
လုယွီက ရုတ်တရက်သူ၏လက်ကိုမြောက်ကာ လှုပ်ရှားလိုက်ပြီး သူ၏တစ်ကိုယ်လုံးအနှံ့ ရေစီးသွားသကဲ့သို့သော ခံစားချက်မျိုးကိုဖြစ်သွားစေလိုက်ကာ စွမ်းအင်များကို လွှမ်းခြုံလိုက်ပြီး ဒဏ်ရာတိုင်းကို ကုသတော့သည်။
သူ၏ကိုယ်အတွင်းမှ ထွက်ပေါ်နေခဲ့သော သင်္ကေတသုံးဆယ့်ကိုးခုလုံးက ပြန်လည် ဝင်ရောက်သွားချိန်တွင် သူ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းက တောက်ပလာတော့သည်။
“သူက အဆင့်လွန်အဆင့်ကို တက်တော့မယ်”
“သင်္ကေတသုံးဆယ့်ကိုးခုနဲ့သာ သူက အဆင့်လွန်အဆင့်ကိုတက်သွားခဲ့ရင် ထာဝရရှင်သန်သူတွေနဲ့တောင် တိုက်ခိုက်နိုင်မယ်လို့ ယူဆရတယ်”
ရုတ်တရက်လူအုပ်ထဲမှ ပုံရိပ်တစ်ချို့က ပျံသန်းလာသည်။ ပထမဦးစွာ တက်လာခဲ့သူက အပြာရောင်ဝတ်စုံဝတ်ထားလေသည်။ သူတို့က ကောင်းကင်တွင်ပေါ်လာသည်နှင့် သူတို့၏အစွမ်းထက်ဆုံးတိုက်ကွက်များကို ထုတ်ဖော်လိုက်ကာ လုယွီကိုတိုက်ခိုက်ကြသည်။ သူတို့အားလုံးက ချက်ချင်းလိုလို တိုက်ခိုက်ကြခြင်းဖြစ်သည့်အတွက် နှင်းပျံဂိုဏ်းမှလူများကပင် အချိန်မှီမတုန့်ပြန်နိုင်ခဲ့ကြချေ။
“မင်းတို့ လုပ်ရဲတယ်”
လုထျန်းကန်းက အော်ဟစ်လိုက်သည်။
သူကချက်ချင်းလိုလို လက်ဝါးမှအေးစက်သော ရေခဲစွမ်းအားများကို လွှတ်ထုတ်လိုက်သည်။
ဝုန်းကနဲပေါက်ကွဲသံနှင့်အတူ အပြာနှင့်အဖြူစွမ်းအားများက ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ အခြားရောက်လာသည့်ဓားများအားလုံးကလည်း တားဆီးခံရ၏။ လုထျန်းကန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းတို့ထပ်ပြီးလှုပ်ရှားရဲရင် နှင်းပျံဂိုဏ်းရဲ့ရန်သူအဖြစ်သတ်မှတ်မယ် အဲ့ဒီလူတွေမသေမချင်း ငါတို့က တောက်လျောက်လာသတ်ပြမယ်”
သူ၏စကားဆုံးသွားသည်နှင့် လူအများအပြားက နောက်သို့ဆုတ်သွားကြသည်။
“သူက ဘာလုပ်ချင်နေတာလဲ ဒီကောင်ကသာ အောင်အောင်မြင်မြင်အဆင့်တက်သွားခဲ့ရင် ငါတို့ကိုအလွတ်ပေးမှာတဲ့လား”
ချင်းရီဂိုဏ်းမှအဆင့်လွန်အဆင့်က အော်သည်။ ထိုသို့အော်လိုက်ချိန်တွင် လူအများစု၏မျက်ဝန်းအတွင်း သတ်ဖြတ်လိုစိတ်များက တောက်ပလာတော့လေသည်။ ယခင်ကတည်းက သူတို့က လုယွီအပေါ်အပြစ်ပြုခဲ့ပြီးနေလေပြီ။ ထိုကဲ့သို့သော လူမျိုးကသာ အဆင့်တက်သွားခဲ့ပြီးလျှင် သူတို့အတွက် ကောင်းသောကိစ္စများ ရှိလာမည်မဟုတ်ချေ။
“တော်ဝင်သားတော်က အရမ်းထူးဆန်းတယ် သူ့ကိုသေချာပေါက်မေးမြန်းရမယ်”
