← Chapters

အခန်း (၁၃၃၆-၁၃၄၀)

Vol. 70 Ch. 1336-1340

အခန်း (၁၃၃၆-၁၃၄၀)

Vol. 70 Ch. 1336-1340

အပိုင်း ၁၃၃၆

တတိယအိမ်တော်ခွဲမှ အကြီးအကဲက ‌ဒေါသထွက်သွားသည်။

“မင်း လုပ်တာမှားနေပြီ၊ တတိယအိမ်တော်ခွဲအတွက် ငါတို့တွေ မင်းလို လိုက်ပြီးရူးသွပ်နေလို့မရဘူး”

ထိုအကြီးအကဲက လေးနက်သောလေသံဖြင့်ပြောသည်။

“မိသားစုရဲ့အိမ်တော်အရှင်က ဉာဏ်ပညာမဲ့စွာ ရွေးချယ်လိုက်ပြီ၊ ငါကဒါကို သဘောမတူနိုင်ဘူး၊ ငါ ရွေးချယ်တဲ့အကြံအစည်အတိုင်း သွားချင်တဲ့သူတွေက ငါ့နောက်လိုက်ခဲ့ကြ”

တတိယအိမ်တော်ခွဲမှ လူများက ရောနှောမွှေခံရသလိုဖြစ်သွားသည်။ ထိုတစ်ခဏတွင် လူတစ်ဝက်ကျော်ခန့်က ထိုအကြီးအကဲနှင့်အတူ ထွက်သွားရန် ရွေးချယ်ကြသည်။ ထိုလူများအားလုံးသည် လုကောင်းမင်ဘက်သို့ တိုက်ရိုက်သွားကြလေသည်။ သူတို့က လုကျန်းဟိုင်နှင့်အတူ မသေချင်ကြပေ။

လုကောင်းမင်က ပြုံးသည်။

“စိတ်အေးအေးထားပါ၊ တတိယအိမ်တော်ခွဲက ဒီနေ့မှာအဆုံးသတ်သွားလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် တတိယအိမ်တော်ခွဲအသစ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်”

“ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လုကျန်းဟိုင်က ထိုလူများကိုကြည့်ကာ ရုတ်တရက် နှုတ်ခမ်းထောင့်များက ကော့တက်သွားသည်။

“အမြင်ကျဉ်းမြောင်းတဲ့လူတစ်အုပ်ပဲ”

သူတို့က လုကောင်းမင်အတွက် လုပ်ပေးချင်တယ်ဟုတ်လား”

လုကောင်းမင်က သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ဝါးမြိုသွားပြီးလျင် ထိုလူများက တန်ဖိုးမရှိတော့ချေ။ ထိုသို့ဆိုလျှင် တစ်ယောက်ချင်းစီ အသတ်ခံရပေလိမ့်မည်။

လုဝူရန်က ရုတ်တရက် လုကျန်းဟိုင်ကိုကြည့်ကာ ခေါင်းခါသည်။

“ဆူလိုက်တာ”

သူ၏အင်္ကျီလက်ရှည်ကို ရမ်းလိုက်ချိန်တွင် အော်ဟစ်သံနှင့်အတူ ပြင်းထန်သော လေပြင်းများက တိုက်ခတ်လာပြီး သူ၏တစ်ကိုယ်လုံးက တစ်ဖက်သို့ လွင့်ထွက်သွားလေ သည်။

နတ်သူငယ်အဆင့်မှ အင်အားက သံသယဝင်ရန်မလိုလောက်အောင် အလွန်ပြင်းထန်လွန်းလေသည်။ လုကျန်းဟိုင်အနေဖြင့် တည်ငြိမ်အောင် မရပ်နိုင်တော့ဘဲ တစ်ဖက်သို့လွင့်ထွက်သွားသည်။ သို့သော် သူ့အား တစ်စုံတစ်ရာက ဖမ်းထိန်းပေးလာသည်။ ထိုလူက လုယွီဖြစ်သည်။

“အလျင်စလို ဝင်မပါနဲ့ဘေးကနေကြည့်နေပါ”

လုယွီက တိုးလျစွာပြောသည်။ လုယွီ၏စကားကိုကြားသောအခါ လုကျန်းဟိုင်က မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာပြောလိုသော်လည်း လုကောင်းမင်က ရှေ့တက်လာကြောင်းမြင်လိုက်ရပြီး ရပ်သွားသည်။

“မြောက်ပိုင်းနယ်မြေရဲ့ခေါင်းဆောင်ဆိုတာ ဘယ်လိုသောက်ပေါက်ကရတွေလဲ၊ အခု ဒီသခင်ကြီးရဲ့အသတ်မခံရအောင်သာ နေစမ်းပါ”

လုကောင်းမင်၏မျက်နှာတွင် အပြုံးကပေါ်လာသည်။ သူက တိုက်ရိုက်ပင် လုဝူတိထံရောက်လာသည်။

လုဝူတိက ဘိုးဘေးလေးယောက်၏အဝိုင်းခံထားရသည်။ ထိုအချိန်တွင် သူက သေလုနီးပါးဖြစ်နေပြီး အသက်စွမ်းအားကလည်း အလွန်အားနည်းနေလေသည်။ သူ၏လက်ရှိအနေအထားအရ သာမန်သေမျိုးတစ်ယောက်ဆိုလျှင်ပင် အလွယ်တကူ သတ်နိုင်လောက်သည်။

“မင်းက အမြင်မရှိတာပဲ၊ ဒီလိုကောင်မျိုးက ငါ့ရှေ့မှာဘာလုပ်နိုင်မှာလဲ”

ရုတ်တရက် လုကောင်းမင်က လုဝူတိ၏မျက်နှာကိုဖြတ်ရိုက်သည်။ ဆူညံသံတစ်ချို့နှင့်အတူ လုဝူတိ၏မျက်နှာပေါ်မှ မျက်နှာဖုံးက ကွာကျသွားသည်။

ထိုမျက်နှာက အိုမင်းနေသော လူတစ်ယောက်၏မျက်နှာဖြစ်နေသော်လည်း လုဝူတိမဟုတ်နေခဲ့ပေ။ လုကောင်းမင်က ကြောင်သွားသည်။

“သူ မဟုတ်ဘူး”

ထိုလုဝူတိအတုအယောင်က ရုတ်တရက် ချောင်းဆိုးပြီးနောက် နှာခေါင်းရှုံ့သည်။

“သခင်မှန်းထားတဲ့အတိုင်း ဖြစ်လာတာပဲ၊ လုမိသားစုက လွန်ခဲ့တဲ့နှစ်တွေ အတွင်းမှာ သစ္စာဖောက်တွေ အရမ်းများနေတယ်”

“ဒါက အတုပဲ”

မူလက အနည်ထိုင်သွားသောဖုန်များက ပြန်ထောင်းထလာသည်။ လုကောင်းမင်က ဒေါသတကြီးပြောသည်။

“အဲ့ဒီကောင်အစစ်က ဘယ်မှာလဲ”

ယခုအချိန်အထိ လူအများစုက လုဝူတိ၏ဆော့ကစားခြင်းကို ခံနေခဲ့ရခြင်းဖြစ်သည်။ မူလက အနိုင်ရမည်ဟု သတ်မှတ်ယုံကြည်ထားသူများ အားလုံးကလည်း အမူအရာ ပျက်ယွင်းသွားကြသည်။

“မင်းတို့က ဒီအဖိုးကြီးကို ရှာနေတာလား”

ရုတ်တရက် မှုန်တေနေသောအသံတစ်သံက လုကောင်းမင်၏နားအတွင်း ဟိန်းထွက်လာသည်။ လုကောင်းမင်ကလည်း သူ၏လည်ပင်းက ဖျစ်ညှစ်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

ဝုန်း

ဆူညံသံတစ်ချို့နှင့်အတူ လုကောင်းမင်က ကောင်းကင်ကြီးက တစ်ပတ်လည်သွားသကဲ့သို့ ခံစားလိုက်ရပြီး အားအင်မဲ့စွာဖြင့် မြေပြင်သို့လဲကျသွားသည်။ လုကောင်းမင်သည် ပြင်းထန်သည့်လေပြင်းနှင့်အတူ သူ၏လည်ပင်း တိုက်ရိုက်အချိုးခံလိုက်ရကာ သေဆုံးသွားလေပြီ။

ဝုန်း

ကောင်းကင်တွင် မိုးခြိမ်းသံက ထွက်ပေါ်လာသည်။

“အားလုံးပဲ အကြာကြီး စောင့်လိုက်စေမိပြီ”

