အခန်း (၁၂၅၆-၁၂၆၀)
Vol. 66 Ch. 1256-1260
အပိုင်း ၁၂၅၆
လုယွီက သုံးရက်တိုင်တိုင် ဟောပြောပို့ချခဲ့သည်။ လုယွီ၏အနားဝန်းကျင်တွင် အဆင့်လွန်အဆင့်ရာပေါင်းများစွာက အသက်ရှူခြင်းကိုပင် ထိန်းချုပ်ကာ နားထောင်နေကြသည်။ သူတို့၏အသက်ရှူသံက ပြင်းသွားလျှင် စကားတစ်လုံးချင်းစီ လွတ်သွားမည်ကို စိုးရိမ်နေကြလေသည်။
လျှို့ဝှက်နယ်မြေအတွင်းတွင် ရှိနေကြသေးသော လူငယ်တပည့်ဂိုဏ်းသားအချို့အတွက်မူ အလွန်ဝေးကွာသောနေရာမှ ကြည့်နေကြသည့်တိုင်အောင် သူတို့သည်လည်း ဂရုတစိုက် နားထောင်နေကြသည်။ ထိုကဲ့သို့သောအခွင့်အရေးမျိုးက ရှားပါးလေသည်။
ကောင်းကင်နယ်မြေမှ တာအိုပညာရှင်များကသာ ကောင်းကင်ဧကရာဇ်က ထိုသို့ပို့ချနေကြောင်း သိသွားခဲ့မည်ဆိုလျှင် ချက်ချင်းလိုလို ပြေးလာကြလောက်လေသည်။
သုံးရက်ကြာပြီးနောက် လုယွီက ရပ်တန့်လိုက်သည်။
“အခုဆိုရင် မင်းတို့အတွက်လုံလောက်သွားပြီ မင်းတို့ဘယ်လောက်ထိတိုးတက်အောင် လုပ်နိုင်မလဲဆိုတာက ကိုယ်တိုင်လုပ်နိုင်စွမ်းအားအပေါ် မူတည်သွားပြီ”
လူအများစု၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်များကို မြင်နိုင်သည်။
လုယွီက စကားပြောခြင်းကို ရပ်တန့်လိုက်သည်နှင့် အဆင့်လွန်အဆင့်တစ်ယောက်က အဆင့်ချိုးဖျက်တက်ရောက်သွားသည်။ အချိန်တစ်ခုကြာပြီးနောက် အရပ်မျက်နှာအနှံ့မှ အလင်းတန်းများစွာက ကောင်းကင်သို့ ထိုးတက်သွားလေသည်။
လုထျန်းကန်း၏ ခန္ဓာကိုယ်က အံ့သြတုန်လှုပ်မှုဖြင့် ပြည့်နှက်သွားသည်။ အကြောင်းမူကား သူ၏တစ်ကိုယ်လုံး လေအေးများလှည့်ပတ်စီးဆင်းနေပြီး အရှိန်အဝါတစ်မျိုးက ထိုးတက်သွားကာ သာမာန်မျက်စိဖြင့်ပင် မြင်နိုင်သော နဂါးတစ်ကောင်ပုံသဏ္ဍန်ဖြစ်တည်လာလေသည်။
“ငါနောက်ဆုံးတော့ နယ်မြေကို ကျော်ဖြတ်သွားနိုင်ပြီ”
“ငါအဆင့်လွန်အလယ်အလတ်အဆင့်မှာ ဆယ်နှစ်တောင် တစ်နေခဲ့တာ ဒီအဆင့်ကနေ တစ်ဘဝလုံး မချိုးဖြတ်နိုင်တော့ဘူးလို့ ထင်နေခဲ့တာ မမျှော်လင့်ထားဘဲ အဆင့်တက်သွားပြီ”
အင်အားကြီးမားသော လူများအားလုံးက ယခင်နှင့်မတူညီစွာ လုယွီအားလေးစားတကြီး စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။
လုယွီ၏ ဟောပြောချက်များက သူတို့၏အတွေ့အကြုံနှင့်ပင် မယှဉ်နိုင်အောင် မြင့်မားကြောင်း သူတို့နားလည်သွားကြသည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
လုယွီကို အထင်သေးခဲ့မိသူအများစုက တောင်းပန်ကြသည်။
လုယွီကလည်း သူ၏လက်ထဲတွင်ကိုင်ထားသော ချိတ်စည်းတံဆိပ်မှ ရွှေရောင်အလင်းတန်းများက ပို၍တောက်ပလာကြောင်း ခံစားမိသောအခါ သူက အံ့သြသွားလေသည်။
“ကံကောင်းမှုလား ၊ငါက ထာဝရရှင်သန်သူတောင်မဖြစ်သေးဘူး ဘယ်လိုများဒီလိုကံကောင်းမှုကို ပိုင်ဆိုင်နိုင်မှာလဲ”
လုယွီက အံ့သြသွားသည်။
