အခန်း (၁၉၃၁)
Vol. 134 Ch. 1931
"ဆရာ အရေးတကြီး ကိစ္စရှိရင် အရင်သွားလိုက်ပါ.. ကျွန်တော် နောက်မှပဲ နတ်ကုန်းမြေတိုက်ဆီ လိုက်လာခဲ့ပါ့မယ်"
ကျန်းချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကြောင့် မဟာမြေရိုင်းနယ်မြေသည် မလွဲမသွေ အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
အထူးသဖြင့် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဥ်ကို ကျင့်ကြံနေသော ကုန်းလင် ရှိနေသည့် နေရာသည် မည်သည့် အချိန်မဆို ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးပမာ ဖြစ်နေခဲ့သည်။
သူ့ အမေသာ ဟန်ယွဲ့နန်းတော်တွင် ဆက်ရှိနေလျှင် လုံခြုံတော့မည် မဟုတ်ပေ။
ယင်းအတွက်ကြောင့် နတ်ကုန်းမြေတိုက်သို့ သူ့အမေကို ခေါ်ဆောင်သွားခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
ထို့ပြင် ကျန်းချန်သည် ရှေးဟောင်းနဂါးကုန်းမြေသို့ ပြန်ရန်လည်း စီစဉ်ထားပြီးပြီ ဖြစ်သည်။
ယခု သူက အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ အလယ်အလတ် နယ်မြေ နတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့သည်။
ထို့ကြောင့် မဟာ နဂါးနန်းတော်၏ အမွေအနှစ်ကို ဆက်ခံရန် အရည်အချင်း ပြည့်မီနေပြီဟု ယူဆနိုင်ပြီ ဖြစ်ရာ ရှေးဟောင်းနဂါး မျိုးနွယ်စုရှိ ရှေးဟောင်း နဂါး အမွေအနှစ် နယ်မြေသို့ တစ်ဖန် ပြန်သွားနိုင်မလား သူ စမ်းသပ်ကြည့်လိုခဲ့သည်။
"ကောင်းပြီ"
အရှင်ရွှယ်သောင်းက ခေါင်းညိတ်လိုက်သည်။
"မင်း လုပ်စရာရှိတာတွေ အားလုံးပြီးစီးရင် နတ်ကုန်းမြေတိုက်မှာ ငါ့ကို လာရှာပါ"
ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်သို့ ပြန်ရာတွင် မည်သည့်အခြေအနေများနှင့် ရင်ဆိုင်ရမည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ပေ။
ထို့ကြောင့် အရှင်ရွှယ်သောင်းက ကျန်းချန်ကို အတူတကွ ခေါ်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါ ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေတွင် တစ်ယောက်တည်း သွားလာလျှင်ပင် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။
အရှင်ရွှယ်သောင်းနှင့် ခေတ္တ စကားပြောပြီးနောက် ကျန်းချန်သည် အရှင်ရွှယ်သောင်းကို နှုတ်ဆက်၍ မိခင်ဖြစ်သူ ကျီဝူရွှယ် ရှိရာသို့ သွားခဲ့သည်။
ထို့နောက် မဟာမြေရိုင်းနယ်မြေ၏ အခြေအနေများနှင့် သူ၏ ကိုယ်ပိုင် အစီအစဉ်များကို ကျီဝူရွှယ်အား ပြောပြခဲ့သည်။
"ချန်အာ.. အမေ နတ်ကုန်းမြေတိုက်ကို သားနဲ့အတူ မလိုက်တော့ဘူး"
ကျီဝူရွှယ်က သက်ပြင်းချကာ ပြောလိုက်သည်။
