အခန်း (၁၉၃၂)
Vol. 134 Ch. 1932
ထာဝရဟင်းလင်းပြင် ထဲတွင် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဟန်ပါပါ လမ်းလျှောက်နေခဲ့သည်။
သူ၏ ခြေလှမ်းများက လေးလံ နှေးကွေးပုံရသော်လည်း ခြေလှမ်း တစ်လှမ်းစီတိုင်းသည် အချိန်နှင့် နေရာလွတ်ကို ကျုံ့လိုက်သကဲ့သို့ မိုင်ပေါင်းထောင်ချီ ခရီးပေါက်ခဲ့သည်။
ထာဝရဟင်းလင်းပြင်ကို အရှိန်ပြင်းပြင်း ဖြတ်သန်းနေသော ဟင်းလင်းပြင်လှေများပင်လျှင် သူ့နောက်တွင် လျင်မြန်စွာ ကျန်ရစ်ခဲ့ကြသည်။
ထာဝရဟင်းလင်းပြင်ထဲတွင် နှေးကွေးစွာ လျှောက်လှမ်းနေသူမှာ အခြားသူမဟုတ်ဘဲ ရှေးဟောင်းနဂါး ကုန်းမြေသို့ အလျင်အမြန် ခရီးနှင်နေသည့် ကျန်းချန်ပင် ဖြစ်သည်။
ဤခရီးစဉ်အတွက် ကျန်းချန်သည် ဟင်းလင်းပြင်လှေကို အသုံးမပြုခဲ့ပေ။
အကြောင်းမှာ ထာဝရဘုရားကျောင်း၌ ထိုလှေကို အလယ်အလတ် အဆင့်သာ မြှင့်တင်နိုင်ခဲ့ပြီး ၎င်း၏ အရှိန်အဟုန်သည် စတုတ္ထအဆင့် ကောင်းကင် နတ်ဘုရားတစ်ပါး၏ အရှိန်အဟုန် မျှသာ ရှိနေသောကြောင့်ပင်။
တစ်ချိန်က ထိုအရှိန်အဟုန်ကို ကျန်းချန် ကျေနပ်ခဲ့သည်။
သို့သော် ယခုမူ ကျန်းချန်သည် အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သော အထွတ်အထိပ် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်ရာ အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေ၏ အရှိန်အဟုန်သည် သူ့အတွက် အလေးထားစရာ မရှိတော့ပေ။
သူ့အနေဖြင့် ဖြည်းဖြည်း သွားလိုလျှင် ဟင်းလင်းပြင်လှေကို အသုံးပြု၍ သွားနိုင်သော်လည်း ရှေးနဂါးကုန်းမြေ နှင့် ကျီလင်နယ်မြေတို့ စစ်ဖြစ်ပွားနေချိန် ဖြစ်ရာ ကျန်းချန်သည် ထာဝရဟင်းလင်းပြင်၌ အချိန်ဖြုန်းရန် ဆန္ဒမရှိခဲ့ချေ။
သူ၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် အရှိန်အဟုန်သည် အလယ်အလတ်အဆင့် ဟင်းလင်းပြင်လှေ၏ အရှိန်အဟုန်ထက်ပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေသည် မဟုတ်ပါလား။
ထိုသို့ လျင်မြန်စွာ ခရီးနှင်လာခဲ့ရာ တစ်လ မပြည့်မီအချိန်အတွင်း ကျန်းချန်သည် ကျီလင်နယ်မြေ၏ မြောက်ပိုင်းရှိ ချီလင်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ဤနယ်မြေ၏ အငွေ့အသက်သည် ယခင်ကနှင့် အနည်းငယ် ကွဲပြားနေသည်ကို ကျန်းချန် ခံစားမိခဲ့သည်။
ကျီလင်နယ်မြေ၏ မြောက်ဘက် တစ်လွှားလုံးသည် ဝမ်းနည်းမှုများ ရောယှက်နေသော အငွေ့အသက်ကို ထုတ်လွှတ်နေပုံရ၏။
ကျီလင်နယ်မြေ၏ မြောက်ဘက်အစွန်ဆုံး အရပ်တွင် ပင်းလင်နတ်နိုင်ငံ တည်ရှိသည်။
ကျန်းချန်သည် ပင်းလင်နတ်နိုင်ငံ၏ နယ်နိမိတ်ကို လျင်မြန်စွာ ဖြတ်ကျော် ပျံသန်းလာပြီး မကြာမီ နန်းမြို့တော်နှင့် မိုင်သုံးထောင် အကွာသို့ ရောက်ရှိလာသည်။
ထိုအခိုက်အတန့်တွင် နန်းမြို့တော်၏ ကောင်းကင်ယံ ထက်တွင် ပြင်းထန်သော စွမ်းအင်လှိုင်း နှစ်ခုကို သတိပြုမိလိုက်၏။
"ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်နေတာပဲ"
ကျန်းချန်က ခေါင်းမော့၍ ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏ မျက်ဝန်းတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ပင်းလင်နတ်နိုင်ငံသည် ချီလင်နယ်မြေ၏ မြောက်ဘက်အစွန်ဆုံးနေရာမှ နိုင်ငံ ဖြစ်သည်။
ဤနိုင်ငံတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သည် ဧကရာဇ် မဟုတ်လျှင်ပင် နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂိုလ် ဖြစ်နိုင်ဖွယ် ရှိ၏။
ပင်းလင်နတ်နိုင်ငံသည် မြောက်ဘက်စွန်းတွင် တည်ရှိသောကြောင့် ပုံမှန်အားဖြင့် စစ်ပွဲများ ဖြစ်ပွားလေ့မရှိပေ။
ယခု နန်းမြို့တော် တိုက်ခိုက်ခံနေရသည်ကို ကြည့်ခြင်းအားဖြင့် ကျီလင်နယ်မြေတွင် ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေမှန်း သေချာသွားခဲ့သည်။
ကျန်းချန်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် အနက်ရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ ပင်းလင်နတ်နိုင်ငံ၏ နန်းမြို့တော် ဘက်သို့ ဦးတည် ပျံသန်းလာခဲ့သည်။
------------------------
ပင်းလင်နတ်နိုင်ငံ၏ နန်းမြို့တော် အထက် ကောင်းကင်ယံတွင် တောက်ပြောင်သော ငွေရောင်ဝတ်ရုံနှင့် သရဖူကို ဆင်မြန်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အေးစက်သော မျက်နှာထားဖြင့် နန်းမြို့တော်ကောင်းကင်ယံ ထက်၌ ခန့်ညားစွာ ရပ်နေခဲ့သည်။
ထိုသူမှာ ပင်းလင်နိုင်ငံ၏ ဧကရာဇ် ဖြစ်သည့် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ လန်ထျန်းလင်း ဖြစ်သည်။
လန်ထျန်းလင်း၏ တစ်ဖက်တွင်မူ ခရမ်းရောင် တိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး အဘိုးအို တစ်ဦး ရပ်နေခဲ့သည်။
ထိုအဘိုးအို၏ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေသည့် အရှိန်အဝါသည် လန်ထျန်းလင်းထက်ပင် အနည်းငယ် ပိုမို အားကောင်းနေခဲ့၏။
အဘိုးအိုက လန်ထျန်းလင်းကို သတ်ဖြတ်လိုသော အကြည့်ဖြင့် မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
"လန်ထျန်းလင်း.. ချီလင်ဂိုဏ်းက အဆုံးသတ်ခါနီးပြီ.. ငါ မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. ကျီယွင်ဂိုဏ်းကို အခု အညံ့ခံလိုက်ရင် မင်း အချိန်မီနိုင်သေးတယ်.. မဟုတ်ရင်တော့ ဒီနေ့ပြီးတာနဲ့ ပင်းလင်နတ်နိုင်ငံ ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
အဘိုးအို၏ စည်းရုံးစကားကို ကြားသော်လည်း လန်ထျန်းလင်းက အမူအရာ မပြောင်းလဲဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ယွင်ရန်ရှန်.. အပိုတွေ ပြောမနေနဲ့.. တိုက်ချင်ရင် တိုက်လိုက်.. ငါ့ရဲ့ ပင်းလင်နတ်နိုင်ငံက ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး"