သူကယခင်ဘဝတွင် ကောင်းကင်နယ်မြေတွင် အင်အားကြီးမားသူဖြစ်ခဲ့မည်ဆိုလျှင်ပင် သူကယခုအခါ သာမာန်သေမျိုးသာဖြစ်နေသေးသည့်အတွက် လူအများစု၏ ကိုးကွယ်ယုံကြည်မှုနှင့် စည်းကပ်ကြသောအမွှေးနံ့သာတိုင်များ ဆီမီးများဖြင့် ပူဇော်ခြင်းကို မခံရသေးချေ။ ထို့ကြောင့် ထိုသို့ လူအများ၏ ယုံကြည်မှုကြောင့်ဖြစ်လာသော ကံကောင်းမှုစွမ်းအားများကို မပိုင်ဆိုင်သင့်သေးချေ။
လုယွီက ယခင်ဘဝတွင် ထိုက်ချန်နှင့် သိုင်းပြိုင်ခဲ့ခြင်းကြောင့် ထိုကံကောင်းမှုများ၏အရေးပါမှုကို သိခဲ့ရသည်။ ထိုကံကောင်းမှုများက နည်းပါးနေခဲ့ပါက သူက နိုင်ခဲ့မည်လော မသေချာချေ။
“ဖုန်းမော့ဟန်လျန် မင်းတို့ရဲ့အမုန်းက ဒီနေ့ဆေးကြောလိုက်နိုင်ပြီပဲ”
လုယွီက တစ်ဖက်ခြမ်းမှ အပျက်အစီးတစ်နေရာသို့ စိုက်ကြည့်လိုက်သည်။ ထိုတစ်နေရာတွင် အလောင်းပင် ရှိမနေခဲ့ချေ။
ဟန်လျန်က သားရိုင်းကောင်ကြီးကဲ့သို့ အလွန်ကြီးထွားသည့် ခန္ဓာကိုယ်ကြီးအဖြစ်ပင် မကျန်ရစ်တော့ချေ။ အရိုးများပင် မကျန်ရစ်တော့ဘဲ သဲလွန်စတစ်စပင် မရှိအောင် ပျောက်ကွယ်လျက် သေဆုံးသွားခဲ့သည်။
လုယွီက လက်ထဲတွင်ကိုင်ထားသော ရွှေရောင်ချိတ်စည်းတံဆိပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး လေးနက်စွာပြောလိုက်သည်။
“ပိုင်လီနဲ့ဟိုင်လျန်တို့ကို နတ်ဘုရားတွေအဖြစ်ကိုးကွယ်ဖို့ ငါက အခုအမိန့်ထုတ်လိုက်မယ်။ ရေခဲနယ်မြေက ဂိုဏ်းသားတိုင်းနဲ့ သူတို့ရဲ့လက်အောက်ခံသေမျိုးတိုင်းပြည်တိုင်း ဘုရားကျောင်းတွေတည်ဆောက်ပြီး အမွှေးနံ့သာတိုင်နဲ့ ပူဇော်စေ”
ကောင်းကင်တွင် မိုးခြိမ်းသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တစ်ချိန်တိုင်းလိုလို ရေခဲနယ်မြေ၏ ထောင့်တိုင်း နေရာတိုင်းတွင် ဘုရားကျောင်းတစ်ခုစီ အလိုလိုပေါ်လာလေသည်။ ထိုဘုရားကျောင်းထဲတွင် ဟန်လျန်နှင့် ဖုန်းထောင်ကျွင်းတို့၏ ရုပ်ထုများက အလိုလိုပေါ်လာလေသည်။
“ဒါက နတ်ဘုရားတွေလား”
“ဒီလိုနတ်ဘုရားအဆင့်သိုင်းမျိုးကို မှတ်တမ်းထဲမှာတောင်မှ အကြမ်းဖျင်းလောက်ပဲ မှတ်တမ်းတင်ထားခဲ့တာ မဟုတ်ဘူးလား။ ရှေးခေတ်သူတော်စင်ကြီးတွေလောက်ပဲ ဒီလိုမျိုးလုပ်နိုင်တာ။ နောက်ပြီး ဒီလိုလုပ်နိုင်တဲ့သိုင်းမျိုးကလည်း ပျောက်ကွယ်သွားတာကြာလှပြီ”
ကြည့်ရှုနေသူအများစုက ကြောင်အသွားကြသည်။
လုယွီက အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ချီစွမ်းအင်က မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။
အပိုင်း ၁၂၅၇
ယခင်တယွီမင်းဆက်တွင် နတ်ဘုရားများက ထိုသို့ရုပ်ထုများဖြင့် ကိုးကွယ်ခံရလျှင် ကြီးမြတ်သောအရှိန်အဝါနှင့် ကံကောင်းမှုစွမ်းအားကို ပိုင်ဆိုင်ရရှိလေသည်။
“နတ်ဆိုးကလည်း သေသွားပြီဆိုတော့ ငါကောင်းကင်ဘုံကို တက်ရောက်ရမဲ့အချိန်ပဲ”
လုယွီက သက်ပြင်းချသည်။ ရုတ်တရက် သူကမျက်မှောင်ကြုံ့လိုက်သည်။
သူကတစ်စုံတစ်ရာကို လွဲချော်သွားသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်က သူကနတ်ဆိုးဘိုးဘေးနှစ်ပါးကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ တိရှားဘိုးဘေးက သေသွားလျှင် အခြားတစ်ယောက်က မည်သည့်နေရာသို့ရောက်သွားကြောင်း သူမသိခဲ့ချေ။