“ဟုတ်တယ် ဘယ်လိုဖြစ်ပြီး သင်္ကေတက ဒီလောက်ထိအများကြီးပေါ်လာနိင်မှာလဲ။ သူက ကျင့်ကြံတဲ့လမ်းစဉ်ကိုသာ ငါတို့အပေါ်လက်ဆင့်ကမ်းပေးမယ်ဆိုရင် ငါတို့အတွက် အကျိုးကျေးဇူးမရှိနိုင်ဘူးလား”
ထိုသို့ဖြင့်လူအများစုက ဆုံးဖြတ်ချက်ချလိုက်ကာ ချက်ချင်းလိုလို ရှေ့သို့ခုန်ဝင်လာကြပြန်သည်။ နှင်းပျံဂိုဏ်းမှအကြီးအကဲများအားလုံးက တားဆီးလိုသော်လည်း သူတို့က နှေးကွေးလွန်းနေခဲ့သည်။ ထို့ကြောင့်အပြာရောင်ဝတ်စုံနှင့်လူတစ်သုတ်က လုယွီထံနီးကပ်သွားကြသည်။
“သင်္ကေတသုံးဆယ့်ကိုးခုရှိတော့ရော ဘာဖြစ်လဲ အဆင့်တက်နေတဲ့အချိန်မှာ မင်းက ငါ့လက်ထဲမှာသေရမှာပဲ”
ချင်းရီဂိုဏ်းမှအဆင့်လွန်အဆင့်က အော်ဟစ်လိုက်ပြီး လုယွီ၏ပုခုံးကို ဖမ်းဆုပ်ရန်ကြံစည်လိုက်သည်။ သို့သော် ထိုအချိန်တွင် လုယွီက မျက်လုံးကိုရုတ်တရက် ဖွင့်လိုက်သည်။
“မင်းက သေချင်မှတော့ ငါက ဆန္ဒဖြည့်ပေးမယ်”
လုယွီက သူ့ပုခုံးကိုလာထိသော လူ၏လက်ကိုအသာအယာဖမ်းကိုင်လိုက်သည်။
“ဘာ”
ခုန်ဝင်လာသူတိုင်း၏အမူအရာများက တောင့်တင်းသွားကြကာ နေရာတွင်ပင်ရပ်တန့်သွားကြသည်။
အဆင့်လွန်အဆင့်သို့ ချိုးဖျက်တက်ရောက်နေချိန်က အလွန်အရေးကြီးသည်။ ထို့ကြောင့် အနည်းငယ်မှားယွင်းသွားသည်နှင့် တစ်ဘဝလုံးဒုက္ခရောက်သွားမည်ဖြစ်သည်။ သို့သော် လုယွီက မျက်လုံးကိုဖွင့်ကာ လူအများကိုပင် တိုက်ခိုက်နိုင်စွမ်းရှိနေသေးပလသည်။
“ဟွန့် ကိုယ့်ကိုယ်ကိုစွမ်းအားကြီးသလိုများ ဟန်ဆောင်ပြမနေနဲ့”
အပြာရောင်ဝတ်စုံနှင့်သူက အော်ဟစ်လိုက်ပြီး လက်ကိုရုန်းရန်ကြံစည်သည်။ သို့ရာတွင် သူက မည်သို့ပင်လုပ်စေကာမူ သူ၏လက်က လုယွီ၏အသာအယာဆုပ်ကိုင်ထားသောဖြူဖျော့သောလက်ကောက်ဝတ်ငယ်မှရုန်းထွက်၍မရချေ။
ထိုအချိန်တွင် သူ၏လက်က ကျိုးသွားသံကို ကြားလိုက်ရသည်။ ထိုအဆင့်လွန်အဆင့်၏ လက်မောင်းတစ်လျှောက်က ထူးဆန်းသောပုံသဏ္ဍာန်ဖြင့် လိမ်ကောက်သွားတော့လေသည်။
အပိုင်း ၁၂၅၃
“အာ င့ါလက်မောင်း”
ပြင်းထန်သည့်နာကျင်မှုက ချင်ရီဂိုဏ်းမှ အဆင့်လွန်အကြီးအကဲ၏ ဦးနှောက်ကို ပေါက်ထွက်မတတ်နာကျင်စေသည်။
သို့သော် သူက အကြီးအကဲတစ်ယောက်ဖြစ်သည့်အတွက် ထိုမျှပြင်းထန်သည့်တိုက်ကွက်ကို ရင်ဆိုင်ရသည့်တိုင်အောင် အံကိုကြိတ်ကာ တောင့်ခံနေသေးလေသည်။
ဒဏ်ရာမှ သွေးများဆက်တိုက်ထွက်ပေါ်လာပြီး သူ၏အပြာရောင်ဝတ်စုံ တစ်ခုလုံးကို နီရဲသွားစေသည်။ ထို့နောက် သူကနောက်လှည့်ကာ ထွက်ပြေးရန် ကြံစည်လေသည်။ သူ ဒီနေရာမှ ထွက်သွားချင်နေလေပြီ။
