အခန်း (၁၂၉၁-၁၂၉၅)
Vol. 68 Ch. 1291-1295
အပိုင်း ၁၂၉၁
“မင်းတို့ရဲ့ကိုယ်မှာ စိတ်ဝိဉာဉ်အမှတ်အသား ထည့်သွင်းရမယ်”
တစ်ဖက်မှ အမျိုးသမီးနှစ်ယောက်က အချင်းချင်းကြည့်ကြသည်။ သူတို့က ခါးသီးစွာဖြင့် လက်ခံလိုက်ကြရသည်။ သူတို့က နာခံစွာဖြင့် ကိုယ်ပိုင်စိတ်ဝိဉာဉ်အမှတ်အသားအပြု ခံရလေသည်။
သူတို့ကသာ တစ်ဖက်သူကိုဆန့်ကျင်မည်ဆိုလျှင် သေဆုံးရမည်ဖြစ်သည်။ ထိုသို့ဖြင့် လုယွီက အစေခံ မိန်းမပျိုနှစ်ယောက်ရသွားသည်။
“မာရှယ် ကျွန်မတို့ ဘာဆက်လုပ်ရမလဲ”
သုန့်ဝမ်ယွဲ့က အံကိုကြိတ်ကာပြောသည်။
လုယွီက မည်သည့်အရာကိုတောင်းဆိုမည်ဖြစ်ကြောင်း သူမသည်လည်း ခန့်မှန်းမိလေသည်။ သူမတို့ညီအမနှစ်ယောက်က တစ်ဂိုဏ်းလုံးတွင် အလှဆုံးဖြစ်လေသည်။ ယခင်ကဆိုလျှင် လုမိသားစုမှ ဂိုဏ်းခွဲအရှင်တစ်ယောက်ဖြစ်သည့် လုကောင်းမင်က သူမတို့ကို လက်ထပ်ရန်ပင် ကြိုးပမ်းခဲ့ဖူးလေသည်။ သို့သော်သူမတို့နှစ်ယောက်က ငြင်းဆန်ခဲ့လေသည်။ မမျှော်လင့်ထားစွာပင် ဝမ်ချန်းကလည်း အလားတူတောင်းဆိုလာသည်။
လုယွီက မျက်နှာသေဖြင့်ပြောသည်။
“မြောက်ပိုင်းနယ်မြေမှာ မင်းတို့ပိုင်ထားတဲ့ စိတ်ဝိဉာဉ်မိုင်းတွင်းတွေအများကြီးရှိတယ်လို့ကြားတယ်။ မင်းတို့နှစ်ယောက်က အဲ့ဒီမြေတွေကိုသွားပြီး စောင့်ကြပ်နေလိုက်”
“ရလာသမျှ စိတ်ဝိဉာဉ်ကျောက်တုံးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို မဟာတယွီ စစ်တပ်ကို ထောက်ပံ့ပေးရမယ်”
သုန့်ဝမ်ယွဲ့နှင့် သုန့်ဝမ်ကျင်းတို့က ကြောင်အသွားကြသည်။ သူတို့က ကိုယ့်နားကိုယ်ပင် မယုံကြည်ကြတော့ပေ။
“ဘယ်လိုဖြစ်ပြီး အလှလေးနှစ်ယောက်ကို အဆင့်ချပြီး စိတ်ဝိဉာဉ်မိုင်းတွင်းကို စောင့်ကြပ်ခိုင်းနေတာလဲ”
လုယွီက ပြောသည်
“ငါက လုမိသားစုကို သွားဖို့ရှိတယ်။ မင်းတို့ ဆန္ဒရှိရင် လုမိသားစုကို လိုက်ခဲ့နိုင်တယ်”
ထိုအခါ ထိုအမျိုးသမီးငယ်တို့က တုန်ယင်သွားကြသည်။
“ကျွန်မတို့ မိုင်းတွင်းပဲစောင့်ပါမယ်”
လုယွီက အေးစက်စွာပြောသည်။
“ဒါပေမဲ့ ငါမင်းတို့ကိုနောက်ဆုံးတစ်ကြိမ် သတိပေးမယ်။ မင်းတို့ထပ်ပြီး ငါ့ကိုဒုက္ခလာပေးဦးမယ်ဆိုရင်တော့ မင်းတို့ရဲ့စိတ်ရော ခန္ဓာရော ဖျက်ဆီးခံရလိမ့်မယ်”
သုန့်ဝမ်ကျင်းက တုန်ယင်သွားသည်။ ယခုအချိန်မှသာထိုလူက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမကနားလည်လိုက်လေသည်။
လုယွီက ထိုကိစ္စများကို ကိုင်တွယ်ပြီးနောက်တွင် တယွီစစ်တပ်ကိုကြည့်သည်။
လော့ကျန်းနှင့် တိရှောင်းက လုယွီ၏အရှေ့တွင်ရပ်နေကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။
“မာရှယ် မာရှယ်က ရေခဲနယ်မြေကို ဝင်လိုက်ပြီလား”
လော့ကျန်းက ပြောသည်။ သူကစိတ်ရှုပ်ထွေးနေလေပြီ။ လုယွီက ရေခဲနယ်မြေသို့ ဝင်လိုက်လျှင် မဟာတယွီစစ်တပ်က ပျောက်ကွယ်သွားရပေလိမ့်မည်။ သူတို့ရဲ့အယုံကြည်ရဆုံး စစ်သေနာပတိချုပ်က အညံ့ခံလိုက်သည်။
“မင်းတို့ကအစိုးရိမ်လွန်နေတာပဲ မင်းတို့က အရှင့်ရဲ့နောက်က လက်အောက်ငယ်သားဟောင်းတွေဖြစ်ရမယ်။ ဒါပေမဲ့ အခုရေခဲနယ်မြေက အရှင့်ရဲ့လက်အောက်ခံဖြစ်သွားပြီ။ ဒီတော့ ငါတို့က တစ်ဖက်ထဲကပဲ”
လုထျန်းကန်းက ဝင်ပြောလိုက်သည်။
“ဘာ”
တိရှောင်းနှင့် လော့ကျန်းတို့က ကြောင်အသွားကြသည်။
“ရေခဲနယ်မြေက အရှင်ရဲ့လက်အောက်ခံဟုတ်လား နောက်နေတာလား”