ထိုအကြောင်းအရာကိုတွေးမိသောအခါ လုယွီ၏မျက်ဝန်းမှ အေးစက်သောအလင်းရောင်များက လက်လာသည်။
“အရှင် ဘာဖြစ်တာပါလဲ”
လုထျန်းကန်းကလည်း သူ၏အပြုအမူတိုင်းကို ဂရုစိုက်နေလေရာ အမူအရာပြောင်းလဲသွားခြင်းကို နားလည်လိုက်သည်။
လုယွီက လက်ရမ်းလိုက်ချိန်တွင် သူ၏နတ်အရှိန်အဝါက ထိုဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုအချိန်တွင် လုယွီက သူ၏စိတ်စွမ်းအင်ကို ကန့်သတ်မထားတော့ချေ။
ငရဲခန်းမ ထာဝရရှင်သန်ခြင်းနယ်မြေတစ်ခုလုံးမှ အပင်ငယ်တိုင်း သစ်ပင်ကြီးတိုင်း သက်ရှိတိုင်းအားလုံးက လုယွီ၏ အာရုံခံမှုအတွင်း ပေါ်ထွက်လာသည်။ သို့ရာတွင် သူကထိုကောင်းကင်နတ်ဆိုးဘိုးဘေးကို ရှာမတွေ့ခဲ့ချေ။
“နှစ်ယောက်လုံးက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ် ကောလဟာလတွေအရ သူတို့က ဇနီးမယားစုံတွဲပဲ။ တစ်ယောက်ထဲကပဲ အသက်ရှင်ကျန်ရစ်နေဖို့က မဖြစ်နိုင်ဘူး”
လုယွီ၏အကြည့်က သူ၏ကိုယ်ပိုင်အိမ်ထံသို့ရောက်သွားသည်။
ထိုခြံဝန်းမှဂိတ်က မည်သူမှမရှိသည့်အလား ပိတ်ထားသည်။
လုယွီက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းလိုလို အဓိက ခန်းမအတွင်းတွင်ရှိသော နေရာတိုင်းမှ အဆောင်သင်္ကေတများကို သူကလှုပ်ရှားသွားစေလိုက်လေသည်။ ထိုသင်္ကေတများက လှုပ်ရှားသွားချိန်တွင် အတွင်းတွင်ရှိသော ရတနာများက ပေါ်လာသည်။ သို့သော် ရတနာပမာဏက အလွန်နည်းနေသည်။
“ငါမရှိတုန်း တစ်ယောက်ယောက်ခိုးသွားပြီ”
လုယွီ၏နှလုံးသားအတွင်း စိုးရိမ်မှုက ပြင်းထန်လာသည်။
ထိုနေရာတွင်ပုန်းနေခဲ့သည်က အခြားသောနတ်ဆိုးဘိုးဘေးတစ်ပါး ဖြစ်နိုင်သည်။ လုယွီက ရတနာများ ပျောက်ဆုံးသွားခြင်းကို ဂရုမစိုက်ပေ။ သို့သော်ကောင်းကင်နတ်ဆိုးဘိုးဘေးကသာ တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ကို အငှားယူပြီး ထွက်ပြေးသွားခဲ့လျှင် နောက်ပိုင်းပြန်ဖမ်းရန် ခက်ခဲသွားပေလိမ့်မည်
“အရှင် ဒီအဆောင်သင်္ကေတက ယွန်ရှန်းဂိုဏ်းရဲ့ သင်္ကေတပါ”
လုထျန်းကန်းက ပြောသည်။
လုယွီက မျက်မှောင်ကြုံ့လိုက်သည်။ သူက ကိုင်တွယ်ခဲ့သည့်သူတိုင်းကို သူမှတ်မိနေသေးသည်။သို့သော်သူက အဆင့်တက်နေခဲ့ပြီး ယွန်ရှန်းဂိုဏ်းက လျှို့ဝှက်စွာဖြင့် ထွက်သွားရန် ရွေးချယ်ခဲ့သည့်အတွက် ထိုနေရာတွင် ရှိမနေခဲ့ချေ။
“ယွန်ရှန်းဂိုဏ်းကိုသွားမယ်”
လုယွီက လေးနက်စွာပြောသည်။
…
ရေခဲနယ်မြေ ယွန်ရှန်းဂိုဏ်း…
မဟာဂိုဏ်းကြီးတစ်ခုဖြစ်သည့် ယွန်ရှန်းဂိုဏ်းက အင်အားအလွန်ကြီးမားပြီး အလွန်ကျယ်ဝန်းသောနယ်မြေကို ပိုင်ဆိုင်ထားသည်။ ထိုနေ့တွင် ယွန်ရှန်းဂိုဏ်းက အလွန်ကြီးမားသော ပွဲတော်ကြီးကို ကျင်းပနေသည်။
“ဟွန်ယွမ်အဆင့်လွန်အကြီးအကဲ အစောကြီးရောက်လာတာပဲ ကျေးဇူးပြုပြီးထိုင်ပါ”
“ရွှမ်လဲ့အကြီးအကဲမဟုတ်လား လာလည်ဖို့ခက်ခဲလိုက်တာ ကျေးဇူးပြုပြီးထိုင်ပါ”
မဟာခန်းမ၏ ခေါင်းဆောင်၏အရှေ့တွင် တပည့်ဂိုဏ်းသားများက ယဉ်ကျေးစွာဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို ကြိုဆိုနေလေသည်။
