အခန်း (၁၉၃၅)
Vol. 134 Ch. 1935
"အစွမ်းထက်လှချည်လား"
ကျန်းချန်က အရှင်စန်းယွင်ကို အေးအေးလူလူ ယှဥ်ပြိုင်နိုင်နေသည်ကို မြင်လိုက်ရလျှင် လန်ထျန်းလင်း အသက်ရှူမှားမတတ် ဖြစ်သွားသည်။
ကျန်းချန်က ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ယွင်ရန်ရှန်အား ချေမှုန်းလိုက်သည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ရသော်လည်း ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ကောင်းကင် နတ်ဘုရားအဆင့်သည် နယ်မြေနတ်ဘုရားအဆင့်နှင့် မိုးနဲ့မြေ ပမာ ကွာခြား၏။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ပင် နယ်မြေနတ်ဘုရားများနှင့် ယှဉ်ပြိုင်ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။
ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်သည့် ပါရမီရှင် မဟုတ်လျှင် ဤကဲ့သို့ ယှဉ်ပြိုင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
အရှင်စန်းယွင်က နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်နေသည့်တိုင် ကျန်းချန်က ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့သည့် မဟာကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်နေ၍ အရှင်စန်းယွင်ကို ရင်ဆိုင်နိုင်ခြင်း ဖြစ်နိုင်သည်။
ထိုသို့ တွေးမိသည်နှင့် လန်ထျန်းလင်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန် ပေါ်ထွက်လာခြင်းသည် ကျီလင်နယ်မြေ၏ အခြေအနေကို ပြောင်းလဲနိုင်ရန် အကူအညီ ဖြစ်နိုင်လောက်သည် မဟုတ်ပါလော။
တစ်ဖက်တွင်လည်း ကျီယွင်ဂိုဏ်းမှ ကျင့်ကြံသူ များစွာ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက အရှင်စန်းယွင်နှင့် ယှဉ်ပြိုင်နိုင်သည်အထိ ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ခဲ့ကြပေ။
"မိတ်ဆွေလေး.. ငါတို့ ကျီယွင်ဂိုဏ်းက မင်းနဲ့ ဘာရန်ငြိုးရန်စ မှလည်း မရှိပါဘူး.. ဘာကြောင့် ငါတို့ ကျီယွင်ဂိုဏ်းကို ဆန့်ကျင်ရတာလဲ ဆိုတာ သိပါရစေ"
အရှင်စန်းယွင်က အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
မဟာကောင်းကင် နတ်ဘုရားများသည် များသောအားဖြင့် မဟာမြေရိုင်းနယ်မြေ ကဲ့သို့ နယ်မြေကြီး များတွင်သာ ပေါ်ထွက်လေ့ ရှိကြသည်။
ထို့အပြင် မဟာကောင်းကင်နတ်ဘုရား အဆင့်သည် နယ်မြေနတ်ဘုရားများကို ယှဥ်တိုက်နိုင်စွမ်းရှိ၏။
သူက ကျီလင်နယ်မြေကဲ့သို့ နယ်မြေငယ်လေးမှ ဖြစ်သည့် အပြင် နယ်မြေနတ်ဘုရားအဆင့်ကို မကြာသေးမီကမှ အဆင့်တက်လာသောကြောင့် ကျန်းချန်ကဲ့သို့ မဟာကောင်းကင်နတ်ဘုရားနှင့် ရင်ဆိုင်ရာတွင် အသာစီးရရန် လုံးဝ မဖြစ်နိုင်ချေ။
မလွှဲမရှောင်သာသော အခြေအနေ မရောက်သ၍ အရှင် စန်းယွင်သည် ကျန်းချန်ကို ရန်သူအဖြစ် အမှန်တကယ် မသတ်မှတ်ချင်ခဲ့ပေ။
