← Chapters

အခန်း (၁၂၉၆-၁၃၀၀)

Vol. 68 Ch. 1296-1300

အခန်း (၁၂၉၆-၁၃၀၀)

Vol. 68 Ch. 1296-1300

အပိုင်း ၁၂၉၆

ချွီကျန်းရေကန် …

ထိုအချိန်တွင် ပွဲက စတင်နေပြီဖြစ်သည်။ လူငယ်အများစုက အတူ ထိုင်ကာ သောက်စားပျော်ပါးနေကြသည်။

ရယ်သံများထွက်လာသော်လည်း လူတိုင်း၏အကြည့်များက ရေကန်၏အလယ်တွင်ရှိသည့် ကျောင်းဆောင်ထံသို့ ရောက်နေလေသည်။

ကျောင်းဆောင်ထဲတွင် လူနှစ်ယောက်သာလျှင်ရှိသည်။ မိုးကာဝတ်စုံကိုဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားကာ တိုင်ကိုမှီရပ်နေသည့် လူအိုကြီးတစ်ယောက်နှင့် မြေပြင်တွင် ထိုင်နေသော လှပသည့် အမျိုးသမီးတစ်ယောက်သာလျှင် ရှိနေလေသည်။

ထိုအမျိုးသမီးက ချူမိသားစုမှ ချူယွီယူဖြစ်သည်။ သူမ၏အရှေ့ရှိ လေထဲတွင် လွင့်မျောနေသော စာလိပ်တစ်ခုရှိသည်။ ထိုစာလိပ်က ကျောင်းဆောင်ထဲတွင်ရှိနေသော အမျိုးသမီးနှင့်အမျိုးသားတို့ ဆေးဖော်စပ်နေပုံကို ရေးဆွဲထားခြင်းဖြစ်သည်။ သူတို့က စုံတွဲနှင့်တူပြီး အချင်းချင်းပြုံးပြနေကြလေသည်။

ရိုးရှင်းသော မင်ရည်များဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။ သို့ရာတွင် ဂရုတစိုက်ကြည့်လိုက်မည်ဆိုလျှင် အလွန်ပြင်းထန်သော စွမ်းအင်များက ထိုပန်းချီကားချပ်တွင် ဝေ့ဝဲနေကြောင်းမြင်ရမည်ဖြစ်သည်။ ဖျော့တော့သော တုန်ခါသံကိုလည်း ခံစားရမည်ဖြစ်သည်။

“မင်း ဘယ်လောက်နားလည်နိုင်လဲ”

လူအိုကြီးက ဩရှသောလေသံဖြင့်မေးသည်။

ချူယွီယူက မျက်မှောင်ကြုတ်ကာ ပြင်းပြင်းထန်ထန်တွေးတောသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများမှ သွေးများစီးကျလာကာ ခေါင်းခါလိုက်သည်။

“ဒီပန်းချီကားချပ်ကိုဆွဲထားတဲ့လူက ဆေးပညာနယ်ပယ်မှာ အဆင့်မြင့်အဆင့်ကို ရောက်နေလောက်တယ်၊ ဒီပန်းချီကားချပ်ထဲက အမျိုးသမီးက အသက်ဆွဲဆန့်ဆေးကို ဖော်နေတာပဲ”

လူအိုကြီး၏မျက်ဝန်းက တောက်ပသွားသည်။ ထို့နောက် ထိုလူအိုကြီး၏မျက်ဝန်းက အားလှိုင်းများကို ထုတ်ဖော်လိုက်သည်။

“အခြားဘာမြင်နိုင်သေးလဲ”

ချူယွီယူက ခါးသီးစွာပြောသည်။

“ကြည့်ရတာ ဒီလူက အသက်ရှည်ရှည်နေရမယ့် ကံကြမ္မာ မပါလို့ အမျိုးသမီးက အသက်ရှည်ဆေးကို ဖော်ပေးချင်နေတာဖြစ်လောက်တယ်ဒါပေမယ့် ဒီလူရဲ့ပုံဆွဲစွမ်းရည်ကတော့ တကယ်ထူးချွန်လွန်းတယ်၊ သူက သူ့ရဲ့အသက်စွမ်းအင်တွေကို ထည့်သွင်းပြီး ဒီပန်းချီကားချပ်ကို ရေးဆွဲထားတာကြောင့် သူမက ဒီပန်းချီကားချပ်နဲ့အတူ ထာဝရရှင်သန်သွားနိုင်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် ချူယွီယူက မျက်လုံးမှိတ်လိုက်သည်။ သူမ၏အဖြူရောင်နဖူးမှ မွှေးပျံ့သောချွေးစက်က ကျဆင်းလာလေသည်။ ဒါက သူမ၏နားလည်နိုင်စွမ်း အကန့်အသတ်ဖြစ်သည်။

​ဆေးဝါးပညာရှင်တစ်ယောက်၏ စိတ်ဝိဉာဉ်စွမ်းအင် ကြောင့်သာ မဟုတ်လျှင် သူမက အခြားသူများထက်သာနေလျှင်ပင် ထိုမျှအထိ မလုပ်နိုင်သင့်တော့ချေ။

အခြားတစ်ဖက်ခြမ်းတွင်ရှိနေသော လူအိုကြီးကလည်း နာကျင်စွာဖြင့် မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်းရှူပြီးပြောသည်။

“ဒါတွေကို နားလည်တာကောင်းတယ်၊ နှမြောစရာက မင်းမှာ အားလင်ရဲ့အသက်ဆွဲဆန့်ဆေးကို နားလည်နိုင်စွမ်းမရှိနေတာပဲ”

ချူယွီယူ၏မျက်ဝန်းအတွင်း နာကျင်မှုများက ပြည့်နှက်လာသည်။ သူမက ထျန်းကျင်းမြို့သို့ ရောက်လာခဲ့ခြင်းသည် လုမိသားစုဘိုးဘေး ပြန်လည်ထွက်ပေါ်လာသည့်အခမ်းအနားပွဲသို့ တက်ရောက်ရန်ဖြစ်သည်။ ဒုတိယမြောက်ရည်ရွယ်ချက်ကမူ သည်ချွီကျန်းရေကန်ပွဲတော်ကြောင့်ဖြစ်လေသည်။

