အခန်း (၁၂၆၆-၁၂၇၀)
Vol. 67 Ch. 1266-1270
အပိုင်း၁၂၆၆
လုယွီက ခေါင်းညိတ်လိုက်သည်။ ဖန်းရှီကျင်းက အသိမဝင်ခင်မှာတင် သူတို့အားလုံးက ပျောက်ကွယ်သွားလေသည်။
ဖန်းရှီကျင်းက ဆေးသောက်ထားသဖြင့် ခန္ဓာကိုယ်မှ စွမ်းအားများက ပြန်လည်ရရှိလာသည်။ ထို့နောက် အခြားသူများကို ဆေးလိုက်တိုက်လိုက်သည်။ လုယွီက သူတို့ကို ပေးသော ဆေးများအားလုံးက စိတ်စွမ်းအားအဆင့်မြှင့် ဆေးများဖြစ်နေသည့်အတွက် လျင်မြန်စွာ သက်သာလာကြလေသည်။
ဖန်းရှီကျင်းက သူတို့ကို အဖြစ်အပျက်များအားလုံးကို ပြောပြသည့်အခါ လူတိုင်းက အံ့ဩမင်သက်သွားကြရသည်။
သူတို့က အကျဉ်းထောင်မှ ထွက်လာပြီးနောက်တွင် ထျန်းရှန်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားများ အားလုံးက မြေပြင်တွင် လဲကျလျက် သတိမေ့နေကြောင်း သိလိုက်ရသည်။ သို့သော် မည်သူကမှ သေဆုံးနေခဲ့ခြင်း မရှိချေ။
"ဘာတွေဖြစ်သွားတာလဲ"
ထိုက်ရိဂိုဏ်း ဘိုးဘေးခန်းမ
ထိုအချိန်တွင် ခမ်းနားသော ခန်းမအတွင်းတွင် မရေမတွက်နိုင်သော တပည့်ဂိုဏ်းသားများက အလုပ်ရှုပ်နေကြသည်။ သူတို့က ခန်းမ၏ အရှေ့တွင် ခမ်းနားသော ပွဲတော်တစ်ခုကို ပြင်ဆင်နေကြခြင်းဖြစ်သည်။ အဓိကခန်းမအတွင်းတွင်မူ ဟယ်ရွှမ်ကျီးက သရဖူကို ပန်ဆင်ကာ အခမ်းအနားသုံး ဝတ်စုံကိုဝတ်ဆင်လျက် ထိုင်နေသည်။ သို့သော် သူ့ထက်မြင့်သော တစ်နေရာတွင် ရွှေရောင်ဝတ်စုံကို ခမ်းနားစွာ ဝတ်ဆင်ထားသည့် ရွှီရွှမ်းထျန်း ရှိနေလေသည်။
"တော်ဝင်သားတော် အရှင် ဧည့်သည်တော်တွေ အားလုံးက အပြင်မှာ စောင့်ဆိုင်းနေကြပါပြီ"
တပည့်ဂိုဏ်းသားတစ်ယောက်က ရောက်လာကာ အကြောင်းကြားသည်။ ရွှီရွှမ်းထျန်းက နှာခေါင်းရှုံ့ကာ လက်ရမ်းပြသည်။
"သူတို့ကို အပြင်မှာ ဆက်စောင့်ခိုင်းထားလိုက်၊ ဒီလို အသုံးမကျတဲ့ အမှိုက်အုပ်ရဲ့ စိတ်ဝိဉာဉ်ကို သတ်ပေးဖို့ လိုတယ်”
ထိုအချိန်တွင် ရွှီရွှမ်းထျန်းက အလွန်အင်အားကြီးသည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်ထားလေသည်။ ထိုတပည့်ဂိုဏ်းသားက ချက်ချင်းလိုလို အပြင်သို့ ထွက်ပြေးသွားလိုက်သည်။ ဟယ်ရွှမ်ကျီးက မျက်မှောင်ကြုတ်ကာ ပြောသည်။
"တော်ဝင်သားတော် ဘာလို့ သူတို့နဲ့ ထွက်မတွေ့တာပါလဲ၊ သူတို့ကလည်း ဂိုဏ်းခေါင်းဆောင်တွေ မဟုတ်သေးဘူး ဆိုပေမယ့် အင်အားကြီးမားကြပါတယ်။ သူတို့နဲ့ မိတ်ဆွေဖြစ်ထားတာက အကောင်းဆုံးပါပဲ"
ရွှီရွှမ်းထျန်းက မျက်မှောင်ကြုတ်သည်။
"သူတို့လို ပုရွက်ဆိတ်ကောင်တွေကို ဘယ်သူက မိတ်ဆွေ ဖြစ်ချင်နေမှာလဲ၊ ငါ မလိုဘူး"
အတိတ်တွင် ရွှီရွှမ်းထျန်းက ထောင်ကျစ်အဆင့်တွင် ရှိနေခဲ့စဉ်က ထိုသူများနှင့် ရင်းနှီးဆက်ဆံရေးကောင်းအောင် ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် သူက ထိုသို့လုပ်ရန် မလိုအပ်တော့ချေ။ သူက တော်ဝင်သားတော်ဖြစ်သည်။ ရေခဲနယ်မြေမှ အဆင့်လွန်အဆင့်များကပင် သူ့ကို ဦးညွှတ်ရလေရာ ထိုသူများကို ဂရုစိုက်ရန် မလိုအပ်တော့ချေ။
ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံက ထွက်ပေါ်လာသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ဟယ်ရွှမ်ကျီးက အော်သည်။
