အခန်း (၁၉၃၃)
Vol. 134 Ch. 1933
ထိုမြင်ကွင်းကို သူ့ရှေ့၌ မြင်လိုက်ရလျှင် ယွင်ရန်ရှန်၏ ရင်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။
အနက်ရောင်ဝတ် လူငယ် ပေါ်လာသည့် အချိန်မှစ၍ ယွင်ရန်ရှန်သည် အနက်ရောင်ဝတ် လူငယ်၏ ထူးခြားမှုကို ခံစားမိခဲ့သည်။
သို့သော် ကျန်းချန်သည် ဤမျှလောက် ထူးခြား ဆန်းကြယ်နေမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သူ၏ ကောင်းကင် နတ်ဘုရား ပဉ္စမအဆင့် စွမ်းအားဖြင့်ပင် ပြိုင်ဘက်၏ အရှိန်အဝါကို လုံးဝ မခံစားနိုင်ခဲ့ပေ။
ယွင်ရန်ရှန်သည် စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ ထွက်ပြေးရန် ကြံရွယ်နေစဉ်မှာပင် ကောင်းကင်ယံ၌ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
မကြာမီမှာပင် ရွှေရောင် အလင်းတန်းများ တောက်ပနေသည့် ကြည်လင်သော လက်ချောင်းတစ်ချောင်းသည် လေထုကို တိုက်ရိုက် ထိုးဖောက်ကာ ထွက်ပေါ်လာခဲ့သည်။
ထိုရွှေလက်ချောင်းသည် အစပိုင်းတွင် ပေအနည်းငယ်မျှသာ ရှိသော်လည်း ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကြီးမားလာခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ် အတွင်း ရွှေလက်ချောင်းသည် ပေတစ်ထောင် ရှည်လျားသည့် ဧရာမ ရွှေလက်ချောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းက အရာအားလုံးကို ချေမှုန်းနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ကာ ယွင်ရန်ရှန်ထံ ဦးတည်လာခဲ့၏။
ထိုဧရာမ ရွှေလက်ချောင်းအောက်တွင် ကမ္ဘာကြီး တစ်ခုလုံး တုန်ယင်သွားခဲ့သည်။
ဤအချိန်တွင် ပင်းလင်နတ်နိုင်ငံတော်၏ ဧကရာဇ် အပါအဝင် နန်းမြို့တော်မှ လူတိုင်းသည် ထိတ်လန့် တုန်လှုပ်နေခဲ့ကြ၏။
အကယ်၍ ရွှေလက်ချောင်းသာ ပင်းလင်နတ်နိုင်ငံ၏ နန်းမြို့တော်ကို ဦးတည်ခဲ့လျှင် နန်းမြို့တော် တစ်ခုလုံး ချက်ချင်းပင် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
"ကျီယွင် ကောင်းကင် လက်ဝါးသိုင်း"
ယွင်ရန်ရှန်က သူ့ဆီသို့ ဦးတည်လာနေသည့် ရွှေလက်ချောင်းကို ကြည့်ရင်း ပင်ကိုသိစိတ်ကနေ အန္တရာယ် အငွေ့အသက်ကို ခံစားမိခဲ့သည်။
ချက်ချင်းပင် သူက ပဥ္စမအဆင့် ကောင်းကင်နတ်ဘုရား၏ ကမ္ဘာ့စွမ်းအားကို ဧရာမ ခရမ်းရောင် လက်ဝါး အဖြစ် ပြောင်းလဲကာ ရွှေလက်ချောင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း"
ယွင်ရန်ရှန်၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် သူ၏ ခရမ်းရောက်လက်ဝါးသည် တစ်ချက်မျှပင် ခံနိုင်ရည်မရှိဘဲ ချက်ချင်း ပျက်စီးသွားခဲ့သည်။
ပေထောင်ချီ ကြီးမားသော ထိုလက်ချောင်းသည် ရှေးဟောင်း တောင်တစ်လုံး ကဲ့သို့ တားဆီး၍ မရဘဲ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အလား ဖြစ်နေခဲ့၏။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယွင်ရန်ရှန်၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
