အခန်း (၁၂၆၁-၁၂၆၅)
Vol. 66 Ch. 1261-1265
အပိုင်း ၁၂၆၁
လုယွီက ဖျော့တော့စွာ ပြောသည်။
"ဘာလို့ငါက ပြန်ပေးရမှာလဲ"
ယခင်ကသာ ဆိုလျှင် လုယွီက ထိုသို့အလေးထားနေမည် မဟုတ်ပေ။ သို့သော် ယခုအခါတွင်မူ သူက အဆင့်လွန်အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ပြီး လုယွီ၏ အင်အားကလည်း ထာဝရရှင်သန်သူများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည့်အတွက် ဂရုစိုက်ရန် မလိုအပ်တော့ချေ။
လုယွီက လက်ညှိုးညွှန်လိုက်သည့်အခါ နဂါးအကောင်ရှစ်ဆယ်ကျော် ဟိန်းသံက တစ်ပြိုင်နက် ဖြစ်ပေါ်လာသည်။ အပေါ်တွင် အမိုးရှိနေသည့်တိုင်အောင် နေရောင်က လုယွီအပေါ် ဖြာကျလာသေးသည်။ ထိုသို့သော ထူးဆန်းသည့် မြင်ကွင်းက လူအများစုကို မင်သက်သွားစေသည်။ ထို့အပြင် ပတ်ဝန်းကျင်တွင် ရှိနေကြသော မှော်လက်နက်များအားလုံးက လုယွီကို ဦးညွှတ်နေကြသည်။
"မင်းက ငါ့ကို ပြန်ပေးစေချင်တာလား၊ မင်းက ဒီလက်နက်တွေကို ထိန်းချုပ်နိုင်လား"
လုယွီက ပြောသည်။
ယွန်ရှန်းဘိုးဘေး၏ မျက်နှာက ပျက်ယွင်းသွားသည်။ သူ ယူလာခဲ့သမျှက လုယွီ၏ လက်နက်များဖြစ်နေကြောင်း သိလိုက်ရသည်။
"မင်းက ဒီလက်နက်တွေကို ယူသွားရုံပဲဆိုရင် ငါဘာမှ ပြောနေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ့ကို သတ်ဖို့ ကြိုးစားရဲတယ်။ ဒီတော့ အလွတ်မပေးနိုင်တော့ဘူး"
လုယွီ၏ မျက်ဝန်းက အေးစက်သော အလင်းတန်းဖြင့် လက်လာသည်။ သူက ထိုယွန်ရှန်း ဘိုးဘေးထံ လက်ညှိုးညွှန်လိုက်၏။
"ကောင်လေး မင်း မလွန်လာနဲ့"
ယွန်ရှန်းဘိုးဘေးကလည်း ဒေါသတကြီးအော်ပြီး နောက်သို့ ဆုတ်လိုက်ကာ လုယွီကို ပြန်လည်တိုက်ခိုက်သည်။
လုယွီက နှာခေါင်းရှုံ့လိုက်ပြီး လက်ဝါးတစ်ချက် ရိုက်ဟန်ပြုလိုက်ချိန်တွင် တစ်ဖက်မှ စွမ်းအားများကို ရင်ဆိုင်ပြီးသား ဖြစ်သွားသည်။ ကောင်းကင်သို့ နဂါးများက တက်လှမ်းလိုက်သကဲ့သို့ လုယွီက လေထဲသို့ ဖျက်ကနဲ ပျောက်ကွယ်သွားကာ ယွန်ရှန်းဘိုးဘေး၏ အရှေ့သို့ ရောက်သွားသည်။
"မင်းက ငါ့ကို သတ်ချင်နေတာမဟုတ်ဘူးလား၊ ငါက မင်းရဲ့အရှေ့မှာ ရှိတယ်၊ လုပ်လိုက်"
လုယွီက အေးစက်စွာ ပြောလိုက်ချိန်တွင် မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ထို့နောက် ယွန်ရှန်းဘိုးဘေး၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများက ပြည့်နှက်လာတော့ကာ နောင်တရလာသည်။
"ငါ အလကားနေရင်း ဘယ်လိုများ ဒီနတ်ဆိုးကောင်ကို ရန်စမိတာလဲ"
သူက စိတ်ထဲတွင် အထွန့်တက်နေသည်။ သို့သော် အားလုံးက နောင်တဖြစ်သွားခဲ့လေပြီ။ လုယွီက တစ်လှမ်းချင်းတိုးလာသည်။ သတ်ဖြတ်လိုစိတ်ကလည်း ပြည့်ဝလာတော့သည်။
ယွန်ရှန်းဘိုးဘေးက လုယွီကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ပထမတစ်ကြိမ်က လုယွီက အဆင့်တက်နေချိန်ဖြစ်ပြီး နောက်တစ်ကြိမ်ကမူ ယခုကဲ့သို့ အဆင့်လွန်အဆင့်များ အားလုံးကို ဖိတ်ခေါ်ခဲ့စဉ်ဖြစ်သည်။ လုယွီအနေဖြင့် သူ့ကို အခွင့်အရေးမပေးနိုင်တော့ချေ။
ထိုအချိန်တွင် ပတ်ဝန်းကျင်အာကာသပြင်က တိတ်ဆိတ်သွားသည်။ လုယွီက မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ချိန်တွင် အဖွားအိုတစ်ယောက် လျှောက်လာကြောင်း မြင်လိုက်ရသည်။