"ငါက ကျီယွင်ဂိုဏ်းရဲ့ ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး.. မင်းတို့ ကိုယ်တိုင် တောင်းဆိုခဲ့တာပဲ"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"ငါ့နာမည် ကျန်းချန်.. ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အဆင့်မြင့် အကြီးအကဲပဲ"
ထိုစကားကိုကြားလျှင် အရှင်စန်းယွင်က ရုတ်တရက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
"မင်း... မင်းက ရှေးဟောင်းနဂါးမျိုးနွယ်က ပြိုင်ဘက်ကင်း ပါရမီရှင် ကျန်းချန်လား"
ကျီယွင်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲ တစ်ဦး ဖြစ်သလို အရှင်သွေးလ၏ တည်ရှိမှုကြောင့် အရှင်စန်းယွင်သည် ရှေးဟောင်းနဂါးကုန်းမြေရှိ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အခြေအနေကို ကောင်းစွာ နားလည်ထားခဲ့သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် မကြာသေးခင်က ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ဦး ပေါ်ထွက်လာကြောင်း သူ သိထားသည်။
ထိုနတ်ဆိုး ကျန်းချန် ရှိနေခြင်းကြောင့်ပင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် သွေးလမင်း ကုန်းမြေနှင့် တိုက်ခိုက်သည့်အခါ အကြိမ်ကြိမ် အနိုင်ရခဲ့ခြင်း ဆိုလည်းမမှားပေ။
အရှင်စန်းယွင် မည်သို့မှ မတွေးထားမိသည်မှာ ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ ခေတ္တပျောက်ကွယ်သွားသည့် ပြိုင်ဘက်ကင်း နတ်ဆိုးသည် ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ မဟာကောင်းကင်နတ်ဘုရားအဖြစ် အဆင့်တက်သွားခဲ့ပြီး ရုတ်တရက် ကျီလင်နယ်မြေတွင် ပေါ်လာခဲ့ခြင်းပင်။
"ဌာနချုပ်ကို ချက်ချင်း ပြန်ဆုတ်ကြမယ်"
အရှင်စန်းယွင်သည် သူ၏ ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်ပြီး ပြန်လည် ဆုတ်ခွာရန် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
ဤကာလအတွင်း ချီလင်ဂိုဏ်းသည် ကျီယွင်ဂိုဏ်းကြောင့် ပြင်းထန်သည့် ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း အခြေခံ အင်အားကမူ အားကောင်းနေဆဲပင်။
ချီလင်ဂိုဏ်းမှ လူများသာ အပြင်ဘက်က အခြေအနေကို သတိထားမိပြီး ကျန်းချန်နှင့် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်လျှင် ယနေ့တွင် သူတို့လူစုသည် အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် သူက ကျီယွင်ဂိုဏ်း၏ ဌာနချုပ်ဆီ ပြန်သွားပြီး ကျန်းချန် ပေါ်လာသည့် သတင်းကို အရှင်ကျီယွင်ဆီ ချက်ချင်း သတင်း ပေးပို့ရပေမည်။
ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် နယ်မြေနတ်ဘုရား နှစ်ပါး ရှိပြီးသား ဖြစ်သည့်အပြင် ယခုအခါ နယ်မြေနတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သည့် မဟာကောင်းကင်နတ်ဘုရား ကျန်းချန်လည်း ရှိလာပြီ ဖြစ်၍ ရှေးဟောင်းနဂါး ကုန်းမြေ၏ ခွန်အားက အလွန် အားကောင်းသွားပြီဟု ပြော၍ရသည်။