ဂိုဏ်းခေါင်းဆောင်က မည်သည့်အတွက်ကြောင့် ပွဲတော်ကျင်းပကြောင်း မည်သူမှမသိကြသော်လည်း အဆင့်လွန်အဆင့်ပေါင်းများစွာက ရောက်လာကြသည်။
ပွဲတော်တွင်…
ရောက်လာကြသူတိုင်းက သူတို့၏အင်အားအဆင့်အတိုင်း ထိုင်ခုံနေရာချခင်းပေးခြင်း ခံရသည်။
ထိပ်ဆုံးစားပွဲတွင်ထိုင်နေသည်က ယွန်ရှန်းဂိုဏ်းမှ ဘိုးဘေးဖြစ်သည်။ ထိုအချိန်တွင် ယွန်ရှန်းဂိုဏ်းမှ ဘိုးဘေးက ယွန်ရှန်းဂိုဏ်းမှ ထောင်ကျစ်တစ်ယောက်ဖြစ်သည့် ထျန်းယွီကျဲကို အနားတွင် ခေါ်ထိုင်ခိုင်းထားလေသည်။
“ကြွရောက်လာတဲ့ လူကြီးလူကောင်းအပေါင်းတို့ ဒီနေ့တွေ့ဆုံပွဲကိုကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရေခဲနယ်မြေက အပြောင်းအလဲကိစ္စပါပဲ။ ငါတို့ရဲ့ရေခဲနယ်မြေက ထိန်းချုပ်ခွင့် တရားဝင်စည်းတံဆိပ်ကို အခြားမျိုးနွယ်ခြားတစ်ယောက်က ပိုင်ဆိုင်သွားတယ်"
“ဒီကောင်လေးက ဘာနည်းလမ်းကိုသုံးပြီး အဆင့်တက်အောင်လုပ်နိုင်ခဲ့သလဲ မသိပေမဲ့ ဒီလိုအခြေအနေမျိုးကတော့ မဖြစ်သင့်ဘူးလို့ ယူဆရတယ်”
ထိုလူက နာကျင်သောလေသံဖြင့်ပြောသည်။
အဆင့်လွန်အဆင့်များအားလုံးကလည်း ခေါင်းငြိမ့်ကြလေသည်။ သူတို့အားလုံးက လုယွီကို သစ္စာမရှိရန် ရွေးချယ်ခဲ့ကြသည့် လူများဖြစ်ကြသည်။
အပိုင်း ၁၂၅၈
ထိုလူများတွင် အခြားသောကွာခြားသည့်အတွေးများရှိနေကြသည်။ ထို့ကြောင့် ယွန်ရှန်းဂိုဏ်းဘိုးဘေးက သူတို့အားတွေ့ဆုံရန် ခေါ်ခဲ့သည့်အခါ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြခြင်းဖြစ်သည်။ တစ်ဖက်ခြမ်းမှ မီးခိုးရောင်ဝတ်စုံနှင့် အဆင့်လွန်အကြီးအကဲတစ်ယောက်ကပြောသည်။
“ဒီကောင်လေးက အဆင့်တက်တဲ့အချိန်မှာ သင်္ကေတသုံးဆယ့်ကိုးခုတောင် ပေါ်လာတယ် ရှေးခေတ်အချိန်မှာတောင် လုံးဝမဖြစ်ဘူးတဲ့ ကိစ္စပဲ နောက်ပြီး သူကတစ်ချိန်ထဲမှာ အဆင့်လွန်အဆင့်နှစ်ယောက်ကိုတောင် အောင်မြင်အောင် သတ်လိုက်နိုင်တယ်။ ဒီအင်အားက ငါတို့တွေလုံးဝကို သတိထားစဉ်းစားရမဲ့ အခြေအနေမျိုးပဲ”
သူ၏မျက်နှာချင်းဆိုင်တွင် ကတုံးနှင့်ဘုန်းတော်ကြီးတစ်ပါးရှိနေသည်။ သူကလည်းအထင်တသေး နှာခေါင်းရှုံ့နေသည်။ ထိုလူက ရေခဲနယ်မြေမှ ပထမအဆင့်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သူ၏နာမည်က ရွှမ်လဲ့ဖြစ်သည်။
ဆရာသခင်ရွှမ်လဲ့ကလည်း နှာခေါင်းရှုံ့ကာပြောသည်။
“လုယွီဆိုတာက ဘာလဲ ငါကသူ့အကြောင်းလွှတ်ပြီး စုံစမ်းခိုင်းပြီးပြီ။ အရင်က သူက အဲ့ဒီမှာ နာမည်သုံးပြီးနေခဲ့တဲ့ ဝမ်ချန်းဆိုတာက ဆေးတွေဖော်တတ်ရုံလောက်ပဲရှိတာ ဘာများကျော်ကြားစရာရှိလဲ”
“နောက်ပြီး သူကဒီလိုအဆင့်မှာ ဒီလောက်အထိ အင်အားကို ပိုင်ဆိုုင်ထားတယ်ဆိုကတည်းက သူ့ရဲ့ဆေးပညာနယ်ပယ်အပေါ် ထူးချွန်တဲ့ပါရမီကြောင့် ဆေးလုံးတွေနဲ့ဒီအဆင့်ရောက်အောင် လုပ်ခဲ့တာပဲဖြစ်ရမယ်”
သူကမောက်မာသောလေသံဖြင့် ပြုံးကာဆက်ပြောသည်။