ရေခဲနယ်မြေမည်မျှကျယ်ကြောင်းမဆိုထားဘိ ထိုနေရာတွင်ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ရှိနေလေသည်။ လုယွီက မဟာပါရမီရှင်ဖြစ်သည့်တိုင်အောင် ထိုမျှအထိ မလုပ်နိုင်သင့်သေးချေ
သူတို့က သတိလက်လွတ်ဖြင့် မဖြစ်နိုင်ဟု တွေးလိုက်မိကြသည်။ သို့ရာတွင် လုထျန်းကန်းနှင့် အခြားအယောက်တစ်ရာကျော်၏ အမူအယာကိုမြင်သောအခါ ထိုစကားက အမှန်ဖြစ်နေကြောင်း နားလည်လိုက်လေသည်။ လုယွီက ရေခဲနယ်မြေကို ထိန်းချုပ်ထားနိုင်သည်။
မဟာတယွီစစ်တပ်မှ လူများစွာက အိပ်မက်မက်နေသလိုခံစားနေရသည်။အ တိတ်က သူတို့ကထိုရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် အားအင်မဲ့ကြရသည်။ သို့သော် ထိုသူများအားလုံးက သူတို့၏ မာရှယ်ထံတွင် အညံ့ခံထားလေသည်။
သုန့်ဝမ်ယွဲ့နှင့် သုန့်ဝမ်ကျင်းတို့ကလည်း မျက်လုံးအပြူးသားဖြစ်နေကြသည်။ လုမိသားစုမှ ဘိုးဘေးအသက်ရှင်နေသေးချိန်ကပင် မြောက်ပိုင်းနယ်မြေကို ဦးဆောင်ပြုခဲ့သည့်တိုင်အောင် ထိုမျှမလုပ်နိုင်ခဲ့ကြချေ။
လုယွီက ပြောလိုက်သည်။
“ငါက ဒီနေရာကိုလာတာက နယ်မြေနှစ်ခုကို ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးမလို့ပဲ”
မြောက်ပိုင်းနယ်မြေနှင့် ရေခဲနယ်မြေက စတင်တိုက်ခိုက်ခဲ့ကြချိန်မှာ တိရှားနတ်ဆိုးဘိုးဘေးကြောင့်ဖြစ်သည်။
လုယွီက ပြန်ရောက်လာပြီဖြစ်သဖြင့် ထိုကဲ့သို့စစ်ပွဲကို ခွင့်ပြုတော့မည်မဟုတ်ချေ။
“စစ်ပွဲက ပြီးသွားပြီဆိုတော့ မဟာတယွီစစ်တပ်ကနေ ထွက်ခွာချင်တဲ့သူက ထွက်ခွာသွားနိင်တယ်။ နေချင်တဲ့သူက ဆက်နေကြ ငါကမင်းတို့ကို ဘာမှ မတောင်းဆိုဘူး”
လုယွီက ပြောသည်။
အပိုင်း ၁၂၉၂
ဒီနေရာတွင် လူထောင်ကျော်ရှိနေကြသည်။ မည်သူကမှ နောက်မဆုတ်ကြချေ။ ထို့အပြင် လုယွီက သူတို့ကိုပေးနိုင်သည့်ဆုလာဘ်များကို မဆိုထားဘိ လုယွီ တစ်ယောက်ထဲကတင် အလွန်အဆင့်အတန်းမြင့်မားလွန်းနေခဲ့ပြီဖြစ်သည်။ လုမိသားစု၏ ဘိုးဘေးက မြောက်ပိုင်းနယ်မြေမှ ခေါင်းဆောင်ဖြစ်သည်။ လက်ရှိလုမိသားစု အဆင့်အတန်းက အလွန်အမင်းမြင့်မားကာ အရေးပါနေခဲ့သည်။ သို့သော် သူတို့၏မာရှယ်ကမူ ရေခဲနယ်မြေဘက်မှဖြစ်သည်။
“ကျွန်တော်တို့အားလုံးက မာရှယ်ကိုသစ္စာရှိပါတယ်”
အားလုံးက ဒူးထောက်ကြသည်။ လုယွီ၏ တံဆိပ်ထဲသို့ ယုံကြည်မှုစိတ်ဓာတ်စွမ်းအားများ တိုးဝင်လာခဲ့ကာ ပို၍လင်းလက်တောက်ပလာလေသည်။ လူအများစုက သူ့ကိုသစ္စာခံလေလေ သူ၏အာဏာက ပို၍ကြီးမားလေလေဖြစ်သည်။
ထိုနည်းက ကျင့်ကြံခြင်းနှင့် မတူညီပေ။ ပုံမှန်အားဖြင့် ထာဝရရှင်သန်သူများတွင်လည်း ထိုကဲ့သို့သောစွမ်းအားမျိုးကို ပိုင်ဆိုင်တတ်ပေသည်။ သို့ရာတွင် လုယွီ၏ ကိုယ်အတွင်းတွင် တော်ဝင်စမ်းရေကန်ရှိပြီး သီးသန့်စွမ်းအားတစ်မျိုး ပိုင်ဆိုင်ထားသည့်အတွက် လူအများစု၏ ယုံကြည်သက်ဝင်မှုစွမ်းအားများကို စုပ်ယူနိုင်စွမ်းရှိနေခဲ့ခြင်းဖြစ်သည်။
လုယွီက အကျီလက်ကို တစ်ချက်ရမ်းလိုက်လျက် ဆေးလုံးများစွာပါသော ပုလင်းပေါင်းများစွာကို ထွက်ပေါ်လာစေလိုက်သည်။ ထို့နောက်လေထဲတွင် လွင့်မျောလာစေလျက် ပြင်းထန်သည့်ရနံ့ကို ထုတ်လွှတ်တော့သည်။
“ဒီဆေးလုံးတွေအားလုံးကို ဝေပေးလိုက်ပါ။ ငါ့မှာသိုင်းတွေရှိတယ်။ ငါ့မှာ ဆေးလုံးတွေရှိတယ် ဒီတော့ မင်းတို့အားလုံး သိပ်မကြာခင်မှာ အဆင့်လွန်အဆင့်ကို ဝင်တာကိုမြင်ချင်တယ်”