"အမေ ဟန်ယွဲ့နန်းတော်မှာပဲနေပြီး တံခါးပိတ် ကျင့်ကြံဖို့ စီစဉ်ထားတယ်.. နယ်မြေ နတ်ဘုရားအဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်အောင် ကြိုးစားမယ်"
ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ်က သူမ အပေါ် ကြင်နာခဲ့သည့် အတွက် သူမ အနေဖြင့် ဟန်ယွဲ့နန်းတော် အတွက် တစ်ခုခု ပြန်လည် ပေးဆပ်ရန် ဆက်လက် နေထိုင်သင့်သည်ဟု ကျီဝူရွှယ်က ခံယူထားခဲ့သည်။
ထို့အပြင် လက်ရှိခွန်အားဖြင့် ကျန်းချန်နှင့်အတူ နတ်ကုန်းမြေတိုက်သို့ လိုက်သွားခဲ့လျှင် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရချိန်တွင် ကျန်းချန်အပေါ် ဝန်ထုပ်ဝန်ပိုး ပေးမိမည်ကိုလည်း စိုးရိမ်နေမိ၏။
ကျီဝူရွှယ်က ဟန်ယွဲ့နန်းတော်တွင် ဆက်လက်နေထိုင်ရန် စိတ်ပိုင်း ဖြတ်ထားသည်ကို မြင်လျှင် ကျန်းချန်သည် အတင်းအကျပ် မတိုက်တွန်းတော့ပေ။
စင်စစ် နတ်ကုန်းမြေတိုက်တွင် အစွမ်းထက် ကျင့်ကြံသူ မရေမတွက်နိုင်အောင် ရှိ၏။
ထာဝရဟင်းလင်းပြင်၏ ဗဟိုဖြစ်သော နတ်ကုန်းမြေတိုက်နှင့် နီးကပ်လေ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ထက် ပိုမို အစွမ်းထက်သူ များပြားလေလေ ဖြစ်သည်။
ထို့ကြောင့် သူ၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် စွမ်းအားဖြင့် သူ့အမေ၏ လုံခြုံရေးကို အာမခံနိုင်မည်ဟု အသေအချာ မပြောနိုင်ပေ။
စန်းယိုနတ်ဘုရင်၏ အကြံအစည်ကြောင့် မဟာမြေရိုင်းနယ်မြေသည် အနာဂတ်တွင် ငြိမ်းချမ်းတော့မည် မဟုတ်သော်လည်း သူ့ဆရာ ပြောသည့်အတိုင်း အပြောင်းအလဲများ ဖြစ်ပေါ်ရန် နှစ်တစ်ရာခန့် အနည်းဆုံး ကြာဦးမည် ဖြစ်၏။
အနည်းဆုံး ဆယ်စုနှစ်များစွာ အတွက်မူ သူ့ မိခင်သည် ဟန်ယွဲ့နန်းတော်တွင် အလွန် လုံခြုံနေဦးမည်သာ။
ဆိုရလျှင် နတ်ကုန်းမြေတိုက်သို့ သွားရောက်ပြီး မုန့်ချင်းယွဲ့ကို ရှာတွေ့ပြီးမှ သူ့အမေနှင့် ပြန်တွေ့ရန် မဟာမြေရိုင်း နယ်မြေသို့ ပြန်လာလျှင်လည်း နောက်မကျသေးပေ။
နောက်တစ်နေ့တွင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်မှ အကြီးအကဲ နှစ်ဦးနှင့် အတူ နတ်ကုန်းမြေတိုက်သို့ ပြန်တော့မည့် အရှင်ရွှယ်သောင်းကို လိုက်ပို့ခဲ့သည်။
ထို့နောက် ဟန်ယွဲ့နန်းတော်၌ အေးချမ်းစွာဖြင့် ရက်အနည်းငယ် ကုန်ဆုံးခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ ကျန်းချန်သည် သူ့အမေ ကျီဝူရွှယ်၊ အရှင်ဟောင်ယွဲ့နှင့် အခြားသူများကို နှုတ်ဆက်ကာ ရှေးဟောင်းနဂါး ကုန်းမြေသို့ ပြန်ရန် ပြင်ဆင်ခဲ့သည်။
သူက နန်လီနယ်မြေသို့ အရင် သွားရောက်ပြီး ရှေးဟောင်းနဂါးကုန်သည်အသင်း၏ အခြေအနေများကိုလည်း ကြည့်ရှုလိုခဲ့၏။