တပည့်ဂိုဏ်းသားတစ်ယောက်က ချက်ချင်း ဝင်လာပြီး အထိတ်တလန့် ပြောသည်။
"စီနီယာအစ်ကို ဟန်ကျိုးက တော်ဝင်သားတော်ကို တွေ့ချင်နေပါတယ်။ ကျွန်တော်တို့ သူ့ကို တားလို့ မရပါဘူး"
ဟယ်ရွှမ်ကျီးက မျက်မှောင်ကြုတ်သည်။
"ဝင်ခိုင်းလိုက်"
ဟန်ကျိုးက ခန်းမထဲသို့ ရောက်လာပြီးနောက်တွင် ရွှီရွှမ်ထျန်းက မြင့်မားသော နေရာတွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။
"ရွှီရှန်းထျန်း မင်းကရှို့ဖန်းနဲ့ အခြားသူတွေ အားလုံးကို ဘာဖြစ်လို့ ထောင်ထဲ ထည့်လိုက်တာလဲ"
ဟန်ကျိုးက မေးသည်။
သူက လုယွီကို ထောက်ပံ့ပေးသောကြောင့် ဟယ်ရွှမ်ကျီးက သူ့အား တော်ဝင်နယ်မြေသို့ မပို့လွှတ်ခဲ့ချေ။ သို့ရာတွင် ဟန်ကျိုးက စိတ်မပျက်ပဲ အန္တရာယ်များသော တာဝန်များကို ယူဆောင်ကာ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးနေခဲ့သည်။ သို့သော် သူကပြန်ရောက်လာခဲ့ချိန်တွင် လုယွီနဲ့ ပက်သက်ခဲ့ဖူးသူ အားလုံးက အကျဉ်းထောင်သို့ အပို့ခံရကြောင်း သိလိုက်ရသည်။
ဟယ်ရွှမ်ကျီးက စားပွဲကို ရိုက်ချသည်။
"ဒါက မင်းရဲ့ စီနီယာအစ်ကိုကို ပြောတဲ့ လေသံလား၊ ကိုယ့်အမှားကို ဝန်ခံစမ်း"
ဟန်ကျိုးက အံကိုကြိတ်ကာ ပြောသည်။
"အဖေ ရွှီရှန်းထျန်း ဘာလုပ်ခဲ့လဲ သိလား၊ အဲဒီမှာ တပည့်ဂိုဏ်းသားတွေ အများကြီး ရှိနေတယ်။ သူတို့က ဘာအမှားလုပ်ခဲ့လို့လဲ။ ဘာလို့သူတို့က အကျဉ်းထောင်ကို အပို့ခံရတာလဲ"
ဟယ်ရွှမ်ကျီးကလည်း ဒေါသတကြီး ပြန်ပြောသည်။
"ဒီမှာ မင်းရဲ့စကားပြောပိုင်ခွင့် မရှိဘူး၊ ထွက်သွား"
"ဆရာ ခဏနေပါဦး"
ရွှီရှန်းထျန်းက ခေါင်းမော့ပြီးနောက် ဟန်ကျိုးကို တစ်ချက်ကြည့်သည်။
"ဟုတ်တယ် ငါက လုပ်ခဲ့တယ်၊ အဲဒီတော့ မင်းက ငါ့ကို ဘာလုပ်ချင်လဲ"
"ငါက တော်ဝင်သားတော်ပဲ၊ မင်းက ငါ့ကို မေးခွန်းထုတ်ရဲတာလား"
ဟန်ကျိုးက ဒေါသမထွက်ဘဲ ရယ်သည်။
"တော်ဝင်သားတော် ရှိနေပြီဆိုမှတော့ ဘာလို့ ငါ့ကို တစ်ခါတည်း အကျဉ်းမချလိုက်တာလဲ၊ မင်းက ဖန်းယွန်ကို မောင်းထုတ်နိုင်တယ် ဆိုရင်တောင်မှ ထိုက်ရိဂိုဏ်းအတွင်းမှာပဲ အင်အားကြီးမားသလို လုပ်နေနိုင်တာပဲ။ မင်းက ကိုယ့်စိတ်ကို အကောင်းဆုံး ထိန်းထားနိုင်မှာမှ မဟုတ်တာ"
"တော်လောက်ပြီ"
ဟယ်ရွှမ်ကျီးက မတ်တပ်ထရပ်လာပြီးနောက် ဟန်ကျိုး၏ အနားသို့ ကပ်လာကာ လက်တစ်ဖက်ဖြင့် ရိုက်ချသည်။ ဟန်ကျိုးကလည်း သူ၏ ထိုမွေးစားဖခင်က ထိုသို့ သတိလက်လွတ်ဖြစ်နေချိန်တွင် တိုက်ခိုက်လာမည်ဟု မထင်ထားမိသည့်အတွက် နောက်သို့ လွင့်ထွက်သွားကာ သွေးအန်လိုက်ရသည်။
အပိုင်း ၁၂၆၇
"အစကတည်းက ငါက မင်းရဲ့အဖေအပေါ် တင်နေတဲ့အကြွေးကို ပြန်ပေးခဲ့ပြီးပြီလို့ ယူဆတယ်၊ ငါက မင်းရဲ့အဖေ မဟုတ်တော့ဘူး။ ထွက်သွားတော့"
ဟယ်ရွှမ်ကျီးက အလွန်စိတ်ပျက်သွားသည်။
"ဘာလို့ ဒီကလေးက အခြေအနေကို နားမလည်နိုင်ရတာလဲ"
နှင်းပျံဂိုဏ်းမှ အရှင်ငယ်ကို အလွန်ယုံကြည်လွန်းနေရမည့်အစား ရွှီရှန်းထျန်းကို ယုံကြည်သင့်သည်။ မည်သို့ပင်ဆိုစေ သူ၏ တပည့်က တော်ဝင်နယ်မြေမှ တော်ဝင်သားတော် ဖြစ်နေလေသည်။
လုယွီအတွက်မူကား ကံကောင်းလွန်းသဖြင့်သာ ထိုကဲ့သို့သော အခြေအနေကို ပိုင်ဆိုင်ခဲ့သည်ဟု ယူဆသည်။