ထိုအသံက မှော်ဆန်ကာ ခမ်းနားပြီး ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံး ဟိန်းသွားသည်။ တစ်ချိန်တည်းလိုလို လူတိုင်း၏အမူအရာက ပြောင်းလဲသွားကြသည်။ သူတို့ကြားသည်မှာ မမှားလျှင် ထိုအသံက လုဝူတိ၏အသံဖြစ်သည်။

ထိုထဲတွင်ဖော်ပြ၍မရအောင် ခက်ခဲလွန်းလှသောအာဏာရှင်ဆန်သည့် အရှိန်အဝါများက အပြည့်ပါနေလေသည်။

လုမိသားစုမှ ခမ်းနားသောခန်းမ၏အရှေ့တွင် လူတစ်ယောက်က လေဟာနယ်ထဲမှ တစ်လှမ်းချင်းထွက်လာသော မြင်ကွင်းကို လူတိုင်းက စိုက်ကြည့်နေကြသည်။ ယခင်တစ်ယောက်က အလွန်အမင်းအင်အားကြီးမားသော်လည်း ယခုအခါ သေလုနီးပါး ဖြစ်နေခဲ့ချေပြီ။ သူ၏အင်အားက အားလုံးကို မင်သက်စေလောက်သော်လည်း ယခုလောက်အထိ ကြောက်လန့်စရာမကောင်းခဲ့ချေ။ သို့ရာတွင် လက်ရှိရောက်လာသော တစ်ယောက်ကမူ သူ့ကိုမြင်သည်နှင့်ပင် ရင်ဘတ်ကို ဝင်ဆောင့်တိုက်တော့မည့် တောင်တန်းတစ်ခုကို ရင်ဆိုင်ရသည်အလား ခံစားရသည်။

လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာခန့်ကတည်းက လုဝူတိက မြောက်ပိုင်းနယ်မြေတွင် ပြိုင်ဘက်ကင်းခဲ့သည်။ သူ၏နာမည်အတိုင်း သူက မည်သူ့ကိုမဆို အနိုင်ရခဲ့သည်။ လူတိုင်းက သူ၏ဖိနှိမ့်ခြင်းခံခဲ့ရသည်။ ယခုသူ့အားပြန်မြင်ရချိန်တွင် အတိတ်အချိန်များကို ပြန်လည်မှတ်မိသွားကြပြီး သူတို့၏နှလုံးခုန်သံ များက မြန်ဆန်သွားကြတော့သည်။

“မဖြစ်နိုင်တာ၊ မင်းရဲ့တိုက်ခိုက်နည်းဟန်တွေအားလုံးကို အခြားလူတွေက တုပဖို့ ဘယ်လောက်ခက်ခဲလိုက်သလဲ”

လုဝူဟိန်က အော်သည်။

သူတို့လေးယောက်က လုဝူတိကို နိုင်ခဲ့ပြီးသားဖြစ်သည်။ အရာအားလုံးက အခြေချပြီးသားဖြစ်သည်။ သို့သော် ရုတ်တရက် အတုအယောင်ဖြစ်နေကြောင်း ပေါ်လာသည်။

အပိုင်း ၁၃၃၇

“လုဝူရန်က ဒီလိုအခြေအနေကို ဘယ်လိုလက်ခံနိုင်တော့မှာလဲ”

လူတိုင်း၏အကြည့်အောက်တွင် လုဝူတိက မည်သည့်စကားမျှ ပြန်မဆိုခဲ့ချေ။ လုဝူရန်က အော်ဟစ်လိုက်ချိန်တွင် ယင်ကောင်များက အနားတွင် အော်ဟစ်ဆူညံနေ သလိုမျိုး သူက အာရုံပင်မစိုက်လာခဲ့ချေ။

“အရှင် ကျွန်တော်ရဲ့မစ်ရှင်က ပြီးသွားပါပြီ”

ရုတ်တရက် သေလုနီးပါးဖြစ်နေသော လူက မတ်တပ်ထရပ်လာသည်။ ထိုအသံကိုကြားသောအခါ လုဝူရန်က အံ့ဩသွားသည်။ သူက ရုတ်တရက် ထိုလူကို ထပ်ကြည့်လိုက်ချိန်တွင် မှတ်မိသွားကာ မင်သက်စွာပြောလိုက်မိသည်။

“မင်းက အရင်က လုမိသားစုက အိမ်တော်ထိန်း လုရွှန်းသဲ့မဟုတ်လား”

ထိုလူကမည်သူဖြစ်ကြောင်း သူ မှတ်မိသွားလေသည်။

လုရွှန်းသဲ့က လုမိသားစုမှ ကလေးများအတွက် စိမ်းနေလောက်သော်လည်း သူတို့လို ရှေးမျိုးဆက်အတွက်မူ ရင်းနှီးကျွမ်းဝင်လွန်းနေခဲ့သည်။ ထိုအချိန်က လုဝူတိက ကလန်ငယ်ခေါင်းဆောင်မျှသာဖြစ်ခဲ့ပြီး လုရွှန်းသဲ့က လုဝူတိ၏သက်တော်စောင့် ဖြစ်ခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် လုဝူတိက လုမိသားစုမှ ဘိုးဘေးဖြစ်လာခဲ့ပြီး လုရွှန်းသဲ့ကမူ အိမ်တော်ထိန်းဖြစ်လာခဲ့သည်။

လူအများစုကမူ လုရွှန်းသဲ့က ကြင်နာသောလူအိုကြီးဟု မှတ်မိကြသည်။ သို့သော် မည်သူမျှ မသိသည်မှာ ထိုလူက အဆင့်လွန်အဆင့်ဖြစ်ပြီး အလွန်စွမ်းအား ကြီးမားလွန်းနေခဲ့လေသည်။

“ နှမြောစရာပဲ၊ သခင်လေးနဲ့အကြီးဆုံးသခင်တို့ကို မတွေ့ရတော့ဘူး၊ သူတို့က နန်ဝမ်မှာ အခြေကျနေတယ်လို့ပြောကြတယ် နှမြောစရာပဲ”

လုရွှန်းသဲ့၏အသံက တုန်ယင်နေကာ သွေးများကို သုတ်လိုက်သည်။

သူ၏မူလကျင့်ကြံခြင်းအဆင့်က အဆင့်လွန်အဆင့်ဖြစ်သည်။ သူကနတ်သူငယ်အဆင့်သို့ လျှို့ဝှက်သိုင်းဖြင့် ချိုးဖျက်တက်ရောက်ခဲ့သောကြောင့် အသက်စွမ်းအင်များစွာ ကုန်ဆုံးခဲ့ရသည်။ ယခုအခါ အင်အားကြီးမားသော လူလေးယောက်၏တိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် လုရွှန်းသဲ့က ကြာကြာမတောင့်ခံ ထားနိုင်တော့ချေ။

“သခင် လုဝူဟိန်က ဒီနေ့ရဲ့အစစ်အမှန်ရန်သူ မဟုတ်သေးဘူး၊ သခင်ဂရုစိုက်ပါ”

လုရွှန်းသဲ့၏စကားက မပြီးဆုံးခင်မှာပင် သူ၏အသက် သေဆုံးတော့မည့် အနေအထားအထိ ဖြစ်လာခဲ့သည်။ သူ၏မျက်ဝန်းထဲမှ အလင်းရောင်ကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့ကာ အနက်ရောင်မီးခိုးအဖြစ် ပြောင်းလဲသွားသည်။

လုဝူတိ၏မျက်နှာတွင် ဝမ်းနည်းမှုကိုမမြင်ရချေ။ သူက လုရွှန်းသဲ့၏မျက်လုံးကို မှိတ်ပြီး မထူးခြားနားစွာပြောသည်။

“လုမိသားစုကကိစ္စတွေကို ငါ ကိုင်တွယ်နိုင်တယ်”

ထိုအသံနှင့်အတူ လူတိုင်းက မမြင်ရသောဖိအားက သူတို့အပေါ်သို့ ကျရောက်လာကြောင်း ခံစားလိုက်မိကြသည်။ လုကလန်ခေါင်းဆောင်ကြောင့်သာ မဟုတ်လေဘဲ ထိုလူက မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှ ဘိုးဘေးတစ်ယောက် ဖြစ်သည့်အတွက် နယ်မြေတစ်ခုလုံးက ထပ်တူညီထုတ်ဖော်လာသော ဒေါသကိုခံစားကြရလေသည်။

ပုန်ကန်ချင်သူများအားလုံးက ကောင်းကင်မှ စွမ်းအားတစ်မျိုးဖြင့် တားမြစ်ခံရလေသည်။

“အဲ့ဒီအရှိန်အဝါတွေ ပျောက်ကွယ်သွားပြီ”