ပြောကြသည်မှာ ချီကျုံးခယ်၏ပန်းချီကားချပ်မှ ဆက်နွယ်မှုများက အလွန်မြင့်မားလွန်းလှသည်။ သူ၏ပန်းချီကားချပ်တစ်ချပ်က လောက၏အမျိုးမျိုးသော ဖြစ်စဥ်အကြောင်း အရာများကို ရေးဆွဲနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ အဂ္ဂိရက်ဆရာသခင်ပညာရှင် တစ်ယောက်ပင်ဖြစ်စေ၊ ပြိုင်ပွဲဝင်နေသော အနေအထားဖြစ်စေ မည်သည့်အရာကိုမဆို သူက ရေးဆွဲနိုင်စွမ်းရှိနေလေသည်။

တစ်ချိန်က လူအချို့က သူ၏ပန်းချီကားချပ်ထဲမှ မှော်စွမ်းအင်များကို နားလည်သဘောပေါက်သွားခဲ့ပြီး စွမ်းအားကြီးမားလာခဲ့ ဖူးလေသည်။

သည်နေ့တွင် ချူယွီယူက အသက်ဆွဲဆန့်ဆေးကို နားလည်နိုင်ရန် ရောက်လာခဲ့သည်။ ကံဆိုးစွာဖြင့်ပင် သူမ၏လုပ်နိုင်စွမ်းအားက နိမ့်ကျနေသည့်အတွက် နားလည်နိုင်စွမ်းမရှိခဲ့ချေ။

“ဆရာသခင် ကျွန်မ နည်းနည်းလောက် ဆက်ပြီးတောင့်ခံချင်သေးတယ်”

ချူယွီယူက ငြင်းဆန်သည်။

လူအိုကြီးက ခေါင်းငြိမ့်သည်။

“ ဒီနေ့က နောက်ဆုံးနေ့ပဲ မင်းအနေနဲ့နေမဝင်ခင်အထိ လေ့လာလို့ရတယ်”

ချူယွီယူက မျက်လုံးမှိတ်လိုက်သည်။ သူမက တစ်ခဏခန့် အနားယူပြီးနောက် စတင်ကာ နားလည်အောင် ကြိုးစားပြန်သည်။

“ငါ ဒီအခွင့်အရေးကို ဘယ်လိုလက်လွှတ်ရမှာလဲ”

ထိုအချိန်တွင် လုယွီကလည်း ကျောင်းဆောင်ထဲတွင်ထိုင်နေသော ချူယွီယူကို မြင်လိုက်သည်။ လုယွီကလည်း ချူယွီယူကို မနှောက်ယှက်မိစေရန် တစ်နေရာတွင် ဝင်ထိုင်နေလိုက်သည်။

အပိုင်း ၁၂၉၇

“နတ်သမီးချူကတော့ နားလည်အောင် စပြီးကြိုးစားနေပြန်ပြီ”

“ချူမိသားစုရဲ့ဆေးဝါးပညာရှင်တွေအားလုံးက မကောင်းဆိုးဝါးတွေလိုပဲ၊ သူတို့မှာ ပြင်းထန်သန်မာတဲ့စိတ်စွမ်းအားတွေ ပိုင်ဆိုင်ထားကြတယ်၊ ဒီလိုလှပတဲ့ အမျိုးသမီးတစ်ယောက်က ဒီလောက်အကြာကြီး တောင့်ခံနိုင်မယ်လို့မထင်ထားဘူး”

“သူမက ရေကန်ထဲက ဧည့်သည်တော်ရဲ့ရတနာတွေကို ရယူနိုင်စွမ်းရှိမယ် ဆိုရင်တောင်မှ ဒီပန်းချီကားချပ်ကို နားလည်နိုင်စွမ်းရှိမယ်လို့ မထင်ဘူး၊ ဒါပေမယ့် ငါ နည်းနည်းတော့ သိချင်သေးတယ် ထာဝရရှင်သန်သူတစ်ယောက် ဖြစ်လာနိုင်တဲ့ရတနာမျိုးက ဘယ်လိုအရာမျိုးလဲ”

“မသိတဲ့လူတွေဆိုရင် ပွဲကိုလာတဲ့ဧည့်သည်တော်တိုင်းက မသေမျိုးဖြစ်စေနိုင်တဲ့ ရတနာတွေ ပါလာတယ်လို့ ကောလဟာလထွက်နေတာ”

“ကောလဟာက ကတော့ အမျိုးမျိူးပါပဲ၊ ရေကန်ပွဲတော်မှာ သခင်မလေးချူက လေ့လာခွင့်ရမှာကိုတောင် ကိုယ်တိုင်စီစဥ်ကျင်းပတယ်ဆိုပြီး သတင်းထွက်သေးတယ်”

ထိုအချိန်တွင် ကောင်းကင်တွင် ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာသည်။

“ယွီယူ မင်းက ငါ့ရဲ့ လုမိသားစုဆီကို အရင်လာခဲ့သင့်တာ”

ထို့နောက် လူတိုင်းက အလွန်ကြီးမားသော ကြောက်မက်ဖွယ်သားရဲကြီးကဆွဲသည့် ရထားလုံးတစ်စီးကို မြင်လိုက်ရလေသည်။

တံခါးက ပွင့်သွားချိန်တွင် လုချန်းဖုန်း၏ပုံရိပ်က ဖြေးညှင်းစွာထွက်ပေါ်လာသည်။

“ဒါက လုမိသားစုရဲ့ ဒုတိယအိမ်တော်ခွဲက သခင်လေးပဲ”

“လုချန်းဖုန်းက ချူယွီယူကို သဘောကျနေတာကြာလှပြီ၊ ကံဆိုးစွာနဲ့ သူက အပြင်မှာလေ့ကျင့်နေခဲ့ရလို့ အခုမှပဲ ကိုယ်တိုင်ကိုယ်ကျလာတွေ့တာထင်တယ်”