"လူငယ်လေး ဒီအဖွားကြီးကို မျက်နှာသာပေးပြီး သူ့အသက်ကို ချမ်းသာပေးနိုင်မလား"
ထိုအဖွားအိုက ထက်ရှသော လေသံဖြင့် ပြောသည်။ ထိုအဖွားအို ရောက်လာကြောင်း မြင်သောအခါ ယွန်ရှန်းဘိုးဘေးက ကယ်တင်ရှင်ကို တွေ့သွားဟန်ဖြင့် အော်တော့သည်။
"ဆရာ ကျွန်တော့်ကို ကယ်ပါ"
အဖွားအိုက အစွမ်းထက်ဆုံး တစ်ယောက်ဖြစ်သည်။ သူမက နတ်သူငယ်နယ်မြေအဆင့်သို့ ရောက်ထားခဲ့ပြီး အာကာသစွမ်းအားများကို နားလည်သဘောပေါက်ထားလေရာ ပတ်ဝန်းကျင် စွမ်းအားများကို ထိန်းချုပ်ထားနိုင်စွမ်း ရှိနေခဲ့သည်။ ထိုအဖွားအိုက ပြောသည်။
"ရေခဲနယ်မြေမှာ အရှင်သခင် ဧကရာဇ်ပေါ်လာတဲ့အတွက် ငါက တကယ်ဂုဏ်ယူပါတယ်။ ဒါပေမယ့် မင်း ဒီလောက်အထိ သတ်ဖို့ လိုလို့လား"
"လျှို့ဝှက်နယ်မြေမှာ မင်းက လူနှစ်ယောက်ကို သတ်ခဲ့တယ်လို့ ငါကြားတယ်၊ အခု ဒီနေရာကို ရောက်လာပြီး ရွှမ်လဲ့နဲ့ ယွန်ရှန်းကို ထပ်သတ်ချင်နေပြန်ပြီ။ ရေခဲနယ်မြေက အဆင့်လွန်အဆင့်တစ်ယောက် ရဖို့ ဘယ်လောက်ခက်ခဲသလဲ နားမလည်ဘူးလား။ ဒါက ကောင်းကင်ရဲ့ နိယာမကို ဆန့်ကျင်နေတာပဲ"
ထိုသို့ အစွမ်းထက်ဆုံး လူတစ်ယောက်၏ ထောက်ပံ့ပေးမှုအောက်တွင် ယွန်ရှန်းဘိုးဘေးက တက်ကြွလာသည်။ သူက လုယွီကို ရန်စသလို ကြည့်ပြီးလှောင်လိုက်သည်။ သို့ရာတွင် ထိုလှောင်ပြောင်ခြင်းက သိပ်မခံပေ။
ဓားချီတစ်ခုက သူ၏ မျက်ခုံးကြားတွင်းသို့ တိုးဝင်သွားသည်။ လုယွီက လက်ကိုအသာခါလျက် ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို မျက်နှာသာပေးဖို့ မလိုဘူး၊ သူအခု သေရမယ်"
အပိုင်း ၁၂၆၂
ယွန်ရှန်းဘိုးဘေးက မျက်လုံးပြူးလျက်သားဖြင့် လုယွီကို မယုံကြည်နိုင်သလိုကြည့်သည်။ သူ၏ဘက်တွင် နတ်ဘုရားနယ်မြေမှ စွမ်းအားကြီးမားသူတစ်ယောက်က ဝင်ကူပေးခဲ့သည့်တိုင်အောင် လုယွီက သူ့အား သတ်ရဲခဲ့သည်။ သို့ရာတွင် သူ့တွင် နောင်တရရန် အခွင့်အရေး မရှိတော့ချေ။ သူ၏အသက်စွမ်းအားများအားလုံးက လျှင်မြန်စွာကုန်ဆုံးသွားပြီး ယွန်ရှန်းဘိုးဘေး၏အလောင်းက လဲကျသွားတော့သည်။
အဘွားအိုကြီးက မျက်မှောင်ကြုံ့ကာပြောသည်။
“သူ့ကိုအသက်ချမ်းသာပေးဖို့ ငါမပြောခဲ့ဘူးလား။ ငါပြောတာကို မကြားဘူးလား”
သူမ၏လက်ထဲတွင်ရှိသော တုတ်တံက စွမ်းအားများဖြာထွက်လာခဲ့ကာ လုယွီ၏ပတ်ဝန်းကျင်ရှိအာကာသပြင်က အေးခဲသွားသည်။ သို့ရာတွင် လုယွီကမူ မျက်နှာမပျက်ချေ။ သူကအေးစက်စွာပြောသည်။
“ခင်ဗျားက လက်မခံနိုင်ရင် အတတ်နိုင်ဆုံးကာကွယ်နိုင်ဖို့ ကြိုးစားပေါ့ ဒါပေမဲ့ငါက လတ်တလောမှာတော့ ထာဝရရှင်သန်သူတွေကို မသတ်သေးပါဘူး”
သူ့အနေနှင့် ယွန်ရှန်းဘိုးဘေးကို လက်လွှတ်မပေးသင့်ချေ။ ထိုသို့လွှတ်ပေးလိုက်လျှင် တစ်ဖန်လုယွီကို သတ်ဖြတ်ရန် ကြိုးစားလာပေလိမ့်မည်။
ထိုအဘွားကြီးက ဒေါသထွက်သွားသည်။
“နင်ကအရှင်သခင်ပဲ နင့်လိုလူမျိုးက လူတွေသတ်ဖြတ်နေတာ ရေခဲနယ်မြေကို အုပ်ချုပ်ဖို့ တန်ပါ့မလား”
“ဒါဆိုရင် ယွန်ရှန်းဘိုးဘေး ငါ့ကိုသတ်တာကို ထိုင်စောင့်နေရမှာလား”
လုယွီ၏အသံက အေးစက်လာသည်။
ထိုအဘွားကြီးက မျက်မှောင်ကြုံ့သည်။