လုယွီက ပြောသည်။
မဟာတယွီ စစ်တပ်တစ်ခုလုံးက အောင်ပွဲခံကြသည်။ ထိုဆေးလုံးများနှင့်ဆိုလျှင် သူတို့၏ယခင်သိုင်းများနှင့် ပေါင်းစပ်လိုက်သော် သူတို့အဆင့်မတက်ချင်လျှင်ပင် မဖြစ်နိုင်လောက်တော့ချေ။
ထို့နောက် လုယွီက လော့ကျန်းကို လှည့်ကြည့်ကာမေးသည်။
“လတ်တလော မြောက်ပိုင်းနယ်မြေက အခြေအနေဘယ်လိုရှိလဲ”
လုယွီက လော့ကျန်းကိုကြည့်ကာမေးလိုက်ခြင်းဖြစ်သည်။
လော့ကျန်းက မြောက်ပိုင်းနယ်မြေမှ ကိစ္စများကို ကိုင်တွယ်ခဲ့လေရာ အချက်အလက်များအားလုံးကို နားလည်ထားလောက်သည်။ လော့ကျန်းကလည်း သူသိထားသမျှ အရာအားလုံးကို ပြောပြသည်။
နယ်မြေနှစ်ခု၏ စစ်ပွဲစတင်ဖြစ်စဉ်ကတည်းက လုအိမ်တော်မှ သံတမာန်ပေါင်းများစွာကို နယ်စပ်နယ်မြေသို့ ပို့လွှတ်ထားလေ့ရှိသည်။ နာမည်အရမူ စစ်ပွဲကို စောင့်ကြည့်ရန်ဖြစ်သည်။ အမှန်အတိုင်းဆိုရသော် စစ်တပ်ကို ထိန်းချုပ်ရန်ဖြစ်လေသည်။
လုမိသားစုက ထျန်းကျင်းမြို့တွင်ရှိသည်။ ပြောကြသည်မှာ လုမိသားစုမှ မျိုးဆက်တိုင်းကို ထျန်းကျင်းမြို့သို့ ပြန်ခေါ်နေသည်ဟု ဆိုသည်။
“ထျန်းကျင်းမြို့က ဘာဖြစ်တာလဲ”
လုယွီက မျက်မှောင်ကြုံ့သည်။
ထိုအခြေအနေအရ ထျန်းကျင်းမြို့တွင် တစ်စုံတစ်ရာဖြစ်ပွား၍ဖြစ်လောက်သည်။
“ကျွန်တော်တို့ရထားတဲ့သတင်းအရဆိုရင် လုမိသားစုရဲ့ဘိုးဘေးက ကျင့်ကြံရာကနေ ပြန်ထွက်လာတော့မှာပါ”
လော့ကျန်းက ပြောသည်။ ထို့ကြောင့် ဂိုဏ်းခွဲတိုင်းမှ မိသားစုဝင်တိုင်းကို ပြန်ခေါ်နေကြခြင်းဖြစ်သည်။
သူက လုဝူတိအတွက် ဖော်စပ်ခဲ့သောဆေးလုံးအကြောင်း ပြန်တွေးမိသောအခါ လုဝူတိ၏ ကိုယ်အတွင်းတွင် အဆိပ်များပျောက်ကွယ်သွားလောက်ပြီဖြစ်ကြောင်း သုံးသပ်လိုက်မိသည်။ ထို့ကြောင့် သူက သွားတွေ့သင့်သည်။
“ထျန်းကျင်းမြို့ကို သွားဖို့သင့်ပြီပဲ”
လုယွီက ပြောသည်။
အစပိုင်းတွင် သူ၏ဖခင် လုခိုင်ရှန်းက လုမိသားစု အဓိကအိမ်တော်မှ ပထမသားဖြစ်သော်လည်း တောင်ပိုင်းစွန့်ပစ်နယ်မြေသို့ စိတ်ပျက်အားငယ်စွာ ထွက်ပြေးခဲ့ရသည်။ ဒီနှစ်အတောအတွင်း လုမိသားစုမှ အဓိကအိမ်တော်က အနိုင်ကျင့်ခံရပြီး ကျွန်အဖြစ် အဆင့်ချခံခဲ့ရသည်။ ထိုအရာအားလုံးကို အဆုံးသတ်ရန် အချိန်ကြလေပြီ။
“ထပ်ပြောရရင် မာရှယ်အနေနဲ့ လုမိသားစု အဓိကအိမ်တော်က မျိုးဆက်တွေရဲ့ကိုယ်ထဲမှာရှိတဲ့ ချိတ်စည်းတံဆိပ်တွေကို ဖယ်ရှားပေးခဲ့တာကြောင့် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်တာက အရမ်းမြန်ဆန်ခဲ့ပါတယ်။ ကျွန်တော်က ကြားထားတဲ့အတိုင်းဆိုရင် အဆင့်အမြင့်ဆုံးသူက အခုဆိုရင် နတ်နယ်မြေအဆင့်ကိုတောင် ရောက်တော့မှာပါ”
“ဘာ”
လုယွီက အံ့သြသွားသည်။ သူကထွက်သွားခဲ့ချိန်က ထိုသူများအားလုံးက ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြသည်။ ထို့အပြင် ပင်ကိုယ်သဘာ၀ အဓိက သွေးကြောဖြင့် မွေးဖွားခဲ့သူကိုလည်း မြင်ခဲ့၇သေးလေသည်။ ထိုသူများအားလုံးက ခါးသီးစွာ ကျင့်ကြံခဲ့သမျှအားလုံး ဖျက်ဆီးခံခဲ့ရပြီး အဆင့်လျော့ကျခံခဲ့ခြင်းဖြစ်သည်။ ယခုအခါ လုယွီက ချိတ်စည်းတံဆိပ်ကို ဖယ်ရှားပေးခဲ့သောကြောင့် အဆင့်ပြန်မြင့်သွားခဲ့ဟန်ရသည်။
အပိုင်း ၁၂၉၃
“ငါက သွားကြည့်လိုက်မယ်”
လုယွီက စိတ်ဝင်စားသွားသည်။
ယွန်လော့မြို့အရှေ့ဘက် မြို့စွန်..
