အခန်း (၁၉၃၇)
Vol. 134 Ch. 1937
ကျီလင်နယ်မြေ၊ ကျီယွင်တောင်။
တောင်တစ်ခုလုံးသည် မရေမတွက်နိုင်သော ခရမ်းရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသည်။
တောင်၏ အပြင်ဘက်တွင် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေသော်လည်း အတွင်းဘက်၌မူ ငှက်သံများ သာယာ၍ ပန်းရနံ့များ မွှေးကြိုင်ကာ သာယာအေးချမ်းလျက်ရှိသည်။
ဤသည်မှာ ကျီလင်နယ်မြေ၏ ဩဇာအကြီးဆုံး ဂိုဏ်းနှစ်ဂိုဏ်း အနက် တစ်ဂိုဏ်း ဖြစ်သည့် ကျီယွင်ဂိုဏ်း တည်ရှိရာ နေရာ ဖြစ်သည်။
ကျီယွင်ဂိုဏ်း၏ အတွင်းနန်းဆောင် တစ်ခုအတွင်း၌ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အကြီးအကဲနှစ်ပါးသည် ကျယ်ဝန်းသော ကျောက်စားပွဲပေါ်၌ ကျားထိုးနေကြသည်။
“အကြီးအကဲရှ.. ဂိုဏ်းစောင့်တာဝန်က တကယ်ကို ပျင်းစရာကောင်းတာပဲ”
ဘယ်ဘက်မှ ကျားစေ့အဖြူကို ကိုင်ဆောင်ထားသော အဘိုးအိုက အကွက်ရွှေ့လိုက်ရင်း ငြီးငွေ့စွာ ပြောလိုက်သည်။
“အကြီးအကဲတင်း.. မပေါ့ဆပါနဲ့.. ဂိုဏ်းချုပ်က ငါတို့နှစ်ယောက်ကို ယုံကြည်လို့ ဒီတာဝန်ပေးခဲ့တာပဲ.. အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့ရင် ဂိုဏ်းချုပ်ကို ဘယ်လို အစီအရင်ခံကြမှာလဲ”
ညာဘက်မှ အကြီးအကဲရှက လေးနက်စွာ ပြောလိုက်သည်။
“ဟားဟား... အကြီးအကဲရှ.. ခင်ဗျားက အရမ်း အစိုးရိမ်လွန်းနေပါပြီ”
အကြီးအကဲတင်းက ခပ်ပေါ့ပေါ့ အမူအရာဖြင့် ပြောလိုက်သည်။
ယခုဆိုလျှင် ချီလင်ဂိုဏ်းသည် ကျီယွင်ဂိုဏ်း၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
အရှင်ချီယွင် ကိုယ်တိုင်ပင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အရှင်စန်းယွင်ကလည်း ချီလင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖြိုခွင်းနေခဲ့သည်။
ဤကျီလင်နယ်မြေသည် သူတို့ ကျီယွင်ဂိုဏ်း၏ ဩဇာအာဏာအောက် ရောက်ရှိနေပြီဟုပင် ပြော၍ရ၏။
သို့ဖြစ်ရာ ကျီယွင်ဂိုဏ်းကို မည်သူက လာရောက် ရမ်းကားရန် သတ္တိရှိပါမည်နည်း။
"ဝုန်း"
သို့သော်လည်း အကြီးအကဲတင်း၏ စကားအဆုံးမှာပင် ကျီယွင်ဂိုဏ်း တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။
“ဘာ... ဘာဖြစ်တာလဲ”
ကျီယွင်ဂိုဏ်းမှ တပည့်များသည် ရုတ်တရက် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ် တုန်ခါမှုကြောင့် ထိတ်လန့် တုန်လှုပ်သွားကြသည်။
ကျားကစားနေသည့် အကြီးအကဲ နှစ်ပါးသည် ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သည်။
သူတို့၏ အကြည့်က ဂိုဏ်းကာကွယ်ရေး အစီအရင်အလွှာများကို ထိုးဖောက်ကာ ဂိုဏ်း၏ အပြင်ဘက် ကောင်းကင်ယံ၌ ရှိနေသည့် အနက်ရောင်ဝတ် လူငယ်တစ်ဦး ထံသို့ ရောက်ရှိသွားခဲ့သည်။