လုယွီ၏အရှေ့တွင် သူတို့က တတ်နိုင်စွမ်းအားမဲ့ရလေသည်။ သူတို့က လုယွီ အဆင့်တက်နေခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုကြသော်လည်း တစ်ဖက်က လက်တစ်ချက်ရမ်းလိုက်ရုံဖြင့် သူတို့က ယခုကဲ့သို့ အခြေအနေအထိ ဖြစ်သွားခဲ့ရသည်။ သို့သော် လုယွီက မမျှော်လင့်ထားစွာပင် လက်မလွှတ်ခဲ့ချေ။
“မင်းတို့က ထွက်ပြေးချင်တာလား”
လုယွီက လက်ဝါးကိုဖြန့်လိုက်သည်။ ထိုလက်ဝါးမှ ပြင်းထန်သည့်ဓါးချီတစ်ခုက ထွက်ပေါ်လာလေပြီး မိုင်ထောင်ပေါင်းများစွာအကွာသို့ တိုးဝင်သွားသည်။
“မင်း ရူးသွားပြီကောင်လေး”
ချင်ရီဂိုဏ်းမှ အကြီးအကဲက အော်ဟစ်လိုက်သည်။ သူက လျှို့ဝှက်သိုင်းကို သုံးပြီး ပြင်းထန်သည့်စွမ်းအားများကို ထုတ်ဖော်ကာ သူ၏အရှေ့တွင် ဒိုင်းအကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
ချင်းရီဂိုဏ်းမှ အဆင့်လွန်အကြီးအကဲက ပြင်းထန်သည့်မှော်စွမ်းအားဖြင့် ရင်ဆိုင်လိုက်ခြင်းဖြစ်သည်။ ဓါးချီနှင့်ဒိုင်းအကာအကွယ်လွှာတို့ လေထဲ ဆက်တိုက်တွေ့ဆုံသွားသောအခါ ပေါက်ကွဲသံက ထွက်ပေါ်လာသည်။
ထိုအချိန်တွင် အပြာရောင်ဝတ်စုံနှင့် နီရဲနေသောချင်းရီဂိုဏ်းမှ အဆင့်လွန်ကျင့်ကြံသူ၏ကိုယ်က လွင့်ထွက်သွားပြီး အောက်သို့ ဝုန်းခနဲပြုတ်ကျသည်။ တစ်ချက်တည်းနှင့်ထိုလူ သေဆုံးသွားခဲ့လေပြီ။
“သူက အဆင့်တောင် မတက်ရသေးဘူး၊ ဒီလောက်အထိ လုပ်နိုင်နေပြီလား”
အခြားသူများကမူ မင်သက်သွားကြရလေသည်။ သို့သော် မည်သူကမျှ မလှုပ်ရှားရဲကြတော့ချေ။
သူတို့က အဆင့်လွန်နယ်မြေတွင် ကျင့်ကြံသူများဖြစ်သည့်အလျှောက် ထာဝရရှင်သန်သူများဖြစ်လိုကြသည်။ သို့သော် ထိုသို့ ဖြစ်လိုကြသည်မှာ သူတို့၏အသက်ကို တန်ဖိုးထား၍ဖြစ်သည်။
လုယွီက လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက်တွင် သူနှင့်အနီးဆုံးလူထံသို့ လက်တစ်ချက်ရမ်းလိုက်သည်။ ထိုလူ၏နှလုံးသားက တုန်ယင်သွားပြီး နောက်လှည့်ကာ ပြေးတော့သည်။ သူက အလွန်မြန်သည်။ ဖျတ်ခနဲလက်ပြီးသည်နှင့် ကီလိုမီတာပေါင်းများစွာအကွာသို့ ရောက်သွားသည်။
“မြေအောက်လောကနတ်ဘုရား ဖောက်ခွဲခြင်း”
ထွက်ပြေးသွားသော ထိုလူ၏ခေါင်းက လုယွီ၏စကားသံအဆုံးတွင် ပေါက်ကွဲသွားကာ ကိုယ်ကသာ ထီးမားစွာကျန်ရစ်သည်။ အချိန်တိုအတွင်းတွင် လူနှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။