ထိုစကားကို ကြားသောအခါ ဟန်ကျိုး၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
"ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ အဖေ"
ဟန်ကျိုးက ဦးညွတ်ပြီးသည်နှင့် ချက်ချင်းလိုလို ထွက်သွားသည်။
သူ၏ စိတ်ထဲတွင်မူ ဖိအားများသလို ခံစားနေရလေသည်။
လုယွီက ရွှီရှန်းထျန်းထက် ပို၍ ကောင်းသည်။ ထိုအချိန်က လုယွီက ကိုယ်ပိုင်စွမ်းအားဖြင့် တပည့်ဂိုဏ်းသားများစွာကို ကယ်တင်ခဲ့ပြီး ရွှီရှန်းထျန်းကမူ လူအများရှေ့တွင် အညံ့ခံခဲ့ခြင်း ဖြစ်သည်။
ရွှီရှန်းထျန်းက မည်သည့်အတွက်ကြောင့် တော်ဝင်သားတော်နေရာကို ရခဲ့ကြောင်း သူမသိသော်လည်း ဟန်ကျိုးကမူ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားမိနေသည်။
ဟန်ကျိုး ထွက်သွားပြီးနောက် ရွှီရှန်းထျန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဆရာ ဒီကောင်လေးကို မလွှတ်ပေးလိုက်သင့်ဘူး၊ သူက မလေးမစား ပြုမူထားတယ်၊ အနာဂတ်မှာ ဘာလုပ်လာမလဲ ဘယ်သိနိုင်မှာလဲ"
ဟယ်ရွှမ်ကျီးက ခေါင်းခါသည်။
"သူက နည်းနည်း နမော်နမဲ့နိုင်တာပါ၊ ထိုက်ရိဂိုဏ်းကနေ မောင်းထုတ်လိုက်ရင် လုံလောက်ပါပြီ"
မည်သို့ပင်ဆိုစေ နှစ်ပေါင်းများစွာအတွက် ခံစားချက်များ ရှိနေသေးလေသည်။ ဟယ်ရွှမ်ကျီး၏ လက်ဝါးကပင် ဟန်ကျိုးကို ရိုက်မိသည့်အတွက် နာကျင်နေလေသည်။
"ပေါက်ကရတွေ"
ရွှီရှန်းထျန်းက အော်သည်။
"ဆရာ အနာဂတ်မှာ ကျွန်တော်နဲ့အတူ ရေခဲနယ်မြေကို အုပ်ချုပ်နေမယ်ဆိုရင် ဒီလို ပျော့ညံ့နေလို့ မရဘူး"
"အကောင်းဆုံးက ဒီလို သစ္စာဖောက်တွေကို သတ်လိုက်တာပဲ၊ ဒီလိုဆိုရင် ဖြေရှင်းပြီးသားဖြစ်သွားပြီ"
ထိုအချိန်တွင် သူက နောင်တအပြည့် ရနေလေသည်။ ‘ကြည့်ရတာ ထိုက်ရိဂိုဏ်းက ပြောင်းလဲမှု လုပ်ဖို့ လိုအပ်နေပြီထင်တယ်’
သူ၏ တပည့်၏ ဆုံးမပေးခြင်းကို ခံရသဖြင့် ဟယ်ရွှမ်ကျီးက ရှက်သွားသည်။ မည်သို့ပင်ဆိုစေ သူကသာ ရေခဲနယ်မြေကို ထိန်းချုပ်လိုလျှင် တော်ဝင်သားတော်၏ အမိန့်ကို နာခံရပေလိမ့်မည်။
ဟယ်ရွှမ်ကျီးက သက်ပြင်းချသည်။
"ကောင်းပြီ တော်ဝင်သားတော် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
ရွှီရှန်းထျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးသည်။ အရာအားလုံးက သူက မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
"တော်ဝင်သားတော် တောင်ထိပ်တိုင်းက အကြီးအကဲတွေအားလုံး ရောက်နေကြပါပြီ"
တပည့်ဂိုဏ်းသား တစ်ယောက်က လာရောက်ကာ သတင်းပို့သည်။
"သွားမယ် တစ်ချက် ကြည့်ရအောင်"
ဘိုးဘေးခန်းမ၏ အရှေ့တွင် မရေမတွက်နိုင်သော ဧည့်သည်တော်များက စောင့်ဆိုင်းနေကြသည်။
"ငါတို့က ဘယ်လောက်အထိ စောင့်နေရမှာလဲ"
"ဟွန်း အသံကို လျှော့ထား၊ ရွှီရှန်းထျန်းက ထိုက်ရိဂိုဏ်းရဲ့ အရှင်ငယ်ပဲ၊ အခု တော်ဝင်ဘိုးဘေးရဲ့ အမွေအနှစ်ကို ရထားခဲ့ပြီး တော်ဝင်သားတော် ဖြစ်သွားပြီဆိုတော့ အနာဂတ်မှာ ဒီထက်ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရာတွေ ဖြစ်လာနိုင်တယ်"
"နဂိုကတည်းက သူ့ရဲ့စရိုက်က မကောင်းတာ၊ အနာဂတ်မှာ ပိုဆိုးတော့မှာပဲ"