အနက်ရောင်ဝတ် လူငယ်သည် ဆန်းကြယ်သော လက်ဟန်များဖြင့် ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်အား တိုက်ခိုက်နေသည်ကို သူတို့ မြင်လိုက်ရသည်။
ထိုလူငယ်၏ လက်ချက်ဖြင့် ကျီယွင်ဂိုဏ်း တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
ထိုအချိန်မှာပင် ကျီယွင်ဂိုဏ်းရှိ လူတိုင်း၏ နားထဲသို့ ကြည်လင်ပြတ်သားသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
“ရှေးဟောင်းနဂါး မျိုးနွယ်စုက ကျန်းချန်.. ကျီယွင်ဂိုဏ်းကို တိုက်ခိုက်ဖို့ ရောက်လာပါပြီ”
ထိုအခိုက်အတန့်တွင် အကြီးအကဲတင်း၏ မျက်နှာထားသည် ချက်ချင်း ပျက်ယွင်းသွားသည်။
ကျီယွင်ဂိုဏ်းကို လာရောက် ရန်စရဲသူ မရှိနိုင်ဟု အခိုင်အမာ ပြောဆိုနေဆဲမှာပင် တစ်စုံတစ်ယောက်က ဂိုဏ်း၏ ဂိတ်တံခါးဝထိ လာရောက် စိန်ခေါ်လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
“ဟမ့်.. ဘယ်က အရိုင်းအစိုင်းလဲ.. ငါတို့ ကျီယွင်ဂိုဏ်းကိုတောင် လာပြီး ရမ်းကားရဲတယ် ဆိုတော့ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
အကြီးအကဲတင်းက ဒေါသတကြီးဖြင် အေးစက်စက် ကြုံးဝါးလိုက်ပြီး အပြင်ဘက်သို့ အလျင်အမြန် ထွက်ကာ ထိုကောင်လေးကို အပိုင်းပိုင်း ဆုတ်ဖြဲရန် ပြင်ဆင်လိုက်သည်။
“အကြီးအကဲတင်း.. စိတ်မလောပါနဲ့”
အကြီးအကဲ ရှ၏ မျက်နှာအမူအရာက ပြောင်းသွားပြီး အကြီးအကဲ တင်းကို အသည်းအသန် တားဆီးလိုက်သည်။
ထို့နောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“သူ့မျိုးရိုးအမည်ကို ဖော်ထုတ်သွားတာ မကြားလိုက်ဘူးလား... သူက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ကျန်းချန်ကွ"
"နတ်ဆိုးကျန်းချန်လား"
အကြီးအကဲတင်းသည် ချက်ချင်း သတိပြန်ဝင်လာခဲ့ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သွေးလမင်းကုန်းမြေ ဖျက်ဆီးခံရပြီးနောက် ကျီယွင်ဂိုဏ်းသို့ အရှင်သွေးလ ရောက်လာစဥ်ကတည်းက ဂိုဏ်း၏ အကြီးအကဲတိုင်းသည် ထိုအမည်ကို ရင်းနှီးနေခဲ့ကြသည်။
ဤသူသည် ရှေးဟောင်းနဂါးကုန်းမြေရှိ ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ပေါ်ထွက်လာသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထိုလူငယ်က နတ်ဆိုးတစ်ပါးလို ထူးချွန်သော ပါရမီနှင့် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြင့်ပင် ဆဋ္ဌမအဆင့်ကို ယှဥ်တိုက်နိုင်ခဲ့သူ ဖြစ်သည်။