“ဒီပတ်ဝန်းကျင်မှာ စွမ်းအင်အဆီအနှစ်တွေ ပျောက်ကွယ်သွားပြီ”

“ပျောက်ကွယ်သွားတာမဟုတ်ဘူး၊ ကောင်းကင်က ပြန်လည်စုပ်ယူသွားတာ၊ ဒီလိုဆိုရင် ငါတို့မစုပ်ယူနိုင်တော့ဘူး”

ပုန်ကန်မည့်ဂိုဏ်းတိုင်းက လူတိုင်း၏မျက်နှာက ဖြူဖျော့သွားကြသည်။ ထိုသို့စွမ်းအင်အဆီအနှစ်များ မရှိကြတော့လျှင် သူတို့၏ဂိုဏ်းက ခြောက်ကပ်သွားတော့မည်မှာ သေချာသည်။

“လူတိုင်းက ကိုယ်လုပ်ခဲ့တာအတွက် ကိုယ်ပြန်ပေးဆပ်ရတယ်”

လုဝူတိက အေးစက်စွာပြောပြီး လူအုပ်ကို ကြည့်သည်။

“အခုကတော့ မင်းတို့ ပြန်ပေးဆပ်ရမယ့်အချိန်ပဲ”

လုဝူတိ၏အသံထွက်လာသည်နှင့် တစ်မိသားစုလုံးကလူများက ဒူးထောက်လိုက်ကြသည်။ ထိုလူများအားလုံးက ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ပါးစပ်က အဟောင်းသားဖြစ်ပြီး သွေးများစီးကျနေကြသည်။ အချို့လူများဆိုလျှင် မြေပြင်တွင် လဲကျလျက်သေဆုံးသွားခဲ့လေပြီ။

အင်အားအကြီးဆုံးလူများဖြစ်သည့် အဆင့်လွန်အဆင့်များပင် သွေးအန်နေကြရသည်။ ထိုလူများက ချက်ချင်းမသေသွားကြသော်လည်း တစ်စုံတစ်ရာ၏တိုက်ခိုက်မှုကို ခံနေရသကဲ့သို့ ဖြေးညှင်းစွာဖြင့် အားအင်နည်းလာ တော့သည်။

“ကောင်းကင်ရဲ့တားမြစ်ချက်ကို ခံရအောင် ငါတို့က သစ္စာဖောက်တွေလား၊ ဘာလို့ ဆယ်စုနှစ်ပေါင်းများစွာ သည်းခံပြီး အခုကျမှ လက်လျော့ရမှာလဲ”

လုနန်ဖုန်း၏မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့နေပြီဖြစ်သည်။ သူက လက်သင့်မခံလိုသေးပေ။ တစ်ချိန်တည်းတွင်ပင် လုမိသားစု၏အိမ်ထောင့်တိုင်း နေရာတိုင်းတွင်ရှိသော အဆင့်နိမ့် မျိုးဆက်များအားလုံးက ခေါင်းများပေါက်ကွဲကာ သေဆုံးသွားကြသည်။ အချို့လူများက အံအားတကြီးဖြစ်သွားကြလေသည်။ အထူးသဖြင့် သူတို့က အနိုင်ကျင့်ခံထားရချိန်တွင် ထိုအနိုင်ကျင့်နေသူများအားလုံးက သေဆုံးသွားကြခြင်းဖြစ်သည်။

ထိုနေ့က မြောက်ပိုင်းနယ်မြေ၏ကောင်းကင်က ပြောင်းလဲမှုစတင်လာသည်။ ထိုနယ်မြေမှ အပင်များနှင့်သစ်ပင်များအားလုံးက လုဝူတိ၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားသည်။ သို့သော် ထိုကိစ္စများကမူ လုယွီနှင့်တတိယအိမ်တော်ခွဲမှ လူများ၊ လုဝူဟိန်တို့လေးယောက်အပေါ် သက်ရောက်မှုမရှိချေ။

နတ်သူငယ်အဆင့်ဟာ ကောင်းကင်နှင့်မြေပြင်မှ ကင်းလွတ်မှုပင် ရရှိထားပြီးသား ဖြစ်သည့်အတွက် စည်းတံဆိပ်၏သက်ရောက်မှုကိုမခံရချေ။ သို့သော် လုဝူဟိန်၏မျက်နှာကမူ ပျက်ယွင်းနေသေးသည်။

“လုဝူတိ ဒီနေ့က မင်း နေရာဖယ်ပေးရမယ့်အချိန်ပဲ”

လုဝူဟိန်က ဒေါသတကြီးအော်သည်။

သူသည် လုဝူတိ၏ညီဖြစ်သော်လည်း အားနည်းရာမှ အားကြီးသည်အထိ လုဝူတိ၏ဖိနှိမ့်ခံခဲ့ရသည်။ သူက လုဝူတိကို ငယ်စဉ်ကတည်းက ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ကြိမ်သော်မျှ အနိုင်မရခဲ့ဖူးသေးချေ။ လောကတွင် လုဝူတိကသာ ပြိုင်ဘက်ကင်းဖြစ်သည်ဟု သိထားကြသည်။ သူ့ကိုမူ လူတိုင်းက မေ့လျော့နေကြသည်။

လုဝူတိက တည်ငြိမ်စွာပြောသည်။

“မင်းတို့ အတူလာလို့ရတယ်”

မြောက်ပိုင်းနယ်မြေမှ အစွမ်းထက်ဆုံးတစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် လုဝူတိအနေနှင့် လုဝူရန်နှင့်လုဝူဟိန်တို့ကို အာရုံမစိုက်ချေ။

“မင်းက သေချင်နေတာပဲ”

လုဝူရန်က အော်ဟစ်လိုက်သည်။ သူ၏လက်ညှိုးကို ကောင်းကင်သို့ ညွှန်ပြလိုက်ရာ တည်ငြိမ်သောကောင်းကင်က ရုတ်တရက် တိမ်မဲများဖြင့် ပြည့်နှက်လာကာ မရေမတွက်နိုင်သောလျှပ်စီးများက လက်လာသည်။

“မိုးကြိုးတစ်သောင်း”

သူ၏ထိန်းချုပ်မှုအောက်တွင် မရေမတွက်နိုင်သော မိုးကြိုးများက ခြိမ်းလာပြီး လျှပ်စီးများက တလက်လက်ဖြစ်လာကာ အချိန်မရွေး ပစ်ခတ်တော့မည်ကဲ့သို့ ဖြစ်လာသည်။ တစ်ချိန်တည်းလိုလို အခြားသော ဘိုးဘေးသုံးယောက်ကလည်း သူတို့၏အစွမ်းထက်ဆုံးတိုက်ကွက်များကို ထုတ်ဖော်ကြသည်။ နတ်သူငယ်အဆင့်လေးယောက်၏ တိုက်ကွက်က ကောင်းကင်တစ်ခုလုံးကို အပြည့်အဝနေရာယူထားလေသည်။ အဓိကခန်းမနှင့် နီးကပ်သောနေရာတွင်ရှိနေကြသည့် လူအများစု၏ခန္ဓာကိုယ်များကို မှော်လက်နက်များဖြင့် ကာကွယ်ထားသည့်အတွက် သက်ရောက်မှုကို မခံစားကြရချေ။ အခြားလူများကမူ ချက်ချင်းဆိုသလို သေဆုံးသွားကြသည်။

လုဝူတိ၏ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များက စတင်စုဝေးလာကာ တိုက်ခိုက်တော့မည့်အနေအထားအထိ ဖြစ်လာခဲ့သည်။ လုဝူတိက ရုတ်တရက်ရှေ့သို့တက်လှမ်းလိုက်ကာ အသက်ပြင်းပြင်းရှူသည်။ သူက အသက်ပြင်းပြင်းရှူပြီးသည်နှင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။

လုဝူတိ၏ဘက်မှ မမြင်ရသောအစိမ်းရောင်နဂါးအရိပ်ကြီးတစ်ခုက ကြီးမားစွာထွက်ပေါ်လာပြီး တစ်ဖက်မှ တိုက်ခိုက်လိုက်သည့် သိုင်းကွက်အားလှိုင်းများနှင့် ရင်ဆိုင်သည်။

ပြင်းထန်သည့်လေပြင်းက တိုက်ခတ်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။ အချိန်တစ်ခုကြာပြီးနောက်တွင် ထိုခန်းမတစ်ခုကို ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိအိမ်တော်များနှင့် နံရံများအားလုံးက ပြိုကျသွားသည်။