မည်သို့ပင်ဆိုစေ သူတို့အားလုံးက ခပ်တိုးတိုးသာ ပြောရဲကြလေသည်။ သူတို့အားလုံး ဒီနေရာသို့ ရောက်လာခဲ့ခြင်းကလည်း ရွှီရှန်းထျန်းကို ဖားရန်သာ ဖြစ်သည်။
"တော်ဝင်သားတော် ကြွလာပြီ"
ရုတ်တရက် အဓိကခန်းမ၏ တံခါးက ပွင့်သွားသည်။
ရွှီရှန်းထျန်းက အပြုံးနှင့် ထွက်လာသည်။ သူ၏ မျက်နှာတွင် ဂုဏ်ယူမှုက အပြည့်ရှိနေသည်။
"ဒီနေ့က ငါက တော်ဝင်သားတော်အဖြစ် တရားဝင် အသိအမှတ် ပြုခံရတဲ့ နေ့ပဲ။ ရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ တော်ဝင်ဘိုးဘေးက သိပ်မကြာခင်မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး ငါ့ရဲ့ နေရာကို အသိအမှတ်ပြုကြောင်း ပြောကြားပေးလိမ့်မယ်။ ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးကြပါ"
ရွှီရှန်းထျန်းက ထိုသို့ ပြောလိုက်သည့်အခါ အားလုံးက အံ့ဩသွားကြသည်။ တော်ဝင်ဘိုးဘေးကိုယ်တိုင် ရောက်လာမည်ဟု မထင်ထားမိပေ။ ရွှီရှန်းထျန်း အတွက်လည်း တော်ဝင်ဘိုးဘေးက သိပ်မကြာခင်အချိန်တွင် အခန်းထဲမှ ထွက်လာနိုင်မည်ဟု ပြောသည့်အတွက် ယခုမှသာ ကြေညာရဲခြင်းဖြစ်သည်။ တော်ဝင်ဘိုးဘေး၏ အထောက်အပံ့ဖြင့်ဆိုလျှင် သူက မည်သူ့ကိုမှ ကြောက်လန့်ရန် မလိုအပ်တော့ပေ။
အပိုင်း ၁၂၆၈
ရွီှရှန်းထျန်းက ရွှေရောင်ပလ္လင်ပေါ်တွင် တက်ထိုင်နေသည့်တိုင်အောင် ဧည့်သည်တော်များကိုမူ ထိုင်ခုံမချပေးချေ။ အစပိုင်းတွင် ထိုလူများက အထွန့်တက်လိုကြသော်လည်း ယခုအခါ ထိုင်ပင်မထိုင်ရဲတော့ချေ။ မည်သည့်အချိန်တွင်မဆို တော်ဝင်ဘိုးဘေးက ရောက်လာနိုင်သည်။ တော်ဝင်ဘိုးဘေးက ရောက်လာသည့်အခါ သူတို့က ထိုင်နေလျှင် ပုန်ကန်သလို ဖြစ်သွားနိုင်လေသည်။
“ငါတောင်ဒီမှာထိုင်ပြီးနေပြီ အကြီးအကဲတွေ မရောက်သေးဘူးလား”
ရွှီရှန်းထျန်းက ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိသွားကာ မျက်မှောင်ကြုံ့လိုက်သည်။ စည်းမျဉ်းအရ အကြီးအကဲများအားလုံးက ဒီလိုပွဲမျိုးတွေ တက်ရောက်သင့်ပေသည်။ အထူးသဖြင့် သူကတော်ဝင်သားတော်အဖြစ် ဆက်ခံမည့်ပွဲဖြစ်လေသည်။
တပည့်ဂိုဏ်းသားတစ်ယောက်က ရှေ့တက်လာကာ တင်ပြသည်။
“အကြီးအကဲ လဲ့ယန်နဲ့ အကြီးအကဲချန်ခွန်းတို့က မလာနိုင်ဘူးလို့ ပြောပါတယ်”
အခြားသူများကမူ တံခါးပိတ်ကျင့်ကြံနေကြလေသည်။ မည်သို့ပင်ဆိုစေ ထိုအဘိုးကြီးများက အလကားနေ တံခါးပိတ်ကျင့်ကြံနေကြလေသည်။
ရွှီရှန်းထျန်းကလည်း အခြေအနေကို နားလည်သွားသည်။ ထိုလူများက သူ့ကို ပုန်ကန်နေခြင်းဖြစ်ရပေမည်။
“သူတို့မလာဘူးဆိုရင် ဘယ်တော့မှ မလာခိုင်းနဲ့”
ရွှီရှန်းထျန်းက အေးစက်စွာပြုံးကာပြောသည်။
“သူတို့ရဲ့အတွင်းစည်းအကြီးအကဲဆိုတဲ့ ရာထူးကိုဖယ်ရှားပြီး နှင်ထုတ်လိုက်။ တော်ဝင်ဘိုးဘေးရောက်လာတဲ့အချိန်မှာ ဒူးထောက်ပြီးတောင်းပန်ကြပါစေ”
တပည့်ဂိုဏ်းသားများအားလုံးက ကြောင်အကုန်သည်။
“ဒီပွဲကိုမတက်ရုံနဲ့ အားလုံးကို မောင်းထုတ်တော့မှာလား”
ရွှီရှန်းထျန်း၏လုပ်ရပ်က လူတိုင်းကိုကြောက်လန့်သွားစေသည်။ ကလန်ငယ်များမှ လူများကလည်းမျက်နှာအမူအရာ ပျက်ယွင်းသွားကြသည်။ မူလကထိုက်ရိဂိုဏ်းနှင့် ရင်းနှီးသောသူများအားလုံးက ရွှီရှန်းထျန်းကို ဖားရန် ကြံစည်ခဲ့ကြသည်။ သူတို့နှင့်ထိုက်ရိဂိုဏ်း၏ ရင်းနှီးမှုကို အသုံးပြုပြီး ရွှီရှန်းထျန်းကို ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ မမျှော်လင့်ထားစွာပင် ရွှီရှန်းထျန်းက ထိုကဲ့သို့သူမျိုးဖြစ်နေခဲ့သည်။