သူတို့ ကျီယွင်ဂိုဏ်းမှ ရှေးဟောင်းနဂါး ကုန်းမြေသို့ စေလွှတ်ခဲ့သည့် ပါရမီရှင် တပည့် လုရှင်းယွီသည်ပင် ကျန်းချန် လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ဆိုရလျှင် အရှင်သွေးလနှင့် ရှေးဟောင်းနဂါး ကုန်းမြေတို့၏ စစ်ပွဲတွင် ကျန်းချန်သည် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် စစ်ပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ နတ်ဆိုးကဲ့သို့ ထူးချွန်သော ပါရမီရှင် တစ်ဦးသည် အချိန်အတန်ကြာ ပျောက်ကွယ်နေခဲ့ပြီးမှ ရုတ်တရက် ပေါ်ထွက်လာကာ ကျီယွင်ဂိုဏ်းကို တိုက်ရိုက် တိုက်ခိုက်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးမိခဲ့ပေ။
၎င်းက ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြင့်ပင် ဆဋ္ဌမအဆင့်ကို ယှဥ်တိုက်နိုင်ခဲ့သူ ဖြစ်သည်။
ယခုကဲ့သို့ အချိန်အကြာကြီး ပျောက်ကွယ်သွားပြီးမှ ပြန်ရောက်လာသောအခါ သူ၏ ခွန်အားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာမည်မှာ သေချာ၏။
သူတို့က ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သော်လည်း အပြင်ထွက်၍ တိုက်ခိုက်လျှင် ကျန်းချန်၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။
“ဒီကောင်လေးက နတ်ဆိုးလို ပါရမီနဲ့ ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိတယ်.. အပြင်မထွက်ပါနဲ့.. ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုပဲ အတတ်နိုင်ဆုံး အစွမ်းကုန် အားဖြည့်ကြစို့”
အကြီးအကဲ ရှက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေပေါ်သို့ ခုန်တက်ကာ အစီအရင်ကို အားဖြည့်ရန် လက်ဟန်များကို အလျင်အမြန် ပြောင်းလဲ ဖော်ဆောင်လိုက်သည်။
သူ့ဘေးမှ အကြီးအကဲတင်းသည်လည်း တုံ့ဆိုင်းမနေဘဲ ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အင်အားဖြည့်တင်းရန် အစွမ်းကုန် စတင် လုပ်ဆောင်ခဲ့သည်။
သူတို့နှစ်ဦး အစီအရင်ကို အားဖြည့်လိုက်သည်နှင့် ကျီယွင်ဂိုဏ်း၏ အထက်ရှိ ခရမ်းရောင် တိမ်တိုက်များသည် ချက်ချင်းပင် ထူထပ်လာကြသည်။
"ဝုန်း"
ခရမ်းရောင် မိုးကြိုးများ လျှပ်စီးကြောင်းများသည် လေထုထဲမှ ပေါ်လာခဲ့ပြီး တောက်ပသော မိုးကြိုး အကာအကွယ်များ ဖြစ်လာခဲ့၏။
ယင်းက ကျီယွင်ဂိုဏ်းကို ပြင်ပကမ္ဘာနှင့် လုံးဝ ခြားနားထားသကဲ့သို့ ဖြစ်စေခဲ့သည်။
ဤမိုးကြိုးအကာအကွယ် ပေါ်တွင် ကြောက်မက်ဖွယ် ခရမ်းရောင် မိုးကြိုးများသည် တဖျတ်ဖျတ် လင်းလက်နေပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် ချက်ချင်း အမှုန့် ဖြစ်သွားနိုင်၏။
ကျီယွင်ဂိုဏ်းက ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ထပ်မံ အသက်သွင်းလိုက်သည်အား မြင်လိုက်ရလျှင် ကျန်းချန်သည် မထီမဲ့မြင် ပြုံးရယ်လိုက်သည်။
“ဟားဟား.. ဒီအစီအရင်လောက်နဲ့ ငါ့ကို တားဆီးနိုင်မယ်လို့ မင်းတို့ တကယ် ထင်နေတာလား.. ဒီနေ့ ဒီအစီအရင်ကို အရင် ဖြိုခွဲမယ်.. ပြီးရင် ကျီယွင်ဂိုဏ်းကို ဖြိုပစ်မယ်”