ပတ်ဝန်းကျင်ရှိ အဆင့်လွန်အဆင့်များအားလုံးကလည်း အန္တရာယ်ကို ခံစားမိကြပြီး မည်သူမျှ မလှုပ်ရှားရဲကြတော့ချေ။ လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက် လုယွီက ပတ်ဝန်းကျင်ကိုသာ တည်ငြိမ်စွာကြည့်နေလိုက်သည်။ လုယွီ၏ ယခုအစွမ်းပြကွက်ကိုသာ မမြင်ဖူးကြလျှင် သာမန်သေမျိုးတစ်ယောက်ဟုသာ ထင်လောက်သော်လည်း ယခုမူ မည်သူကမျှ အထင်မသေးရဲကြတော့ချေ။
လုယွီက အဆင့်လွန်အဆင့်များကို အသာအယာသတ်ဖြတ်နိုင်စွမ်း ရှိနေသူဖြစ်သည်။
လုယွီက အသက်ပြင်းပြင်းရှူပြီးသည်နှင့် သူ၏နောက်ဆုံးကျန်သောအရိုးနှင့် ကြွက်သားများအားလုံက ပြန်လည်ဖြစ်တည်လာခဲ့ကာ ပြင်းထန်သည့်အရှိန်အဝါကို ထုတ်လွှတ်တော့သည်။ သူက အဆင့်လွန်အဆင့်သို့ အောင်မြင်စွာ ရောက်သွားခဲ့လေပြီ။
ယခင်က မြေကမ္ဘာကိုတောင် တုန်ဟီးစေလောက်သော စွမ်းအားများအားလုံးက ဖျော့တော့သွားပြီး ပျောက်ကွယ်သွားသည်။
အပိုင်း ၁၂၅၄
လုယွီက အဆင့်သေးနှစ်ဆင့်ကိုလည်း ကျော်ဖြတ်သွားပြီး အဆင့်လွန်အဆင့်၏ အလယ်အလတ်အဆင့်သို့ တိုက်ရိုက်ရောက်သွားခဲ့လေသည်။
“ငါ့ရဲ့စွမ်းအားက နတ်ဘုရားနယ်မြေရဲ့ အက်ကွဲနေတဲ့အပိုင်းအစတွေအားလုံးကို ဖိနှိမ့်ဖို့လုံလောက်နေပြီ၊ ထာဝရရှင်သန်သူတွေရဲ့ အစောပိုင်းအဆင့်တွေတောင်မှ ငါနဲ့ကြုံတွေ့ရမယ်ဆိုရင် သူတို့ကပဲ ဖိနှိမ့်ခံရလိမ့်မယ်”
လုယွီက လက်သီးဆုပ်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ခံစားသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အဆင့်လွန်အဆင့်များကို ကြည့်လိုက်သည်။
“မင်းတို့ရဲ့ဖခင်ဆိုတာ သေပြီ မင်းတို့ ထွက်သွားလို့ရပြီ”
လုယွီက ပေါ့ပါးစွာပြောသည်။
“ဘာ”
ထိုစကားကိုကြားသောအခါ လူတိုင်းက မျှော်လင့်ထားပြီးဖြစ်သည့်တိုင်အောင် တုန်ယင်သွားကြရသေးလေသည်။
သူတို့၏လောကမှ တော်ဝင်ဖခင်က အဆင့်လွန်အဆင့်များအားလုံးကို အညံ့ခံအောင် လုပ်နိုင်ခဲ့သော်လည်း ထိုလူက သေဆုံးသွားခဲ့သည်။ ယခင်က နှင်းပျံဂိုဏ်း၏အရှင်ငယ်ဖြစ်သောလုယွီက ပြောခြင်းဆိုလျှင် သူတို့က သံသယဝင်လောက်သည်။ ယခုမူ လုယွီက အဆင့်လွန်အဆင့် နှစ်ယောက်ကို ချက်ချင်းသတ်ဖြတ်လိုက်ခြင်းဖြစ်လေရာ မည်သူကမျှ သူ၏လုပ်နိုင်စွမ်းကို သံသယမဝင်ကြပေ။
လုထျန်းကန်းက ပြောသည်။
“တော်ဝင်ဖခင်က ဘယ်လိုသေသွားတာလဲ”
“ငါ သတ်လိုက်တာ”
လုယွီက တည်ငြိမ်စွာပြောသည်။ သာမန်ကိစ္စတစ်ခုကို ပြောရသလိုမျိုး သူ၏လေသံက တည်ငြိမ်နေသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့သည်။ လူအများစုက လုယွီကို စိုက်ကြည့်ကြပြန်သည်။ ထိုသူများ မတုန့်ပြန်နိုင်ခင်မှာပင် ကောင်းကင်တွင် ပေါက်ကွဲသံက ဆက်တိုက်ထွက်ပေါ်လာသည်။ တိမ်စိုင်များအားလုံးက အလယ်မှစတင်ကာ ကွဲအက်သွားပြီး နေ့အလင်းရောင်က ဖြာကျလာသည်။