“တော်ဝင်သားတော် ကျွန်တော်တို့ရဲ့မြစ်ကလန်က စိတ်ဝိဉာဉ်ကျောက်မိုင်းတွင်းများစွာကို ရှာတွေ့ခဲ့လို့ ကျွန်တော်တို့ရဲ့လူအင်အားက ကိုင်တွယ်ဖို့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် တော်ဝင်သားတော်ကိုပေးအပ်ချင်ပါတယ်”
ခေါင်းဆောင်တစ်ယောက်က မတ်တပ်ထရပ်လာကာ မြေပုံတစ်ခုကို ကမ်းပေးလိုက်သည်။ သူ၏မျက်နှာတွင် အပြုံးကရှိနေ၏။
မည်သို့ပင်ဆိုစေ စိတ်ဝိဉာဉ်ကျောက်တုံးဆိုသည်မှာ ဂိုဏ်းတစ်ခုက အုတ်မြစ်ဖြစ်သည်။ ဂိုဏ်းငယ်ဆိုလျှင်ပင် မိုင်းတွင်းတစ်ခုက အလွန်အရေးကြီးပေသည်။
သူက ရွှီရှန်းထျန်းကို သိသိသာသာ ဖားယားနေခြင်းဖြစ်သည်။ သို့ရာတွင် ရွှီရှန်းထျန်းက မြေပုံကို လှမ်းမယူပေ။ တစ်ချက်မျှပင် မကြည့်ပေ။ ထိုအခါ ဂိုဏ်းခေါင်းဆောင်၏ လက်ကပင် တောင့်တင်းသွားပြီး မျက်နှာကလည်း ကြောင်တောင်တောင်ဖြစ်လာသည်။
ရွှီရှန်းထျန်း၏အနားမှ လက်ထောက်ကပြောသည်။
“ခင်ဗျားတို့ရဲ့မြစ်ကလန်မှာ စိတ်ဝိဉာဉ်ကျောက်တုံးမိုင်းတွင်းတွေ ဒီလောက်များနေတာ နည်းနည်းလောက် လာပေးရုံနဲ့ရမလား။ ဒီလောက်နဲ့ တော်ဝင်သားတော်ကို လေးစားပြဖို့ ဘယ်လုံလောက်မှာလဲ”
ထိုခေါင်းဆောင်၏အမူအရာက ပျက်ယွင်းသွားပြီးနောက် တုန်ယင်စွာဖြင့် နောက်ထပ် မြေပုံတစ်ခုကိုထုတ်သည်။
“ဒါက ကျွန်တော်တို့ရဲ့မြစ်ကလန်မှာရှိတဲ့ စိတ်ဝိဉာဉ်မိုင်းတွင်းအကုန်ပါပဲ။ အားလုံးကို တော်ဝင်သားတော်ကို ပေးအပ်ပါတယ်”
ထိုစိတ်ဝိဉာဉ်မိုင်းတွင်းများသာမရှိလျှင် ဂိုဏ်းကိုထောက်ပံ့ရန် ခက်ခဲသွားပေလိမ့်မည်။ ဂိုဏ်း၏အင်အားကလည်း လျော့ကျသွားပေလိမ့်မည်။
အပိုင်း ၁၂၆၉
လက်ထောက်က မြေပုံများကိုယူပြီးနောက် ပြောသည်။
“ကောင်းပြီ ခင်ဗျားက ဒီမှာဆက်နေလို့ရတယ်”
ပတ်ဝန်းကျင်ရှိလူများအားလုံး၏မျက်နှာက ဖြူဖျော့သွားကြသည်။
“ဘာလဲ ဒီနေရာမှာဆက်နေချင်ရင် တစ်ခုခုသုံးပြီး ကမ်းလှမ်းရတော့မှာလား”
အချို့လူများက တော်ဝင်ဘိုးဘေးကို တွေ့ချင်ရုံမျှသာဖြစ်သည်။ ထို့ကြောင့် သူတို့ဒီနေရာတွင် ဆက်နေလိုကြသည်။ မမျှော်လင့်ထားစွာပင် ပြန်ချင်သူများက ပိုများနေလေသည်။ သူတို့က လင်းရှီမိုင်းတွင်း များစွာ ထုတ်ပေးရန် မတတ်နိုင်ကြချေ။
“ပြန်ချင်သူတွေ ကောင်းကောင်းစဉ်းစားကြဖို့လိုအပ်တယ်။ ဒီနေရာမှာ ဘယ်သူမှမရှိတော့ဘူးဆိုရင် အဲ့ဒီသူတွေက တော်ဝင်သားတော်ကို မရိုသေရာရောက်တယ်။ အနာဂတ်မှာ ကိုယ်ပိုင်ပျော်ရွှင်မှုကို လာရှာဖို့ မစဉ်းစားကြနဲ့တော့”
ထိုက်ရိဂိုဏ်းမှ အကြီးအကဲများက ဆက်ပြောကြသည်။ ထိုနည်းအားဖြင့် အချို့သောဂိုဏ်းခေါင်းဆောင်များက မပြန်ရဲကြတော့ချေ။
ဂိုဏ်းခေါင်းဆောင်တစ်ယောက်က တောင်းပန်သည်။
“တော်ဝင်သားတော် ကျွန်တော်တို့တိုက်ပွဲမှာလည်း အများကြီးဆုံးရှုံးသွားခဲ့ပါတယ်။ ဂိုဏ်းကလည်း လက်ရွေးစင်ပေါင်းများစွာကလည်း သေဆုံးသွားခဲ့လို့ ဆုံးရှုံးမှုအရမ်းကြီးမားခဲ့တာပါ။ ဒါကြောင့်တော်ဝင်သားတော်ကို ကမ်းလှမ်းစရာ မရှိဘူးဖြစ်နေခဲ့တာပါ”