လုဝူဟိန်က အံကိုကြိတ်ကာပြောသည်။

“သူ တစ်ယောက်တည်းကို ငါတို့မနိုင်ဘူးလို့မယုံဘူး”

တစ်ချိန်တည်းတွင်ပင် ဘိုးဘေးလေးယောက်လုံးက လုဝူတိကို သတ်ဖြတ်ရန်ကြိုးစားကြသည်။ သို့သော် သူတို့က အနားကပ်သွားသည်နှင့် လုဝူတိ၏မျက်ဝန်းက အေးစက်သောအလင်းများ လက်လာသည်။ သူ၏ခေါင်းကို အနည်းငယ်မော့ပြီးသည်နှင့် လူလေးယောက်ထံသို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် လေထဲတွင်ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။

လုဝူဟိန်တို့လေးယောက်ကလည်း ရုတ်တရက် အော်ဟစ်လိုက်ကြရသည်။ သူတို့၏အရှိန်အဝါများက ဖိနှိမ့်ခံရကာ သူတို့၏အသက်စွမ်းအားကပင် လျော့ကျလာသည်။

“ဒါက အရှင်သခင်တံဆိပ်ပဲ၊ဒီ တံဆိပ်က ထွက်ပေါ်လာပြန်ပြီ၊ ငါတို့အားလုံးက သေမျိုးကန့်သတ်ချက်ကနေ ကျော်လွန်ခဲ့ပြီးသား၊ ဘယ်လိုကြောင့် ဒီကောင်းကင်စည်းတံဆိပ်ရဲ့သက်ရောက်မှုကို ခံစားနေရတာလဲ”

လုဝူဟိန်နှင့်လုဝူရန်တို့အားလုံးက အော်ဟစ်ကြသည်။

အပိုင်း ၁၃၃၈

လုဝူတိ၏လက်ဖဝါးထဲတွင် ရွှေရောင်ချိတ်စည်းတံဆိပ်တစ်ခု ရှိနေသည်။ ရွှေရောင်ချိတ်စည်းတံဆိပ်ပေါ်တွင် မြောက်ပိုင်းနယ်မြေမှ အရှင်သခင်စည်းတံဆိပ်ဟု ရေးသားထားလေသည်။ ထိုအချိန်တွင် ထိုစည်းတံဆိပ်မှ မျက်စိကြိမ်းမတတ်တောက်ပသောအလင်းတန်းများထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။

ထိုအခါ ကောင်းကင်မှစတင်ပြီး ဖော်ပြ၍မရနိုင်အောင် ခမ်းနားသော အရှိန်အဝါတစ်မျိုးက ပျံ့နှံ့လာတော့သည်။ အကြီးအကဲလေးယောက်မှ ထုတ်သုံးလိုက်ကြသည့် တိုက်ကွက်များအားလုံးကလည်း ထိုဖိအားအရှိန်အဝါအောက်တွင် ပျက်ပြယ်ကာ အရည်ပျော်ကျသွားသည်။

“ငါ လက်မခံနိုင်ဘူး ဒီလိုဖြစ်ခွင့်မပြုနိုင်ဘူး”

လုဝူရန်က ခါးသီးစွာအော်ဟစ်လိုက်သည်။ သူကနတ်ဆိုးတစ်ကောင် အလား ကြောက်မက်ဖွယ်ကောင်းနေသည်။

သို့ရာတွင် လုဝူတိ၏လက်ဝါးမှ စည်းတံဆိပ်က ရှိနေသေးသည့်အတွက် ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားများကသာ သူတို့ထံသို့ကျရောက်လာသည်။ လုဝူဟိန်နှင့် အခြားသုံးယောက်လုံးက တစ်ချိန်ထဲလိုလိုလွင့်ထွက်သွားပြီး နံရံနှင့်စောင့်တိုက်မိသွားကြသည်။

ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ နဂိုက ပုန်ကန်မည့်သူများကလည်း ခန်းမရှေ့တွင်ရပ်နေသော လူအိုကြီးကိုကြည့်ကာ တုန့်ဆိုင်းသွားကြသည်။

“ဒါက လုဘိုးဘေးရဲ့အင်အားလား”

ပြန့်ကျဲနေသော ကောင်းကင်နယ်မြေများစွာမှ နတ်သူငယ်အဆင့်များပင် ကောင်းကင်ကိုလွှမ်းမိုးနိုင်သည့်စွမ်းအင်မျိုးကို ရင်မဆိုင်ရဲချေ။

အခြားစကားတစ်မျိုးအဖြစ်ပြောင်းသုံးရသော် မြောက်ပိုင်းနယ်မြေတွင် လုဘိုးဘေးက ပြိုင်ဘက်ကင်းသည်။

“မင်းတို့ရဲ့အပြစ်ကိုဝန်ခံပြီး ကလန်ရဲ့အပြစ်သားကျွန်လုပ်လိုက်။ ဒီလိုဆိုရင် ငါမင်းတို့ရဲ့အသက်ကိုညှာတာပေးမယ်”

အပြစ်သားကျွန်ဆိုသည်မှာ ပုန်ကန်သည့်သူများအတွက် မိသားစုကချမှတ်သောအပြစ်ဒဏ်ဖြစ်သည်။ အပြစ်သားကျွန်များက စိတ်ဝိဉာဉ်တွင် သင်္ကေတထွင်းထုခံရပြီး ဘိုးဘေးမှစတင်ကာ မျိုးဆက်အဆက်ဆက် သစ္စာခံသွားကြရသည်။ သူတို့ကသေမည်ဆိုလျှင်ပင် စိတ်ဝိဉာဉ်က လွတ်မြောက်ခွင့်ရလိမ့်မည်မဟုတ်ချေ။

လုဝူဟိန်က ရယ်သည်။

“ဒီနေ့ကိုငါစောင့်နေတာကြာလှပြီ။ ငါတို့ကသာ တားမြစ်နယ်မြေထဲမှာ ထောင်ချောက်မိနေတာကြောင့်သာမဟုတ်ရင် မင်းက သေသွားလောက်ပြီ။ ငါတို့ကသေရမှာကိုကြောက်မယ်ထင်နေလား”

အခြားသုံးယောက်လုံးကလည်း အတူတကွအော်ဟစ်ကြသည်။ သဘာဝကျကျပင် သူတို့က အပြစ်သားကျွန် မလုပ်ချင်ကြပေ။ ထိုအပြစ်ဒဏ်က သူတို့ရှင်သန်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူတို့ကဲ့သို့မာနကြီးသောသူများအနေနှင့် ထိုကဲ့သို့သောအဆုံးသတ်ကို လက်မခံနိုင်ကြချေ။

“ဒီလိုဆိုမှတော့ သွားသေလိုက်တော့”

လုဘိုးဘေးက လွှမ်းမိုးနိုင်စွမ်းပြင်းထန်သောအတွင်းအားများနှင့်လက်ဝါးတစ်ချက်ကိုထုတ်ဖော်လိုက်ကာ လေးယောက်လုံးကိုရိုက်ချလိုက်သည်။ အတွင်းအားလက်ဝါးကြီးက နီးကပ်လာပြီးသည်နှင့် လုဝူရန်ကို ရိုက်ချမိသွားသည်။ ထိုအချိန်တွင်ပင် မမြင်ရသောအားလှိုင်းတစ်မျိုးက စတင်ထွက်ပေါ်လာကာ ထိုလက်ဝါးကို လေထဲတွင်ပင် တားဆီးလိုက်သည်။ တစ်ချိန်ထဲလိုလို လုဘိုးဘေးကြောင့် ဖြစ်ပေါ်လာသောစွမ်းအားများအားလုံးက ပျောက်ပျက်သွားလေသည်။

ရုတ်တရက်မည်သည့်နေရာကမှန်းမသိ အနက်ရောင်ဝတ်စုံနှင့်လူများက ထွက်လာကြပြီး လုဘိုးဘေးထံ ခုန်တိုးဝင်လာကြသည်။

“ခေါင်းကိုဖွက် အမြီးကိုထုတ်ပြပြီး ငါ့ရှေ့မှာ လာဝံ့ကြွားရဲတယ်လား”

လုဝူတိက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လေပြင်းများကို တိုက်ခိုက်လာစေသည်။

အလွန်ပြင်းထန်သောလေပြင်းက ထွက်ပေါ်လာချိန်တွင် ရှေ့ဆုံးမှ ပြေးဝင်လာသောအနက်ရောင်ဝတ်စုံနှင့်လူ၏ခေါင်းမှဦးထုပ်က မြောက်တက်သွားကာ သူ၏မျက်နှာကို လူတိုင်းက ရှင်းလင်းစွာမြင်လိုက်ရသည်။ ဦးထုပ်၏အောက်တွင် ခရမ်းရောင်နှင့်အနက်ရောင် ရောနေသော မျက်နှာကို မြင်ရသည်။