“ဒီလိုလူငယ်မျိုးက အင်အားနည်းနည်းရှိနေရင်တောင်မှပဲ ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေပြင်က ဘယ်လောက်နက်သလဲ နားမလည်နိုင်ဘူး။ သူက အဆင့်လွန်အဆင့်စွမ်းအားကို ပိုင်ဆိုင်ရုံနဲ့တင် အဆင့်လွန်အဆင့်တစ်ယောက်ကို သတ်လိုက်တယ်။ ဒါက ဘာများဂုဏ်ယူစရာ ရှိနေလို့လဲ”
“ဒါပေမဲ့ တော်ဝင်ဖခင်က သူ့ရဲ့လက်ထဲမှာ သေသွားခဲ့တာ”
မီးခိုးရောင်ဝတ်စုံနှင့်သူက မျက်မှောင်ကြုံ့သည်။
ထိုအခါ လူအများ၏မျက်ဝန်းထဲတွင် သတိထားသောအလင်းတန်းများက လက်သွားသည်။ မှန်သည်။ လူတိုင်းက ကြောက်ရသောတော်ဝင်ဖခင်က ထိုတော်ဝင်သားတော်၏ လက်ထဲတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အစွမ်းအထက်ဆုံးဟု ကျော်ကြားသောလူတစ်ယောက်က လုယွီ၏လက်ထဲတွင် သေသွားခဲ့သည်မှာ လုယွီ၏အင်အားကို နားလည်လာေစသည်။
ဆရာသခင်ရွှမ်လဲ့က အေးစက်စွာနှာခေါင်းရှုံ့လိုက်ကာ လှောင်ပြန်သည်။
“ငါလွန်ခဲ့တဲ့တစ်နှစ်က ကြားထားခဲ့တဲ့အတိုင်းဆိုရင် သူကဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ တံခါးပိတ်ကျင့်ကြံနေခဲ့တာတဲ့။ တော်ဝင်ဖခင်က ကျင့်ကြံခြင်းမှာ တစ်စုံတစ်ရာမှားယွင်းသွားလောက်တယ်။ ဒါကို ဒီကောင်လေးက အခွင့်ကောင်းယူပြီး တော်ဝင်ဖခင်ကို သတ်ဖြတ်လိုက်တာပဲ။ ဒီလိုနည်းလမ်းနဲ့သူက တော်ဝင်နယ်မြေက အမွေအနှစ်တွေကို ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါကြောင့်ပဲ သူဒီလောက်အထိ လုပ်နိုင်သွားတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ရေခဲနယ်မြေက ခက်ခဲသွားလိမ့်မယ်”
သူက အော်ရယ်သည်။
“ဒီလိုကောင်စုတ်လေးကို ငါတို့က ကြောက်စရာလား”
“ပြောတာကောင်းတယ်”
ယွန်ရှန်းဘိုးဘေး၏မျက်ဝန်းကလည်း လောဘဖြင့် တောက်လောင်လာသည်။
“ငါက ဒီနေ့အားလုံးကို စုစည်းခိုင်းလိုက်ရတာက ဒီကိစ္စကို ဆွေးနွေးချင်လို့ပဲ ငါတို့က လူငယ်မျိုးဆက်တွေရဲ့အုပ်ချုပ်တာကို ခံစရာလား။ ဒါကြောင့် ငါတို့အားလုံးပေါင်းပြီး သူ့ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်။ သူသေသွားရင် ငါတို့က အသစ်တစ်ယောက် ရွေးနိင်တယ်”
လျို့ဝှက်နယ်မြေမှ ပြန်လာပြီးနောက်တွင် ယွန်ရှန်းဘိုးဘေးက သူရလာခဲ့သော မှော်လက်နက်များကို ရေတွက်ခဲ့ရာ အားလုံးရှစ်ဆယ့်တစ်လက်ပင် ရှိနေလေသည်။ အားလုံးက စိတ်စွမ်းအားမှော်လက်နက်အင်အားကို ကျော်လွန်နေလေသည်။
လျှို့ဝှက်နယ်မြေတွင် မှော်လက်နက်ပေါင်းများစွာ ရှိနေသေးကာ တောင်ပုံရာပုံဖြစ်နေသည့်အတွက် ယွန်ရှန်းဘိုးဘေး၏မျက်လုံးကပင် ပူပြင်းလာသလို ခံစားရသည်။ သို့ရာတွင် လုယွီက ရေခဲနယ်မြေမှ ဧကရာဇ်တစ်ပါးဖြစ်လာသည့်အတွက် ထိုလျှို့ဝှက်နယ်မြေကလည်း လုယွီ၏လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။ ထို့ကြောင့် လုယွီကို သတ်မှသာ ထိုပစ္စည်းများအားလုံးကို ပိုင်ဆိုင်ရပေလိမ့်မည်
ယွန်ရှန်းဘိုးဘေး၏ လေသံက ပို၍မြင့်လာသည်။