“တော်..တော်ကြတော့ သူတို့အားလုံးက ပါရမီကြီးပြီး ချောမောကြတယ်၊ နောက်ခံနဲ့ အဆင့်အတန်းတွေ အားလုံးကလည်း လိုက်ဖက်ညီနေတာပဲ၊ ငါ မနာလိုဖြစ်လိုက်တာ”

လုချန်းဖုန်း၏ရုတ်တရက် ရောက်လာခြင်းက လူအများစု၏ဆွေးနွေးမှုများကို ထွက်ပေါ်လာစေသည်။

“ယွီယူ မတွေ့ရတာကြာပြီ”

လုချန်းဖုန်းက ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ပြီးနောက် ဟန်ရေးပြသည်။

သူက ကျောင်းဆောင်အတွင်းသို့ ဝင်လာသောအခါ ချူယွီယူက ပန်းချီကားချပ်ကို နားလည်သဘောပေါက်အောင်ကြိုးစားနေကြောင်း မြင်လိုက်ရလေသည်။

“မင်းက ပန်းချီကားကို နားလည်သဘောပေါက်နေပြီမဟုတ်လား”

လုချန်းဖုန်းက လူအိုကြီးကို တစ်ချက်ကြည့်လိုက်သည်။

“မင်းရဲ့ရတနာကို ယွီယူကို မြန်မြန်ပေးလိုက်”

လူအိုကြီးက သူ့ကို ဂရုပင်မစိုက်ချေ။ သူက ကျောင်းဆောင်တွင်သာ သည်အတိုင်း အိပ်ပျော်နေသကဲ့သို့ ထိုင်နေလိုက်သည်။ လုချန်းဖုန်းက မျက်မှောင်ကြုတ်သည်။

“မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ၊ ငါတို့လုမိသားစုက မင်းကို နေရာတစ်ခုပေးထားတာ ဒါတောင် ကျေးဇူးတင်ရကောင်းမှန်းမသိဘူးပဲ”

ထိုလူအိုကြီးက မတုန့်ပြန်ချေ။ ထိုကဲ့သို့မတုန့်ပြန်ဘဲ နေနိုင်စွမ်းအားရှိသည်မှာ ထျန်းကျင်းမြို့တွင် သည်ရေကန်တွင်နေသော လူအိုကြီးသာလျှင်ရှိလေသည်။ သူက အချိန်အတန်ကြာနေထိုင်ခဲ့ပြီးလေပြီ။ လူအများစုက ထျန်းကျင်းမြို့ စတင်တည်ထောင်ကတည်းက သူရှိသည်ဟု ဆိုခဲ့ကြသည်။

သူက သည်ရေကန်တွင်သာ အထီးကျန်စွာနေထိုင်လေ့ရှိသည်။ နှစ်အနည်းငယ်တိုင်းလိုလို သူက ချွီကျန်းရေကန်ပွဲတော်ကို ကျင်းပလေ့ရှိပြီး လူတိုင်းက သည်နေရာသို့လာကာ သူ၏ပန်းချီများကို စိန်ခေါ်ခြင်းကိုခွင့်ပြုထားလေသည်။

တစ်စုံတစ်ယောက်ကသာ ထိုပန်းချီကားချပ်များ၏အစစ်အမှန် အဓိပ္ပါယ်ကို နားလည်လျှင် သူက သူ၏ရတနာကို ကမ်းလှမ်းမည်ဖြစ်သည်။ ထိုရတနာများက ထာဝရရှင်သန်သူဖြစ်စေနိုင်စွမ်းရှိသည်ဟုပင် ကျော်ကြားလွန်းလေသည်။

နှမြောစရာကောင်းသည်မှာ နှစ်ပေါင်းများစွာကုန်လွန်သွားသည်အထိ မရေမတွက်နိုင်သောလူများက လာရောက်စမ်းသပ်ခဲ့ကြသော်လည်း မည်သူကမျှ အရမယူနိုင်ခဲ့ချေ။ လုမိသားစုမှ အဆင့်လွန်ဆရာသခင်များကိုယ်တိုင်ကလည်း ရောက်လာခဲ့ဖူးလေသည်။ ထိုလူများကလည်း နားမလည်ခဲ့ချေ။

လုချန်းဖုန်းက ဒဏ္ဍာရီအကြောင်းကိုသိသော်လည်း အများကြီးမတွေးချေ။

“ခင်ဗျားက ဘယ်လောက်အိုအို အာဏာရှိတဲ့လူကသာ နောက်ဆုံးလုပ်နိုင်စွမ်း ရှိတဲ့သူပဲ”

လုမိသားစုမှ ဒုတိယအိမ်တော်ခွဲကသာ လုမိသားစု၏အုပ်ချုပ်သူဖြစ်သည်။ သူကလည်း အနာဂါတ်အိမ်တော်သခင်ဖြစ်လေရာ ထိုလူအိုကြီးကို မျက်နှာသာ မပေးနိုင်ချေ။

ရေကန်က လူအိုကြီးက သူ့အားမတုန့်ပြန်ကြောင်းမြင်သော် လုချန်းဖုန်းက ဒေါသထွက်သွားသည်။ သူက ချက်ချင်းအနားကပ်သွားပြီး အင်္ကျီကော်လံကိုဆွဲကာ မေးချင်သွားသည်။

“ငါ ပြောနေတာကိုမကြားဘူးလား”

သို့သော် သူ၏လက်က ထိုလူကို ထိတော့မည့်အချိန်တွင် ထိုလူက ရုတ်တရက် မျက်လုံးဖွင့်လာသည်။ ထို့နောက် လုချန်းဖုန်းကို အေးစက်စွာကြည့်ကာ လေးနက်စွာပြောသည်။

“မင်းရဲ့ဘိုးဘေးတွေ ရောက်လာမယ်ဆိုရင်တောင်မှ ငါ့ကို ဒီလိုမပြောရဲဘူး”

အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူ့ထံမှ ပျံ့လွင့်လာသည်။

ရေကန်အောက်ခြေတွင် အိပ်နေသော နတ်ဆိုးသားရဲတစ်ကောင်က နိုးထလာသလိုမျိုး အလွန်ပြင်းထန်သည့်လေပြင်းများ တိုက်ခတ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားများက ပတ်ဝန်းကျင်ကို ဝရုန်းသုန်းကား ဖြစ်လာစေလေသည်။

လုချန်းဖုန်းကလည်း ထိုလူအိုကြီးက ထိုမျှအထိ လုပ်နိုင်စွမ်းအားရှိမည်ဟု သူ မထင်ထားမိချေ။

ထိုအချိန်တွင် သူက နေရာတွင် တိုက်ရိုက်တောင့်တင်းသွားကာ နှုတ်ခမ်းများက တဆတ်ဆတ်တုန်ယင်သွားသည်။ အချိန်အတန်ကြာသည်အထိ သူက စကားမပြောရဲတော့ ချေ။

“မင်းက ငါ့ရဲ့ကျောင်းဆောင်ထဲကို ဝင်လာတယ်ဆိုရင် ပန်းချီကားချပ်ကို နားလည်အောင်လုပ်ရမယ်၊ ဒီပန်းချီကားချပ်ကို စမ်းကြည့်”

ထိုလူက ပန်းချီကားချပ်တစ်ခုကိုထုတ်ကာ လုချန်းဖုန်း၏အရှေ့တွင် ထုတ်ပြလိုက်သည်။

စာလိပ်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ညအမှောင်ထုကို မြင်ရသည်။

အပိုင်း ၁၂၉၈

ညအမှောင်ထုထဲတွင် ထင်ရှားစွာရှိနေသော ခက်ရင်းခွတစ်လက်ကို မြင်လိုက်ရလေသည်။ ထိုခက်ရင်းခွက အချိန်မရွေး ပန်းချီကားချပ်ထဲမှ ထွက်လာတော့မည်ကဲ့သို့ ထင်ရသည်။ လုချန်းဖုန်းက နေရာတွင် တောင့်တင်းနေကာ ထိုခက်ရင်းခွကို စိုက်ကြည့်နေသည်။ ထို့နောက် သူက မြေပြင်သို့ထုံထိုင်း ကြောင်အစွာ လဲကျသွားတော့လေသည်။ သူက ထိုပန်းချီကားချပ်ကို အလွန်ထိတ်လန့်သွားသည့် အတွက် စကားတစ်ခွန်းပင် မဆိုရဲတော့ချေ။

လုမိသားစု၏သခင်လေးက ပန်းချီကားတစ်ချပ်ကြောင့် မြေပြင်တွင် ပုံလျက်သား လဲကျသွားသည်။ ဧည့်သည်တော်အများစု၏မျက်ဝန်းများတွင် လှောင်ပြောင်လိုစိတ်များ က ထွက်ပေါ်လာလေသည်။

ထိုရေကန်မှ လူအိုကြီးကလည်း လက်တစ်ချက်ရမ်းလိုက်ကာ လုချန်းဖုန်းကို အဆောင်အပြင်သို့ လွှင့်ပစ်လိုက်သည်။ လေထဲတွင် စက်ဝိုင်းပုံသဏ္ဍန်ကွေးညွှတ်သွားပြီးသည်နှင့် လုချန်းဖုန်းက ရေထဲသို့ပြုတ်ကျသွားသည်။ အစောင့်များအားလုံးက အပြေးအလွှား ကယ်ကြသည်။

“လာကြစမ်း ငါ့ကိုကာကွယ်ကြ”

ထိုသို့ပြုတ်ကျသွားသည်နှင့် လုချန်းဖုန်းက အသားကုန်အော်ဟစ်တော့သည်။ သူ၏မျက်နှာတွင် ကြောက်လန့်မှုများကို မြင်နိုင်လေသည်။

အစောင့်တစ်ယောက်က ပြောသည်။

“သခင်လေး အခု ကမ်းစပ်ကိုရောက်သွားပါပြီ၊ အန္တရာယ်မရှိတော့ပါဘူး”

“ဘာ”

ထိုအချိန်မှ သူ၏မျက်ဝန်းထဲတွင် မြင်နေရသော ကြောက်မက်ဖွယ်ပုံရိပ်များအစား ရေကန် ပွဲတော်သို့ ပြန်ရောက်နေကြောင်း မြင်လိုက်ရလေသည်။ သူက အလွန်ရှက်သွားသည်။ အခြားလူများက သူ၏ရှေ့တွင် သူ့အား မလှောင်ရဲကြသော်လည်း အကြည့်များက သိသာနေလေသည်။

“ခွေးမသား မင်း ငါ့ကိုခြောက်ရဲတယ်”

လုချန်းဖုန်းက အလွန်ဒေါသထွက်သွားသည်။ သို့ရာတွင် သူက ရေကန်မှ လူအိုကြီး၏ရေရွတ်သံကို ကြားလိုက်ရလေသည်။

“ဒီနေရာကိုမလာနဲ့ မဟုတ်ရင် သေရမယ်”

လုချန်းဖုန်း၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

“ကောင်းပြီ ငါတို့ ဒီမှာစောင့်မယ်”

လုချန်းဖုန်းက အံကိုကြိတ်လိုက်သည်။ ချူယွီယူကိုသာရမည်ဆိုလျှင် ယခုလိုစောင့်ဆိုင်းရခြင်းကလည်း တန်လေသည်။ သူမတို့၏ဆေးဝါးပညာရှင်မိသားစုမှ အကူအညီနှင့်ဆိုလျှင် သူ၏အနာဂါတ်ခေါင်းဆောင်နေရာက ခိုင်မာသွားပေလိမ့်မည်။