ပတ်ပတ်လည်တွင် စွန့်ပစ်တောင်တန်းများရှိနေသည်။ တစ်ခုထဲသော ကျဉ်းမြောင်းသောလမ်းကသာလျှင် တောင်ပေါ်သို့တက်နိုင်လေသည်။ ထိုနေရာတွင် မြို့ရိုးမြင့်ကြီးများဖြင့် ဝိုင်းပတ်ထားသော ခံတပ်တစ်ခုရှိနေလေခဲ့သည်။ ထိုနေရာမှ ကြည့်မည်ဆိုလျှင် ခုခံရန် အလွန်လွယ်ကူသည့်အနေအထားတစ်ခုတွင် ရှိနေလေသည်။
လုယွီက ထိုနေရာသို့ တစ်ယောက်ထဲသွားသည်။ အရှေ့မှမြင်ကွင်းကိုမြင်သောအခါ သဘောတကျခေါင်းငြိမ့်လိုက်သည်။ လော့ကျန်းထံမှ ကြားရသောစကားများအရ အသစ်ရောက်လာသော သံတမာန်များက ထိုမျိုးဆက်များကို ဒုက္ခပေးမည်ကိုဆိုးသဖြင့် ဒီနေရာသို့ ပြောင်းရွှေ့နေထိုင်ခိုင်းခဲ့သည်ဟုဆိုသည်။ ဒီနေရာက သာမာန်လူသားခံတပ်များနှင့် ကွာခြားခြင်းမရှိချေ။ ထို့ကြောင့် သံတမာန်အနေဖြင့် သတိထားမိရန် မဖြစ်နိုင်ချေ။
ဆွစ်
လုယွီက အထဲသို့ဝင်တော့မည့်အချိန်တွင် မြားတစ်ချောင်းက သူ၏အနားသို့ ကျဆင်းလာသည်။
“ကောင်လေး ဒီနေရာက မင်းလာသင့်တဲ့နေရာမဟုတ်ဘူး ပြန်တော့”
အပေါ်မှ အသံတစ်သံထွက်လာသည်။ လုယွီက ဖျော့တော့စွာပြုံးသည်။
“ဒါက မင်းတို့ရဲ့ကျေးဇူးရှင်ကို ဆက်ဆံတဲ့ပုံစံလား”
ခံတပ်က တိတ်ဆိတ်သွားသည်။ တစ်ခဏခန့်ကြာပြီးနောက် တစ်စုံတစ်ယောက်က လုယွီ၏မျက်နှာကို မှတ်မိသွားကာ တံခါးက ပွင့်သွားသည်။ထို့နောက် လုမိသားစု အဓိကအိမ်တော်မှ လူတစ်အုပ်က စိုးရိမ်တကြီးထွက်လာကြသည်။
“မာရှယ်ဝမ်ချန်း မာရှယ်က အသက်ရှင်နေသေးတာပဲ ကောင်းလိုက်တာ”
ပထမဦးဆုံး ထွက်လာသူက လုချင်ရှား၏ ဦးလေး လုယွဲ့စုန်ဖြစ်သည်။ ထိုသက်လက်ပိုင်းလူက လော့ကျန်းက ပြောခဲ့သောအဆင့်အမြင့်ဆုံးသူလည်းဖြစ်သည်။ မတွေ့ရသည်မှာ အချိန်တစ်ခုမျှသာကြာသေးသော်လည်း သူကမှော်နယ်မြေအဆင့်သို့ ဝင်ရောက်သွားခဲ့လေပြီ။
တစ်နှစ်ထဲနှင့်ပင် သူကအဆင့်ကြီးတစ်ဆင့်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအရှိန်နှုန်းကမမြန်သော်လည်း ထိုနယ်မြေအဆင့်မှလူများအတွက်ဆိုလျှင် ဒါကအလွန်မြန်ဆန်နေကြောင်း နားလည်နေသည်။
လုယွီက အခြားသောလူများကိုကြည့်လိုက်သည်။ လူတိုင်းကလည်း အဆင့်အသီးသီးတက်ထားကြပြီး အားအင်တက်ကြွနေကြသည်။
“လုချင်ရှားက ဘယ်ရောက်သွားလဲ”
လုယွီက ရုတ်တရက်ထမေးလိုက်သည်။
ထိုကောင်မလေးအတွက် လုယွီက အမြင်ကောင်းရှိနေသည်။ ယခင်ဘဝတွင် လုယွီက သန်မာသောကြောင့် ပညာရှင်ဖြစ်ခဲ့သည့်အတွက် လူအများ၏စိတ်ရင်းစေတနာနှင့် လုပ်နိုင်စွမ်းအားကို တိုက်ရိုက်မြင်နိုင်စွမ်းရှိနေသည်။ သူ၏ခန့်မှန်းမှုအရ လုချင်ရှား၏လုပ်ဆောင်နိုင်စွမ်းအားက လုမိသားစုထဲတွင် အမြင့်ဆုံးဖြစ်နေလေသည်။ ထို့အပြင် အချို့သောအပြုအမူများကြောင့် ငယ်ရွယ်သူက ကျင့်ကြံခြင်းတွင် ရှေ့ပြေးရောက်နိုင်လေသည်။
လုယွဲ့စုန်က ချက်ချင်းလိုလို ပြောပြလာသည်။
“မိန်းကလေးချင်ရှားက ကျင့်ကြံနေပါတယ်။ သူမက အဆင့်ချိုးဖျက်တက်ရောက်တော့မှာပါ”
အခြားသူများ၏မျက်နှာတွင်လည်း ဂုဏ်ယူသောအမူအရာဖြစ်သွားသည်။ လုချင်ရှား၏ တိုးတက်မှုက မြန်ဆန်လွန်းနေသည်။