“ကောင်းကင်လမ်းစဉ်ပေါ်ထွက်ဖို့ တစ်နှစ်ပဲလိုတော့တယ်။ နယ်မြေအသီးသီးက ခေါင်းဆောင်ပိုင်းတွေအားလုံးက ရွှေရောင်ချိတ်စည်းတံဆိပ်ကို ကျော်ဖြတ်နိုင်ရလိမ့်မယ်။ ငါတို့က သူ့ကိုသစ္စာမခံရင် သူက ငါတို့ကို ဝင်ခွင့်ပြုပါ့မလား”
“သူကတော့ သူ့ကိုသစ္စာခံတဲ့သူတွေကို ဝင်ခိုင်းဦးမှာပဲ”
“ဒါပေမဲ့ ငါတို့အနေနဲ့အခွင့်အရေးလိုချင်ရင် သူ စိတ်မငြိမ်တဲ့အချိန်မျိုးမှာ သူ့ကို တိုက်ခိုက်သင့်တယ်”
ထိုသို့ပြောလိုက်ချိန်တွင် အဆင့်လွန်အဆင့်များအားလုံး၏မျက်ဝန်းက တောက်ပလာသည်။ ကောင်းကင်လမ်းစဉ်က အဆင့်လွန်အဆင့်တိုင်း လိုချင်သော ကောင်းကင်သို့တက်ရောက်ခြင်းဟူသည့် လမ်းကြောင်းဖြစ်နေသည်။ ထိုနည်းအားဖြင့် လူတိုင်းက ရွှေရောင်ချိတ်စည်းတံဆိပ်မှ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီး ကောင်းကင်ဘုံသိ့ု ချိတ်စည်းတံဆိပ်ပိုင်ရှင်နဲ့အတူ ဝင်ရောက်ကြမည်ဖြစ်သည်။
“အဲ့ဒီကောင်လေးကိုသတ်ကြစို့ ပြီးရင်ငါတို့က ကောင်းကင်နယ်မြေလမ်းစဉ်ကို မျှဝေလို့ရတယ်”
ယွန်ရှန်းဘိုးဘေးက ရာဇ်ပလ္လင်တစ်ခုကို ထုတ်လိုက်ကာ လေးလံသောလေသံဖြင့်ပြောသည်။
“မိတ်ဆွေတို့ အားလုံးပဲသွေးသစ္စာ ကျိန်ဆိုကြရအောင်”
သွေးသစ္စာကျိန်ဆိုထားလျှင် မည်သူကမျှ သစ္စာမဖောက်နိုင်တော့ချေ။
ထိုအချိန်တွင်အဆင့်လွန်အဆင့်များအားလုံးက တစ်ညီတစ်ညာထဲ ထရပ်ကြကာ သစ္စာဆိုရန် ကြံစည်ကြသည်။ ထိုအချိန်တွင် တံခါးက စောင့်ကန်ဖွင့်ခံလိုက်ရသည်။ ပြေးဝင်လာသူက အဆင့်လွန်အဆင့်တစ်ယောက်ဖြစ်သည့် လက်ရှိ ယွန်ရှန်းဂိုဏ်းခေါင်းဆောင် လျှိုဖုန်းဖြစ်သည်။
“ဘာကိစ္စနဲ့ အလောတကြီးဖြစ်နေတာလဲ”
ယွန်ရှန်းဂိုဏ်းဘိုးဘေးက မျက်မှောင်ကြုံ့သည်။ လျှိုဖုန်းက တုန်ယင်နေသည်။
“ဘိုးဘေး တောင်ပေါ်ကိုလူတစ်ယောက်တက်လာတယ်”
“တောင်ပေါ်လူတက်လာတာ မောင်းထုတ်လိုက်ပါလား။ ငါက မင်းကိုဒါကအစ သင်ပေးနေရဦးမှာလား”
ယွန်ရှန်းဘိုးဘေးက အော်ဆူပူသည်။ သူက မကျေမနပ်ဖြစ်နေ၏။
သူ၏တပည့်က အမြဲတစေ သတိထားတတ်သောလူဖြစ်သော်လည်း လူအများ၏ရှေ့တွင်မှ ပြာယာခက်ပြနေသည်။
လျှိုဖုန်းက စကားကိုပြီးဆုံးအောင် မပြောနိုင်သေးခင်မှာတင် သူ၏ပုခုံးကို တစ်စုံတစ်ယောက်က ဖိချလာပြီး ဖယ်ထုတ်လိုက်သည်။
“အရှင်သခင်ရောက်လာပြီ မင်းတို့က ထွက်တွေ့ကြ”
လုထျန်းကန်းက အေးစက်စွာပြောသည်။
ဆရာသခင်ရွှမ်လဲ့က အော်ရယ်တော့သည်။
“အရှင်သခင်က အချိန်ကိုက်ရောက်လာတာပဲ ငါက ဒီကောင်လေးကို သတ်နိုင်မလားကြည့်ရအောင်”
သူက အဆင့်လွန်အဆင့်နှောင်းပိုင်းတွင် အစွမ်းထက်ဆုံးဖြစ်သည့်အတွက် သူ၏လေသံက အလွန်မာထန်သည်။ သူ၏အော်ဟစ်သံနှင့်တင် ခန်းမတစ်ခုလုံးက လှုပ်ခါသွားရသည်။
အပိုင်း(၁၂၅၉)
"ဟုတ်တယ် သူက အရှင်သခင်ပဲ၊ ဒါကို မင်းသိသေးရင် ဘာလို့ ပုန်ကန်တဲ့စကားမျိုး ပြောနေတာလဲ။ မင်းက အရှင်သခင်ကို ရင်ဆိုင်ချင်ရင် ငါ့ကိုအရင် ကျော်ဖြတ်သွားလိုက်"
"လုထျန်းကန်း ငါ မင်းကို မသတ်ရဲဘူးထင်နေလား၊ ဟားဟား အခုခေတ် လူငယ်မျိုးဆက်တွေက ဘယ်တုန်းက ဒီလောက်ထိ အမိန့်နာခံတတ်သွားတာလဲ"