ကျန်းချန်က နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ကို သတ်ဖြတ်ကာ နန်လီမျိုးနွယ်စုကို နှိမ်နင်းလိုက်ပြီးနောက် နန်လီနတ်မြို့တော် တစ်ခုလုံးကို ဟွမ်ဖူမိသားစုက လုံးဝနီးပါး ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဟွမ်ဖူမိသားစု၏ ထောက်ခံမှုကြောင့် ရှေးဟောင်းနဂါးကုန်သည် အသင်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အချိန်တိုအတွင်း နန်လီ မြို့တော်၏ နံပါတ်တစ် ကုန်သည်အသင်း ဖြစ်လာခဲ့သည်။
နန်လီမြို့တော် ဗဟိုရှိ ရှေးဟောင်းနဂါး ကုန်သည်အသင်း ရုံးချုပ်တွင် ကုမင်ဟဲသည် ကျန်းချန် ရောက်ရှိလာကြောင်း သတင်း ကြားသည်နှင့် ချက်ချင်းဆိုသလို ကျန်းချန်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူက ကျန်းချန်ကို စိတ်လှုပ်ရှားစွာ ကြည့်၍ ပြောလိုက်သည်။
"အကြီးအကဲကျန်း.. အတော်ပဲ.. အကြီးအကဲကျန်းကို ရှာဖို့ ဟန်ယွဲ့နယ်မြေဆီ လူလွှတ်မလို့ ပြင်နေခဲ့တာ.. ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ အကြီးအကဲကျန်း ဒီလောက် မြန်မြန် ပြန်လာမယ်လို့ မထင်ထားမိဘူး"
"ဘာပြဿနာဖြစ်လို့လဲ.. ရှေးဟောင်းနဂါး ကုန်သည်အသင်းက အခက်အခဲနဲ့ ရင်ဆိုင်နေရလို့လား"
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားပြီး မျက်ဝန်းများတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့သည်။
နန်လီမြို့တော်သည် ယခု ဟွမ်ဖူမိသားစု၏ ပိုင်နက် ဖြစ်သည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်းနှင့် ဟွမ်ဖူမိသားစုတို့၏ ဆက်ဆံရေးအရ ဆိုလျှင် မည်သည့် ပြဿနာမှ မရှိသင့်ချေ။
"အကြီးအကဲကျန်း.. ရှေးဟောင်းနဂါး ကုန်သည် အသင်းကအဆင်ပြေပါတယ်.. ပြဿနာနဲ့ ရင်ဆိုင်နေရတာက ရှေးဟောင်းနဂါး ကုန်းမြေပါ"
ကုမင်ဟဲက လေးနက်စွာ ပြောလိုက်သည်။
"နန်လီမျိုးနွယ်စုကို အကြီးအကဲကျန်း အနိုင်ယူပြီးနောက်ပိုင်း ရှေးဟောင်းနဂါး ကုန်သည်အသင်းက နန်လီမြို့တော်မှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပါတယ်.. အဲဒီနောက်မှာ ကျွန်တော်က ရှေးဟောင်းနဂါး ကုန်းမြေနဲ့ ဆက်သွယ်ဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်တော့ ရှေးဟောင်းနဂါးကုန်းမြေမှာ ပြဿနာ ဖြစ်နေတာ သိလိုက်ရတယ်"
"ငါ့ကို မြန်မြန် ပြောစမ်းပါ.. ရှေးဟောင်းနဂါးကုန်းမြေမှာ ဘယ်လို ပြဿနာမျိုး ဖြစ်နေတာလဲ"