သူက ချက်ချင်းဆိုသလို ခရမ်းရောင် မိုးကြိုးတိမ်များ ဖုံးလွှမ်းနေသည့် ကောင်းကင် နတ်ဘုရား ကမ္ဘာတစ်ခုကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
သို့သော် ကျန်းချန်၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ခွန်အားကို ပဉ္စမအဆင့် ကောင်းကင် နတ်ဘုရားဖြစ်သည့် ယွင်ရန်ရှန်က မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
"ဝုန်း"
ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရွှေလက်ချောင်းသည် ယွင်ရန်ရှန်၏ ကောင်းကင် နတ်ဘုရား ကမ္ဘာ ပေါ်သို့ ကျရောက်သွားခဲ့သည်။
ယွင်ရန်ရှန်၏ ကောင်းကင် နတ်ဘုရား ကမ္ဘာသည် ပြင်းထန်သည့် ထိုးနှက်ချက်ကြောင့် မှန်တစ်ချပ်ကဲ့သို့ လုံးဝ အက်ကွဲကာ ပျက်စီးသွားခဲ့သည်။
ယင်းနောက်တွင် ဧရာမ ရွှေလက်ချောင်းသည် အရှိန်မလျော့သေးဘဲ ယွင်ရန်ရှန်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွား၏။
"ဝုန်း"
ယွင်ရန်ရှန်က မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ လေထုထဲကနေ မြေကြီးထဲသို့ ထိုးစိုက်ကျသွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်က ထိုဧရာမလက်ချောင်း၏ ဖိအားအောက်တွင် အသားပြားကဲ့သို့ ကြေမွသွားခဲ့ရပြီး စိတ်ဝိညာဉ်ပင်လျှင် ဘာမှမကျန်ရှိတော့သည်အထိ ပျက်စီးသွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
မျက်စိရှေ့မှ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ကြည့်ကာ ပင်းလင်နတ်နိုင်ငံ၏ နန်းမြို့တော် တစ်ခုလုံးမှ လူများသည် ကြက်သေသေသွားခဲ့သည်။
ခဏအကြာတွင် ဧကရာဇ် လန်ထျန်းလင်းနှင့် အခြားသူများသည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ကြသည်။
ကောင်းကင်ယံ၌ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို မော့ကြည့်ကာ သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြ ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
ရိုးရှင်းသော လုပ်ရှားမှု တစ်ခုတည်းကပင် ကောင်းကင် နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူ ယွင်ရန်ရှန်ကို အမှိုက်ကဲ့သို့ ဖျက်ဆီးပစ်လိုက်သည်။
ထိုကဲ့သို့သော ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
"ပင်းလင်နတ်နိုင်ငံ ကိုယ်စား လန်ထျန်းလင်းက အကြီးအကဲရဲ့ အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်"
လန်ထျန်းလင်းက သတိပြန်ဝင်လာပြီးနောက်တွင် ရိုသေလေးစားသော အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန် ကျေးဇူးတင်စကား ပြောကြားလိုက်သည်။