အခြားသောသူများ၏ ဦးထုပ်များကမြောက်တက်သွားချိန်တွင် အလားတူရုပ်ရည်များက ပေါ်လာကြသည်။ သူတို့၏ရုပ်ရည်များက လူသားရုပ်ရည်များသာဖြစ်နေသေးသည့်တိုင်အောင် ငရဲမှတက်လာသောတစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ ခရမ်းရောင်နှင့်အနက်ရောင်သွေးကြောများက မျက်နှာတစ်ခုလုံးအနှံ့ထင်ရှားစွာထွက်ပေါ်နေခဲ့ကာ သူတို့အားပို၍ကြောက်မက်ဖွယ်ကောင်းသွားစေသည်။ တဝုန်းဝုန်းမြည်သံများကထွက်ပေါ်လာသည်။ အလွန်ပြင်းထန်သောအတွင်းအားများနှင့်အတူ ထိုလေးယောက်လုံးကအနောက်သို့လွင့်ထွက်သွားကြပြန်သည်။

“မင်းတို့က အာဏာကိုဖမ်းဆုပ်နိုင်ဖို့အတွက်နဲ့ မိစ္ဆာအတတ်ကျင့်ကြံတဲ့လူတွေနဲ့ပေါင်းထားကြတယ်ပေါ့”

လုဝူတိက အော်သည်။ လူတိုင်းက အံ့သြသွားကြပြီး အနက်ရောင်ဝတ်စုံနှင့် လူများကိုကြည့်ကြသည်။

မိစ္ဆာအတတ်ကျင့်ကြံခြင်းလမ်းစဉ်က စိတ်ဝိဉာဉ်ကိုသန့်စင်ရန်လိုအပ်ပြီး အင်အားများစွာ ရရှိစေသည်။ သို့သော် ကျရှုံးသွားမည်ဆိုလျှင်မူ သူတို့၏စိတ်ဝိဉာဉ်ကပင် ပြန်လည်မဝင်စားနိုင်လောက်သော ဆိုးကျိုးကြီးရှိနေသေးသည်။ ထို့ကြောင့်မည်သူကမှ ထိုလမ်းကိုမရွေးချယ်ကြချေ။

လုဝူတိ၏မျက်နှာကအေးစက်သွားသည်။ သူက လုနန်ဖုန်းကို လှည့်ကြည့်ကာအော်လိုက်သည်။

“မိစ္ဆာအတတ်ကျင့်ကြံတဲ့သူတွေကို မင်းက ဖိတ်ခေါ်ထားတာလား”

လုဝူရန်နှင့် အခြားသောဘိုးဘေးများကလည်း အနက်ရောင်ဝတ်စုံနှင့်သူများကို လုနန်ဖုန်းက ဖိတ်ခေါ်ထားကြောင်း သိလိုက်ရသည်။ ယခင်ကမူ ဒီအတိုင်း မိစ္ဆာစွမ်းအင်အနည်းငယ်သုံးကာ ကျင့်ကြံထားသည်ဟုထင်ခဲ့ရုံသာဖြစ်သော်လည်း ယခုကဲ့သို့မိစ္ဆာအတတ်သီးသန့်ကျင့်ကြံထားသောသူများဖြစ်နေမည်ဟု မထင်ထားကြချေ။

လုနန်ဖုန်းက မျက်နှာပြောင်းသွားသော်လည်း အံကိုကြိတ်ကာပြောသည်။

“မိသားစုအတွက် လုပ်သင့်တာကိုလုပ်ရမှာပဲ”

“အဓိပ္ပါယ်မရှိတာ”

လုဝူတိကဒေါသထွက်သွားသည်။

မိစ္ဆာအတတ်ကျင့်ကြံသောသူများက မြောက်ပိုင်းနယ်မြေမှ လူများ၏ ဖယ်ကျဥ်ခြင်းကိုခံထားရသည်။ ထိုကဲ့သို့သောလူမများကို ဖိတ်ခေါ်သူများ၊ ပါဝင်ပတ်သတ်သူများအားလုံးကို မြောက်ပိုင်းနယ်မြေရှိ လူတိုင်းက ပူးပေါင်းကာနှင်ထုတ်ကြမည်ဖြစ်သည်။ မိသားစုက ထိုလူများ၏အကူအညီဖြင့် ထိန်းချုပ်မှုရရှိသွားမည်ဆိုလျှင်ပင် မြောက်ပိုင်းနယ်မြေတစ်ခုလုံးက လုမိသားစုကို ဆန့်ကျင်လာပေလိမ့်မည်။

“လုဝူရန် ငါနင့်ကိုအခုလေးတင်ကယ်ထားတာ ဘာလို့ငါ့ကိုမတွေ့ချင်ရတော့တာလဲ”

ရုတ်တရက် အပြင်ဘက်မှ အသံတစ်သံထွက်လာသည်။ လုမိသားစုမှလူများအားလုံးက လေအေးများတိုက်ခတ်လာသလိုခံစားရပြီး အေးစိမ့်သွားကြသည်။

“ယင်ချီပဲ”

လုယွီက မျက်မှောင်ကြုံ့သည်။

ကောင်းကင်တွင်တောက်ပသောနေမင်းက ထင်ရှားစွာရှိနေပြီး ကောင်းကင်ကလည်းတည်ငြိမ်နေသည်။ ရုတ်တရက် ပတ်ဝန်းကျင်ကို ယင်ချီစွမ်းအင်များ ဖုံးလွှမ်းလာသည့်အခါ မဲမှောင်လာတော့သည်။

“သူတို့ ရှိနေတယ်”

ရုတ်တရက် လုယွီ၏အနားတွင် မွှေးပျံ့သောအနံ့တစ်ခုကိုရလိုက်သည်။ လုယွီက လှည့်ကြည့်သောအခါ ချူယွီလော်ကိုမြင်လိုက်ရလေသည်။

လုယွီက မေးလိုက်သည်။

“မင်းရဲ့ဒဏ်ရာကဘယ်လိုနေလဲ ပြန်လည်သက်သာသွားပြီလား”

“ဆရာသခင်ဝမ်ချန်း မမေ့သင့်တာက ကျွန်မတို့ချူမိသားစုက ဆေးဝါးဖော်စပ်သူတွေပါ”

ချူယွီလော်က ညင်သာစွာပြုံးပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်ကာ ခပ်တိုးတိုးပြောသည်။

“ဆရာသခင်ဝမ်ချန်း ဘေးကပဲရပ်ကြည့်နေပါ။ ဒီကိစ္စမှာ ကျွန်မတို့ကိုယ်တိုင်ကလည်း ဝင်ပါဦးမှာပါ”

လုယွီက တွေးတောလိုက်လေသည်။ ချူမိသားစုနှင့် လုမိသားစုက ဆက်နွယ်နေလေရာ လုမိသားစု၏အပြောင်းအလဲကလည်း ချူမိသားစုအပေါ်သက်ရောက်မှုရှိသည့်အတွက် ချူမိသားစုက ဘေးမှထိုင်ကြည့်နေလိမ့်မည်မဟုတ်ချေ။ လုယွီကအာရုံခံကြည့်လိုက်သည့်အခါ မထွက်ပေါ်လာသေးသော လူပေါင်းများစွာပုန်းအောင်းနေကြောင်း သိလိုက်ရလေသည်။

အပိုင်း ၁၃၃၉

အဓိကခန်းမအတွင်းတွင်….