"ကောင်းပြီလေ.. မင်းက ကိုယ့်ဒုက္ခ ကိုယ်ရှာနေမှတော့ ငါ ဖြည့်ဆည်း ပေးရတော့မှာပေါ့"
ယွင်ရန်ရှန်၏ မျက်နှာက အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ပဉ္စမအဆင့် ကောင်းကင် နတ်ဘုရား အရှိန်အဝါက ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအချင်းအရာကို မြင်သော်လည်း လန်ထျန်းလင်းသည် လုံးဝ နောက်မဆုတ်ဘဲ ယွင်ရန်ရှန်နှင့် ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက လေထုထဲတွင် အဆက်မပြတ် ဖြစ်ပေါ်နေခဲ့၏။
ပင်းလင်နတ်နိုင်ငံ၏ ဧကရာဇ် လန်ထျန်းလင်းသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်၍ တိုက်ခိုက်ရေးစွမ်းအား အလွန်တရာ ကောင်းမွန်သော်လည်း တစ်ဖက်မှ ကောင်းကင်နတ်ဘုရား ပဥ္စမအဆင့် ယွင်ရန်ရှန်ကို မယှဉ်နိုင်သေးပေ။
နှစ်ဦးသား ဆယ်ကွက်ကျော်ခန့် ဆက်တိုက်ဆိုသလို တိုက်ခိုက်ပြီးနောက်တွင် လန်ထျန်းလင်းသည် တဖြည်းဖြည်း အားနည်းလာကာ ယွင်ရန်ရှန်၏ ဖိနှိပ်မှုကို အပြည့်အဝ ခံနေရတော့သည်။
နောက်ဆုံးတွင်မူ လန်ထျန်းလင်း၏ ခန္ဓာကိုယ်သည် ယွင်ရန်ရှန်၏ လက်ဝါးရိုက်ချက်ကို ခံလိုက်ရပြီး ပေထောင်ပေါင်းများစွာ လွင့်စင်ကာ ပါးစပ်ကနေ သွေးများ တရစပ် အန်ထွက်လာခဲ့သည်။
"လန်ထျန်းလင်း.. ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်လောက်နဲ့ ကျီယွင်ဂိုဏ်းကို အာခံရဲတယ်.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ယွင်ရန်ရှန်၏ မထီမဲ့မြင် လှောင်ရယ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပဲ့တင်ထွက်လာခဲ့သည်။
နန်းမြို့တော်ရှိ ပင်းလင်နတ်နိုင်ငံမှ လူအများအပြားသည် ဧကရာဇ် လန်ထျန်းလင်း၏ ရှုံးနိမ့်မှုကို မြင်ရသဖြင့် မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်ကာ စိတ်ဓာတ်များ ကျဆင်းသွားကြသည်။
ယနေ့တွင် ပင်းလင်နတ်နိုင်ငံ အပြီးတိုင် ပျက်စီးသွားတော့မည်ကို သူတို့အားလုံး စိုးရိမ်ပူပန်နေခဲ့ကြ၏။
"ယွင်ရန်ရှန်.. မင်းစကားက ငါ့ကို စော်ကားလွန်းနေပြီ"
လန်ထျန်းလင်းက ပါးစပ်ထောင့်မှ သွေးစများကို လက်ဖြင့် သုတ်လိုက်သည်။
သူ၏ ယွင်ရန်ရှန်ကို ကြည့်နေသည့် အကြည့်တွင် မိုက်ရူးရဲဆန်သည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။
"ဒီနေ့ မင်း ငါ့ရဲ့ ပင်းလင်နတ်နိုင်ငံကို ဖျက်ဆီးရင် ဒီဧကရာဇ်က မင်း ဘယ်တော့မှ မမေ့နိုင်မယ့် တန်ဖိုးတစ်ခုကို ပေးဆပ်စေမယ်"
ယွင်ရန်ရှန်က မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။
"တကယ်လား.. ငါ့ကို မင်း ဘယ်လို ဒုက္ခပေးမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
"ဝုန်း"
စကားဆုံးသည်နှင့် ယွင်ရန်ရှန်၏ ခန္ဓာကိုယ်ကနေ ပဉ္စမအဆင့် ကောင်းကင် နတ်ဘုရား၏ ကမ္ဘာ့စွမ်းအား ငါးမျိုးက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