နတ်ဘုရားနယ်မြေသည် အားကြီးသူကို လေးစားသော ကမ္ဘာတစ်ခု ဖြစ်သည်။
သူ့ မျက်စိရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ငယ်ရွယ်ပုံရသော်လည်း ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားရာ "အကြီးအကဲ" ဟူသော ခေါ်ဝေါ်မှုနှင့် လုံးဝ ထိုက်တန်ပေသည်။
"ရပါတယ်"
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"ငါ ဒီနေရာကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ဧကရာဇ်ကို ကိစ္စတချို့ မေးစရာရှိလို့ပါ"
လန်ထျန်းလင်းက အလျင်အမြန်ပင် ပြောလိုက်သည်။
"အကြီးအကဲ သိချင်တာရှိရင် မေးပါ.. ကျွန်တော် လန်ထျန်းလင်း သိထားသရွေ့ အကုန်လုံး ပြောပြပါ့မယ်.. ဘာတစ်ခုမှ ဖုံးကွယ်မထားပါဘူး"
"ကျီလင် နယ်မြေရဲ့ လက်ရှိ အခြေအနေကို ပြောပြပါ"
ကျန်းချန်က နားမလည်သည့် အမူအရာဖြင့် မေးလိုက်သည်။
"ဒီမြောက်ပိုင်းနယ်မြေက ချီလင်ဂိုဏ်းရဲ့ နယ်မြေ မဟုတ်လား.. ဘာလို့ ကျီယွင်ဂိုဏ်းရဲ့ လူတွေက ပင်းလင်နတ်နိုင်ငံမှာ လာရောက် ရမ်းကားရဲတာလဲ"
"သခင်ကြီး မသိသေးဘူးထင်တယ်.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျီလင်နယ်မြေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်.. အခုဆိုရင် ကျီလင်နယ်မြေ တစ်ခုလုံးက ကျီယွင်ဂိုဏ်းရဲ့ နယ်မြေ ဖြစ်နေပါပြီ"
လန်ထျန်းလင်းက ခါးသီးစွာ ပြုံး၍ ကျန်းချန်ကို ကျီလင်နယ်မြေ၏ အခြေအနေနှင့် ပတ်သက်၍ ချက်ချင်း ရှင်းပြခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က ကျီယွင်ဂိုဏ်းမှ ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရားတစ်ပါးသည် အဆင့်တက်ကာ နယ်မြေနတ်ဘုရား ဖြစ်လာခဲ့သည်။
ထို့ကြောင့် ကျီယွင်ဂိုဏ်းတွင် နယ်မြေနတ်ဘုရား နှစ်ပါး ရှိလာခဲ့ပြီး ကျီယွင်ဂိုဏ်းထံ ထွက်ပြေးလာသည့် အရှင်သွေးလကိုပါ ထည့်တွက်လိုက်လျှင် ကျီယွင်ဂိုဏ်း၌ နယ်မြေနတ်ဘုရား သုံးပါး ရှိခြင်းနှင့် ညီမျှသွားခဲ့သည်။
ကျီယွင်ဂိုဏ်း၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ချီလင်ဂိုဏ်းနှင့် ကျီယွင်ဂိုဏ်း တို့ကြား ဟန်ချက်ညီမှု ပျက်သွားခဲ့ပြီးနောက်တွင် ကျီယွင်ဂိုဏ်း၏ အစွမ်းထက် ထိုးစစ်ကို ချီလင်ဂိုဏ်းက မခုခံနိုင်တော့ချေ။
နှစ်ဝက်မပြည့်မီမှာပင် ကျီယွင်ဂိုဏ်း၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ချီလင်ဂိုဏ်းက အရေးနိမ့်ခဲ့သည်။
ချီလင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် အရှင်ချီလင် ပင်လျှင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သည်။
ယနေ့အချိန်တွင် ချီလင်ဂိုဏ်းသည် ကျီယွင်ဂိုဏ်း၏ ဖိအားပေးမှုကြောင့် ၎င်းတို့၏ ဌာနချုပ်ထိ ဆုတ်ခွာခဲ့ရပြီး ဂိုဏ်းကာကွယ်ရေး အစီအရင်ကို မှီခို၍သာ ရှင်သန်နေရသည်။