“ငါက အဲ့ဒီလိုမဆိုလိုဘူး။ ဒါပေမဲ့ ယွန်ရှန်းဘိုးဘေးလုပ်တာမှား တယ်ဆိုရင်တောင် နင်သူ့ကိုအခွင့်အရေး ပေးခဲ့သင့်တယ်”
“ဆူလိုက်တာ”
လုယွီ၏မျက်ဝန်းက အေးစက်လာသည်။
“အရှုံးသမားတွေက လက်လျော့ပြီး သူများပိုင်ပစ္စည်းတွေကို လုယူထားတာကို သင်ခန်းစာပေးဖို့ မတန်ဘူးတဲ့လား”
လုယွီက လက်တစ်ဖက်မြောက်လိုက်လျက် လေထုကို ဖမ်းဆုပ်လိုက်သည့်အခါ အေးခဲနေသောအာကာသပြင်က အသာအယာ ဆုတ်ဖြဲခံလိုက်ရသည်။
“ခင်ဗျားတို့ရဲ့ နေရာအနှံ့ပျံ့ကြဲပြီး အက်ကွဲနေတဲ့ ထာဝရှင်သန်ခြင်းနယ်မြေတွေက ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် ဘယ်တော့မှ တိုးတက်လာတော့မှာမဟုတ်ဘူး။ ကိုယ့်နေရာကိုယ်ပဲ အာရုံစိုက်သင့်တယ် ရေခဲနယ်မြေက ကိစ္စတွေကို ဝင်မစွက်ဖက်နဲ့ ရေခဲနယ်မြေကတစ်ယောက်ယောက်က အမိန့်မနာခံဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ ဆုံးမပေးရမှာက ငါ့ရဲ့တာဝန်ပဲ”
ထိုသို့ဖြင့်လုယွီက ထွက်သွားသည်။ သူကယဉ်ကျေးမနေချေ။ သူ၏လေသံက အကြီးအကဲတစ်ယောက်က ငယ်သားတစ်ယောက်ကို ဆုံးမသွားသည်နှင့်ပင် တူနေသေးလေသည်။
အဘွားအိုကြီးက ထိုနေရာတွင် ကြောင်အစွာ ရပ်နေမိသွားသည်။ သူမကလုယွီကို နားမလည်နိုင်စွာကြည့်သည်။
သူမက လုယွီကို သင်ခန်းစာပေးလိုသော်လည်း သူမ၏အေးခဲထားသည့်အာကာသပြင်ကို လုယွီက အသာအယာ ဖောက်ထွက်သွားလေသည်။ မည်သည့်သိုင်းမျှပင် သုံးသွားခဲ့ခြင်းမရှိခဲ့ချေ။ ထာဝရရှင်သန်သူတစ်ယောက်က အဆင့်လွန်အဆင့်ကိုပင် မနိုင်တော့မည့်အလား ဖြစ်လာခဲ့လေသည်။
ယွန်ရှန်းဂိုဏ်း အဓိကခန်းမ…
လုယွီက ပြန်ပေါ်လာသောအခါ ဂိုဏ်းခေါင်းဆောင်နေရာတွင် ဝင်ထိုင်လိုက်သည်။
သွေးညှီနံ့များက မပျံ့လွင့်သေးချေ။ အဆင့်လွန်အဆင့်များအားလုံး၏ မျက်နှာအမူအယာက ပြောင်းလဲသွားသည်။ မီးခိုးရောင်ဝတ်စုံနှင့် အဆင့်လွန်တစ်ယောက်ကပြောသည်။
“အရှင်သခင် ဘိုးဘေးသူ …”
“သူကတန်ကြေးကို ပေးဆပ်ပြီးပြီ”
လုယွီက တည်ငြိမ်စွာပြောသည်။
“မင်းတို့အတွက်ကတော့ ပုန်ကန်တဲ့ပွဲမှာ ဝင်ပါခဲ့တဲ့သူတွေအားလုံးကို ဆယ်နှစ်ကျင့်ကြံတာ တားမြစ်တယ်။ ဒီဆယ်နှစ်အတွင်းမှာ ဘယ်သူကမှ အဆင့်မတက်ရဘူး”
ထိုသို့ပြောလိုက်ရုံမျှဖြင့် လုယွီ၏ ရွှေရောင်တံဆိပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာခဲ့ကာ အမျှင်ပေါင်းများစွာခွဲပြီး တစ်ယောက်ချင်းစီတိုင်း၏ မျက်ခုံးအတွင်းသို့ ဝင်ရောက်သွားသည်။ သူတို့ရှိသမျှနေရာတိုင်းတွင် ကောင်းကင်မှ စမ်းသပ်စစ်ဆေးမှုက ကျရောက်လာတော့မည်မဟုတ်ပေ။ ထိုနည်းအားဖြင့် သူတို့အဆင့်မတက်နိုင်တော့ချေ။
ထိုသို့ဆုံးဖြတ်ပြီးလိုက်သည့်တိုင်အောင် လုယွီ၏နှလုံးသားကမူ တင်းမာနေသေးသည်။ ကောင်းကင်နတ်ဆိုးဘိုးဘေးကို ယွန်ရှန်းဂိုဏ်းတွင် ရှာမတွေ့ခဲ့ချေ။
အပိုင်း ၁၂၆၃
“နှမြောစရာကောင်းတာက ငါက အခုကျင့်ကြံလို့မရဘူး ဒီတော့ အချိန်ကိုပြန်သွားလို့မရသေးဘူး။ သဲလွန်စတွေလိုက်ရှာရမယ်”
လုယွီ၏မျက်မှောင်ကကြုံ့ထားသည်။ ပတ်ဝန်းကျင်ရှိအဆင့်လွန်အဆင့်များအားလုံးက ထိတ်လန့်သွားကြသည်။ မည်သူကမှ ထိုအရှင်သခင်က မည်သည့်အရာကိုဆန္ဒရှိနေကြောင်း မသိကြချေ။