ကျန်းချန်၏ အမူအရာက အနည်းငယ် တင်းမာသွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေသည် နတ်ဘုရားနယ်မြေသို့ ကျန်းချန် ရောက်လာချိန်က ပထမဆုံး ခြေချခဲ့သော နယ်မြေ ဖြစ်ပြီး ထိုနေရာမှတစ်ဆင့် သူက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စု အပေါ် သံယောဇဥ်ရှိသည်။
အထူးသဖြင့် ဖန်းချင်းယွမ်နှင့် အခြားသူများသည် သူ့ကို အကူအညီ များစွာ ပေးခဲ့ဖူး၏။
ယခု ရှေးဟောင်းနဂါး မျိုးနွယ်စုက အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်ရာ သူအနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
"ကျွန်တော် လွှတ်လိုက်တဲ့သူရဲ့ သတင်းပေးချက်အရ ကျီလင်နယ်မြေနဲ့ ရှေးဟောင်းနဂါးကုန်းမြေ ကြားမှာ နယ်မြေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းနဂါးကုန်းမြေက အရေးနိမ့်နေတယ်လို့ သိရတယ်...အသေးစိတ် အခြေအနေကိုတော့ ကျွန်တော်လည်း သေချာ မသိဘူး"
ကုမင်ဟဲက ခေါင်းခါလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲကျန်း.. ရှေးဟောင်းနဂါးကုန်းမြေကို ကူညီဖို့အတွက် ရှေးဟောင်းနဂါး ကုန်သည်အသင်းကနေ အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ကျွန်တော်တို့ ဆွေးနွေးနေတယ်.. အကြီးအကဲကျန်းရဲ့ အမြင်ကို သိပါရစေ"
ရှေးဟောင်းနဂါး ကုန်းမြေ၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့် ကုမင်ဟဲသည် ဤနှစ်များတစ်လျှောက် မဟာမြေရိုင်းနယ်မြေတွင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို စီမံခန့်ခွဲနေရသော်လည်း ရှေးဟောင်းနဂါးကုန်းမြေ အပေါ်တွင် သံယောဇဥ် များစွာ ရှိနေဆဲ ဖြစ်သည်။
"အဲဒီလောက် စိတ်ပူနေစရာ မလိုပါဘူး.. ကျွန်တော် ရှေးဟောင်းနဂါး ကုန်းမြေကို ပြန်တော့မှာပါ"
ကျန်းချန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါး ကုန်းမြေကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်"
ရှေးဟောင်းနဂါး ကုန်းမြေနှင့် ကျီလင်နယ်မြေကြား စစ်ပွဲဖြစ်ပွားမည်ကို ကျန်းချန် မျှော်လင့်ထားပြီးသား ဖြစ်သည်။
အကြောင်းမှာ ကျီလင်နယ်မြေမှ ကျီယွင်ဂိုဏ်းသည် ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရန် သွေးလမင်းကုန်းမြေနှင့် ပူးပေါင်းခဲ့ဖူးသောကြောင့်ပင်။
နောက်ပိုင်းတွင် ကျန်းချန်သည် ကျီယွင်ဂိုဏ်းမှ ရှေးဟောင်းနဂါးကုန်းမြေသို့ စေလွှတ်ခဲ့သည့် ပါရမီရှင်များကို သတ်ဖြတ်ခဲ့ရုံသာမက ရှေးဟောင်းနဂါးကုန်းမြေ ဘက်ကနေ သွေးလမင်းကုန်းမြေကို ဖြိုခွင်းခဲ့ဖူးသည်။
သွေးလမင်းကုန်းမြေ ပျက်စီးသွားပြီးနောက်တွင် အရှင်သွေးလသည် ကျီလင်နယ်မြေရှိ ကျီယွင်ဂိုဏ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ဖွယ် ရှိသည်။