လုယွီက မျက်မှောင်ကြုံ့သည်။
‘သွားကြည့်ရအောင်”
တောအုပ်ထဲသို့ဝင်ရောက်ပြီးနောက် လုယွီက ဖျော့တော့သောအန္တရာယ်ကို ခံစားလိုက်မိသည်။ တောအုပ်၏ အနောက်ပိုင်းတစ်နေရာတွင် လေဝဲတစ်ခုဖြစ်နေလေပြီး ပြင်းထန်သည့်အရှိန်အဝါများက လွင့်ပျံနေလေသည်။ လုယွီ၏ စိတ်ဝိဉာဉ်စွမ်းအားက လှုပ်ခတ်သွားလေပြီးနောက်တွင် လုချင်ရှားကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ထိုကောင်မလေးက ကျင့်ကြံခြင်းတွင်အာရုံစိုက်ထားသည်။ သူမ၏နှာဖူးတွင် ချွေးစို့နေလေပြီး သူမ၏အနောက်တွင် ရွှေရောင်အရိပ်တစ်ခု စတင်ဖြစ်ပေါ်လာသည်။
“မဖြစ်နိုင်တာ”
လုယွီက မျက်မှောင်ကြုံ့သည်။ ယခုအခါ လုချင်ရှားက စိတ်ဝိဉာဉ်အဆင့်သို့ ချိုးဖြတ်တက်ရောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသူများအတွက် စိတ်ဝိဉာဉ်အဆင့်သို့မရောက်ခင် သာမာန်အတိုင်းကျင့်ကြံနေနိုင်ကြောင်း နားလည်ထားလေသည်။ သို့သော် လုချင်ရှားကမူ ကွာခြားသည်။ သူမက စာရွက်ကဲ့သို့ဖြစ်နေလေပြီး လမ်းမှားရောက်ရန်လွယ်နေလေသည်။
စိတ်ဝိဉာဉ်အဆင့်က ကျင့်ကြံခြင်း၏ ဒုတိယမြောက်အခြေခံဟု ဆိုနိုင်လေသည်။ ထိုအဆင့်သို့ရောက်သောအခါ သတိအလွန်ထားရမည်ဖြစ်ပြီး စိတ်အခြေအနေမှားယွင်းသွားသည်နှင့် နတ်ဆိုးများ၏ ဝင်ပူးခြင်းကိုခံရနိုင်လေသည်။ ယခုအခါ လုချင်ရှားက ထိုကဲ့သို့သောအခြေအနေကို ရင်ဆိုင်နေရသည်။
လုယွီက အနားကပ်သွားပြီး လုချင်ရှားထံသို့ရောက်သွားသည်။ သူမ၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ အရှိန်အဝါများက စတင်အစီအစဉ်မကျဖြစ်လာသည်။ လုချင်ရှား၏ သေးငယ်သောကိုယ်က တုန်ယင်လာသည်။ ထို့အပြင် ရွှေရောင်အရိပ်ကလည်း ပျောက်ကွယ်တော့မည့်အနေအထားဖြစ်လာသည်။
“အသက်ရှူတာကိုထိန်းပြိး သေချာအာရုံစိုက်ထား ။ သိုင်းကိုသေချာနားလည်ထားရင် မင်းရဲ့အတွင်းအားတွေအားလုံးကို ခန္ဓာကိုယ်ရဲ့အလယ်ဗဟိုနေရာကို တွန်းပို့လိုက် မပြိုလဲသွားစေနဲ့”
လုယွီ၏လက်က လုချင်ရှား၏ကျောပေါ်သို့ရောက်သွားပြီး ပြင်းထန်သည့်စွမ်းအားများက လုချင်ရှား၏ သွေးကြောများထဲသို့ ဝင်ရောက်စေသည်။
လုချင်ရှားက ခပ်တိုးတိုးညည်းညူလိုက်ပြီးသည့်နောက်တွင် သူမ၏ဖြူဖျော့သည့်မျက်နှာတွင် အနီရောင်သန်းသောရှက်ရွံ့မှုဟန်က ဖြတ်ပြေးသွားသည်။
လုယွီ၏အကူအညီကြောင့် သူမ၏ ပြိုလဲလုနီးပါးဖြစ်နေသော အတွင်းအားများကို ထိန်းမတ်နိုင်ခဲ့ကာ ခေါင်းအနောက်ဘက်တွင် ရွှေရောင်ပုံရိပ်ကို ထွက်ပေါ်လာစေလိုက်သည်။
သေးငယ်သော အက်ကွဲသံနှင့်အတူ လေထဲတွင်ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ ထို့နောက် လုချင်ရှား၏ အရှိန်က လျှင်မြန်လာပြီးနောက်တွင် အရှိန်အဝါက ကြီးမားသထက် ကြီးမားပြင်းထန်လာတော့သည်။
“ချင်ရှား အဆင်ပြေလား”
လုယွဲ့စုန်တို့အားလုံးက အလန့်တကြားအော်ဟစ်ကာ ဝင်ရောက်လာကြသည်။