“အကြီးအကဲလု တစ်ယောက်ယောက်ကိုလွှတ်ပြီးစစ်ခိုင်းလိုက်ပါ။ အဲ့ဒီနေ့က တော်ဝင်နယ်မြေကိုဝင်ခဲ့တဲ့သူတွေအားလုံးရဲ့နာမည်စာရင်းကို လိုချင်တယ်”
လုယွီက အမိန့်ပေးသည်။
လုထျန်းကန်းက ချက်ချင်းလိုလို လူတစ်ယောက်ကို စုံစမ်းစစ်ဆေးခိုင်းလိုက်သည်။ သိပ်မကြာခင်အချိန်တွင်ပင် စာရင်းကပြန်ရောက်လာသည်။ လုယွီက စာရင်းကိုမြင်လိုက်သည်နှင့် သူ၏အကြည့်က ရွှီရှန်းထျန်းတို့ထံသို့ရောက်သွားသည်။
သူကယခင်ကမေ့ထားခဲ့သော်လည်း ရွှီရှန်းထျန်းကို မေ့သွားသည်ဟု မဆိုလိုချေ။ ရွှီရှန်းထျန်း၏နှောင့်ယှက်မှုကြောင့်သာမဟုတ်လျှင် သူက တိရှားဘိုးဘေးကို ပို၍စောစီးစွာ ရှင်းပစ်နိုင်ပေလိမ့်မည်။
လုယွီက အဆင့်တက်နေခဲ့ချိန်တွင် လူတိုင်းနီးပါးက ရောက်လာခဲ့သည့်တိုင်အောင် ရွှီရှန်းထျန်းကို မမြင်ခဲ့ရချေ။ သူကထိုအခြေအနေကိုအခွင့်ကောင်းယူပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်လောက်သည်။
“ရွှီရှန်းထျန်းက ဘယ်မှာလဲ”
လုယွီက မေးသည်။
လုထျန်းကန်းက ပြန်ဖြေသည်။
“တော်ဝင်နယ်မြေ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာ သူက လူတွေကိုခေါ်ပြီး ထိုက်ရိဂိုဏ်းကို ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ တော်ဝင်သားတော်လို့ပြောနေခဲ့ပြီး တော်ဝင်ဘိုးဘေးရဲ့ အမွေအနှစ်တွေကို အခိုင်အမာရရှိခဲ့တယ်လို့ ကြေငြာထားပါတယ်။ သူ့ကိုသွားပြီး ကြည့်သင့်ပါတယ်”
ထို့နောက် လုထျန်းကန်းက ဖိတ်ကြားလွှာတစ်စောင်ကို ကမ်းပေးလိုက်သည်။
ထိုဖိတ်ကြားလွှာက ရွီှရှန်းထျန်းက ရေခဲနယ်မြေမှ အင်အားကြီးမားသူအားလုံးကို တော်ဝင်သားတော်ကို လာရောက်တွေ့ဆုံခွင့်ပြုထားသည့်သဘောဖြင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်
ထိုစကားကိုကြားသောအခါ အဆင့်လွန်အဆင့်များအားလုံးက လှောင်ပြောင်ကြသည်။
“အဲ့ဒီအရူးကတော့”
“တော်ဝင်ဖခင်က သေသွားတာကို သူကဘယ်နေရာက အမွေတွေရပြီး သားတော်လုပ်နေမှာလဲ”
သို့ရာတွင် အဆင့်လွန်အဆင့်နှင့် တပည့်ဂိုဏ်းသားအနည်းငယ်ကသာလျှင် တော်ဝင်ဘိုးဘေးသေဆုံးသွားကြောင်း သိထားကြသေးလေသည်။
လုယွီက တရားဝင်မကြေငြာသေးသည့်အတွက် လူအများစုက လျှို့ဝှက်နယ်မြေမှ အခြေအနေများကို မသိထားကြသေးချေ။
လုယွီက မဲမှောင်စွာဖြင့် ဖိတ်ကြားလွှာကိုကြည့်သည်။ သူကပြော၏။
“ထိုက်ရိဂိုဏ်းကိုသွားမယ်”
ရွှီရှန်းထျန်းက မောက်မာသော်လည်း သူကအလွန်ကြီးမားသောအရာများကို မလုပ်ခဲ့သေးချေ။ သို့သော် ထိုသို့လုပ်ရဲလျှင် လုယွီကလည်း ညှာတာပေးတော့မည်မဟုတ်ချေ။
…
ထိုက်ရိဂိုဏ်း ထိပေ့တောင်ထိပ်…
ပုံရိပ်တစ်ခုက တံခါးမှလွင့်ထွက်လာသည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး တစ်ကိုယ်လုံးက သွေးများစိုရွှဲနေလေသည်။ အနောက်မှ လူများစွာက ဝိုင်းလိုက်လာသည်။ လွင့်ထွက်လာသူက ဖန်းရှီကျင်းဖြစ်ပြီး လုယွီကို ဂိုဏ်းအတွင်းသို့ ခေါ်ခဲ့သူလည်းဖြစ်သည်။
ထိုအချိန်တွင် သူမ၏တစ်ကိုယ်လုံးကသွေးများစိုရွှဲနေကာ အလွန်အရှက်ရဖွယ် ပုံသဏ္ဍာန်ဖြစ်နေသည်။
“ဖန်းရှီကျင်း မင်းအများကြီးရုန်းကန်နေဖို့မလိုပါဘူး။ ငါတို့ ထျန်းရှင်းတောင်ထိပ်က ထောင်ချောက်ဆင်ထားပြီးသား မင်းတို့အားလုံး အဆုံးသတ်သွားပြီ”