လုဝူရန်က မျက်မှောင်ကြုံ့သည်။

“မင်းကအပြင်လူတွေကိုခေါ်သွင်းလာခဲ့တာလား”

လုမိသားစုမှ အကာအကွယ်အခင်းအကျင်းကို ပိုင်ရှင်၏တံဆိပ်တုံးဖြင့်သာ ဖွင့်နိုင်လေသည်။ လက်ရှိအချိန်တွင် လုကောင်းမင်က သေသွားသည့်အတွက် လုနန်ဖုန်းကသာ ကျန်ရစ်တော့သည်။ လုမိသားစုတစ်ခုလုံးကို ထိုအနက်ရောင်အငွေ့များက ဖုံးလွှမ်းလာသည်။ လူငယ်မျိုးဆက်များအားလုံးက ထိတ်လန့်လာကြပြီး အကာအကွယ်ရတနာများဖြင့် ကာကွယ်ထားကြရသည်။

လုဝူရန်က အံကိုကြိတ်ကာမေးသည်။

“မင်းက ဘယ်သူလဲ”

ရုတ်တရက် ခြံဝန်းမှဂိတ်က တိုက်ရိုက်ကန်ဖွင့်ခံရပြီး အနက်ရောင်အရိပ်ပေါင်းများစွာက ဝင်လာသည်။ ထိုအရိပ်ပေါင်းများစွာက ခေါင်းထိအုပ်ထားသော ဝတ်ရုံရှည်များဖြင့် ဖုံးလွှမ်းထားသည့်အတွက် ပုံပန်းသွင်ပြင်ကို မမြင်နိုင်ကြချေ။ သူတို့အားလုံး၏အလယ်တွင် ခမ်းနားသော ရထားလုံးတစ်လုံးကိုမြင်ရသည်။ သူတို့အားလုံးက ထိုရထားလုံးကို သယ်လာခြင်းဖြစ်ပြီး ခန်းမထံသို့ တရွေ့ရွေ့ချည်းကပ်လာနေသည်

“မြောက်ပိုင်းနယ်မြေက ထိပ်ဆုံးမိသားစုရဲ့ခန်းမကလည်း စုတ်ပြတ်သတ်နေတာပဲလား။ ဒီလိုတော့ မဆက်ဆံခံရသင့်ပါဘူး”

ထိုအသံက ထွက်လာချိန်တွင် ညို့ယူနိုင်စွမ်းရှိသည့် ခံစားချက်တစ်မျိုးက လှိုင်တက်လာစေသည်။

ထို့နောက် ထိုရထားလုံးတံခါးက ပွင့်သွားချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူတိုင်းက ဒူးထောက်လိုက်ကြသည်။

အထဲမှ အလွန်အမင်းကျော့ရှင်းကြည့်ကောင်းသော အမျိုးသမီးတစ်ယောက်က တစ်လှမ်းချင်းထွက်လာသည်။ သူမက အောက်တွင်ဒူးထောက်နေသော အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ကျောပေါ်တက်နင်းပြီးမှ အောက်သို့ဖြည်းညင်းစွာ ဆင်းသက်သည်။

ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်က အလွန်ဆွဲဆောင်မှုပြင်းထန်ကာ လှပလွန်းလေသည်။ သူမက မျက်ခုံးတစ်ချက်ပင့်လိုက်ရုံမျှဖြင့် အားလုံးက ငေးမှိုင်သွားကြသည်။ ထိုအမျိုးသမီးကိုမြင်လိုက်ချိန်တွင် လူငယ်မျိုးဆက်များအားလုံးက ရင်ခုန်နှုန်းမြန်သွားကြပြီး မျက်နှာများ နီရဲသွားကြသည်။

အချို့သူများကမူ မြေပြင်သို့ တိုက်ရိုက်လဲကျသွားသည်။

“မင်းကငါ့ရဲ့လုအိမ်တော်ကိုလာပြီး မကောင်းတဲ့အတတ်တွေထုတ်သုံးရဲတယ်”

လုဝူတိက ချက်ချင်းလိုလိုအော်ဟစ်လိုက်ချိန်တွင် မိုးခြိမ်းသံကြီးက ထွက်ပေါ်လာလေရာ အားလုံးက အသိပြန်ဝင်သွားကြသည်။ အသိပြန်ဝင်လာသော ကလေးများအားလုံးကလည်း ခြောက်ခြားသွားကြလေသည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုသို့ ထိန်းချုပ်နိုင်စွမ်းရှိသည့် ထိုအမျိုးသမီးက သာမာန်မဖြစ်နိုင်တော့ချေ။

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ပေါ့ပါးစွာပြုံးပြီးပြောသည်။

“ကံကောင်းစွာနဲ့ ငါက ယင်လော့ဂိုဏ်းက ခန်းမအရှင်ယင်လီဖုန်းဖြစ်နေတာပဲ”

“ယင်လော့ဂိုဏ်းဟုတ်လား”

ယင်လော့ဂိုဏ်းဟာ မြောက်ပိုင်းနယ်မြေတစ်ခုလုံး၏ရန်သူဖြစ်သည်။ လုဝူတိက မျက်မှောင်ကြုံ့လိုက်သည်။ ထို့အပြင် လုဝူရန်ကလည်း မျက်မှောင်ကြုံ့ကာမေးလိုက်သည်။

“ငါ့ရဲ့လုမိသားစု ကိစ္စကို မင်းတို့ဝင်စွက်ဖက်ဖို့မလိုဘူး ထွက်သွားလိုက်”

ယင်လီဖုန်းက ရယ်သည်။

“ပေါက်ကရတွေပြောမနေပါနဲ့ နင်တို့အိမ်တော်သခင်ကိုယ်တိုင်က ငါ့ကိုဖိတ်လို့ ငါကိုယ်တိုင်ရောက်လာရတာလေ။ ဒါကိုဧည့်သည်ကို ဒီလိုဆက်ဆံရလား”

လုဝူရန်က လုနန်ဖုန်းကိုကြည့်လိုက်သည်။

“မင်းပဲမဟုတ်လား ယင်လော့ဂိုဏ်းက လူတွေကို ဆွဲသွင်းလာတာမင်းမဟုတ်လား”

လုနန်ဖုန်းက နောင်တမရချေ။ သူက ပြောသည်။

“မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှာ လုဝူတိကိုနိုင်တာ ယင်လီဖုန်းပဲရှိတယ်”

လုဝူရန်ကလည်း ဒေါသထွက်သွားသည်။

“ငါကလုမိသားစုကို ပိုင်ဆိုင်ချင်တယ်ဆိုပေမဲ့ ဝံပုလွေတွေအိမ်ထဲကို ဆွဲသွင်းချင်တာမဟုတ်ဘူး”

လုနန်ဖုန်းက ရူးလွန်းသည်။ ထိုဂိုဏ်းမှလူများက အလကားကူညီပေးမည်မဟုတ်ချေ။

ကောင်းကင်နှင့်မြေကြီးမှ ကန့်သတ်ချက် ဖြစ်သည့်ပြန်လည်ဝင်စားခြင်းဆိုသည့်အရာကို ယင်လော့ဂိုဏ်းကသာလျှင် ဖျက်ဆီးထားပြီး ငရဲကိုထိန်းချုပ်နေသူများဖြစ်သည့်အလျောက် ထိုဂိုဏ်းက မကောင်းဆိုးဝါးဝိဉာဉ်တစ္ဆေများကို ထိန်းချုပ်နိုင်စွမ်းရှိနေလေသည်။

ထိုဝိဉာဉ်တစ္ဆေများက အသိစိတ်ရှိလျှင် အဆင်ပြေသည်။ သို့သော်အချို့သောအဆင့်နိမ့်တစ္ဆေများကမူ အသိဉာဏ်မရှိသည့်အတွက် ယင်လော့ဂိုဏ်းမှ ထိန်းချုပ်ခံရလေသည်။ ထိုအကြောင်းပြချက်ကြောင့် ယင်လော့ဂိုဏ်းကို လူတိုင်းက ဖယ်ကျဉ်ထားကြခြင်းဖြစ်သည်

“နင်တို့ရဲ့လုမိသားစုအခြေအနေကိုလည်းကြည့်ပါဦး လုံးဝကိုရှုပ်ထွေးနေတာပဲ။ ငါတို့ယင်လော့ဂိုဏ်းနဲ့ပေါင်းလိုက်တာကောင်းမယ်။ ဒီလိုဆိုရင် ကလန်ခေါင်းဆောင်နေရာကို နင်တို့ရအောင် ငါကူညီပေးလို့ရတာပေါ့။ ဒါ့အပြင် ရေခဲနယ်မြေက အန္တရာယ်ကိုလည်း ငါကဖြေရှင်းပေးနိုင်သေးတယ်”

ယင်လီဖုန်းက ပြုံးလိုက်သည်။ လုဝူရန်က နောင်တအပြည့်ဖြင့်ပြောသည်။

“ငါက လုမိသားစုဝင်ပဲ ငါလုဝူတိကိုသစ္စာဖောက်ရင်ဖောက်မယ်။ဒါပေမဲ့ လုမိသားစုကိုတော့ သစ္စာမဖောက်ဘူး”