ထိုအချိန်တွင် ချူယွီယူ၏သိပ်မွေ့သောကိုယ်လေးက ရုတ်တရက် လှုပ်ခါသွားသည်။ လူအိုကြီးပိုင်ဆိုင်သော ပန်းချီကားချပ်များ၏ နားလည်သဘောပေါက်မှု အရဆိုလျှင် ပန်းချီကို စိုက်ကြည့်ရုံနှင့်တင် စိတ်စွမ်းအင် အလွန်ကုန်ဆုံးပေလိမ့်မည်။ ချူယွီယူကိုယ်တိုင်ကလည်း အကန့်အသတ်သို့ရောက်ရှိနေပြီဖြစ်သည်။ သူမက ဆက်တိုက်ပင် အားတင်းကာ နားလည်သဘောပေါက်နိုင်ရန် ကြိုးစားနေသည်။

“မင်း ဆက်ပြီး နားလည်အောင် လုပ်ချင်သေးတာလား၊ ကောင်းကင်က ဘယ်လောက်မြင့်ပြီး မြေပြင်က ဘယ်လောက်နက်ကြောင်း နားမလည်ဘူးပဲ”

ထိုလူအိုကြီးက ပြောသည်။

သူ၏ပန်းချီကားချပ်များကိုသာ အလွယ်တကူနားလည်နိုင်စွမ်းရှိနေခဲ့လျှင် သူက ကျော်ကြားတော့မည်မဟုတ်ချေ။ အချိန်ကြာလာသည့်အခါ ချူယွီယူ၏ကိုယ်က ပို၍တုန်ခါလာသည်။ ကြည့်ရှုနေသူများအားလုံးကလည်း သက်ပြင်းချမိကြသည်။

“ချူမိသားစုက အကြီးဆုံးသခင်မလေးကလည်း မလုပ်နိုင်ဘူးပဲ၊ ဒီရေကန်က လူအိုကြီးရဲ့ပန်းချီကားချပ်တွေက အရမ်းလျှို့ဝှက်ဆန်းကြယ်လွန်းတယ်၊ ဘယ်သူကမှ နားမလည်နိုင်ကြဘူး”

“သူမ နားမလည်နိုင်တာက ပုံမှန်ပါပဲ၊ လုမိသားစုရဲ့ဆရာသခင်ဘိုးဘေးတောင်မှ မလုပ်နိုင်ခဲ့ဘူးမဟုတ်လား”

လူအများစုက သက်ပြင်းချနေကြချိန်တွင် ချူယွီယူက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ ထို့နောက် မြေပြင်တွင်ပင် လဲကျသွားလေသည်။

“မဟုတ်ဘူး ဆက်ပြီး တောင့်ခံရမယ်”

သူမ၏မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေပြီဖြစ်သည်။ သို့သော် သူမက ထိုဆေးလုံးကိုရအောင် ဖော်ချင်နေသည်။

အပိုင်း ၁၂၉၉

ချူမိသားစုဘိုးဘေးက အဆိပ်မိခဲ့ချိန်က လုယွီက ကယ်

တင်ပေးခဲ့သော်လည်း သူ၏အခြေအနေက အပြည့်အဝ မကောင်းသေးချေ။ ထို့ကြောင့် ချူမိသားစုအနေနှင့် ထိုဆေးလုံးကို ဖော်စပ်ရန်လိုအပ်နေလေသည်။ သူမ၏ပန်းတိုင်က ထိုဆေးလုံးဖော်စပ်နည်းကို နားလည်ရန်ဖြစ်သည်။ ထို့ကြောင့် သူမက ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်တွန်းအားပေးလိုသေးသည်။

ထိုအချိန်တွင် ရုတ်တရက် သက်တံ့ရောင်အလင်းက ဖြာထွက်သွားပြီး ကျောင်းဆောင်ပေါ်သို့ လူတစ်ယောက်က ရောက်လာသည်။

“တော်လောက်ပြီ”

လုယွီက ချူယွီယူ၏ပုခုံးကိုတစ်ချက်ပုတ်သည်။ ထို့နောက်ဖြေးညှင်းစွာဖြင့် အသိဝင်ကာ နိုးထလာစေလိုက်သည်။

ထိုအချိန်တွင် ချူယွီယူ၏ကိုယ်က ရုတ်တရက်တုန်ယင်သွားကာ မြေပြင်သို့ တိုက်ရိုက်လဲကျသွားတော့သည်။

“ဝမ်ချန်း နင်လား”

ချူယွီယူက ထိုလူကိုရှင်းလင်းစွာ မြင်လိုက်ရချိန်တွင်ပင် မယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။

လုယွီကိုမြင်သောအခါ ချူယွီယူက အလွန်အံ့ဩသွားသည်။ ထို့နောက် သူ၏အကူအညီဖြင့် တိုင်တစ်ခုကို မှီထိုင်လိုက်ရသည်။

“ဒီပန်းချီကားထဲမှာပါတဲ့ အထက်တန်းဆန်တဲ့ချိတ်ဆက်မှုတွေက အရမ်းမြင့်မားတယ်၊ မင်းရဲ့ လက်ရှိစိတ်စွမ်းအားလောက်နဲ့ အပြင်းအထန်နားလည်အောင် ကြိုးစားရင် ဒုက္ခရောက်သွားလိမ့်မယ်”

လုယွီ၏အသံက လေးနက်နေသည်။ သူက ကမ်းစပ်တွင်ရှိနေကတည်းက တစ်စုံတစ်ရာမှားယွင်းနေကြောင်း ခံစားမိခဲ့သည်။

သူတို့၏ရှေ့တွင်ရှိသော ပန်းချီကားချပ်က တာအိုဘုန်းတော်ကြီး အဆင့်များ၏ နားလည်သဘောပေါက်နိုင်စွမ်းအားကို ကျော်လွန်နေလေရာ အပြင်းအထန်နားလည်အောင်ကြိုးစားလျှင် ဒုက္ခရောက်သွားနိုင်လေသည်။

“ဒါပေမယ့် …”

ချူယွီယူက လက်သင့်မခံလိုသေးချေ။ သူမက ဆေးတစ်လုံး ထုတ်သောက်ပြီးနောက် သူမ၏မျက်နှာက သက်သာလာသည်။ လုယွီက ပြောသည်။