လုချင်ရှားက အဆင့်တက်ရောက်ခဲ့ချိန်က မည်သည့်အသံမှ မထွက်ခဲ့ချေ။ ထို့ကြောင့် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သူတို့သည်လည်း ခံစားမိခဲ့လေသည်။ လုယွီက ရောက်လာချိန်တွင် မျက်နှာပျက်ကာ အပြေးသွားသောအခါ သူတို့ကလည်း လုချင်ရှားက ဒုက္ခရောက်ပြီဟု ခန့်မှန်းမိကြပြီး အပြေးရောက်လာကြခြင်းဖြစ်ပေသည်။
“ကျွန်မ အဆင်ပြေပါတယ်”
လုချင်ရှား၏အသံက တုန်ယင်နေသည်။ သူမက လုယွီ၏လက်မောင်းများအတွင်းတွင် အားနည်းစွာဖြင့် လဲနေလေသည်။
သူမ၏နောက်တွင်တစ်စုံတစ်ယောက်ရှိနေကြောင်း အာရုံခံမိသောအခါ လုချင်ရှား၏ကိုယ်က တုန်ယင်သွားကာ မျက်လုံးဖွင့်လိုက်သည်။ ထိုအခါ ငယ်ရွယ်ကာချောမောသောမျက်နှာက ဝင်ရောက်လာလေသည်။
“ဝမ်ချန်း”
လုချင်ရှားက မျက်လုံးပြူးသွားပြီး လုယွီကို မယုံကြည်နိုင်သလိုကြည့်သည်။
လုယွီက ဒေါသထွက်ဟန်ဆောင်လိုက်သည်။
“ဟမ့် မင်းကသေချင်နေတာလား ငါ့ကြောင့်သာမဟုတ်ရင် မင်းရဲ့ဘဝကို နတ်ဆိုးက အပိုင်စီးသွားပြီ”
မမျှော်လင့်ထားစွာပင် လုချင်ရှားက ဒေါသမထွက်သွားဘဲ မျက်လုံးများက နီရဲလာသည်။ ထို့နောက် အော်ငိုတော့ကာ လုယွီကို တင်းကြပ်စွာ ပြေးဖက်လိုက်သည်။
အပိုင်း ၁၂၉၄
မွှေးပျံ့သောရနံ့က သူ၏နှာခေါင်းဖျားသို့ လာရောက်ကျီဆယ်ချိန်တွင် လုယွီက ခါးသီးစွာပြုံးလျက် ခေါင်းခါလိုက်မိသည်။
“သူတို့က နင် သေသွားပြီလို့ပြောကြတယ်။ ငါမယုံခဲ့ဘူး။ အဲ့ဒီလူဆိုးကောင်တွေက သေသေးတာမှမဟုတ်တာ။ နင်က လူကောင်းပဲ ဘာလို့သေရမှာလဲ”
လုချင်ရှားက မုန်းတီးစွာပြောသည်။
ထိုစကားကိုကြားချိန်တွင် လုယွီ၏နှလုံးသားကလည်း လေးလံသွားပြီး သက်ပြင်းချမိလေသည်။ ထိုဝမ်းကွဲက အများကြီးခံစားခဲ့ရဟန်ရသည်။
အစပိုင်းတွင် လုယွီက သူတို့ကိုကယ်တင်ခဲ့သည့်အတွက် လုချင်ရှား၏နှလုံးသားထဲတွင် လုယွီက နေရာတစ်ခုယူခဲ့ဟန်ရသည်။ သို့သော်နောက်ပိုင်းတွင် လုယွီက ပျောက်ကွယ်သွားခဲ့သည်။ လုယွီအတွက်မူ အချိန်တခဏခန့်သာကြာခဲ့သော်လည်း လုချင်ရှားတို့အတွက်မူ အလွန်ကြာညောင်းခဲ့ဟန်ရသည်။
“စိတ်အေးအေးထားပါ ငါကလွယ်လွယ်မသေပါဘူး ဒါ့အပြင် နောက်တစ်ခါ အခုလိုမျိုး မိုက်ရူးရဲမဆန်ပါနဲ့။ နားလည်လား”
လုယွီက လုချင်ရှား၏ခေါင်းကို လက်ဖြင့်ခေါက်လိုက်သည်။
လုချင်ရှားက သူမ၏နှဖူးကိုလက်ဖြင့်အုပ်ပြီးနောက် မျက်ရည်အပြည့်ဖြင့် ပြုံးလိုက်သည်။
“အင်း”
ထို့နောက် လုယွဲ့စုန်တို့ ရောက်လာကြသည်။ လုချင်ရှားက အဆင်ပြေသောအခါ အားလုံးစိတ်အေးသွားကြလေသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အဓိက အိမ်တော်က လူတွေကိုယ်စား ကျေးဇူးတင်ရတော့မှာပဲ ကျေးဇူးအများကြီးတင်ပါတယ်”
ထိုလူအိုကြီးက ဆက်တိုက်ကျေးဇူးတင်နေသည်။
လုယွီက လက်ခါပြပြီးပြောသည်။
“မဟုတ်တာ ကျေးဇူးတင်ဖို့မလိုပါဘူး ဒါက ငါက အကြွေးတင်နေတာပါ”
လုယွီကသာ သူ၏နောက်ခံကို စောစောကတည်းက ဖော်ထုတ်ပေးခဲ့ပြီးအဆင့်လွန်အဆင့်အင်အားဖြင့် ခြောက်လှန့်ခဲ့မည်ဆိုလျှင် အဓိက အိမ်တော်၏အနေအထားက ပို၍ကောင်းခဲ့လောက်သည်။ သို့သော် သူကတိရှားဘိုးဘေးကို ဝါးမြိုရမည်ဖြစ်သည့်အတွက် ထိုသို့မလုပ်နိုင်ခဲ့ချေ။