ရွှေရောင်ချိတ်စည်းတံဆိပ်ကဲ့သို့သော အရာတစ်ခုက ထွက်ပေါ်လာပြီး နောက်တွင် လုယွီ၏လက်ပေါ်သို့ ကျရောက်လာသည်။
“ကောင်းကင်ကိုတက်ရောက်မယ့် လမ်းကြောင်းက ပေါက်ထွက်သွားပြီ၊ ရေခဲနယ်မြေက တော်ဝင်ချိတ်စည်းတံဆိပ်က ငါ့လက်ပေါ် ရောက်ရှိလာပြီ”
ရေခဲနယ်မြေတွင် အဆုံးအစမဲ့သောနယ်မြေများ ပိုင်ဆိုင်ပြီး မြက်ခင်းပြင်နှင့် တောအုပ်နယ်မြေများအားလုံးလည်း တည်ရှိသည်။ ထိုနယ်မြေများအားလုံးကို လုယွီက အုပ်ချုပ်နိုင်စွမ်းရှိသွားလေပြီ။
“ဒါက ရှေးဟောင်းထျန်းတင်ရဲ့ တရားဝင်ချိတ်စည်းတံဆိပ်ပဲ”
လုယွီကသူ့လက်ထဲမှ ရွှေရောင်တံဆိပ်ကိုကြည့်ပြီးနောက် သူ၏မျက်မှောင်က ကြုတ်သွားသည်။
သူက တောင်ပိုင်းနယ်မြေသို့ ရောက်မလာခင်က လူကြီးမင်းဝေနှင့် တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည့်အတွက် နန်ဟွမ်မှ ချိတ်စည်းတံဆိပ်ကို မြင်ခဲ့ဖူးသည်။ အနှစ်ချုပ်ဆိုရသော် လုယွီ၏ချိတ်စည်းတံဆိပ်က ပို၍လေးလံကာ စွမ်းအားကြီးမားလွန်း နေခဲ့လေသည်။
“ဒီအဆင့်နိမ့်နယ်မြေက ငါ ထင်ထားသလောက် မရိုးရှင်းဘူးပဲ”
လုယွီက ရေရွတ်လိုက်သည်။
တော်ဝင်ချိတ်စည်းတံဆိပ်ကို ထုတ်ဖော်ပြီးသည်နှင့် လုယွီက သွေးချင်းနွယ်နေသော ဆက်သွယ်မှုကို ခံစားလိုက်ရသည်။
လုထျန်းကန်းက သက်ပြင်းချကာ တွေးတောလိုက်သည်။
“ငါ စောင့်ကြည့်ရမယ်”
“ငါက ဒီနေ့ကစပြီး ဦးဆောင်လမ်းပြသူ ဖြစ်သွားလိမ့်မယ်”
ပတ်ဝန်းကျင်ရှိ စွမ်းအားကြီးမားသူများအားလုံးက လုယွီကို ဂါဝရပြုကြသည်။
“အရှင့်ကို ဂါဝရပြုပါတယ်”
လုယွီက မျက်မှောင်ကြုတ်သည်။
“ဒီရွှေရောင်ချိတ်စည်းတံဆိပ်ကို မင်းတို့ မှတ်မိကြတာလား”
လုထျန်းကန်းက ပြောသည်။
“အဆင့်နိမ့်တိုင်းပြည် ၈ ခု၊ ပင်လယ်နယ်မြေ ၄ ခုနဲ့နယ်စပ်နယ်မြေအားလုံးက အစွမ်းထက်ဆုံးလူကိုသာ အရှင်သခင်အဖြစ်သတ်မှတ်ပြီး ခစားကြရတာပါ၊ ဒီပိုင်နက်နယ်မြေအတွင်းမှာ ရှိသမျှကလန်တိုင်းက အရှင်သခင်ရဲ့အမိန့်ကို နာခံရပါတယ်၊ မဟုတ်ရင် လောကရဲ့ဖယ်ကျဉ်ခြင်းခံရပြီး အဲ့ဒီကလန်က စိတ်ဝိဉာဉ်စွမ်းအင်တွေအားလုံးကလည်း ပျောက်ဆုံးသွားပါလိမ့်မယ်”
လုယွီက စိတ်ရှုပ်ထွေးနေသေးသည်။ ထိုအခြေအနေကိုမြင်သောအခါ လုထျန်းကန်းက ပြောလိုက်သည်။
