အခန်း (၁၉၃၄)
Vol. 134 Ch. 1934
ကျီလင်နယ်မြေ၏ မြောက်ဘက်ရှိ ခရမ်းရောင်တိမ်တိုက်များ ဝန်းရံနေသည့် တောင် နှင့် မီတာရာချီအကွာရှိ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသော လူဆယ်ဂဏန်းခန့် ရပ်နေကြသည်။
ခေါင်းဆောင်က ခရမ်းရောင်ဝတ်ရုံဝတ် အဘိုးအို တစ်ဦး ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကနေ နယ်မြေနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ၏ အရှိန်အဝါက တောင်ထိပ် တစ်ဝိုက်ရှိ ကောင်းကင် တစ်ခုလုံးကို လွှမ်းမိုးနေခဲ့၏။
ထိုလူအုပ်၏ ရှေ့တွင် အစီအရင်များကို စဉ်ဆက်မပြတ် စမ်းသပ် နေကြသည့် အစီအရင်သခင် နှစ်ဦး ရှိနေခဲ့သည်။
"ဆရာနှစ်ဦးတို့.. ချီလင်ဂိုဏ်းရဲ့ အစီအရင်ကို ဖယ်ရှားဖို့ နည်းလမ်းရပြီလား"
ရုတ်တရက် ခရမ်းရောင်ဝတ်ရုံဝတ် အဘိုးအိုက ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်မှုကို ဖြိုခွဲကာ မေးလိုက်သည်။
"အရှင်.. ချီလင်ဂိုဏ်းက ကျီလင်နယ်မြေမှာ သမိုင်းကြောင်း ရှည်လျားတဲ့ နယ်မြေနတ်ဘုရားဂိုဏ်း ဆိုတော့ ဂိုဏ်းကာကွယ်ရေး အစီအရင်က အရမ်း အစွမ်းထက်တယ်.. အစီအရင်ရဲ့ ချို့ယွင်းချက်တွေကို ရှာဖွေနိုင်ဖို့အတွက် အချိန်အနည်းငယ် ပိုလိုအပ်ပါဦးမယ်"
အစီအရင်သခင် တစ်ဦးက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
ခရမ်းရောင်ဝတ်ရုံဝတ် အဘိုးအိုက သက်ပြင်းချ၍ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ချီလင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖြိုခွင်းနိုင်ဖို့ တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရမယ်"
ဤခရမ်းရောင်ဝတ်ရုံဝတ် အဘိုးအိုမှာ ကျီယွင်ဂိတ်၏ နယ်မြေနတ်ဘုရား အသစ် အရှင်စန်းယွင် ဖြစ်သည်။
ချီလင်ဂိုဏ်း ရှုံးနိမ့်ပြီးနောက် အရှင်ကျီယွင်သည် အရှင်သွေးလ၏ တိုက်တွန်းမှုဖြင့် တောင်ဘက်ရှိ ရှေးဟောင်းနဂါးကုန်းမြေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
အရှင်စန်းယွင်ကမူ ကျီလင်နယ်မြေတွင် ကျန်ရှိနေသော အင်အားများကို စောင့်ကြည့် ကွပ်ကဲရန် နှင့် ချီလင်ဂိုဏ်း၏ အကြွင်းအကျန်များကို ရှင်းလင်းဖျက်ဆီးရန် တာဝန်ယူကာ နေရစ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကျီလင်နယ်မြေ၏ မြောက်ဘက်ဒေသ တစ်ခုလုံးနီးပါးကို ကျီယွင်ဂိုဏ်းက ထိန်းချုပ်ထားသည်။
ချီလင်ဂိုဏ်း ပင်လျှင် ဌာနချုပ်၏ အစီအရင်ကို အားကိုးကာတောင့်ခံနေခဲ့ရသည်။
သို့သော် ယခုအချိန်အထိ အရှင်စန်းယွင်သည် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို မဖြိုခွင်းနိုင်သေး၍ ချီလင်ဂိုဏ်း၏ အကြွင်းအကျန်များကို မည်သို့မျှ မသတ်နိုင်ခဲ့ပေ။
အရှင်စန်းယွင်၏ အမြင်အရ ချီလင်ဂိုဏ်းကို ဦးစွာ အပြီးသတ် ချေမှုန်းပြီးမှ ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်မည့်ကိစ္စအား စဉ်းစားသင့်သည်။