တပည့်ဂိုဏ်းသားများက အေးစက်စွာပြောလျက် အနားကပ်လာကြသည်။
“ပန်းပွင့်တစ်ရာ ဓားဝိဉာဉ်”
ဖန်းရှီကျင်းက ဓားရှည်ကိုကိုင်လျက် လျှင်မြန်စွာတိုက်ခိုက်လိုက်ပြန်သည်။ သို့ရာတွင် သူမ၏တိုက်ကွက်က တစ်ဖက်မှတိုက်ကွက်များကို တားဆီးလိုက်နိုင်သည့်တိုင်အောင် ပတ်ဝန်းကျင်တွင် ထျန်းရှင်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားဆယ်ယောက်ကျော်မကရှိနေသည့်အတွက် သူတို့အားလုံး၏တိုက်ကွက်များက သူမထံရောက်ရှိလာခဲ့ကာ လွင့်ထွက်သွားရပြန်သည်။
ဝုန်း ဝုန်း ဝုန်း ဝုန်း
ပြင်းထန်သည့်ပေါက်ကွဲသံက ထွက်ပေါ်လာပြီးသည့်နောက်တွင် ဖန်းရှီကျင်း၏လက်မောင်းများက ထုံထိုင်းသွားသည်။
“ဘာလို့ထျန်းရှင်းတောင်ထိပ်က ငါတို့ကိုလာဖမ်းရတာလဲ”
ဖန်းရှီကျင်းက တုန်ယင်စွာမေးသည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများကျဆင်းလာသည်။
ခြိမ်း
နောက်ဆုံးတွင် ဖန်းရှီကျင်း၏ အင်အားများအားလုံးက လျော့ကျသွားကာ သူမက အညံ့ခံလိုက်ရသည်။
“မင်းက သစ္စာဖောက် ဖန်းယွန်နဲ့ ပူးပေါင်းခဲ့တယ် အခုသက်သေတွေက ခိုင်လုံနေပြီ။ ဒါကြောင့် အတွင်းစည်းတပည့်ဂိုဏ်းသူဆိုတဲ့ ရာထူးကိုဖယ်ရှားပြီး အကျဉ်းချခိုင်းတာပဲ”
ထိုစကားကိုကြားသောအခါ ဖန်းရှီကျင်းက ရယ်သည်။
“ငါက ထိပေ့တောင်ထိပ်က ဂိုဏ်းတူအမအကြီးဆုံးပဲ ငါကအပြစ်လုပ်ထားရင်တောင်မှ နင်တို့ရဲ့အဆင့်နဲ့ ငါ့ကို အပြစ်ပေးဖို့ အဆင့်မမီဘူး”
“စိတ်မရှိပါနဲ့ ဒါကတော်ဝင်သားတော်ရဲ့အမိန့်ပဲ”
ထျန်းရှင်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားများအားလုံးက အော်ဟစ်ကြကာ ဖန်းရှီကျင်းကို ဖမ်းချုပ်သွားကြသည်။ ထို့နောက်အကျဉ်းထောင်သို့ ခေါ်သွားကြသည်။
အကျဉ်းထောင်တွင် သွေးညှီနံ့များက ပျံ့လွင့်နေသည်။ ငယ်သံပါအောင် အော်ဟစ်သံများကလည်း ထွက်ပေါ်လာလေသည်။
“အဘိုးကြီးထု ဒီတစ်ခေါက် အလှလေးကိုခေါ်လာတယ်”
ထျန်းရှင်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က ဖန်းရှီကျင်း၏သွေးကြောများကို ပိတ်ပြီးနောက် အထဲသို့တွန်းထည့်လိုက်သည်။
ဖန်ရှီကျင်းကိုမြင်ချိန်တွင် တစ်ဖက်မှ လူအိုကြီး၏ မျက်နှာအမူအရာက တောက်ပသွားသည်။
“သူ့ကိုဘယ်လိုကိုင်တွယ်လိုက်ရမလဲ”
ထိုလူအိုကြီးက စိတ်လှုပ်ရှားစွာပြောသည်။
ထျန်းရှင်းတောင်ထိပ်မှတပည့်ဂိုဏ်းသားက သူ့ကိုရွံရှာစွာကြည့်ပြီးနောက် တစ်ယောက်က ပြောလိုက်သည်။
“စည်းမျဉ်းဟောင်းအတိုင်းပဲ မသေစေနဲ့ “
“ကောင်းပြီ အချိန်ယူလိုက်ပါ စီနီယာအကိုတို့”
အပိုင်း ၁၂၆၄
ထိုအနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက ရိုသေလေးစားစွာဖြင့် ထိုတပည့်ဂိုဏ်းသားများကို ပြန်ပို့လွှတ်ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်သည်။ ထို့နောက် ဖန်းရှီကျင်းကို တောက်ပစွာကြည့်လိုက်သည်။
“ဂိုဏ်းတူအမကြီးဖန်း ငါက မင်းကိုစောင့်နေတာကြာပြီ”
အလွန်စိတ်လှုပ်ရှားနေသောကြောင့် ထိုလူအိုကြီး၏ ပါးစပ်မှ သားရေများပင်ကျလာကာ ပိုပြီးရွံစရာကောင်းသွားသည်။
“စိတ်အေးအေးထားပါ ငါက ကောင်းကောင်းဆက်ဆံမှာပါ”
အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက ဖန်းရှီကျင်းထံ ခုန်အုပ်လာသည်။