ဆိုရလျှင် ကျီလင်နယ်မြေ၏ မြောက်ဘက် တစ်ခုလုံးသည် ကျီယွင်ဂိုဏ်း၏ ဩဇာအာဏာအောက်သို့ ကျရောက်လုနီးပါး ဖြစ်၏။
ကျီယွင်ဂိုဏ်းသည် ၎င်းတို့ကို လက်နက်မချသည့် ပင်းလင်နတ်နိုင်ငံကဲ့သို့ အင်အားစုများကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရှင်းလင်း ဖျက်ဆီးပစ်ခဲ့သည်။
ယနေ့ ကျန်းချန်သာ မပေါ်ထွက်လာခဲ့လျှင် ပင်းလင်နတ်နိုင်ငံသည် ရက်စက်စွာ ဖျက်ဆီးခံရပေလိမ့်မည်။
"မထင်မှတ်ဘဲ ကျီလင်နယ်မြေမှာ ဒီလိုမျိုး ပြောင်းလဲမှုတွေ ဖြစ်ပျက်သွားခဲ့တာကိုး"
ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ထပ်မံ မေးမြန်းလိုက်သည်။
"ကျီလင်နယ်မြေနဲ့ ရှေးဟောင်းနဂါး ကုန်းမြေတို့က နယ်မြေ စစ်ပွဲ ဖြစ်နေတယ်လို့ ကြားတယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း သိထားတာရှိလား"
"ကျီယွင်ဂိုဏ်းက ချီလင်ဂိုဏ်းကို အနိုင်ယူပြီး ကျီလင်နယ်မြေရဲ့ မြောက်ပိုင်းကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ရှေးဟောင်း နဂါးကုန်းမြေကို နယ်မြေစစ်ပွဲ စတင်ခဲ့တယ်.. ရှေးဟောင်း နဂါးကုန်းမြေက ကျီယွင်ဂိုဏ်းရဲ့ ထိုးစစ်အောက်မှာ အခြေအနေ အတော်လေး ဆိုးရွားနေတယ်လို့တော့ သိရတယ်"
လန်ထျန်းလင်းက ဖုံးကွယ်ထားခြင်း မရှိဘဲ သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်သည်။
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွားပြီး ချက်ချင်းပင် လန်ထျန်းလင်းကို ကြည့်လိုက်သည်။
"ငါ့ကို ချီလင်ဂိုဏ်းရဲ့ ဌာနချုပ်ဆီ လိုက်ပို့ပေးပါ"
ကျီယွင်ဂိုဏ်းနှင့် ရှေးဟောင်း နဂါးကုန်းမြေတို့ ကြားတွင် တိုက်ပွဲအခြေအနေ မည်သို့ပင် ရှိစေကာမူ ကျန်းချန်သည် ချီလင်ဂိုဏ်းကို ကူညီရန်နှင့် ကျီလင်နယ်မြေရှိ ကျီယွင်ဂိုဏ်း၏ ဌာနချုပ်ကို ဦးစွာ တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။
ကျီယွင်ဂိုဏ်း၏ ဌာနချုပ် ချေမှုန်းခံရသည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်နေသည့် တပ်ဖွဲ့များသည် ပြန်လှည့်လာရမည် ဖြစ်ပြီး ရှေးဟောင်းနဂါး ကုန်းမြေ၏ အကျပ်အတည်းသည်လည်း အလိုအလျောက် ပြေပျောက်သွားလိမ့်မည် မဟုတ်ပါလား။
လန်ထျန်းလင်းသည် ကျန်းချန်၏ စကားကို ကြားလျှင် အနည်းငယ် တွေဝေသွားသည်။
"သခင်ကြီး... ကျီယွင်ဂိုဏ်းက ချီလင်ဂိုဏ်းကို ဝိုင်းထားဖို့ နယ်မြေနတ်ဘုရား တစ်ပါးကို စေလွှတ်ထားတယ်.. သခင်ကြီး တကယ်ပဲ ချီလင်ဂိုဏ်းကို သွားမှာ သေချာရဲ့လား"
"ဘာမှ မစိုးရိမ်ပါနဲ့.. ချီလင်ဂိုဏ်းရဲ့ ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲပေးချင်တယ် ဆိုရင် ငါ့ကိုသာ လမ်းပြပေးပါ"
ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။
"ဒါဟာ အဆင့်နိမ့် နယ်မြေနတ်ဘုရားလေးပါပဲ.. သူသာ ငါ့ကို လာရှုပ်ရင်တော့ ငရဲဆီ အခမဲ့ ပို့ပေးလိုက်မယ်"