ကလန်ခေါင်းဆောင်နေရာကိုသူတို့လိုချင်သော်လည်း ထိုမိစ္ဆာအတတ်ကျင့်ကြံသူများနှင့်မူ မပူးပေါင်းချင်ပေ။ ယင်လော့ဂိုဏ်းမှ အကူအညီဖြင့်သာ ကလန်ခေါင်းဆောင်နေရာကိုရရှိသွားမည်ဆိုလျှင် ယင်လော့ဂိုဏ်း၏အပြည့်အ၀ ထိန်းချုပ်ခြင်းကို ခံရပေလိမ့်မည်။ ယင်လော့ဂိုဏ်းက အလွန်ကောက်ကျစ်ယုတ်မာလွန်းကာ ယုတ်မာသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ အချိန်ကျလာသည့်အခါ သူ၏ကလန်ခေါင်းဆောင်နေရာပင်မဆိုထားဘိ တစ်မိသားစုလုံးက ဖျက်ဆီးခံရပေလိမ့်မည်။ လုဝူရန်က ဘယ်သောအခါမှ ထိုကဲ့သို့သော ဆိုးယုတ်သည့်ကိစ္စကို လုပ်လိမ့်မည်မဟုတ်ချေ။

ရုတ်တရက် လုဝူဟိန်က သူ၏ခန္ဓာကိုယ်ကို တစ်ချက်ဖြတ်ရိုက်လာသည်။ အခြားသောဘိုးဘေးနှစ်ယောက်ကလည်း သတ်ဖြတ်ခြင်းအရှိန်အဝါများကိုထုတ်ဖော်လာကြပြီး လုဝူရန်ကိုတိုက်ခိုက်ကြသည်။

ဝုန်း

လုဝူရန်၏အဝတ်များက ပြင်းထန်သောလေပြင်းများဖြင့် လွင့်လာသည်။ သူ၏ပါးစပ်မှ သွေးများစီးကျလာပြီး နောက်ဆုံးတွင် ပြင်းထန်သည့် ဖိအားကိုတောင့်မခံနိုင်တော့ဘဲ သွေးအန်လိုက်ရသည်။

“မင်း”

လုဝူရန်၏မျက်လုံးများက နီရဲလာသည်။ သူကအခြားသောဘိုးဘေးသုံးယောက်ကိုကြည့်လိုက်သည်။

တားမြစ်နယ်မြေတွင် အတူတကွပိတ်လှောင်ခံထားရချိန်တွင် လုဝူရန်အနေနှင့် ထိုသုံးယောက်ကို အလွန်ယုံကြည်ခဲ့သည်။ သူတို့က မိတ်ဆွေအရင်းများကဲ့သို့ဖြစ်ခဲ့ကြသည်။ ယခုအခါ ထိုလူများက သူ့အားပြန်လည်တိုက်ခိုက်လာလေသည်။

“နန်ဖုန်းပြောတာမှန်တယ် ငါတို့တွေ ဒီဂိုဏ်းရဲ့အကူအညီမပါပဲ မနိုင်နိုင်ဘူး”

ဆံပင်ဖြူနှင့်လူအိုကြီးတစ်ယောက်က အေးစက်စွာပြောသည်။

“မိသားစုအတွက် မင်းရဲ့အသက်ကိုစတေးရမယ်”

“ဟားဟားဟားဟား”

လုဝူရန်က သွေးအန်လိုက်ကာ ရက်စက်စွာရယ်သည်။ သူ၏ရည်ရွယ်ချက်က လုဝူတိကို အနိုင်ပိုင်းပြီး ခေါင်းဆောင်အသစ်ဖြစ်ရန်ဖြစ်သည်

သူက ငယ်စဉ်ကတည်းက လုဝူတိ၏ဖိနှိပ်ခံခဲ့ရသည့်အတွက် လုဝူတိကို တစ်ကြိမ်နိုင်မည်ဆိုလျှင်ပင် သူ၏စိတ်နတ်ဆိုးကို ဖျက်စီးနိုင်ပေလိမ့်မည်။ သို့သော် သူကအရူးလုပ်ခံခဲ့ရသည်။ သူ၏ရှေ့တွင်ရှိသော ဘိုးဘေးသုံးယောက်နှင့် လုနန်ဖုန်းတို့အားလုံးက သူ့အားနောက်ကျောဓားဖြင့် ထိုးခဲ့ကြလေသည်။

သူကအသုံးမဝင်တော့သည့်အခါ ထိုသူများအားလုံးက ခက်ထန်ကြမ်းတမ်းစွာဖြင့် သူ့ကိုအပြတ်ရှင်းရန် ကြံစည်လာသည်။

“ငါကလုမိသားစုရဲ့ သစ္စာဖောက်မဟုတ်ဘူး”

လုဝူရန်က ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် လေထဲတွင် အစိမ်းရောင်နဂါးနှစ်ကောင်ကို ထွက်ပေါ်လာစေလိုက်ကာ ဘိုးဘေးသုံးယောက်ကို တိုက်ခိုက်သည်။

ဘိုးဘေးသုံးယောက်လုံးက တစ်ညီတစ်ညာထဲ အော်ဟစ်လိုက်ကြကာ အစွမ်းအထက်ဆုံးတိုက်ကွက်များကို ထုတ်ဖော်ကြသည်။

ဝုန်း

အပိုင်း ၁၃၄၀

လုဝူရန်ထုတ်ဖော်ထားသောတိုက်ကွက်များက ချက်ချင်းလိုလိုဖျက်ဆီးခံလိုက်ရပြီး လက်ဝါးသုံးချက်ဖြင့်အရိုက်ခံလိုက်ရကာ လွင့်ထွက်သွားသည်။ သူ၏ဒဏ်ရာများက အလွန်ပြင်းထန်သွားလေသည်။

သူ၏နှုတ်ခမ်းထောင့်တွင် ဝမ်းနည်းသောအပြုံးကထွက်ပေါ်လာသည်။

“ဒီလိုမောက်မာနေရင်တော့ အသတ်ခံရမှာပဲ”

အဖြူရောင်ဝတ်စုံနှင့်ဘိုးဘေးတစ်ယောက်က အေးစက်စွာပြောသည်။ အခြားနှစ်ယောက်ကလည်း အလားတူပင် သနားနေကြလေသည်။

သူတို့က တားမြစ်နယ်မြေတွင် အတူတကွပိတ်လှောင်ခံခဲ့ရသည့်တိုင်အောင် သူတို့တွင် နှစ်ပေါင်းများစွာသော ရင်းနှီးမှုရှိနေသည့်တိုင်အောင် ခေါင်းဆောင်နေရာအတွက်မူ သူတို့လက်မလျော့ချင်ကြပေ။

“မင်းတို့က ငါခေါင်းဆောင်ကိုမေ့နေကြတာပဲ”

ရုတ်တရက် လုဝူတိက အော်သည်။

သူက ဘိုးဘေးသုံးယောက်ရှိရာထံသို့ လက်ညိုးညွှန်လိုက်ချိန်တွင် ထိုသုံးယောက်လုံးက ခန္ဓာကိုယ်များလှုပ်ခါသွားကြောင်း ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်က သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ ထို့နောက်သူတို့က သွေးအန်လိုက်ပြီး လွင့်ထွက်သွားရပြန်သည်။

သူတို့သုံးယောက်လုံးထံသို့ အလွန်ပြင်းထန်သည့်ဖိအားတစ်ခုက ဘယ်ပြန်ညာပြန်ကျရောက်နေခဲ့လေသည် ရုတ်တရက် အနောက်ဘက်မှ အားတစ်ရပ်ရောက်လာပြီး သူတို့ကို ထရပ်နိုင်အောင် ကူညီပေးသည်။

“မြောက်ပိုင်းနယ်မြေက အစွမ်းအထက်ဆုံးဆိုတဲ့သူက ဘယ်လောက်များစွမ်းအားကြီးသလဲငါသိချင်နေခဲ့တာ။ အခုတော့ အခွင့်အရေးရပြီပဲ”

ယင်လီဖုန်းကထိုသို့ပြောလျက် ဖြေးညင်းစွာရှေ့သို့လျှောက်လှမ်းလာသည်။

လုဝူတိက လေးနက်သောလေသံဖြင့်ပြောသည်။

“လာစမ်းပါ”

ကြည်လင်သောကောင်းကင်တွင် မိုးခြိမ်းသံများက ထွက်ပေါ်လာသည်။ မိုးခြိမ်းသံထွက်ပေါ်လာသည်နှင့် လုဝူတိ၏တစ်ကိုယ်လုံးက လေထဲသို့မြောက်တက်သွားသည်။ သူ၏အသံကလည်းပို၍ကျယ်လောင်ကာ ပဲ့တင်ထပ်လာသည်။