ရွှီရှန်းထျန်းက မျက်လုံးမှိတ်ထားပြီး မကြားချင်ယောင်ဆောင်နေသည်။
“သခင်ရွှီ ခင်ဗျားရဲ့သမီးက သဘာဝမီးဝိဉာဉ်ခန္ဓာကိုယ်နဲ့ မွေးဖွားလာတယ်လို့ ကြားထားတယ်”
“ဟုတ်ပါတယ်”
ထိုခေါင်းဆောင်က ခေါင်းငြိမ့်သည်။ သူ၏သမီးက သဘာဝမီးဝိဉာဉ်ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခြင်းဖြစ်ကာ မီးအခြေပြုသိုင်းများကို ကျင့်ကြံလေသည်။
လက်ထောက်က လျှာသပ်ပြီးနောက် ပြုံးလိုက်သည်။
“ဒါဆိုရင် ဘာလို့အဲ့ဒီသမီးကို မကမ်းလှမ်းလိုက်ရတာလဲ”
ခေါင်းဆောင်ရှီက ဒေါသထွက်သွားပြီးငြင်းသည်။
“မရဘူး ငါ့ရဲ့သမီးက လက်ထပ်ထားပြီးသား ဘယ်လိုဖြစ်ပြီး နောက်တစ်ယောက်နဲ့ ထပ်လက်ထပ်ရမှာလဲ”
သူ့တွင် ထိုသမီးတစ်ယောက်သာလျှင်ရှိကာ သူက လက်ထဲမှ ပုလဲလုံးကဲ့သို့ တန်ဖိုးထားလေသည်။ ထို့အပြင် ရွှီရှန်းထျန်း၏ စရိုက်ကိုလည်း လူတိုင်းနီးပါး သိနေကြသည်။ သူက ထိုကဲ့သို့မီးတွင်းထဲ သမီးဖြစ်သူကို မပို့လွှတ်နိုင်ချေ။
“မျက်နှာသာပေးတာကို နားမလည်ဘူးပဲ။ တော်ဝင်သားတော်က ခင်ဗျားရဲ့သမီးကို လိုချင်တာကို ဝမ်းသာသင့်တာမဟုတ်ဘူးလား”
“သူ့ကိုမောင်းထုတ်လိုက်”
သူက ပြောသည်။
ထိုအချိန်တွင် ထိုခေါင်းဆောင်၏ကလန်မှ အကြီးအကဲအချို့က ထွက်လာခဲ့ပြီး ခေါင်းဆောင်ကို တွန်းထုတ်သည်။
“ငါက တစ်ဘဝလုံးကလန်ကိုအလုပ်အကျွေးပြုလာခဲ့တာ။ ဘာလို့ငါ့ကို မောင်းထုတ်နေတာလဲ”
“ခင်ဗျားက အတုအယောင် အာဏာကြီးချင်ယောင်ဆောင်နေတဲ့သူပဲ။ တော်ဝင်သားတော်က ဒီလောက်ကမ်းလှမ်းနေတာတောင် နားမလည်နိုင်ဘူး။ ဒါကိုသစ္စာရှိတယ်လို့ ခေါ်မလား”
“တော်ဝင်သားတော်ရဲ့ ချိတ်စည်းတံဆိပ်ကို ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ခင်ဗျားရှိတဲ့ကလန်က ဒုက္ခရောက်လိမ့်မယ်”
အခြားသောဧည့်သည်တော်များက ထိုစကားများကိုကြားသောအခါ တစ်ကိုယ်လုံးအေးစက်သွားကြသည်။
ကလန်အချင်းချင်းက လူများကပင် ရှင်သန်ရန်အတွက် ထိုသို့ အချင်းချင်းဒုက္ခပြန်ပေးနေကြလေသည်။
ဂိုဏ်းခေါင်းဆောင်ကပင် ချွင်းချွက်မရှိပေ။
“ကျွန်တော်က စိတ်ဝိဉာဉ်ကျောက်တုံး ငါးဘီလီယံကို တော်ဝင်သားတော်ကို ပေးအပ်ချင်ပါတယ်”
“ကျွန်တော်က စုဆောင်းထားတဲ့အဆုံးမသတ်နိင်တဲ့ ရတနာတွေကို တော်ဝင်သားတော်ကို ကမ်းလှမ်းပါတယ်”
ခေါင်းဆောင်များနှင့် ဆရာသခင်များအသီးသီးက သူတို့ပိုင်ဆိုင်သမျှအရာအားလုံးကို ကမ်းလှမ်းကြရသည်။
ယခင်အချိန်များကလည်း တော်ဝင်သားတော်များ မွေးဖွားခဲ့ဖူးသော်လည်း ယခုလောက်အထိ ဆိုးရွားခဲ့ဖူးခြင်းမရှိသေးချေ။
“တော်ဝင်ဖခင်က လာမှာသေချာလား”
ဟယ်ရွှမ်ကျီးက မျက်မှောင်ကြုံ့သည်။ သူက လူအုပ်၏ မသက်မသာဖြစ်မှုကို မြင်နိုင်လေသည်။
ထိုက်ရိဂိုဏ်းက မဟာဂိုဏ်းကြီးဖြစ်သည့်တိုင်အောင် ထိုဂိုဏ်းငယ်လေးများ၏ အထောက်အပံ့ကိုလည်း မှီခိုရန် လိုအပ်နေသေးပေသည်။
ရွှီရှန်းထျန်းက ဂုဏ်ယူစွာပြောသည်။
“စိတ်အေးအေးထားပါ တော်ဝင်ဘိုးဘေးက ရောက်လာလိမ့်မယ်”
ယခုလေးတင် ကျန်းရိကျင်းထံမှ စာရထားပြီးလေပြီ။ တော်ဝင်ဘိုးဘေးက အဆင့်တက်ရန် ပြီးမြောက်လုနီးပါးဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် အခေါင်းထဲမှထွက်လာရန် တစ်နာရီပင်မကြာလောက်တော့ချေ။