ကျန်းချန် မမျှော်လင့်ထားသည့် အချက်မှာ ဤစစ်ပွဲသည် အလွန် လျင်မြန်စွာ ဖြစ်ပွားခဲ့ခြင်းပင်။
နယ်မြေနတ်ဘုရား အဆင့်သို့ ဖန်းချင်းယွမ် ထိုးဖောက်ပြီးနောက် ရှေးဟောင်းနဂါး ကုန်းမြေတွင် နယ်မြေနတ်ဘုရား နှစ်ပါး အထိ ရှိလာခဲ့သည်။
ကျီယွင်ဂိုဏ်းသည် အရှင်သွေးလ၏ အကူအညီကို ရရှိထားသော်လည်း ကျီလင်နယ်မြေတွင် ချီလင်ဂိုဏ်းနှင့် ပြိုင်ဆိုင်နေရ၍ ရှေးဟောင်းနဂါး ကုန်းမြေကို အလွယ်တကူ ဝင်ရောက် တိုက်ခိုက်ရဲခြင်း မရှိခဲ့ပေ။
ယခု ကျီလင်နယ်မြေနှင့် ရှေးဟောင်းနဂါး ကုန်းမြေတို့ စစ်ပွဲဖြစ်ပွားနေပြီ ဖြစ်ရာ ချီလင်ဂိုဏ်းတွင် တစ်စုံတစ်ရာ ဖြစ်ပွားနေဖွယ် ရှိသည်။
"အကြီးအကဲကျန်း ကိုယ်တိုင် ကိုင်တွယ်မယ် ဆိုရင်တော့ ကျွန်တော် စိတ်အေးရပါပြီ"
ကုမင်ဟဲက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ရှေ့မှ အကြီးအကဲ ကျန်းချန်သည် နယ်မြေနတ်ဘုရားများနှင့်ပင် ယှဉ်နိုင်သည့် မဟာကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်သည်။
ကျန်းချန်သာ ရှေးဟောင်းနဂါး ကုန်းမြေသို့ ပြန်ခဲ့လျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်း တစ်ခုလုံးကို ရှေးဟောင်းနဂါးကုန်းမြေသို့ ရွှေ့ပြောင်းသည်ထက်ပင် ပိုမို ထိရောက်လိမ့်မည် မဟုတ်ပါလား။
မကြာသေးမီက နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရားသည် ကျန်းချန်၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။
ကုမင်ဟဲသည် ကျန်းချန်၏ လက်ရှိအဆင့်က မည်သည့်အဆင့်အထိ ရောက်ရှိနေမှန်း မသိသော်လည်း သာမန် နယ်မြေ နတ်ဘုရားများထက် များစွာ သာလွန်ကြောင်း ကောင်းစွာသိ၏။
ကျန်းချန် ကိုယ်တိုင် ရှေးဟောင်းနဂါး ကုန်းမြေ၏ အကျပ်အတည်းကို ဖြေရှင်းရန် ဦးဆောင်မည် ဆိုလျှင် ရှေးဟောင်းနဂါး ကုန်းမြေ၏ အကျပ်အတည်းသည် လွယ်ကူချောမွေ့သွားလိမ့်မည် မဟုတ်ပါလား။
ရှေးဟောင်းနဂါးကုန်းမြေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည့် အတွက် ကျန်းချန်သည် ရှေးဟောင်းနဂါး ကုန်သည်အသင်း၌ အချိန်အကြာကြီး မနေတော့ပေ။
သူက အချိန်ကုန် သက်သာစေရန် အတွက် နန်လီမြို့တော်ရှိ ထာဝရဘုရားကျောင်း၏ အခြေစိုက်စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့ပြီး တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်မှ တဆင့် သူယခင်က နေထိုင်ခဲ့ဖူးသော ထာဝရဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ထို့နောက်တွင် ထာဝရဟင်းလင်းပြင် ထဲသို့ ဝင်ရောက်ကာ တောင်ဘက်အရပ်ဆီ ဦးတည်၍ ခရီးနှင်ခဲ့သည်။