သို့သော် ယွင်ရန်ရှန်က လန်ထျန်းလင်းကို သတ်ပစ်ရန် ကြိုးပမ်းနေစဉ်မှာပင် လေထဲကနေ အေးစက်စက် အသံတစ်သံသည် လေထုထဲကို ပျံ့နှံ့လာခဲ့၏။
"ပင်းလင်နတ်နိုင်ငံရဲ့ ဧကရာဇ်က ဘယ်သူလဲ"
ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ထိုနေရာရှိ လူတိုင်းက အံ့အားသင့်သွားကြသည်။
သူတို့က မော့ကြည့်လိုက်ရာ တည်ကြည်သော မျက်နှာထားရှိသည့် အနက်ရောင်ဝတ် လူငယ် တစ်ဦးသည် ကောင်းကင်ယံတွင် ခန့်ညားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ငါက ပင်းလင်နတ်နိုင်ငံရဲ့ ဧကရာဇ် လန်ထျန်းလင်းပါ.. ဒီက မိတ်ဆွေက ဘယ်သူများလဲ"
လန်ထျန်းလင်းက အထူး သတိထားကာ သံသယမျက်ဝန်းများဖြင့် ကျန်းချန်အား ကြည့်လိုက်ပြီး လက်သီးဆုပ်၍ အရိုအသေပြုကာ မေးလိုက်သည်။
သူ၏ရှေ့တွင် ပေါ်လာသည့် အနက်ရောင်ဝတ် လူငယ်သည် လန်ထျန်းလင်း အတွက် ထူးဆန်းနေခဲ့သည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ထိုလူငယ်နှင့် ပတ်သက်၍ မရှိပေ။
သူနှင့် မသက်ဆိုင်သော အနက်ရောင် ဝတ်စုံဝတ် လူငယ်က ဤအချိန်တွင် ရောက်လာရသည့် အကြောင်းရင်းကို လန်ထျန်းလင်း အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ငါ ဧကရာဇ်ကို မေးစရာနည်းနည်းရှိတယ်.. ငါ့ကို ခဏလောက် အချိန်ပေးလို့ရမလား"
ကျန်းချန်က သူ့ကို လုံးဝ အရေးမစိုက်ဘဲ လန်ထျန်းလင်းအား တိုက်ရိုက် ခေါ်ပြောနေသည်ကို မြင်လျှင် ယွင်ရန်ရှန်၏ မျက်နှာက ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။
"ကောင်လေး မင်း ဘယ်သူလဲ.. ကျီယွင်ဂိုဏ်းက ဒီမှာ ကိစ္စတစ်ခု ကိုင်တွယ်စရာရှိတယ်.. မင်းအနေနဲ့ ဒုက္ခမရောက်ချင်ဘူးဆိုရင် ဝင်မပါတာ အကောင်းဆုံးပဲ"
ယွင်ရန်ရှန်၏ ခြိမ်းခြောက်သော စကားသံကို ကြားလျှင် ကျန်းချန်က ယွင်ရန်ရှန်ကို အရေးမစိုက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ငါ့ကိစ္စတွေကို ဝင်မပါဖို့ ငါအကြံပေးချင်တယ်.. ငါ လူသတ်ချင်စိတ် မပေါ်လာခင် အခုချက်ချင်း ဒီနေရာက ထွက်သွားလိုက်.. ဒါဆို မင်း အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်"
"မလောက်လေး မလောက်စားက လေလုံးထွားလှချည်လား"
ယွင်ရန်ရှန်က မထီမဲ့မြင် လှောင်ပြောင်ကာ ပြောလိုက်သည်။
"မင်း ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ကျီယွင်ဂိုဏ်းကို ရိုင်းပြဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး"
"အရည်အချင်း မပြည့်မီဘူး.. ဟုတ်လား.. ကောင်းပြီလေ.. ဒါဆိုလည်း ကျီယွင်ဂိုဏ်းက လူကို သတ်ပြီး အရည်အချင်း ပြည့်မီကြောင်း ပြရတာပေါ့"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်က ဖျက်ခနဲလက်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားခဲ့သည်။