“ထွက်သွားစမ်း”
ဖန်းရှီကျင်းက ခြေထောက်ကိုမြောက်လျက် စောင့်ကန်လိုက်သည့်အခါ ထိုလူအိုကြီးက ထောင့်တစ်နေရာသို့ လွင့်ထွက်သွားသည်။ သူမက သွေးကြောအပိတ်ခံထားရသည့်တိုင်အောင် အင်အားများရှိနေသေးလေသည်။
ဘုန်း
ထိုလူအိုကြီးက နံရံသို့ ဝင်စောင့်တိုက်မိသွားပြီးနောက်တွင် နာကျင်မှုဖြင့် အော်ဟစ်လိုက်သည်။
“ခွေးမ နင်ကဒီသခင်ကြီးကို ပြန်လုပ်ရဲတယ်”
အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက ချက်ချင်းအော်ဟစ်လိုက်ပြီးသည်နှင့် ပြန်ကုန်းထလာကာ စက်ကိရီယာ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ထောင်၏ဘေးပတ်ဝန်းကျင်တွင် သံချိန်းကြိုးပေါင်းများစွာ ထွက်လာကာ ဖန်းရှီကျင်းကို ဖမ်းချုပ်တော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက ဆေးတစ်လုံးထုတ်ကာ ဖန်းရှီကျင်း၏ပါးစပ်ထဲသို့ထည့်သည်။ ထို့နောက် အော်ရယ်ကာပြောသည်။
“ဆေးစွမ်းအားပြလာတဲ့အခါမှာ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းသွားလိမ့်မယ်”
ထို့နောက် သူကအခြားသောခလုတ်တစ်ခုကို နှိပ်လိုက်ချိန်တွင် ထောင်မှ အလင်းတန်းများက တောက်ပသွားသည်။ အလင်းတန်းတောက်ပလာချိန်မှသာ တစ်ကိုယ်လုံးသွေးများစိုရွှဲနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၏ကိုယ်တွင်လည်း ဒဏ်ရာများပြည့်နှက်နေကာ သေလုနီးပါးဖြစ်နေခဲ့သည်။
“အကိုကြီးလျှို”
ဖန်းရှီကျင်းက ထိုလူကို မှတ်မိလိုက်ကာ အံ့သြသွားသည်။ အင်အားအရဆိုလျှင် ထိုလူကသူမထက်များစွာမြင့်မားနေသည်။ သို့သော် ထိုလူကပင် ဒီလိုအခြေအနေထိ ရောက်သွားရသည်။
လူအိုကြီးက ရယ်သည်။
“သူကတော်ဝင်သားတော်ကို တိုက်ခိုက်ရဲမှတော့ ဒီလိုအခြေအနေရောက်သွားတာက မထူးဆန်းပါဘူး ဟားဟားဟား”
အခြားသောလှောင်အိမ်များကလည်း လင်းသွားသည်။ လှောင်အိမ်အသီးသီးတွင်ရှိနေသော တပည့်ဂိုဏ်းသားများက လုယွီနှင့်ဆက်သွယ်ခဲ့ဖူးသူများဖြစ်ကြသည်။ သူတို့အားလုံးက မသေရုံတမယ် ရှိနေကြလေသည်။
ဖန်းရှီကျင်းက ပြောသည်
“ဖန်းယွန်က နင့်ကိုလွှတ်ပေးမှာမဟုတ်ဘူး”
လုယွီက နှင်းပျံဂိုဏ်းတွင် ရှိနေသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ သူ၏မိတ်ဆွေများကို သတ်ဖြတ်နေခြင်းက လုယွီကို ရန်စသလို ဖြစ်သွားပေလိမ့်မည်။
“ဖန်းယွန်ဟုတ်လား သူကနှင်းပျံဂိုဏ်းကိုရောက်သွားပြီ။ သူက လာရဲရင်တောင်မှ တော်ဝင်သားတော်ရှေ့မှာ ဒူးထောက်ရမှာပဲ”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက အော်ရယ်နေသည်။
သူက လက်ဆန့်တန်းပြီး လျှိုအကိုကြီးဆိုသူ၏ ဆံပင်ကို စောင့်ဆွဲလိုက်ကာ ပြုံးလိုက်သည်။
“ကြည့်လိုက် မောက်မာတဲ့ကောင် မင်းအမြဲတမ်းငါ့အရှေ့မှာ မော်ကြွားနေခဲ့တာ မဟုတ်ဘူးလား။ အခုတော့ ခွေးလောက်တောင် အဆင့်မရှိတော့ဘူး”
ဖန်းရှီကျင်းက နှာခေါင်းရှုံ့လိုက်သည်။
“နင်နဲ့ ဖန်းယွန်တို့က အဆင့်ခြင်းကွာတယ်”
ဖန်းယွန်က ဂုဏ်ယူရသောလူတစ်ယောက်ဖြစ်ပြီး ထို ကောင်ကမူ အကျဉ်းထောင်အစောင့်အဆင့်မျှသာဖြစ်သည်။ ကြွက်တစ်ကောင်လောက်ပင် အဆင့်မရှိပေ။
လူအိုကြီးက အော်သည်။
“ခွေးမ မင်းကိုတော့သင်ခန်းစာပေးရတော့မယ်”