“ဒီအကြောင်းအရာတွေအားလုံးကို ရှေးဟောင်းမှတ်တမ်းထဲမှာ မှတ်တမ်း တင်ထားခဲ့တာပါ၊ တော်ဝင်ဘိုးဘေးက ဒီရှေးဟောင်းဘိုးတော်ကြီးနောက်ပိုင်း မျိုးဆက်တွေအားလုံးကို သတ်ဖြတ်ခဲ့လို့ ချိတ်စည်းတံဆိပ်အကြောင်းက ပျောက်ကွယ်သွားခဲ့တာပါ၊ ဒါပေမယ့် လျှို့ဝှက်နည်းလမ်းတွေနဲ့ ကျွန်တော်တို့မှာ သိမ်းဆည်းထားတဲ့ သိုင်းကျမ်းတွေ ရှိနေတုန်းပါပဲ”
လုယွီက ခေါင်းငြိမ့်လိုက်သည်။ သူ၏ အကြည့်က အစွမ်းထက်ဆုံးလူများထံသို့ ကြည့်ပြီးနောက်တွင် အမူအရာက ပို၍တည်ငြိမ်သွားသည်။ ထိုလူများအားလုံးက ယခင်က မော်ကြွားနေလေ့ရှိသော်လည်း ယခုမူ ခေါင်းကိုငုံ့ထားကြလေသည်။ သူတို့က နောင်တရနေကြလေသည်။
သူတို့ကသာ ရလဒ်ကို ကြိုသိထားမည်ဆိုလျှင် လုယွီကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြမည် မဟုတ်ချေ။
“ဒီလူတွေကို ဘာလုပ်ချင်ပါသလဲ အရှင်ဖန်း”
လုထျန်းကန်းက ရိုသေစွာပြောသည်။ ယခင်က သူက လုယွီ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ယခုအခါမူ လုယွီ၏လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာခဲ့လေပြီ။ မည်သို့ပင်ဆိုစေ လုယွီလက်ထဲတွင်ရှိနေသော ရွှေရောင်ချိတ်စည်း တံဆိပ်၏ လုပ်နိုင်စွမ်းအားက မြင့်မားသည်။
လုယွီက လုထျန်းကန်းကို ကြည့်ကာပြောသည်။
“ငါက ဖန်းယွန်မဟုတ်ဘူး၊ မင်းလည်းခန့်မှန်းမိမှာပါ”
အပိုင်း ၁၂၅၅
လုထျန်းကန်းက သူ့ကိုကြည့်သည်။
“ကျွန်တော်က ဉာဏ်ပညာရှိရှိ တွေးတောနိုင်ခဲ့ရုံပါပဲ”
ဂိုဏ်းတစ်ခုမှ အပြင်စည်းတပည့်ဂိုဏ်းသားတစ်ယောက်က ထိုမျှအထိ လုပ်နိုင်စွမ်းအားမရှိသင့်ဟု သူက ထင်ခဲ့ပြီးသားဖြစ်သည်။
လုယွီက သူ၏ ပုံရိပ်ယောင်စွမ်းအားကို ဖယ်ရှားလိုက်ချိန်တွင် ငယ်ရွယ်ချောမောသောမျက်နှာက ပေါ်လာသည်။
“ငါက တောင်ပိုင်းပြည်နယ်က လုယွီလို့ခေါ်တဲ့လူတစ်ယောက်ပဲ၊ လွန်ခဲ့တဲ့တစ်နှစ်လောက်က မြောက်ပိုင်းနယ်မြေကို ဝမ်ချန်းဆိုတဲ့နာမည်နဲ့ သွားရောက်ခဲ့တယ်၊ နောက်ထပ်နှစ်ဝက်ကြာတော့ ယခု ဖန်းယွန်ဖြစ်သွားတယ်”
“ငါ မင်းတို့ကို ငါ့ကိုသစ္စာရှိဖို့ အခွင့်အရေးပေးမယ်၊ ထွက်သွားချင်လည်းရတယ် ကြိုက်တာရွေး”
လုယွီက လုထျန်းကန်းတို့ကို ကြည့်သည်။
“မင်းတို့လည်းအတူတူပဲ၊ ကိုယ်တိုင်ရွေးချယ်ပါ”
ယခင်က လုယွီ၏နောက်ခံကို တစ်စုံတစ်ယောက်က ခန့်မှန်းမိအုံးမည် ဆိုလျှင်ပင် လုယွီ၏နောက်ခံက ထိုမျှငယ်ရွယ်သော တစ်စုံတစ်ယောက်ဖြစ်နေမည်ဟု မထင်ထားခဲ့မိမည်မှာ သေချာသည်။
“သူက ၂၅ နှစ်တောင် မရှိသေးဘူး”
အဆင့်လွန်အကြီးအကဲများအားလုံး၏ ရင်က တုန်ယင်သွားကြသည်။