တစ်ဖက်မျိုးဆက်အရကြည့်မည်ဆိုလျှင် ဦးလေးအရွယ်ဖြစ်နေသဖြင့် လုယွီက ငြင်းဆန်လိုက်ခြင်းဖြစ်သည်။
ညကနက်လာသည်။ ခံတပ်တွင် ပြန်လည်တွေ့ဆုံပွဲကျင်းပပြီး အဓိကအိမ်တော်မှ မိသားစုဝင်များ အတူရှိနေကြသည်။
ဝိုင် သုံးလှည့်ကျ သောက်ပြီးနောက်တွင် လူတိုင်းက ရင်းနှီးကျွမ်းဝင်သွားကြကာ လုယွီ၏လက်တလောအခြေအနေများကို မေးမြန်းကြသည်။
လုယွီကလည်း သူ၏နောက်ခံကို ပြောပြ၍မဖြစ်သေးသည့်အတွက် ရေခဲနယ်မြေကို ကြီးကြပ်သူတစ်ယောက်အနေနှင့် မြောက်ပိုင်းနယ်မြေသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြလိုက်သည်။
ထိုနယ်မြေဆိုင်ရာအကြောင်းအရာများက အဓိကအိမ်တော်နှင့် အလွန်ဝေးကွာလွန်းနေသေးသည်။ သို့သော် ရေခဲနယ်မြေကိုကြီးကြပ်သူက မည်သည့်အရာကိုဆိုလိုကြောင်း သူတို့က နားလည်နေလေသည်။ သူတို့၏ရှေ့တွင်ရှိသော ထိုလူငယ်က ထိုမျှအထိ လုပ်နိုင်စွမ်းရှိနေခဲ့ပြီး နယ်မြေတစ်ခု၏အရှင်သခင် ရာထူးကို ပိုင်ဆိုင်ထားနေလေပြီ။
“ဆရာသခင်ဝမ်ချန်းက လုမိသားစုရဲ့အဓိက အိမ်တော်ကလူသာဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”
လုယွဲ့စုန်က သက်ပြင်းချသည်။
အခြားသူများကလည်း ထိုသို့ခံစားကြရသည်။ လုမိသားစုတွင်သာ ထိုမျှအင်အားကြီးမားသူရှိလျှင် ဒီနေ့လိုအခြေအနေသို့ ရောက်သွားလိမ့်မည်မဟုတ်ချေ။
“ဆရာသခင်ဝမ်ချန်းက ဒီတစ်ကြိမ် ပြန်လာတာက ဘိုးဘေးကို တွေ့မလို့လား”
လုယွဲ့စုန်က မေးသည်။
လုယွီက ခေါင်းငြိမ့်သည်။
“နယ်မြေနှစ်ခုကြားက စစ်ပွဲကြောင့် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရတယ်။ အခုဒီကိစ္စကိုရပ်တန့်ဖို့ ရောက်လာတာပါပဲ”
လုယွဲ့စုန်နှင့်လူအိုကြီးက အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့က သက်ပြင်းချလိုက်ကြသည်။
“ဆရာသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်းက အချိန်ကောင်းရောက်လာတာ မဟုတ်မှာပဲ စိုးရိမ်ရတယ်”
“ဟုတ်လား”
လုယွီက မျက်ခုံးပင့်သည်။
“ငါကြားတဲ့အတိုင်းဆိုရင် လုမိသားစုရဲ့ဘိုးဘေးက ကျင့်ကြံခြင်းကနေ ထွက်လာတော့မယ်လို့ကြားတယ် အခြေအနေက ဘယ်လိုရှိလဲ”
လုယွဲ့စုန်က ခါးသီးစွာပြုံးရင်းပြောသည်။
“ဆရာသခင်ဝမ်ချန်း ကျွန်တော်တို့သိထားတာက နည်းပါးနေမှာပဲ စိုးရိမ်ရပါတယ်။ အဓိက အိမ်တော်ရဲ့အခြေအနေကိုလည်း သိနေတာပဲ”
အပိုင်း ၁၂၉၅
“တကယ်လို့ ဘိုးဘေးကသာ မရှိတော့ဘူးဆိုရင် အခြားအိမ်တော်ခွဲတွေကပဲ ပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ်သွားတော့မှာပါ။ အဓိက အိမ်တော်က ဖျက်ဆီးခံရတာဖြစ်နိုင်ပါသေးတယ်။ ထျန်းကျင်းမြို့က အခြေအနေကိုလည်း အပြင်လောကက မသိရဘူးဖြစ်နေသေးတယ်။ ဒီတော့ ဘိုးဘေးအတွက် အခြေအနေမကောင်းမှာကိုပဲ စိုးရိမ်ရတယ်”