အမှန်စင်စစ် ကျီလင်နယ်မြေတွင် ချီလင်ဂိုဏ်းသည် ကျီယွင်ဂိုဏ်းထက်ပင် ပိုမို သမိုင်းကြောင်း ရှည်လျားသည့် နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။
ချီလင်ဂိုဏ်း အသက်ရှူရန် အခွင့်အရေး ရသရွေ့ ပြဿနာများ အဆုံးမရှိ ပေါ်ပေါက်လာနိုင်ပေသည်။
သို့သော်လည်း အရှင်သွေးလ၏ လှုံ့ဆော်မှုကြောင့် အရှင်ကျီယွင်သည် ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။
ကျီယွင်ဂိုဏ်းက ချီလင်ဂိုဏ်းနှင့် ရှေးဟောင်းနဂါး ကုန်းမြေကို အကြွင်းမဲ့ အသာစီး ရနေသော်လည်း အခြေအနေများ ပြောင်းလဲလာနိုင်ခြေကို မေ့ထား၍မရပေ။
ထို့ကြောင့် အရှင်စန်းယွင်သည် ချီလင်ဂိုဏ်းကို အမြန်ဆုံး ရှင်းလင်းလိုနေခြင်းပင်။
သို့မဟုတ်ဘဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင် ကျီယွင်ဂိုဏ်းသည် ရန်သူ၏ နှစ်ဖက်ညှပ် တိုက်ခိုက်ခြင်းကို ခံရမည့် အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလား။
"အရှင် စိတ်ချပါ...ချီလင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်မှာရှိတဲ့ ချို့ယွင်းချက်ကို အမြန်ဆုံး ရှာဖွေနိုင်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါမယ်"
ထိုစကားကို ပြောဆိုပြီးနောက်တွင် အစီအရင်သခင် နှစ်ဦးသည် ချက်ချင်းပင် အာရုံစိုက်မှုကို ပြန်လည် စုစည်းကာ ချီလင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို စိတ်ပါလက်ပါ လေ့လာဆန်းစစ်နေကြသည်။
ဤအချိန်တွင် ရုတ်တရက် အဝေးရှိ ကောင်းကင်ယံမှ အနည်းငယ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
"တစ်ယောက်ယောက် လာနေတာလား"
ထိုအချင်းအရာကို ခံစားမိသော အရှင်စန်းယွင်သည် အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ခဏအကြာတွင် လေထဲ၌ ဖြည်းညှင်းစွာ လျှောက်လာသော လူနှစ်ဦး၏ ပုံရိပ်များသည် အရှင်စန်းယွင်၏ မြင်ကွင်းထဲကို လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
ရုတ်တရက် ပေါ်လာသော လူနှစ်ဦးမှာ ကျန်းချန်နှင့် လန်ထျန်းလင်းတို့ ဖြစ်သည်။
သူ့မျက်စိရှေ့မှ လူနှစ်ဦးကို မြင်လျှင် အရှင်စန်းယွင်၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
ယခုအခါ ကျီယွင်ဂိုဏ်းသည် ချီလင်ဂိုဏ်းကို အပြတ်အသတ် အနိုင်ယူထားပြီး ကျီလင်နယ်မြေ တစ်ခုလုံး နီးပါးကို သိမ်းပိုက်ထား၏။
ချီလင်ဂိုဏ်းမှ လူအားလုံးနီးပါးကို သူဝိုင်းရံထားသဖြင့် မည်သူမျှ ချီလင်ဂိုဏ်းသို့ အလွယ်တကူ လာရောက်ဝံ့မည် မဟုတ်ပေ။
သို့သော်လည်း ထိုနှစ်ဦးက ချီလင်ဂိုဏ်းသို့ တန်းတန်းမတ်မတ် လာနေကြသည် ဖြစ်ရာ ရည်ရွယ်ချက်ကောင်းများ ရှိမနေသည်မှာ ထင်ရှားနေ၏။