“ ဒါပေမယ့်ဆိုတာမရှိဘူး၊ ဒီပန်းချီကားချပ်ထဲကအတိုင်းသာ အသက်ဆွဲဆန့်ဆေးကို ဖော်နိုင်မယ်ဆိုရင် ကန်ထဲက လူနှစ်ယောက်လုံး ဒီနေရာမှာ ရှိနေလိမ့်မယ်”

ထိုရေကန်မှ လူအိုကြီးက တစ်ချက်လှည့်ကြည့်လာသည်။ ထိုစကားကို ကြားသောအခါ သူ၏ကိုယ်ကလည်း တုန်ယင်သွားလေသည်။ သူက လုယွီကိုကြည့်သည်။

“အဆောင်ထဲကို ဝင်လာတဲ့လူတိုင်းက ပန်းချီကားချပ်ကို နားလည်အောင်လုပ်ရတယ်၊ မင်းက လူလာကယ်တယ်ဆိုတော့ ငါ မင်းကို ချွင်းချက်ထားပေးလို့ရတယ်၊ ကောင်းပြီ ထွက်သွားလိုက်တော့”

သည်နေရာက ဧည့်သည်တော်များလာရောက်ကာ ပန်းချီကားချပ်များကို စိန်ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူက အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။သူက ထုတ်ထားသော စည်းမျဥ်းများကြောင့်သာ မဟုတ်လျှင် လူတိုင်းက အလကားနေရင်း သည်အပေါ်တက်လာပေလိမ့်မည်။

လုယွီက ပြောသည်။

“ငါ စမ်းကြည့်မယ်”

သူက ထိုလူအိုကြီးတွင် မည်သို့သော ပန်းချီကားချပ်များရှိနေကြောင်း သိချင်နေလေသည်။ ထာဝရရှင်သန်ခြင်းအဆင့်သို့ရောက်ရှိရန် လုပ်ဆောင်ပေးနိုင်မည့် ရတနာက မည်သည့်အရာဖြစ်ကြောင်း သိလိုနေလေသည်။

“ကောင်းပြီ၊ ဒီလိုဆိုရင် ငါမင်းကို ဒုက္ခမပေးတော့ဘူး၊ မင်းက စမ်း ကြည့်နိုင်တယ်၊ မင်းက အချိန်တစ်ခုအတွင်းမှာ အနှစ်သာရကိုမြင်နိုင်တယ်ဆိုရင် အောင်ပြီ”

ထိုလူအိုကြီးက ညခက်ရင်းခွပန်းချီကားချပ်ကို ထုတ်ပြလိုက်ပြန်သည်။

ထိုပန်းချီကားချပ်က ဖြေးညှင်းစွာဖြင့် ပြန့်ကားလာချိန်တွင် ညအမှောင်ထုခက်ရင်းခွက သူ၏မျက်ဝန်းရှေ့တွင် ထွက်ပေါ်လာသည်။အထဲမှ အနက်ရောင်မျက်ဝန်းများစွာက လုယွီကို စိုက်ကြည့်သလို ခံစားလာရသည်။

လူအများစုက ထိုခက်ရင်းခွက ကြောက်မက်ဖွယ်ကောင်းကာ စိုက်ကြည့်မိရုံနှင့်တင် ကျောစိမ့်လာစေကြောင်း ခံစားမိကြလေသည်။ အားလုံးက ရေခဲဂူထဲရောက်သွားသကဲ့သို့ ကြောက်လန့်သွားကြသည်ချည်းသာလျှင်ဖြစ်သည်။ စွမ်းအားကြီးမားသော အဆင့်လွန်အဆင့်များကပင် တစ္ဆေသရဲများကို တွေ့ရသလိုမျိုး တုန်ယင်ကာ ခြောက်ခြားသွားကြရလေ့ရှိသည်။

“ဘယ်လောက်ကောင်းလိုက်တဲ့ပန်းချီကားလဲ၊ ဒါပေမယ့် ခင်ဗျားက အစစ်အမှန်သရဲတွေကို မမြင်ဖူးဘူး၊ အစစ်အမှန်သရဲတွေက ဒီလိုပုံစံမဟုတ်ဘူး”

လုယွီက ကူကယ်ရာမဲ့စွာခေါင်းခါသည်

သူက နယ်သာလောကကို ထိန်းချုပ်နိုင်ခဲ့စဉ်က အမျိုးမျိုးသော တွန့်လိမ်ရှုံ့တွကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် သရဲတစ္ဆေပေါင်းများစွာကို မြင်ခဲ့ဖူးလေသည်။ ထို့ကြောင့် အစစ်အမှန်များက ထိုညခက်ရင်းခွပန်းချီကားထဲတွင် ပါဝင်သည့်အရာများထက် ပို၍ကြောက်မက်ဖွယ် ကောင်းလေသည်။

ထိုအချိန်တွင် လုယွီ၏ချိတ်စည်းတံဆိပ်က တုန်ခါလာသည်။ ညအမှောင်ထုတွင် ပြင်းထန်သော လေပြင်းက တိုက်ခတ်လာချိန်တွင် ပုံရိပ်တစ်ခုက ထွက်ပေါ်လာတော့သည်။

မူလက ပန်းချီကားချပ်ထဲတွင်ရှိနေသော ခက်ရင်းခွက ပြင်းထန်စွာ အော်ဟစ်လာပြီး ပတ်ပတ်လည်ကိုလှည့်ပျံကာ ပန်းချီကားချပ်ထဲမှ ထွက်ပြေးရန် ကြံစည်သည်။ သို့ရာတွင် ညအမှောင်ထုက ထိုခက်ရင်းခွကို အခွင့်အရေးမပေးချေ။ ရုတ်တရက် သူ့ကို ဖုံးအုပ်လိုက်ပြီးသည်နှင့် ပန်းချီကားချပ်ထဲသို့ ပြန်လည်ဆွဲယူသည်။ထို့နောက် အော်ဟစ်ရုန်းကန်သံများနှင့်အတူ အရာအားလုံးက ပျောက်ကွယ်သွားလေသည်။

အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်လေရာ အလင်းမှုန်တစ်ချက်လက်ရုံမျှသာလျှင်ကြာသည်။ ပန်းချီကားချပ်ထဲမှ သရဲများအားလုံးက သဲလွန်စပင်မရှိအောင် ပျောက်ကွယ်သွားတာ့သည်။ ပန်းချီကားချပ်က တိုက်ရိုက်လိမ်တွန့်သွားကာ စာရွက်ပြောင်အဖြစ်ပြောင်းသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ထိုလူအိုကြီးက အထိတ်တလန့်ပြေးလာကာ ပန်းချီကားချပ်ကို ကောက်ယူသည်။

ထိုနေရာတွင် မည်သည့်အရာမျှ မရှိတော့ဘဲ စာရွက်ပြောင်ဖြစ်နေသည်။

“မင်းက တစ္ဆေသူရဲတွေကို ပြုပြင်လိုက်တာလား”

ထိုလူအိုကြီးက လုယွီကို စိုက်ကြည့်သည်။

တစ္ဆေသရဲပုံရိပ်များကို ပြုပြင်နိုင်စွမ်းရှိမှသာလျှင် အတွင်းမှ တစ္ဆေသားရဲများကို မောင်းထုတ်နိုင်ပေလိမ့်မည်။ သူ၏ညခက်ရင်းခွပန်းချီကားကို တစ်ဖက်သူက သယ်ဆောင်ယူသွားခြင်းဖြစ်လောက်သည်။

လုယွီက မျက်မှောင်ကြုတ်သည်။

“ငါက ဘာတစ္ဆေသူရဲကိုမှ မပြုပြင်လိုက်ပါဘူး၊ မတော်တဆပါ”

အထဲတွင်ရှိသော တစ္ဆေသားရဲများက စိတ်ဝိဉာဉ်ရှိနေသည်။ ထို့ကြောင့် စိုက်ကြည့်ရုံမျှဖြင့် လူ့ခန္ဓာကိုယ်မှစွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိလေသည်။ ညခက်ရင်းခွပန်းချီကားက ပျောက်ကွယ်သွားသည်မှာ လုယွီနှင့်မသက်ဆိုင်ခြင်းဟုဆိုနိုင်လေသည်။ လုယွီ၏ကိုယ်တွင်ရှိသော အင်ပါယာချိတ်စည်းတံဆိပ်က ညခက်ရင်းခွကို ဝါးမြိုသွားခြင်းဖြစ်သည်။

“မင်းက လှည့်ကွက်သုံးသွားတာပဲ”

ထိုလူအိုကြီးက အံကြိတ်ကာအော်သည်။

စိန်ခေါ်သမျှလူအားလုံးက ကြိုးစားကာ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းကြသော်လည်း မည်သူကမျှ သူ၏ပန်းချီကားချပ်ကို မဖျက်ဆီးကြချေ။

“ကောင်းပြီ ငါ့မှာ နောက်တစ်ခုရှိသေးတယ်၊ မင်း ဖျက်ဆီးကြည့်”

ထိုလူအိုကြီးက နောက်ထပ်ပန်းချီကားချပ်ကို ထပ်ပြပြန်သည်။

အပိုင်း ၁၃၀၀

စာလိပ်ကို တဖြည်းဖြည်းဖွင့်လိုက်သည့်အခါ မြင့်မြတ်သောသူတော်စင်တစ်ပါး၏ပုံရိပ်က ထွက်ပေါ်လာသည်။ ကွန်ဖူးရှပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပန်းချီကားချပ်ထဲတွင် လျှောက်လှမ်းနေသောပုံရိပ်ကိုမြင်သောအခါ လုယွီ၏ မျက်ဝန်းကတောက်ပသွားသည်။

ဝမ်ရှန်း၏ပုံရိပ်က ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်လေထုထဲ အဖြူရောင်အလင်းတန်းများက တောက်ပလာတော့သည်။

“မင်းကငါ့ရဲ့ပန်းချီကားကို နားလည်ဖို့ကြိုးစားသင့်တယ်”

ထိုလူအိုကြီးက ရေရွတ်လိုက်သည်။ လုယွီဟာ မိစ္ဆာအတတ်ကျင့်ကြံသူဟု သူကသံသယရှိသည်။ မိစ္ဆာအတတ်ကျင့်ကြံသူများအတွက် ကွန်ဖူးရှပ်ဝါဒနှင့် တာအိုသူတော်စင်များက ကပ်ဘေးဖြစ်သည်။

မိစ္ဆာအတတ်ကျင့်ကြံသူများက ဝမ်ရှန်း၏ မှော်လက်နက်နှင့် ရင်ဆိုင်ရုံမျှဖြင့် သေဆုံးသွားလေ့ရှိကြသည်။ ထို့ကြောင့် တစ္ဆေသရဲများနှင့် မကောင်းသောအတတ်ကို ကျင့်ကြံသူများအတွက်လည်း အလားတူသာဖြစ်တတ်လေသည်။

ယွီယူက မနေနိုင်ဘဲပြောလိုက်သည်။

“ဆရာသခင် သူက အခုလေးတင် ပန်းချီကားတစ်ချက်ကို ဖြေရှင်းပြီပါပြီ၊ စည်းမျဉ်းတွေအရဆိုရင် ဝမ်ချန်းက အမွှေးတိုင်တစ်တိုင်ကြာချိန်အတွင်း ဒါကိုနားလည်နိုင်မယ်ဆိုရင် သူအောင်မြင်တာပဲမဟုတ်ဘူးလား။ ဘာလို့နောက်တစ်ခုထပ်ထုတ်လိုက်တာလဲ ဒီလိုဆိုရင် ရှင့်ရဲ့စည်းမျဉ်းကို ဖောက်ဖျက်သလို မဖြစ်သွားဘူးလား”