ထိုအချိန်တွင် ရွှီရှန်းထျန်းက တော်ဝင်ဘိုးဘေး၏ အသိအမှတ်ပြုမှုကို ရထားပြီးသားဖြစ်သည့်အတွက် အမှားအယွင်းရှိလာတော့မည်မဟုတ်ပေ။ သူကလက်ရှိရထားသော ရတနာများကလည်း သူ့ကိုအလွန်ပျော်ရွှင်စေနေလေသည်။
“ဘာလို့ အဆင့်လွန်အဆင့်တွေ မရောက်လာကြသေးတာလဲ”
ရွှီရှန်းထျန်းက ရုတ်တရက် မျက်မှောင်ကြုံ့သည်။ သူက ရေခဲနယ်မြေတစ်ခုလုံးအတွင်းရှိ လေးစားရသောအဆင့်လွန်အဆင့်များထံသို့ သီးသန့်ဖိတ်စာများကို ပို့ခဲ့ပြီးသားဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့၏ကလန်မှ အကြီးအကဲများမှ လွဲပြီး မည်သူကမှရောက်မလာခဲ့သေးချေ။
အပိုင်း ၁၂၇၀
“ဒီလူတွေက ငါ့ကိုမျက်လုံးထဲ မထည့်တာလား”
ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
ဧည့်သည်တော်များက ကြည့်လိုက်ချိန်တွင် ကောင်းကင်ဂိတ်တွင်ပုံရိပ်များစွာ ထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။ သားရဲကြီးများဆွဲလာသော ရထားလုံးကြီးပေါင်းများစွာနှင့် ခမ်းနားသောတိမ်ဆိုင်များကို စီးနင်းလာသူများ စသဖြင့် အမျိုးမျိုးသော အရှိန်အဝါကြီးမြတ်သူများအားလုံးက ရောက်လာကြလေသည်။
“အဆင့်လွန်အကြီးအကဲတွေ ရောက်လာကြပြီပဲ”
ထိုလူများကို မှတ်မိသွားသည့်အခါ လူအများစုက အံ့သြသွားကြလေသည်။ ရေခဲနယ်မြေတစ်ခုလုံးတွင် ရှိသမျှသောအဆင့်လွန်အဆင့်များအားလုံးက ဒီနေရာသို့ ရောက်လာကြသည်။ သူတို့အားလုံးကလည်း တော်ဝင်သားတော်ကို လာရောက်ဂါဝရပြုကြခြင်း ဖြစ်လောက်လေသည်။
ထိုလူများရုတ်တရက်ရောက်လာခဲ့ခြင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ ရွှီရှန်းထျန်း ကလည်းပျော်သွားသည်။
“ဒီလူတွေက အခြေအနေတွေကို နားလည်သေးတာပဲ”
“ဒါပေမဲ့ သူတို့ကအချိန်မှားပြီးရောက်လာမိတယ်။ သူတို့ကသာ လုံလောက်အောင် လက်ဆောင်တွေ မပေးခဲ့ရင် မဝင်ခိုင်းနဲ့”
သူက ထိုသို့ပြောလိုက်သည်။ ရွှီရှန်းထျန်းက ယခင်က ထောင်ကျစ်အဆင့်သာလျှင် ဖြစ်ခဲ့သော်လည်း ယခုကမူသူက လူငယ်မျိုးဆက်တွင် တော်ဝင်သားတော်တစ်ယောက်ဖြစ်နေလေသည်။ ထိုမျှအင်အားကြီးမားသော လူပေါင်းများစွာရောက်လာမည်ဆိုလျှင်ပင်သူ့အား ခစားရန်သာဖြစ်သင့်လေသည်။
လက်ထောက်က ကြောင်သွားသည်။
“သူ့တို့ကိုမောင်းထုတ်လိုက်ရမှာလား”
မည်သို့ပင်ဆိုစေ ထိုသူများအားလုံးက ရေခဲနယ်မြေမှ အစွမ်းထက်ဆုံးလူများ ဖြစ်နေကြလေသည်။ ထိုသူများအားလုံးကိုမည်သူမ ှမရင်ဆိုင်နိုင်ချေ။
ရွှီရှန်းထျန်းက လက်ကာပြကာ ဂုဏ်ယူစွာပြောသည်။
“တော်ဝင်ဘိုးဘေးကရောက်လာတော့မယ် သူတို့က ဘာမှမလုပ်ရဲပါဘူး”
သာမန်နေ့များဆိုလျှင် ထိုသူများက အလွန်အင်အားကြီးမားသူများ ဖြစ်သည့်တိုင်အောင် ယခုအခါတွင်မူ တော်ဝင်ဘိုးဘေးက ရောက်လာပြီဖြစ်သည်။သူတို့အားလုံးက သူ့ကို ကပ်ဖားနေသင့်လေသည်။
အရှေ့ဘက်တောင်ဂိတ်တွင် …
လုထျန်းကန်းက အခြားသော အဆင့်လွန်အဆင့် ရာကျော်ကိုဦးဆောင်ကာ ထိုနေရာသို့ ရောက်လာသည်။
“ရွှီရှန်းထျန်းက ဘာတွေလျှို့ဝှက်ဆန်းကြယ်သလို လုပ်ပြနေတာလဲ”