"ဟိုနှစ်ယောက်.. ကျီယွင်ဂိုဏ်းက ဒီနေရာမှာ အရေးတကြီး ကိစ္စတစ်ခု လုပ်ဆောင်နေတယ်.. ကိုယ်နဲ့ မသက်ဆိုင်ရင် ဝေးဝေးကို ထွက်သွားပေးပါ"
အရှင်စန်းယွင်သည် နီးကပ်လာသော ပုံရိပ်နှစ်ခုကို စိုက်ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။
သူက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ထိုနှစ်ဦးကို သဘာဝကျစွာပင် ဂရုမစိုက်ခဲ့ပေ။
၎င်းတို့ထဲမှ တစ်ဦးမှာ စတုတ္ထအဆင့် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်သည်။
သို့သော် အခြားတစ်ဦးဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ အလွန် ထူးဆန်းနေသည်။
နယ်မြေနတ်ဘုရား အဆင့်ကို ရောက်ရှိနေသော အရှင်စန်းယွင်၏ မြင်နိုင်စွမ်းဖြင့်ပင် ထိုလူငယ်၏ အသေးစိတ်အချက်အလက်များကို လုံးဝ နားမလည်နိုင်ခဲ့ပေ။
ထိုအကြောင်းကြောင့်သာ အရှင်စန်းယွင်သည် ကျန်းချန် တို့ကို ချက်ချင်း တိုက်ခိုက်ရန် မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့ပြီး အရှင်စန်းယွင်ကို မျက်ခုံး အနည်းငယ်ပင့်ကာ ကြည့်လိုက်သည်။
"ဟက်.. ကျီယွင်ဂိုဏ်းက အမိန့်တွေ ဘာတွေ ပေးလို့ပါလား.. ငါမထွက်သွားတော့ရော မင်းဘာတတ်နိုင်မှာမို့လဲ"
အရှင်စန်းယွင်၏ မျက်နှာက အနည်းငယ် တင်းမာသွားခဲ့သည်။
"ကောင်လေး...မင်းငါတို့ ကျီယွင်ဂိုဏ်းကို တကယ်ပဲ ဆန့်ကျင်မလို့လား"
"ခင်ဗျားပြောတာ မှန်တယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ငါ ဒီကို ရောက်လာတာက ကျီယွင်ဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ အတွက်ပဲ"
"ဟမ့်.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ဒီနတ်ဘုရားက ဖြည့်ဆည်းပေးလိုက်မယ်"
ကျန်ချန်၏ စကားများကို ကြားလျှင် အရှင်စန်းယွင်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။
သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ခရမ်းရောင်မိုးကြိုးတိမ်များဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဝါးကြီး တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအင်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
အရှင်စန်းယွင်၏ ဧရာမလက်ဝါးက သူ့ဆီသို့ ဦးတည်လာသော်လည်း ကျန်းချန်၏ အမူအရာက ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့သည်။
သူက လက်တစ်ဖက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ နေရာလွတ်မုန်တိုင်း တစ်ခုသည် လေထုထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး အရှင်စန်းယွင်၏ ဧရာမ ခရမ်းရောင်လက်ဝါးများကို ပျက်သုဉ်းစေခဲ့သည်။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အရှင်စန်းယွင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ မျက်နှာတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူက နယ်မြေနတ်ဘုရား အဆင့်သို့ တက်လှမ်းထားသည့် စစ်မှန်သော နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည်။