လူအိုကြီးက ထိုသို့အမွှေးတိုင်တစ်တိုင်ကြာချိန်အတွင်းနားလည်ရမည်ဟု ပြောထားသော်လည်း မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း မပြောထားခဲ့ချေ။ ထို့ကြောင့်လုယွီက ပန်းချီကားချပ် တစ်ချပ်ကို ပျက်စီးသွားအောင်လုပ်လိုက်ခြင်းကလည်း စည်းမျဉ်းနှင့် ကိုက်ညီနေသေးလေသည်။

“င့ါရဲ့ချွီကျန်းရေကန်မှာ ငါကသာ အုပ်ချုပ်သူပဲ ငါကပဲ စည်းမျဥ်းကို ချမှတ်မယ်”

ထိုလူအိုကြီးကပြောကာ နှာခေါင်းရှုံ့သည်။ ချူယွီယူက ဆက်ငြင်းလိုသော်လည်း လုယွီက တားလိုက်သည်။

“မင်းကအဝေးကနေ ဝမ်ရှန်းကို တစ်ကြိမ်လောက်မြင်ခဲ့ဖူးလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ပန်းချီကားချပ်က အဆင့်တစ်ခုအထိ ကောင်းမွန်နေတယ်”

ထိုလူအိုကြီးက အေးစက်စွာပြောသည်။

“ပုံကိုကြည့်လိုက်စမ်းပါ အမွှေးတိုင်တစ်တိုင်ထွန်းချိန်အတွင်းသာ မင်း နားလည်နိုင်အောင်ကြိုးစား”

“မင်းကသာ မိစ္ဆာအတတ်ကျင့်ကြံတဲ့သူတစ်ယောက်ဆိုရင် ဝမ်ရှန်းရန်ရဲ့ပုံရိပ်က မင်းကို ဒုက္ခရောက်စေမှာပဲ။ မင်းရဲ့စိတ်ဝိဉာဉ်ကိုတောင် ဖျက်ဆီးလိုက်မှာ စိုးရိမ်ရတယ်”

လုယွီကမူ တစ်ဖက်သူ၏အတွေးကိုသိလိုက်သဖြင့် ဖျော့တော့စွာပြုံးလိုက်သည်။

“ကျုပ်က ခင်ဗျားကို နည်းနည်းပဲချီးကျူးရသေးတယ်။ တကယ်တော့ ကျုပ်အမြင်အရဆိုရင် ခင်ဗျားရဲ့ပန်းချီကားချပ်က ဗလာဖြစ်နေပြီး စိတ်ဝိဉာဉ်ကင်းမဲ့နေတယ်”

“ဘာ”

“မင်းကဘာသိလို့လဲ”

ထိုလူက ဒေါသတကြီးအော်သည်။

ချွီကျန်းရေကန်သို့ တက်ရောက်လာသူ အများစုက သူ၏ပန်းချီကိုပင် ကောင်းမွန်စွာ မဖမ်းဆုပ်နိုင်ကြသည့် အတွက်သူက အလွန်ဂုဏ်ယူခဲ့ရလေသည်။ လုယွီကသာလျှင် ယခုမှရောက်လာပြီး သူ့အားစော်ကားမော်ကားပြောနေသဖြင့် သူကသည်းမခံနိုင်တော့ချေ။

“ဝမ်ရှန်း အင်အားကြီးနေတာက သူ့ရဲ့အရပ်က ဘယ်လောက်မြင့်တယ် သူ့ရဲ့ပုံရိပ်က ဘယ်လောက်ကြီးမားတယ်ဆိုတာကြောင့်မဟုတ်ဘူး သူ့ရဲ့အတွင်းစိတ်စွမ်းအားကြောင့်ပဲ။ မရေမတွက်နိုင်တဲ့နှစ်တွေကုန်လွန်ပြီးတဲ့နောက်မှာ သူ့ရဲ့အတွင်းအားတစ်မှုန်စာပဲဖြစ်ဖြစ် သူ့ရဲ့ဓားက အငွေ့အသက်ပဲဖြစ်ဖြစ် လူတွေအားလုံးကို သတ်ဖြတ်ဖို့ လုံလောက်တယ်”

လုယွီက ဆက်ပြောသည်။

“စာပေသူတော်စင်တွေကို လေးစားမှုပြသဖို့အတွက် သာမာန်လူတွေက ပုံရိပ်ကိုကြီးမားအောင် ချဲ့ကားဆွဲကြတယ်။ ဒါပေမဲ့အများစုက သာမာန်လူတွေလိုပါပဲ။ အချို့လူတွေဆိုရင် သူတို့မှာ ကိုယ်လက်အင်္ဂါပြည့်စုံချင်မှ ပြည့်စုံကြတယ် အချို့ဆိုရင် ရုပ်ဆိုးကြတယ်။ တစ်ခုထဲသော မပြောင်းလဲတဲ့အရာက သူတို့ရဲ့ ပြီးပြည့်စုံနေတဲ့စွမ်းအင်တွေပဲ”

“သူတို့မှာမြင့်မြတ်တဲ့စွမ်းအင်တွေရှိနေတာကြောင့် ရုပ်ဆိုးနေရင်တောင်မှ ကိုယ်လက်အင်္ဂါမပြည့်စုံနေရင်တောင်မှ လူအများစုက သူတို့ကိုလေးစားအားကြနေရတုန်းပဲ။ ခင်ဗျားဆွဲထားတဲ့ပန်းချီကားချပ်က ပြီးပြည့်စုံတဲ့ပုံပန်းသွင်ပြင်တွေရှိတယ်။ ဒါပေမဲ့ နူးညံ့တဲ့ခံစားချက်တွေ ပျောက်ရှနေတယ်”

လုယွီက ပန်းချီကားချပ်ထဲမှ သူတော်စင်ပုံရိပ်ကို တိုက်ရိုက်ကြည့်လိုက်ကာ လေးနက်စွာပြောသည်။

“မှန်ထဲမှာ မျက်နှာပြင်မရှိသလိုပဲ”

ထိုစကားလုံးတစ်လုံးချင်းစီတိုင်းက ကောင်းကင်နှင့်မြေပြင်ကို ပဲ့တင်ထပ်စေသည်။

All Chapters