လုထျန်းကန်းက လှောင်ရယ်သည်။ သူကအဝေးသို့ တစ်ချက်ကြည့်လိုက်ချိန်တွင် မြင့်မားသောနေရာတွင် ရှိနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ရွှီရှန်းထျန်းနှင့် ဟယ်ရွှမ်ကျီး တို့က အလွန်မြင့်မားသော အဆင့်အတန်းရှိသည့်နေရာမျိုးတွင်ထိုင်နေကြသည်။
“အရှင်က မရောက်လာသေးဘူး ငါတို့ဒီနေရာမှာအရင်စောင့်ရအောင် “
လုထျန်းကန်းကပြောသည်။ အခြားသော အဆင့်လွန် အဆင့်များကလည်း ထိုနေရာတွင် ရပ်တန့်လိုက်ကြလေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ အဝေးမှကြည့်နေသည့် ရွှီရှန်းထျန်း က ပို၍ဂုဏ်ယူသွားသည်။
“ကြည့် သူတို့က အဆင့်လွန် အဆင့်တွေဆိုတော့ဘာဖြစ်လဲ ငါ့ရဲ့အမိန့်ကိုနာခံရတာပဲမဟုတ်ဘူးလား”
“အားလုံးပဲညီညီညာညာ မတ်တပ်ရပ်နေကြပြီးတော့ ယူလာတဲ့ပစ္စည်းတွေကို ပြကြပါ”
ရွှီရှန်းထျန်း၏လက်ထောက်က အနားသို့ရောက်လာသည်။ သူကကြောက်လန့်ခြင်းမရှိပေ။
ထိုအခါ အခြားသူများအားလုံးက ကြောင်သွားကြသည်။
“မင်းလိုအဆင့်နိမ့်နယ်မြေက ကောင်တစ်ကောင်က ငါတို့ရှေ့မှာ ဒီလိုပြောရဲတာလား”
အနက်ရောင်ဝတ်စုံဝတ်ထားသော အဆင့်လွန်အဆင့်တစ်ယောက်က ရုတ်တရက် လက်လှမ်းလိုက်ချိန်တွင် ခရမ်းရောင်မြူတစ်ခုက ထွက်ပေါ်လာသည်။
လက်ထောက်က တုန်ယင်သွားသည်။ သူကလည်းပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရလေသည်။ သို့ရာတွင် သူ၏နောက်ကွယ်မှ တောင်တန်းကြီးကို သတိထားမိကာ ပြောလိုက်သည်။
“ခင်ဗျားတို့က ဘာလုပ်ချင်လို့လဲ ဒီနေရာက တော်ဝင်သားတော်ဘွဲ့ တရားဝင်အပ်နှင်းမဲ့ ပွဲတော်ပဲ ငါ မေးနေတာက ခင်ဗျားတို့တွေ ဘာလက်ဆောင်ယူလာကြလဲ”
လက်ထောက်က အော်သည်။
လုထျန်းကန်းက မျက်မှောင်ကြုံ့သည်။
“ဘာကို လက်ဆောင်လဲ “
“ဒီနေ့က ဘာနေ့လဲ မသိဘူးလား ဒီလိုနေ့ထူးနေ့မြတ်မျိုးမှာ လက်ဆောင် ဆက်သသင့်တယ်လေ”
လက်ထောက်၏ကျယ်လောင်သော အသံကိုကြားချိန်တွင် အခြားသောအဆင့်လွန် အဆင့်များက အခြေအနေကိုနားလည်သွားကြသည်။ နဂိုကတည်းက ရွှီရှန်းထျန်းက မောက်မာသည်။ ယခုအခါ သူက အဆင့်လွန်အဆင့်များထံမှပင် လက်ဆောင်တောင်းခံနေသေးသည်။
“ဟားဟား သူက ဘာကောင်လဲ”
အနက်ရောင်ဝတ်စုံဝတ်အဆင့်လွန်အဆင့်က ဒေါသကြီးသူဖြစ်သည်။ သူကထိုအခါတွင် အလွန်ဒေါသ ထွက်သွားတော့သည်
အဆင့်လွန်အဆင့်များရှေ့တွင်ပင် အထောက်အထားသေချာမပြနိုင်သောသူက သူ့ကိုယ်သူ တော်ဝင်သားတော်ဟု ခေါ်နေသည်။ ထို့အပြင် တော်ဝင်ဘိုးဘေးက သေသွားခဲ့ချေပြီ။ သူက တော်ဝင်သားတော်အစစ်ဆိုလျှင်ပင် မည်သူကမှ ဂရုစိုက်မနေချေ။
“အချိန်ရောက်လာပြီ ဝင်ကြစို့”
ရုတ်တရက် လုထျန်းကန်းက အသံသတင်းစကားကိုကြားရသည့်အခါ အထဲသို့ ခြေလှမ်းဝင်တော့သည်။
လက်ထောက်ကလည်း ထိုအခြေအနေကိုမြင်သောအခါ အလျှင်စလို တားတော့သည်။
“ဘာလုပ်တာလဲ လက်ဆောင်တွေမပေးရသေးဘဲနဲ့ မဝင်ရဘူး”
ထိုအချိန်တွင် ခရမ်းရောင်မြူထု တိမ်ဆိုင်တစ်ခုက ထွက်ပေါ်လာသည်။ သူက ထိုမြူထုတိမ်ဆိုင်အတွင်းသို့ ရောက်သွားသည့်အခါ တစ်ကိုယ်လုံးက ထုံထိုင်းသွားပြီး မြေပြင်သို့ လဲကျသွားကာ မေ့မျောသွားတော့သည်။
“အရှင်က လူမသတ်ရဘူးလို့ ပြောထားလို့သာ မဟုတ်ရင် ဒီကောင် သေသွားလောက်ပြီ”
အနက်ရောင်ဝတ်စုံနှင့်အဆင့်လွန်အဆင့်က ထိုလက်ထောက်ကို ခြေထောက်ဖြင့် စောင့်ကန်လိုက်သည်။