လုယွီက မျက်မှောင်ကြုံ့သည်။ ထိုကိစ္စက သူ့အတွက်လည်း အလားတူသာလျှင်ဖြစ်သည်။ လုမိသားစုမှ ထိုဂိုဏ်းခွဲခေါင်းဆောင်များ၏ ဆိုးရွားပုံနှင့်ဆိုလျှင် သူတို့၏ဘိုးဘေးမရှိတော့ချိန်တွင် အသက်ခံရန် စောင့်စားနေမည်မဟုတ်ချေ။ ထို့မတိုင်ခင် သူတို့က လှုပ်ရှားပေလိမ့်မည်။
“ငါထျန်းကျင်းမြို့ကိုသွားမယ်။ လုမိသားစုက အိမ်တော်ခွဲတွေက ငါ့ကိုပြစ်မှတ်ထားမယ်လို့တော့ ငါမထင်ဘူး ပုံမှန်အတိုင်းပဲလုပ်ကြတာပေါ့”
လုယွီက ပေါ့ပါးစွာပြောသည်။ လက်ရှိအချိန်တွင် သူ၏နောက်ခံကိုဖော်ပြရန် မဖြစ်နိုင်သေးပေ။ မည်သို့ပင်ဆိုစေ လုယွီ၏နောက်ခံက ထူးခြားလွန်းသည်။ ထုတ်ဖော်လိုက်သည်နှင့်မြွေကိုခြောက်လိုက်သလို ဖြစ်သွားနိုင်လေသည်။
ရေခဲနယ်မြေမှအဆင့်လွန်အဆင့်များက လုယွီ၏နောက်ခံကိုသိထားကြသည့်တိုင်အောင် လုယွီဟူသောနာမည်ကိုသာသိထားကြပြီး လုမိသားစု၏ မျိုးရိုးအစစ်အမှန်ဖြစ်ကြောင်း မသိထားကြပေ။
ထျန်းကျင်းမြို့
ထိုအချိန်တွင် မြို့ဂိတ်ရှစ်ဂိတ်လုံးတွင် လုမိသားစု၏အစောင့်အဖွဲ့ပေါင်းများစွာက ရှေ့နောက်သွားလာကာ စောင့်ကြပ်နေကြသည်။
မြို့ထဲသို့ ဝင်ရောက်မည့်သူတိုင်းက မေးခွန်းမေးခံရသည်။ ပြသနာတစ်စုံတစ်ရာတွေ့သည်နှင့် ဖမ်းယူခံရလေသည်။
“ငါအခုတလော ဘာတွေဖြစ်နေမှန်း မသိထားဘူး လုမိသားစုက အကြီးကြီးလှုပ်ရှားထားတာပဲ မြို့ထဲဝင်ဖို့တောင် ပြသနာတက်နေပြီ”
“အသံတိုးစမ်းပါ မင်းမသိဘူးလား လုမိသားစုရဲ့ဘိုးဘေးက အဆင့်တက်မယ်လို့ ကြားတယ်၊ လုမိသားစုက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာလေ”
မြို့ဂိတ်အရှေ့တွင် လူတန်းရှည်ကြီးရှိနေသည်။ အားလုံးက ဂိုဏ်းအသီးသီးတွင် အကြီးအကဲရာထူးအဆင့်၊ခေါင်းဆောင်အဆင့်များ ရှိနေသည့်တိုင်အောင် လုမိသားစုရှေ့တွင်ဆိုလျှင် သူတို့က နှိမ့်ချစွာနေရလေသည်။
မြောက်ပိုင်းနယ်မြေတွင် ထျန်းကျန်းမြို့ လုမိသားစုပိုင်နက်နယ်မြေတွင် မည်သူကမှ ပြသနာမရှာရဲကြချေ။ ရှာရဲလျှင်လည်း အဆုံးသတ်ကောင်းလိမ့်မယ်မဟုတ်ချေ။
လုယွီက ဝင်္ကပါထဲမှ ထွက်လိုက်ပြီးနောက်တွင် မြို့ဂိတ်ထံသို့ ဦးတည်သွားသည်။ မြို့ဂိတ်၏ရှေ့တွင် လုမိသားစုအစောင့်ပေါင်းများစွာက စိတ်မရှည်စွာစစ်ဆေးနေကြသည်။ လုယွီက ဂိတ်ထံသို့ တည့်တိုးဝင်လာကြောင်းမြင်သောအခါ လှမ်းအော်လိုက်သည်။
“မင်းမှာ မျက်လုံးမပါဘူးလား တန်းစီလေ”
လုယွီ၏မျက်နှာက သူတို့နှင့်စိမ်းနေသည်။ ထိုအစောင့်များအနေဖြင့် လုမိသားစုမှ အရေးပါအရာရောက်သော မျိုးဆက်များအားလုံးကိုမူ မှတ်မိနေကြလေသည်။ လုယွီကိုမူ သူတို့က မသိထားကြသည့်အတွက် အပြင်လူဟုသာ ထင်လိုက်ခြင်းဖြစ်သည်။ သို့သော် လုယွီကဂရုမစိုက်ဘဲ မြို့ဂိတ်၏တစ်ဖက်ခြမ်းမှ ရွှေရောင်များလင်းလက်နေသော ဘက်ခြမ်းသို့ ဝင်ရောက်သွားလိုက်သည်။
“ကောင်လေးရပ် ပြသနာရှာနေတာလား”
အစောင့်စစ်သည်တော်တစ်ယောက်က လှမ်းအော်သည်။
“သေချင်နေတာပဲ”
ထိုဂိတ်မှ လုမိသားစုမျိုးဆက်များသာလျှင် ဝင်ရောက်ခွင့်ရှိလေသည်။ အခြားသူများ ဝင်ရောက်သွားလျှင် အသတ်ခံရပေလိမ့်မည်။