ယွန်ရှန်းဘိုးဘေး၏ အနားတွင် ရပ်နေသော အဆင့်လွန်အဆင့် တစ်ယောက်က လှောင်သည်။ သူတို့က သတိလက်လွတ်ဖြင့် လုထျန်းကန်းနှင့် အခြားသူများ ရောက်လာသည်ဟုသာ တွေးလိုက်လေသည်။ လုယွီကိုယ်တိုင် ရောက်လာခြင်းမဟုတ်လျှင် ထိုအကောင်များကို ခြောက်ရန် မလွယ်ကူချေ။ သို့သော် ထိုအချိန်တွင်ပင် အဓိက ခန်းမဝင်ပေါက်တွင် ပုံရိပ်တစ်ခုက ပေါ်လာသည်။
"မင်းတို့က ငါ့ကို ရှာနေတာလား"
လုယွီက မထူးခြားနားစွာ ပြောလိုက်သည်။ လုယွီ၏ မျက်ဝန်းက အလွန်ထက်ရှလေရာ လူတိုင်း၏ နှလုံးသားကို ထိုးခွဲသွားသကဲ့သို့ ခံစားရစေသည်။
လုယွီကို မြင်လိုက်သည်နှင့် ယွန်ရှန်းဘိုးဘေးက ထိတ်လန့်သွားသည်။ သူက သတိလက်လွတ် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်သည်။ အခြားလူများက လုယွီကို အထင်တသေး ကြည့်ကြသော်လည်း သူတို့ကလည်း နောက်ဆုတ်လိုက်ကြသည်။
ဆရာသခင်ရွှမ်လဲ့က ရှေ့တိုးကာ အထင်တသေး ပြောလိုက်သည်။
"မင်းကိုယ်မင်း ရေခဲနယ်မြေက ဧကရာဇ်နေရာယူဖို့ အဆင့်မီတယ်လို့ ထင်နေလား။ မင်းက ဒီအတိုင်း ပါရမီနည်းနည်းရှိတဲ့ ဆေးဆရာတစ်ယောက်ပဲ။ ဒီလိုလူမျိုးက အရှင်သခင်နေရာနဲ့ တန်တယ်ထင်နေတာလား"
သူက လက်မြှောက်လိုက်ချိန်တွင် သူ၏ လက်ဝါးပေါ်တွင် မိုးကြိုးစွမ်းအားများက တလက်လက်တောက်ပလာသည်။
"ငါ့ကို ရေခဲနယ်မြေရဲ့ တရားဝင်စည်းတံဆိပ်ပေးစမ်း။ ဒီလိုဆိုရင် မင်း ကောင်းကောင်းသေနိုင်အောင် ငါ ဖြည့်ဆည်းပေးမယ်"
ဆရာသခင်ရွှမ်လဲ့က လုယွီကို လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ပြင်းထန်သည့် မိုးခြိမ်းသံကြီးနှင့်အတူ မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများက လုယွီ၏ ခန္ဓာကိုယ် ဝန်းကျင်တွင် ပေါက်ကွဲသွားသည်။ ထိုအရှိန်အဝါက သူ၏ ပတ်ဝန်းကျင်တွင် ရှိသော လူအများစု၏ နှလုံးသားကို ခြောက်ခြားသွားစေလေသည်။ သို့ရာတွင် လုယွီက နဂိုနေရာတွင်သာ ရပ်နေသည်။ သူ၏ ကိုယ်မှအဝတ်ကပင် ရွေ့လျားသွားခြင်း မရှိခဲ့ချေ။
"ဘာ"
ဆရာသခင်ရွှမ်လဲ့၏ မျက်ခွံက လှုပ်သွားသည်။ တစ်စုံတစ်ရာ ဆိုးရွားတော့မည့် အခြေအနေကို သူက ခံစားမိလေသည်။ သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းလိုလို နောက်ဆုတ်လိုက်သော်လည်း လုယွီက ထိုသို့ အလွတ်ပေးတော့မည် မဟုတ်ပေ။
အပိုင်း ၁၂၆၀
"ငါ မင်းကို လက်သီးတစ်ချက်ပဲ ထိုးမယ်"
ထို့နောက် လုယွီက လက်သီးတစ်ချက် ထိုးလိုက်သည်။
လက်သီးထဲတွင် ပါဝင်သော စွမ်းအားက ပြင်းထန်သော လေပြင်းကို သယ်ဆောင်လာပြီး ဆရာသခင်ရွှမ်လဲ့၏ ကျောသို့ ထိမှန်သွားကာ ကွဲအက်သံနှင့်အတူ ထိုကျောနေရာတွင် ရှိသော ထိုကြွက်သားများနှင့် အရိုးများအားလုံးက အက်ကွဲသွားသည်။
ဆရာသခင်ရွှမ်လဲ့က နေရာတစ်ခုတည်းသို့ ချိုင့်ဝင်သွားပြီး ပြင်းထန်သည့် အားက နံရံကိုပင် ကွဲအက်သွားစေလေသည်။ အစွမ်းထက်ဆုံး အဆင့်လွန်အဆင့်တစ်ယောက်က ထိုသို့ဖြင့် ဒုက္ခိတဖြစ်လုနီးပါး အရိုက်ခံလိုက်ရသည်။
"မင်းတို့ ...အားလုံး အတူလာလို့ရတယ်"
လုယွီက ရှိနေသော အဆင့်လွန်အဆင့်တိုင်းကို ပြောလိုက်သည်။