အစောပိုင်းက တိုက်ခိုက်မှုတွင် သူ၏ ခွန်အားကို ခုနစ်ပုံ ရှစ်ပုံခန့် အသုံးပြုထား၍ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အဆင့်တွင်ရှိသော ကျင့်ကြံသူများပင်လျှင် ချက်ချင်း ဖိနှိပ်ခံရလိမ့်မည် ဖြစ်၏။
သို့သော် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါးပင် ဖြိုခွင်းလိုက်သည်။
ထိုသို့သော ခွန်အားမျိုးသည် ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရားတစ်ပါး လုပ်ဆောင်နိုင်သည့်အရာ လုံးဝ မဟုတ်ပေ။
သို့သော် ဤလူငယ်တွင် နယ်မြေနတ်ဘုရား အရှိန်အဝါ လုံးဝ ရှိမနေသည်ကိုလည်း တွေ့ရသည်။
ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။
ယင်းမှာ အနက်ရောင်ဝတ် လူငယ်သည် ကောင်းကင် နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ကမ္ဘာ့စွမ်းအား ၇မျိုးကို ပိုင်ဆိုင်သော မဟာကောင်းကင် နတ်ဘုရား ဖြစ်နေခြင်းပင်။
"ကျီလင်နယ်မြေမှာ ကောင်းကင်ကို ဆန့်ကျင်တဲ့ ပါရမီရှင်မျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ"
အရှင်စန်းယွင်က စိတ်ထဲတွင် ကြောက်လန့်နေခဲ့သည်။
မဟာကောင်းကင်နတ်ဘုရား ဆိုသည်မှာ နယ်မြေနတ်ဘုရားများနှင့် ယှဉ်တိုက်နိုင်သည့် အဆင့် ဖြစ်သည်။
ကျီလင်နယ်မြေတွင် သူတို့ ကျီယွင်ဂိုဏ်းဖြစ်စေ၊ ချီလင်ဂိုဏ်းဖြစ်စေ ကောင်းကင် နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်သော မဟာကောင်းကင်နတ်ဘုရား မရှိပေ။
အရှင်စန်းယွင်၏ ခန့်မှန်းချက်အရ မဟာမြေရိုင်း နယ်မြေတစ်ခုလုံးမှာပင် မဟာမြေရိုင်းနတ်ဂိုဏ်းသာ ထိုသို့သော ပြိုင်ဘက်ကင်း ပါရမီရှင်ကို မွေးထုတ်နိုင်လိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ အရှင်စန်းယွင်သည် နယ်မြေနတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သော မဟာကောင်းကင် နတ်ဘုရား တစ်ပါးက ကျီလင်နယ်မြေတွင် ရုတ်တရက် ပေါ်လာမည်ဟု တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
ဤမဟာကောင်းကင် နတ်ဘုရားသည် သူတို့ ကျီယွင်ဂိုဏ်းနှင့် ရင်းနှီးမှုမရှိသည့် အပြင် သူတို့ကို တိုက်ခိုက်ရန် သီးသန့် ရောက်လာပုံရသည်။
အရှင်စန်းယွင်သည် ရင်ထဲ၌ အလွန်တရာ လေးလံသလို ခံစားလာရသည်။
အရှင်ကျီယွင်က ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရန် ကျီလင်နယ်မြေကနေ ထွက်သွားသည့် အချိန်မှစ၍ အရှင်စန်းယွင်သည် လက်ရှိ အခြေအနေ အတွက် စိုးရိမ်ပူပန်ခဲ့ရသည်။
ယခုတော့ သူ စိုးရိမ်ခဲ့သောအရာက ဖြစ်ပျက်လာခဲ့ချေပြီ။
ဆိုရလျှင် သူ၏ရှေ့မှ မဟာကောင်းကင် နတ်ဘုရား ပေါ်လာခြင်းနှင့် အတူ ကျီလင်နယ်မြေရှိ အခြေအနေသည် အပြောင်းအလဲ ဖြစ်သွားနိုင်ခြေ ရှိသည် မဟုတ်ပါလား။