“ဝမ်ချန်းဟုတ်လား၊ ဒါကမြောက်ပိုင်းနယ်မြေက တန်ဆေးဆရာဆိုတဲ့ ကျော်ကြားတဲ့ အဆင့်လွန်အရှင်သခင်မဟုတ်လား”
အဆင့်လွန်တစ်ယောက်က သူ၏သံသယကို ထုတ်ပြောသည်။ လုယွီက တိတ်ဆိတ်စွာပြန်ဖြေသည်။
“ဟုတ်တယ် ငါပဲ”
ထိုလူများအားလုံးက လေအေးကို ရှူရှိုက်လိုက်ကြသည်။ လုယွီကိုကြည့်သောအကြည့်က ပြောင်းလဲသွားကြလေပြီ။ လုယွီက အလွန်ငယ်ရွယ်သေးသည့်အပြင် သူ၏ဆေးပညာနယ်ပယ်မှ လုပ်နိုင်စွမ်းအားကလည်း မြင့်မားသည်။ လွန်ခဲ့သောနှစ်ဝက်ခန့်က အထိ ဝမ်ချန်းက မြောက်ပိုင်းပြည်နယ်တွင် လိုက်အဖမ်းခံခဲ့ရသည်။ မမျှော်လင့်ထားစွာပင် သူက အားလုံးကို သတ်ဖြတ်နိုင်ခဲ့ပြီး ပျောက်ကွယ်သွားခဲ့သေးလေသည်။
ဝမ်ချန်းက ရေခဲနယ်မြေမှ လိုက်ဖမ်းသူများလက်ထဲတွင် သေဆုံးသွားခဲ့ပြီဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာပင် သူတို့၏အရှေ့သို့ရောက်နေသည်။ ထို့အပြင် ရေခဲနယ်မြေမှ အလွန်မြင့်မားသော အဆင့်အတန်းမျိုးကို ရအောင်ယူနိုင်ခဲ့သေးလေသည်။
“လူငယ်တွေက ဒီလောက်အင်အားကြီးနေတယ်၊ ဖြစ်နိုင်တာက သူတို့က ထာဝရရှင်သန်သူဖြစ်ဖို့ ကံပါလာတာပဲ”
လူအများစုက လေးစားစွာ သက်ပြင်းချကြသည်။
သူတို့က လူအိုကြီးများဖြစ်နေကြသော်လည်း လူငယ်တစ်ယောက်ကို မမှီနိုင်ကြချေ။
“ငါက အရှင့်ကို သစ္စာခံပါတယ်”
လူအများစုက လုယွီထံတွင် သစ္စာခံလိုကြသည်။ လုယွီက မိုးကြိုးကပ်ဘေးမှ ရှင်သန်နိုင်ခဲ့ကတည်းက သူတို့က မည်သို့ရွေးချယ်ရမည်ကို နားလည်ထားကြလေသည်။
လုထျန်းကန်းတို့အားလုံးကမူ အနည်းငယ်တုံ့ဆိုင်းနေကြသည်။ သို့သော် တစ်ခဏခန့်ကြာပြီးနောက်တွင် လုယွီကို ဦးညွှတ်လိုက်ကြသည်။
လုယွီက သူတို့အတွက် လူငယ်မျိုးဆက်ဖြစ်နေသည့်တိုင်အောင် ထိုမျှငယ်ရွယ်ပြီး အလားအလာကောင်းသော ပါရမီရှင်တစ်ယောက်နောက်သို့ လိုက်ခြင်းက ပြဿနာမရှိနိုင်ချေ။ လုထျန်းကန်းတို့အားလုံးက အနည်းငယ် စိတ်ပျက်သွားသော်လည်း သစ္စာခံလိုက်ကြသည်။
“သူက ငါတို့ကို အများကြီးကျော်လွန်နေပြီ”
လုထျန်းကန်းက သက်ပြင်းချသည်။
အဆင့်လွန်အဆင့်အများစုက လုယွီကို သစ္စာခံသွားကြသည်။သို့သော် သစ္စာမခံသေးသော လူဆယ်ယောက်ကျော်ခန့်လည်း ရှိနေသေးလေသည်။ သူတို့၏မျက်ဝန်းများက မသေချာမှုများနှင့်ပြည့်နှက်နေကြသည်။ သူတို့က မည်သည့်စကားမျှ မဆိုချေ။ လုယွီကလည်း မတိုက်တွန်းချေ။ သူကလက်ရမ်းပြီးပြောသည်။
“ကောင်းပြီ မင်းတို့ ထွက်သွားလို့ရပြီ”
အချို့လူများက ထိုအခါတွင် သစ္စာခံလိုကြသည်။
“အရှင် ကျွန်တော်က အရှင့်ကိုသစ္စာခံပါတယ်”