သူက နှိပ်စက်သည့်ကိရိယာများကို ထုတ်လိုက်ပြီးနောက် ခက်ထန်စွာ ပြောသည်။
“ငါက အရင်ဆုံးဖြည်းဖြည်းချင်း နှိပ်စက်ပေးမယ်။ တဖြည်းဖြည်းနဲ့ မင်းက ပျော့ပြောင်းသွားမှာပါ”
ထို့နောက် သူကနှိပ်စက်သည့်ကိရိယာတစ်ခုကို ထုတ်ပြီးနောက် အနားတွင်ရှိနေသော လျှိုအကိုကြီးဆိုသူ၏ ခေါင်းပေါ်တပ်ဆင်လိုက်သည်။ ထိုအချိန်တွင်ပင် ပြင်းထန်သောအသံက ထွက်လာသည်။
“ငါတကယ် ရောက်မလာဘူးလို့ ထင်နေတာလား”
အနက်ရောင်ဝတ်စုံနှင့်လူအိုကြီး၏ မုတ်ဆိတ်ကပင် လှုပ်ခါသွားသည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားပြီးနောက်လှည့်ကြည့်လိုက်ချိန်တွင် လုယွီကို မြင်လိုက်ရသည်။
“ဖန်းယွန် မင်းက ပြန်လာရဲတယ်လား”
အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက အော်ဟစ်လိုက်ကာ အလျှင်စလို အကူအညီခေါ်သည်။ သို့ရာတွင် လုယွီက သူ့ကိုအခွင့်အရေးမပေးတော့ချေ။
သူကတစ်ချက်စောင့်ကန်လိုက်ရုံမျှဖြင့် ထိုလူအိုကြီးက ထောင့်တစ်နေရာသို့လွင့်ထွက်သွားသည်။ သူ၏တစ်ကိုယ်လုံးမှ အရိုးများကလည်း ကျိုးကျေသွားလေသည်။ သို့သော် ထိုလူအိုကြီးက သွေးများကိုအန်ထုတ်ပြီးနောက်တွင် ခက်ထန်သောအပြုံးကိုပြုံးကာပြောလိုက်သည်။
“ဖန်းယွန် ငါအကြောင်းကြားပြီးသွားပြီ သိပ်မကြာခင်မှာထျန်းရှန်းတောင်ထိပ်ကသူတွေ ရောက်လာတော့မယ်။ သူတို့ကမင်းကို သေတဲ့အထိ နှိပ်စက်ပြလိမ့်မယ်”
ဖန်းရှီကျင်းက စိုးရိမ်စွာပြောသည်။
“ဖန်းယွန် သူတို့က ငါတို့ကိုချုံခိုတိုက်ခိုက်ခဲ့ကြတာ။ မြန်မြန်ထွက်သွားပါတော့”
လုယွီကမူ နေရာမှ ရွေ့လျားခြင်းပင်မရှိချေ။ အချိန်တစ်ခုကြာပြီးနောက် တံခါးကပွင့်သွားကာ လူနှစ်ယောက်ဝင်လာသည်။ သူတို့က လုယွီအနားသို့လျှောက်သွားပြီး ရိုကျိုးစွာပြောသည်။
“အရှင် အပြင်ကကိစ္စတွေအားလုံးကို ဖြေရှင်းပြီးပါပြီ”
အပိုင်း (၁၂၆၅)
ထိုအဆင့်လွန်အဆင့်နှစ်ယောက် ပေါ်ထွက်လာသည်နှင့် သူတို့ပတ်ဝန်းကျင်ရှိ လေထုအရှိန်အဝါက ပြောင်းလဲသွားသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ဖိအားမျိုးက လူတိုင်းကို ခြောက်ခြားသွားစေလေသည်။ အနက်ရောင် ဝတ်စုံနှင့် လူအိုကြီးက သူ၏ လက်ထဲတွင် ရှိသော စက်ကိရိယာခလုတ်ကို ကြိမ်ဖန်များစွာ နှိပ်နေသည့်တိုင်အောင် အပြင်ဘက်တွင် ရှိနေသေးသည့် ထျန်းရှင်းတောင်ထိပ် တပည့်ဂိုဏ်းသားများက ဝင်ရောက်လာခြင်း မရှိချေ။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး"
အနက်ရောင် ဝတ်စုံနှင့် လူအိုကြီးက အော်သည်။
လုယွီက သူ့ကို တစ်ချက်ကြည့်ပြီးနောက် အဆင့်လွန်အဆင့်တစ်ယောက်ကို ပြောလိုက်သည်။
"သူက ဒီနေရာက နှိပ်စက်တဲ့ကိရိယာတွေ အားလုံးရဲ့ အရသာကို မြည်းကြည့်သင့်တယ်"
ထိုအဆင့်လွန်အဆင့်က ခေါင်းညိတ်ပြီးနောက်တွင် ထိုလူအိုကြီး၏ အနားသို့ ပြုံးလျက် လျှောက်သွားသည်။ သိပ်မကြာခင်အချိန်တွင် ထိုလူအိုကြီး၏ ငယ်သံပါအောင် အော်ဟစ်သံက အကျဉ်းထောင်တွင် ပြန့်လွင့်လာသည်။
လုယွီက အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ လက်တစ်ချက် ရမ်းလိုက်ရုံမျှဖြင့် လှောင်အိမ်များ အားလုံးက ပွင့်ထွက်သွားသည်။ ဖန်းရှီကျင်၏ သံချိန်းကြိုးများကလည်း ပွင့်ထွက်သွားကာ သူမ၏ မျက်နှာအတွင်း အံ့အားသင့်မှုက ပေါ်ထွက်လာလေသည်။