“ဒီနေရာက မြောက်ပိုင်းနယ်မြေပဲ ယင်လော့ဂိုဏ်းကလူတွေကို မြောက်ပိုင်းနယ်မြေရဲ့သစ္စာဖောက်တွေအဖြစ်သတ်မှတ်တယ်။ မြောက်ပိုင်းနယ်မြေရဲ့ကောင်းကင်က ဒီလိုကောင်တွေကိုလက်မခံဘူး”

ဝုန်း

သူ၏အမိန့်သံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တွင် ကောင်းကင်စွမ်းအားများက စုဝေးလာကာ အနက်ရောင်ဝတ်စုံနှင့်လူများအားလုံးအပေါ် ကန့်သတ်ချက်ကျရောက်လာတော့သည်။

ယခုမှစတင်ပြီး ထိုလူများကမြောက်ပိုင်းနယ်မြေမှ မည်သည့်အရှိန်အဝါစွမ်းအားကိုမျှ စုပ်ယူနိုင်တော့မည်မဟုတ်ချေ။ သူတို့ကဒီနေရာတွင် ဆက်နေမည်ဆိုလျှင်ပင် ကောင်းကင်၏တိုက်ခိုက်မှုများကို ဆက်တိုက်ခံနေရမည်ဖြစ်ကာ ငြိမ်းချမ်းသောနေ့ရက်များကို ပိုင်ဆိုင်နိုင်တော့မည်မဟုတ်ချေ။ ဒါကအရှင်သခင်တစ်ပါး၏အင်အားဖြစ်သည်။

သို့ရာတွင် သူ၏အရှေ့တွင်ရှိနေသော ယင်လီဖုန်းကမူသက်ရောက်ခံရဟန်မရချေ။ သူမကလည်း လက်ညိုးညွှန်ပြီး ကောင်းကင်သို့ထိုးလိုက်ကာပြောသည်။

“ငါကလည်း မြောက်ပိုင်းနယ်မြေကို တရားဝင်တိုက်ခိုက်ဖို့အမိန့်ထုတ်တယ်။ လုဝူတိကို သတ်”

ယင်လီဖုန်းက အော်သည်။

အလင်းရောင်ဖျက်ကနဲလက်ပြီးသည်နှင့် ထျန်းကျင်းမြို့မှလူများက ရှင်းပြရခက်သော မြင်ကွင်းကိုမြင်လိုက်ကြရသည်။ ကောင်းကင်က မဲမှောင်သောအပိုင်းနှင့် နေသာသောအပိုင်းဟူ၍ နှစ်ခြမ်းကွဲနေသည်။

မြောက်ပိုင်းနယ်မြေမှ အဆင့်အတန်းမြင့်မားသူများအားလုံးက သူတို့၏ခန္ဓာကိုယ်ကို မမြင်ရသောအားတစ်မျိုးက ပေါင်းစပ်လာပြီး အင်အားကြီးမားလာသလို ခံစားလိုက်ရသည်။

ယင်လီဖုန်း၏လက်ထဲတွင်လည်း မျက်စိကြိမ်းမတတ်ရွှေရောင်အလင်းတန်းများတောက်ပနေသော ချိတ်စည်းတံဆိပ်တစ်ခုရှိနေလေသည်။ အပေါ်တွင် အနောက်ပင်လယ်မှ အရှင်သခင်စည်းတံဆိပ်ဟု ရေးသားထားလေသည်။

ယင်လီဖုန်းဟာလည်း လုဝူတိနည်းတူ အနောက်ပင်လယ်မှ အရှင်သခင်ဖြစ်နေသည်။

လုဝူတိက အော်သည်။

“ပင်လယ်ပြင်ရဲ့ချိတ်စည်းတံဆိပ်ကို နဂါးမျိုးနွယ်တွေကပဲ ထိန်းချုပ်ထားတာ မင်းက ဘယ်လိုရထားတာလဲ”

လုဝူတိက မြောက်ပိုင်းနယ်မြေမှ ပြိုင်ဘက်ကင်းဖြစ်သည်။ သို့သော်ယင်လီဖုန်းကမူ နိမ့်ကျသောဆိုးယုတ်သည့်အတတ်ကိုကျင့်ကြံသည့်ဂိုဏ်းတစ်ဂိုဏ်းမှ ခေါင်းဆောင်တစ်ယောက်မျှသာလျှင်ဖြစ်သော်လည်း ရွှေရောင်ချိတ်စည်းတံဆိပ်ကိုပိုင်ဆိုင်ထားခြင်းက မဖြစ်သင့်သောကိစ္စဖြစ်နေသည်

ကောင်းကင်တွင် ပိုင်နက်နယ်မြေနှစ်ခု၏ ယှဉ်ပြိုင်မည့်ကစားပွဲက စတင်လာသည်။ နှစ်ယောက်လုံးက သူတို့၏ခမ်းနားသောတံဆိပ်များကိုပိုင်ဆိုင်ထားကြသည်။

ယင်လီဖုန်းက နှာခေါင်းရှုံ့သည်။

“အခု နင် ငါနဲ့တိုက်ခိုက်လို့ရပြီလား”

သူမ၏ချောမောသောမျက်နှာတွင် ထူးဆန်းသော သွေးကြောကြီးများထောင်တက်လာသည်။ ထိုမြင်ကွင်းက လူတိုင်းကို မသက်မသာခံစားရစေသည်။

တချိန်ထဲလိုလို ယင်လီဖုန်းက လုဝူတိ၏ဘေးဘက်သို့ရောက်လာပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

ဝုန်း

ယင်လီဖုန်း၏လက်သီးက လုဝူတိထံသို့ ပြင်းထန်စွာကျရောက်သွားသည်။ သို့သော် လုဝူတိကလက်သီးတစ်လုံးဖြင့် ပြန်လည်ခုခံလိုက်လေသည်။ သူတို့နှစ်ယောက်လုံးက တစ်ချိန်ထဲမှာပင် ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။

ယင်လော့ဂိုဏ်းမှ ခန်းမသခင်သည် အလွန်လှပသောအမျိုးသမီးဖြစ်သော်လည်း သူမ၏ကိုယ်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများက အပြည့်ရှိနေသည်။ သူမကလည်း နတ်သူငယ်အဆင့်တစ်ယောက်ဖြစ်နေလေသည်။

ယင်လီဖုန်းက ရယ်သည်။

“လုဝူတိ ဒီနေ့နင်သေသွားတာကောင်းမယ်”

သူမ၏အနောက်တွင် လုမိသားစုမှ ဘိုးဘေးသုံးယောက်က ရှိနေကြသည်။ သူတို့အားလုံးက လုဝူတိကို ဝိုင်းထားသည်။

အားလုံးက အစွမ်းအထက်ဆုံးတိုက်ကွက်များကို ထုတ်ဖော်ကာဝိုင်း၍တိုက်ခိုက်ကြသည်။

“ကြောင်မနေကြနဲ့ လုဝူတိရဲ့ဘက်ကကောင်တွေအားလုံးကိုသွားသတ်လိုက်”

လုနန်ဖုန်းက အမိန့်ပေးသည်။ ယင်လော့ဂိုဏ်းမှအနက်ရောင်ဝတ်စုံနှင့်သူ၏ဘက်မှလူများအားလုံးကလည်း တစ်ချိန်ထဲလိုလိုလှုပ်ရှားကြသည်။ အနက်ရောင်ဝတ်ထားသော လူများ၏ အရှိန်အဝါများထွက်ပေါ်လာချိန်တွင် လူတိုင်းက ကြောက်လန့်သွားကြရလေသည်။ ထိုလူများအားလုံးက မကောင်းဆိုးဝါးများကဲ့သို့ဖြစ်နေသည်။

ယင်လော့ဂိုဏ်းက နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ကြပြီး ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို စုစည်းထားကြခဲ့သည်။ မည်သို့ပင်ဆိုစေ အင်အားစုကြီးများစွာကပင် သူတို့အား ရန်မစရဲကြချေ။

မီးဖယောင်းဓားကလည်း အော်ဟစ်လိုက်သည်။

“ငါကလည်း တတိယအိမ်တော်ခွဲကိုကြည့်မရဖြစ်နေတာကြာလှပြီ။ ဒီနေ့သူတို့ကိုအဓိကအိမ်တော်နဲ့အတူ မြေမြုပ်ရမယ့်နေ့ပဲ”

ထိုသို့ပြောပြီးနောက်သူကချက်ချင်းလိုလိုအမိန့်ကိုလုပ်ဆောင်သည့်သဘောမျိုးဖြင့် ဓားကိုဆွဲထုတ်လိုက်ကာ ခုန်ဝင်သွားလိုက်သည်။

All Chapters