ဤအတိုင်းသာဆိုလျှင် ကျီယွင်ဂိုဏ်း နဲ့ အရှင်သွေးလ တို့သည် အသာစီးရရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ကျီယွင်ဂိုဏ်းနဲ့ ရှေးဟောင်းနဂါး မျိုးနွယ်စုတို့ ရင်ဆိုင်တိုက်ပွဲ ပြင်းထန်ပြီး အကျပ်အတည်း ဖြစ်နေခဲ့လျှင် ချီလင်ဂိုဏ်းက အရှင်ချီလင်သည် အခွင့်အရေး ရသွားမည်မှာ သေချာ၏။
ထိုအချိန်တွင် အရှင်ချီလင်က ရှေးဟောင်းနဂါး မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး ကျီယွင်ဂိုဏ်းကို နှစ်ဖက်ညှပ် တိုက်ခိုက်မည်ဆိုလျှင် ကျီယွင်ဂိုဏ်းသည် အမှန်တကယ် အန္တရာယ်ထဲ ကျရောက်သွားနိုင်သည် မဟုတ်ပါလား။
"စန်းယွင်.. မင်းက ငါ့မျက်စိရှေ့ကနေ ထွက်ပြေးချင်တယ်ဆိုတော့ ငါ့ကို အထင်သေးလိုက်တာပဲ"
ထွက်ခွာဖို့ ပြင်ဆင်နေသည့် အရှင်စန်းယွင်ကို ကြည့်ပြီး ကျန်းချန်က အရှင်စန်းယွင်ရဲ့ ဦးခေါင်း အထက်တွင် ရိပ်ခနဲ ပေါ်လာပြီး အေးစက်စက် ပြောလိုက်သည်။
"ဘာလဲ.. မင်းက ဒီနတ်ဘုရားနဲ့ ထပ်တိုက်ချင်သေးလို့လား"
အရှင်စန်းယွင်က ရုတ်တရက် ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
"ကျန်းချန်.. မင်းက ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တဲ့ မဟာကောင်းကင်နတ်ဘုရား ဖြစ်နေတယ် ဆိုရင်တောင် ဒီနတ်ဘုရားက ထွက်သွားချင်ရင် မင်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"
"ဟားဟား.. စန်းယွင်.. မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းနေပြီ"
"မင်းက နယ်မြေနတ်ဘုရား ဖြစ်ပေမဲ့ အခုမှ နယ်မြေနတ်ဘုရား အဆင့်ကို ရောက်လာတဲ့ နယ်မြေနတ်ဘုရားပဲ"
"မင်းလို နယ်မြေငယ်လေးက အဆင့်နိမ့် နယ်မြေနတ်ဘုရားကို သတ်ချင်ရင် ငါ့အတွက် လက်ဝါး တစ်ချက်စာပဲ လိုအပ်တယ်"
ကျန်းချန်က အေးစက်စက် ရယ်လိုက်သည်။
စကားသံဆုံးသည်နှင့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်၏ ကမ္ဘာ့စွမ်းအား ၈မျိုးသည် ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်က လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာ အရှင်စန်းယွင်ကို အပေါ်စီးကနေ ရိုက်ချလိုက်သည်။
"ဝုန်း"
ကောင်းကင်ယံတွင် မိုင်တစ်ရာနီးပါး ရှည်လျားပြီး ကောင်းကင်နဲ့ မြေကြီးကို ဖုံးအုပ်ထားသည့် ဧရာမ လက်ဝါးကြီးတစ်ဖက်သည် အောက်ဘက်သို့ ကျဆင်းလာခဲ့၏။
ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးက မှောင်မိုက်သွားပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
ကျန်းချန်၏ ကမ္ဘာ့စွမ်းအား ၈မျိုးဖြင့် စုစည်းထားသည့် ဧရာမ လက်ဝါးကြီးသည် လောကကို ချုပ်နှောင်ပြီး အရာအားလုံးကို နှိမ်နင်းနိုင်သည့် အစွမ်းဖြင့် ဧရာမ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ အရှင်စန်းယွင်ဆီ ကျဆင်းလာခဲ့သည်။