ထိုက်ရိဂိုဏ်းမှ အကျဉ်းထောင်က စိတ်ဝိဉာဉ်အဆင့်များကို အကျဉ်းချရန် အသုံးပြုနေကျဖြစ်သည်။ သို့သော် လုယွီကမူ လက်တစ်ချက် ရမ်းလိုက်ရုံမျှဖြင့် ဖယ်ရှားနိုင်စွမ်း ရှိခဲ့လေသည်။
"သူက ဘယ်လောက်တောင် အင်အားကြီးနေပြီလဲ"
လုယွီက ဖန်းရှီကျင်း၏ အနားသို့ သွားပြီးနောက်တွင် သူမ၏ သွေးကြောကို စမ်းသပ်ကြည့်သည်။ ထို့နောက် ဖန်းရှီကျင်း၏ ကိုယ်ထဲမှ အနက်ရောင်အငွေ့များ ထွက်လာခဲ့ကာ ဆေးစွမ်းအားက ပယ်ဖျက်ခံရသည်။ ထို့နောက် လုယွီက ဆေးပုလင်းတစ်ပုလင်းကို ထုတ်ပေးကာ ပြောသည်။
"သူတို့အားလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားကြတယ်။ ဒါပေမယ့် ဒီဆေးတွေ သောက်ပြီးတာနဲ့ သိပ်မကြာခင်မှာ ပြန်ကောင်းသွားလိမ့်မယ်"
လက်ထဲတွင် ဆေးပုလင်းကို ကိုင်ထားသည့် ဖန်းရှီကျင်၏ မျက်နှာက စိတ်ရှုပ်ထွေးသွားသလို ဖြစ်သွားသည်။
"ဖန်းယွန် ဂိုဏ်းက နင့်အတွက် မမျှတဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ဂိုဏ်းရဲ့အခြေအနေကလည်း မကောင်းဘူး၊ အခုဆိုရင် ထိုက်ရိဂိုဏ်းတင် မကဘူး ရေခဲနယ်မြေတစ်ခုလုံးက ရွှီရှန်းထျန်းကို နာခံရတော့မယ်။ နင်က နှင်းပျံဂိုဏ်းရဲ့ အရှင် ဆိုပေမယ့်လည်း တော်ဝင်သားတော်ကိုတော့ ပုန်ကန်ဖို့ မဖြစ်နိုင်ဘူး"
ဖန်းရှီကျင်းက သူ့ကို သွေးဆောင်လျက် ထွက်ပြေးစေလိုနေခြင်း ဖြစ်သည်။
သူကဂိုဏ်းမှ အတွင်းစည်းတပည့်ဂိုဏ်းသားပေါင်းများစွာကို ကယ်တင်ခဲ့သော်လည်း အဆုံးတွင် ဂိုဏ်းခေါင်းဆောင်က သူ့ကို မောင်းထုတ်ခဲ့သည်။ ထို့ကြောင့် လုယွီက ဂိုဏ်းကို အလွန်မုန်းတီးနေလောက်လေသည်။ သူက ကလဲ့စားချေရန် ပြန်ရောက်လာခြင်း ဖြစ်လောက်သည်။
လုယွီက ခေါင်းခါပြီးနောက် ဖျော့တော့စွာ ပြုံးသည်။
"ရေခဲနယ်မြေမှာ ဘာသားတော်မှ မရှိဘူး၊ နောက်လည်း ရှိမှာမဟုတ်ဘူး"
လုယွီ၏ အသံထွက်လာပြီးသည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီး၏ အော်သံက ရပ်တန့်သွားသည်။
ထိုလူကို နှိပ်စက်နေသည့် အဆင့်လွန်အဆင့်က အနားသို့ ရောက်လာကာ ပြောသည်။
"အရှင် သူ့ရဲ့အသက်ကအန္တရာယ် မရှိပါဘူး၊ ဒါပေမယ့် သူက အကြောက်လွန်ပြီး သေသွားတာပါ"
ထိုအချိန်တွင် ဖန်းရှီကျင်က ထိုလူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
"ကုကလန်ရဲ့ ခေါင်းဆောင်"
သူမ အံ့၏သွားသည်။ ထိုက်ရိဂိုဏ်းမှ အကြီးဆုံး တပည့်ဂိုဏ်းသူအစ်မကြီး တစ်ယောက်ဖြစ်သည့်အလျောက် အခြားသော အဆင့်လွန်အဆင့် အရာရှိများစွာကို သိထားလေသည်။ သူမရှေ့ရှိ လူကလည်း အင်အားအကြီးဆုံး အဆင့်လွန်အဆင့်တစ်ယောက် ဖြစ်နေသေးလေသည်။ သူကမူ လုယွီကို ဦးညွတ်နေသည်။
လုယွီက သူမ၏ အတွေးများကို ဖြတ်ပြောသည်။
"ရွှီရှန်းထျန်းက ဘယ်မှာလဲ"
ဖန်းရှီကျင်က သတိလက်လွတ်ပြောသည်။
"ဒီနေ့က ရွှီရွှမ်ထျန်းက တော်ဝင်သားတော်အဖြစ် တရားဝင် အသိအမှတ်ပြုမယ့် နေ့ပဲ၊ သူက အခမ်းအနားကို ဘိုးဘေးခန်းမမှာ ကျင်းပလိမ့်မယ်။ ဧည့်သည်တော်တွေ အားလုံးကိုလည်း အဲဒီနေရာကို ဖိတ်ခေါ်ထားတယ်"
Thank For Reading.