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် လက်ချောင်းကို ရှေ့သို့ ပေါ့ပေါ့ပါးပါး ညွှန်လိုက်သည်။
သူ၏ လက်ချောင်းက အလွန် ရိုးရှင်းလွန်းပြီး မည်သည့် ထူးခြားမှုမျှ မရှိပေ။
“ဟားဟား... ရယ်စရာကောင်းလိုက်တာ”
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အကြီးအကဲတင်းက ရုတ်တရက် မထီမဲ့မြင် လှောင်ရယ်ကာ ပြောလိုက်သည်။
“ငါတို့ ကျီယွင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို နယ်မြေနတ်ဘုရားတွေတောင် အလွယ်တကူ ဖြိုခွဲလို့ မရဘူးကွ"
သို့သော် အကြီးအကဲတင်း၏ စကားဆုံးသည်နှင့် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။
“ဝုန်း”
လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး မမြင်နိုင်သည့် ဓားစွမ်းအားသည် တဖျတ်ဖျတ် လင်းနေသော ခရမ်းရောင် မိုးကြိုးများနှင့် လျှပ်စီးကြောင်းများပေါ်သို့ ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလို ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကိုပင် အမှုန့်ဖြစ်စေနိုင်သော မရေမတွက်နိုင်သည့် ခရမ်းရောင် မိုးကြိုးများနှင့် လျှပ်စီးများသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
အောက်ဘက်ရှိ ခရမ်းရောင်မိုးကြိုး အကာအကွယ်သည်လည်း မမြင်နိုင်သော ဓားစွမ်းအားဖြင့် ထိုးခွဲခံလိုက်ရကာ ကီလိုမီတာပေါင်း များစွာ ရှည်လျားသည့် အက်ကြောင်းကြီး ဖြစ်သွားခဲ့၏။
အဆုံးသတ်တွင် ဂိုဏ်းကာကွယ်ရေး အစီအရင် တစ်ခုလုံးသည် မမြင်နိုင်သော ဓားစွမ်းအားဖြင့် အစိတ်စိတ် အမြွှာမြွှာ လေထုထဲ၌ ပေါက်ကွဲပျက်စီးသွားသည်။
ထိုအခိုက်အတန့်တွင် နှစ်ပေါင်းများစွာ ကျီယွင်ဂိုဏ်းပေါ်၌ တည်ရှိခဲ့သော ခရမ်းရောင် တိမ်တိုက်များနှင့် မြူခိုးများပင် လုံးဝ ပျောက်ကွယ်သွားကာ အောက်ဘက်ရှိ ကျီယွင်ဂိုဏ်းသည် မည်သည့် အကာအကွယ်မှ မရှိတော့ဘဲ ပေါ်လွင်ထင်ရှားလာခဲ့သည်။
“ဖူး"
ဂိုဏ်းကာကွယ်ရေး အစီအရင် ပျက်စီးသွားသည်နှင့် အစီအရင်ကို အားဖြည့်နေခဲ့သည့် ကျီယွင်ဂိုဏ်းမှ အကြီးအကဲနှစ်ပါးသည် လေထဲမှာပင် မီတာရာပေါင်းများစွာ လွင့်စင်သွားရင်း ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်ရသည်။
သူတို့နှစ်ပါးလုံးသည် ကောင်းကင်ယံတွင် မတ်တပ်ရပ်နေသည့် ကျန်းချန်ကို ကြည့်နေကြပြီး မျက်လုံးများတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင် မည်မျှ ခိုင်မာသည်ကို သူတို့ ကောင်းစွာ သိသည်။
နယ်မြေနတ်ဘုရားပင် ဖြစ်စေကာမူ အလွယ်တကူ မချိုးဖျက်နိုင်သော အစီအရင် ဖြစ်သည်။
သို့သော် ဤကောင်လေး၏ လက်ချက်ဖြင့် သူတို့ ဂိုဏ်းကာကွယ်ရေး အစီအရင်သည် လုံးလုံးလျားလျား ကြေမွသွားခဲ့သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"