ကျန်းချန်၏ အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေသည့် ဧရာမလက်ဝါးကို မြင်လိုက်ရလျှင် အရှင်စန်းယွင်သည် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။
အန္တရာယ်ကျရောက်နေပြီ ဟူသည့် ခံစားချက်သည် သူ့နှလုံးသားတွင် ချက်ချင်း ပြည့်နှက်သွားခဲ့၏။
အရှင်စန်းယွင်က တုံ့ဆိုင်းမနေခဲ့ဘဲ နယ်မြေနတ်ဘုရား စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
နယ်မြေနတ်ဘုရား၏ မူလဇစ်မြစ် စွမ်းအားသည် အရှင်စန်းယွင်၏ ဦးခေါင်းအထက်တွင် တိုက်ရိုက် စုစည်းသွားခဲ့ပြီး ကြီးမားသော ခရမ်းရောင်မိုးကြိုးတိမ်တိုက် အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
ထိုခရမ်းရောင် မိုးကြိုးတိမ်တိုက် စုစည်းသွားသည့် အချိန်တွင် ကျန်းချန်၏ ဧရာမ လက်ဝါးကြီးသည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားဖြင့် ကျဆင်းလာ၏။
"ဝုန်း"
ဧရာမလက်ဝါးကြီးက ခရမ်းရောင် မိုးကြိုးတိမ်တိုက် ပေါ်ကို ကျရောက်သွားပြီးနောက်တွင် ဥက္ကာခဲနဲ့ တိုက်မိသလို အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားပြီး ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်း တစ်ခုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
အရာအားလုံး ငြိမ်သက် ပျောက်ကွယ်သွားသည့် အခါတွင် အရှင်စန်းယွင်တို့ ရပ်နေခဲ့သည့် နေရာ၌ လူရိပ်ပင် မကျန်တော့ပေ။
အရှင်စန်းယွင် အပါအဝင် ကျီယွင်ဂိုဏ်းမှ ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် ကျန်းချန်၏ လက်ဝါးအောက်တွင် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။
အရှင်စန်းယွင်သည် ကျီယွင်နယ်မြေငယ်လေးမှ အဆင့်နိမ့် နယ်မြေနတ်ဘုရား အသစ်တစ်ပါးသာ ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေမှ နယ်မြေနတ်ဘုရားအဆင့်ထဲ ဝင်ရောက်ခါစ ကျင့်ကြံသူများပင် အရှင်စန်းယွင်ထက် များစွာ အားကောင်းကြ၏။
ကျန်းချန်၏ မဟာကောင်းကင်နတ်ဘုရား ခွန်အားဖြင့် ဆိုလျှင် ဤကဲ့သို့ နယ်မြေနတ်ဘုရား အဆင့်ကို နှိမ်နင်းရန်မှာ မလွယ်ကူစရာ ဘာအကြောင်းမှ မရှိချေ။
"အရှင်စန်းယွင် ကျဆုံးသွားပြီလား"
လန်ထျန်းလင်းက ဤမြင်ကွင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့ပြီး သူ့တစ်ကိုယ်လုံး ကျောက်ရုပ်လို ဖြစ်နေကာ မျက်လုံးရှေ့က မြင်ကွင်းကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
အရှင်စန်းယွင်သည် ကျီယွင်ဂိုဏ်းမှ နယ်မြေနတ်ဘုရားဖြစ်၏။
၎င်းက နယ်မြေနတ်ဘုရား အဆင့်ကို ရောက်သည်မှာ မကြာသေးသော်လည်း စစ်မှန်သော နယ်မြေနတ်ဘုရား တစ်ပါးဖြစ်သည်။
လန်ထျန်းလင်း မတွေးမိခဲ့သည်မှာ ယင်းကဲ့သို့ နယ်မြေနတ်ဘုရား တစ်ပါးကိုပင် ကျန်းချန်က တိုက်ကွက် တစ်ကွက်ထဲ ဖြင့် သတ်ပစ်လိုက်ခြင်းပင်။
ဤကဲ့သို့ ခွန်အားမျိုးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။