သို့သော် အချို့လူများကမူ လုယွီက ရှင်သန်နိုင်ခဲ့သော်လည်း အလွန်ငယ်ရွယ်လွန်းနေသေးသည့်အချက်ကို ထည့်တွက်ကြသည်။ လူငယ်တစ်ယောက်၏ လက်ထဲတွင် သူတို့၏အသက်ကို မစတေးလိုကြချေ။ ထိုလူများ ထွက်သွားခဲ့သည့်တိုင်အောင် သည်နေရာတွင် လူအများအပြား ကျန်ရစ်ခဲ့သေးသည်။ လုယွီက ပြောသည်။
“မင်းတို့အများစုက ဂိုဏ်းအသီးသီးက ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေပဲ၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အကန့်အသတ်မှာ တစ်နေကြမယ်လို့ငါ ထင်တယ်”
“အခု ဒူးထောက်ပြီးထိုင်လိုက်ကြ၊ ငါ မင်းတို့ကို သစ္စာခံပွဲကျင်းပပေးမယ်၊ အလားတူ မင်းတို့အတွက်လည်း ဆုချီးမြှင့်ပေးမယ်”
ထိုလူများအားလုံးက မည်သည့်စကားမျှမဆိုကြသော်လည်း စိတ်ထဲတွင်မူ အထင်တသေးဖြစ်နေကြသေးလေသည်။ လုယွီကဲ့သို့ ငယ်ရွယ်သော လူတစ်ယောက်က သူတို့ကို မည်သည့်အရာများ ချီးမြှင့်နိုင်မည်ဖြစ်ကြောင်း နားမလည်ကြသေးချေ။
ပါရမီကနယ်ပယ်တစ်ခုဆိုလျှင် အတွေ့အကြုံက နယ်ပယ်တစ်ခုဖြစ်နေသေး သည်။ သူတို့အားလုံက နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးလေရာ လုယွီကဲ့သို့ လူငယ်တစ်ယောက်က သူတို့အား သင်ပြပေးနိုင်သည်များမရှိဟု ယူဆကြသည်။ သို့သော် သူတို့က စိတ်ဆုံးဖြတ်ပြီးကြလေပြီ။ လူအများစုက ထိုင်လိုက်ကြပြီး မတ်တပ်ရပ်နေသူများလည်း ရှိနေကြသေးလေသည်။
“သာမန်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထာဝရရှင်သူ မသေမျိုးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲမယ်၊ ရှေးခေတ်အချိန်ကတည်းက တောင်တန်းတွေထဲမှာ နေထိုင်ပြီး ချီစွမ်းအင်ကို လေ့ကျင့်ခဲ့တဲ့သူတွေရှိကြတယ်၊ သူတို့တွေက …”
လုယွီက စတင်ပြီး အတွေးအမြင်များကို ပြောပြလေသည်။ လူအများစုက နားထောင်ပြီးသောအခါ အထင်သေးသောမျက်နှာများမှ ဉာဏ်အလင်းပွင့်သော မျက်နှာများအဖြစ် ပြောင်းလဲလာခဲ့သည်။ လုယွီပြောသော စကားလုံးအများစုကို သူတို့ ကြားပင်မကြားဖူးကြသေးချေ။ သူတို့တွင် ရှေးခေတ်ကျမ်းစာများကို ပိုင်ဆိုင်ခဲ့ဖူးကြသည့်တိုင်အောင် ထိုကဲ့သို့သော အသေးစိတ်မှတ်တမ်းတင်ထားခြင်းများ မရှိကြချေ။ ထို့ကြောင့် လူအများစု၏ မျက်ဝန်းက တောက်ပသွားကြလေသည်။
ထို့ကြောင့် မတ်တပ်ရပ်နေသောသူများ အားလုံးကလည်း ထိုင်ချလိုက်ကြသည်။ သူတို့က သူတို့ မဖြေရှင်းနိုင်သည့်ပြဿနာများကို လုယွီ ဖြေရှင်းပေးသည်အား လက်ခံလိုကြလေသည်။