ခန်းမအတွင်း တိတ်ဆိတ်မှုက ကြီးဆိုးသွားသည်။ မူလက လုယွီကို သတ်ဖြတ်ချင်နေသူများ အားလုံးက ဆွံ့အသွားကြတော့သည်။
"ဘယ်လို ဘယ်လိုများ လုပ်ရမှာလဲ"
ထိုလူများထဲတွင် အစွမ်းထက်ဆုံးက ဆရာသခင်ရွှမ်လဲ့နှင့် ယွန်ရှန်းဘိုးဘေးတို့ ဖြစ်ကြသည်။ လက်ရှိအချိန်တွင်မူ မျက်နှာချင်းဆိုင် ကြုံရသည့်အခါ ဆရာသခင်ရွှမ်လဲ့က ချက်ချင်းလိုလို ရှုံးသွားလေသည်။
"လုယွီက ဆေးလုံးတွေနဲ့ အဆင့်တက်လာတယ်လို့ ဘယ်ကောင်ပြောတာလဲ"
အဆင့်လွန် အဆင့်များ၏ မျက်နှာတွင် ခါးသီးမှုက ထင်ဟပ်လာသည်။
"ဒါက ထောင်ချောက်များလား"
"ငါ သတိလက်လွတ်ဖြစ်သွားတာပါ။ ကျေးဇူးပြုပြီး ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"
ကျန်သောသူများ အားလုံးက အော်ဟစ်တောင်းပန်ကြသည်။ မည်သူကမှ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လောဘကို အာရုံမရှိကြတော့ချေ။ ထိုအချိန်တွင် လုယွီက ထိုလူများကို အာရုံမစိုက်ချေ။ သူက လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက်တွင် ကောင်းကင် နတ်ဆိုးဘိုးဘေး၏ အရှိန်အဝါကို အာရုံမခံမိသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အကြည့်က ယွန်ရှန်းဘိုးဘေးထံသို့ ရောက်သွားသည်။
"မင်း လျှို့ဝှက်နေရာကနေ ဘာကို ယူသွားတာလဲ"
လူတိုင်းက ယွန်ရှန်းဘိုးဘေးကို ကြည့်လိုက်ကြသည်။ ယွန်ရှန်းဘိုးဘေးက မျက်မှောင်ကြုတ်သည်။
"ငါက ငါ့ရဲ့ တပည့်ဂိုဏ်းသားတွေကိုပဲ ပြန်ခေါ်သွားတာပါ။ ဘာကို ယူလိုက်ရမှာလဲ"
ယွန်ရှန်းဘိုးဘေးကလည်း လေးနက်သော လေသံဖြင့် ပြောသည်။ သူက လုံအောင်ဖုံးထားနိုင်သော်လည်း လုယွီကမူ အာရုံခံမိနေသည်။
"အဲဒီအရာတွေက မင်းနဲ့မသက်ဆိုင်ဘူး၊ အခု မင်းယူသွားမယ်ဆိုရင်တောင်မှ မသုံးနိုင်ဘူး"
လုယွီက သက်ပြင်းချလျက် ပြောလိုက်သည်။ သူက လက်ဆန့်တန်းပေးလျက် ပြောသည်။
"ထုတ်လိုက်"
လုယွီ၏ လေသံက ဖျော့တော့သော်လည်း ယွန်ရှန်းဘိုးဘေး၏ ထောင့်ဘေးတစ်နေရာမှ ကျယ်လောင်သော အသံများ ထွက်လာလေသည်။ မရေမတွက်နိုင်သော မှော်လက်နက်များစွာက အလိုလို ထွက်ပေါ်လာလေပြီး လုယွီ၏ ဘေးနားတွင် စုပုံလာတော့သည်။
ထိုလက်နက်များက သူ၏ တစ်ကိုယ်လုံးကိုပင် ဖုံးကွယ်မတတ် ပြည့်သွားကာ ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"ဘာလို့ ဒီလက်နက်တွေက ငါတို့ မြင်ဖူးတာတွေနဲ့ ကွာခြားနေတယ်လို့ ခံစားမိနေတာလဲ"
"ယွန်ရှန်းဘိုးဘေးက လျှို့ဝှက်နေရာကနေများ ရခဲ့တာလား၊ သူက ဒီလက်နက်တွေ အားလုံးကို ဖုံးကွယ်ထားရဲတယ်"
လူအများစုက သုံးသပ်ကြသည်။ သို့သော် မည်သူကမှ အလောတကြီး မလုပ်ဆောင်ရဲကြချေ။
မှော်လက်နက်များကို တွေ့သွားကြောင်း မြင်သောအခါ ယွန်ရှန်းဘိုးဘေး၏ မျက်နှာအမူအယာက ပျက်ယွင်းခက်ထန်သွားသည်။
"အရှင်လု ဒါတွေအားလုံး ငါ့ကို ပြန်ပေးဖို့ ပြောချင်တယ်။ ငါ့တို့အချင်းချင်း ဖိအားပေးနေကြမယ်ဆိုရင် ဘယ်သူ့အတွက်မှ မကောင်းဘူး"
ယွန်ရှန်းဘိုးဘေးက လေးနက်သော လေသံဖြင့် ပြောသည်။