← Chapters

အခန်း (၁၉၃၈)

Vol. 134 Ch. 1938

အခန်း (၁၉၃၈)

Vol. 134 Ch. 1938

ကျီယွင်ဂိုဏ်းကို စောင့်ကြပ်နေသည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အကြီးအကဲ နှစ်ဦးသာမက ကျီယွင်ဂိုဏ်းမှ တပည့်အမြောက်အမြားပါ သူတို့ရှေ့မှ အဖြစ်အပျက်ကို မယုံနိုင်ဘဲ အံ့ဩတုန်လှုပ်နေကြသည်။

သူတို့ လုံးဝ မထင်မှတ်ထားခဲ့သည်မှာ နယ်မြေနတ်ဘုရားများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့သည့် ကျီယွင်ဂိုဏ်း၏ အစီအရင်သည် လက်ညှိုးတစ်ချောင်းထဲဖြင့် လွယ်လွယ်ကူကူ ပျက်စီးသွားခြင်းပင်။

ရုတ်တရက် ရောက်ရှိလာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နယ်မြေနတ်ဘုရားထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေပါသလော။

တကယ်လည်း သူတို့ တွေးထင်သည်မှာ အမှန် ဖြစ်သည်။

မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည့် ကျန်းချန်သည် ယခုအခါတွင် မဟာမြေရိုင်းနယ်မြေမှ အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားများနှင့်ပင် ခွန်အားချင်း ယှဥ်ပြိုင်နိုင်နေပြီ ဖြစ်၏။

ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်က အားကောင်းသော်လည်း နယ်မြေငယ်လေးမှ အဆင့်နိမ့်ဆုံး နယ်မြေနတ်ဘုရားကိုသာ ခက်ခက်ခဲခဲ တားဆီးနိုင်မည် ဖြစ်ပြီး ကျန်းချန်၏ စွမ်းအား အပြည့်အဝဖြင့် တိုက်ခိုက်မှုကိုမူ မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။

ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖျက်ဆီးလိုက်ပြီးနောက် ကျန်းချန်က ခြေတစ်လှမ်း လှမ်းလိုက်သည်။

ချက်ချင်းဆိုသလို သူက ကျီယွင်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အကြီးအကဲ နှစ်ဦးရှေ့တွင် တစ္ဆေတစ်ကောင်ပမာ ရိပ်ခနဲ ရောက်ရှိလာခဲ့၏။

"ကျန်းချန်.. မင်း.. မင်း ငါ့ရဲ့ ကျီယွင်ဂိုဏ်းထဲကို ကျူးကျော်ရဲတယ်လား"

အကြီးအကဲတင်းက သူတို့ရှေ့မှ ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"မင်းတို့ ကျီယွင်ဂိုဏ်းက ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ဖို့ အတင့်ရဲမှတော့ ငါလည်း မင်းတို့ ကျီယွင်ဂိုဏ်းကို နင်းခြေပစ်ရမှာပေါ့"

စကားဆုံးသည်နှင့် ကျန်းချန်က အပိုစကားများ ထပ်မပြောတော့ဘဲ လက်ဝါးရိုက်ချက် တစ်ချက် ထုတ်ဖော်လိုက်သည်။

အကြီးအကဲတင်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး အင်အားအပြည့်အဝ ထုတ်ကာ ခုခံရန် ကြိုးစားလိုက်သော်လည်း လေထုကိုပင် ကြေမွသွားစေလောက်သည့် ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

"ဝုန်း"

အကြီးအကဲတင်း၏ ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သည်။

ထိုပေါက်ကွဲမှုကနေ အကြီးအကဲတင်း၏ ဝိညာဉ်ဖြစ်သော အနက်ရောင် အရိပ်တစ်ခုသည် လျင်မြန်စွာ ပျံထွက်လာခဲ့၏။

သူက ထိတ်လန့်စွာဖြင့် ထွက်ပြေးရန် ကြိုးစားနေချိန်မှာပင် ဝိညာဉ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ဖြင့် အပြီးသတ် ချေမှုန်း ဖျက်ဆီးခြင်း ခံလိုက်ရသည်။

"ဆရာကြီး.. ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

ကျန်ရှိသည့် အကြီးအကဲရှက ရုတ်တရက် ကြောက်လန့်တကြားဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်ရင်း ကျီယွင်ဂိုဏ်း၏ အတွင်းဘက်သို့ လှည့်ပြေးတော့သည်။

သို့ရာတွင် ကျန်းချန်က လက်ဝါး ရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရာ အကြီးအကဲရှသည် ဝိညာဉ်ပါမကျန် တစ်စစီ ပျက်စီးကာ ချက်ချင်း သေဆုံးသွား၏။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အကြီးအကဲ နှစ်ဦးကို ကျန်းချန်က အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လိုက်ရလျှင် ကျီယွင်ဂိုဏ်းမှ တပည့်များသည် မျက်နှာများ ဖြူဖျော့ကာ ထိတ်လန့်တကြား ဖြစ်နေကြသည်။

ယခု ကျီယွင်ဂိုဏ်း၏ နယ်မြေနတ်ဘုရား နှစ်ပါး မရှိချိန်တွင် ဂိုဏ်းကိုစောင့်ကြပ်နေသည့် ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရားနှစ်ပါးကို ကျန်းချန်က ချက်ချင်းဆိုသလို သုတ်သင်လိုက်ပြီ ဖြစ်ရာ ကျီယွင်ဂိုဏ်းတွင် မည်သူက ခုခံနိုင်ပါဦးမည်နည်း။

"ဆရာကြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ...ကျွန်တော် အညံ့ခံဖို့ ဆန္ဒရှိပါတယ်"

"ဆရာကြီး.. ကျွန်တော် ကျီယွင်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက် သော့ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်.. ဆရာကြီး ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်"

"ကောင်လေး.. မင်းက ငါတို့ ကျီယွင်ဂိုဏ်းမှာ ရမ်းကားရဲတယ်.. အရှင်ကျီယွင် ပြန်လာတာနဲ့ မင်းအတွက် သေလမ်းတစ်လမ်းပဲရှိတယ်"

ရေတွက်မရနိုင်သော ကျီယွင်ဂိုဏ်းမှ တပည့်များသည် အသက်ချမ်းသာပေးရန် တောင်းပန်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများဖြင့် အကြီးအကျယ် ပရမ်းပတာ ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် အဝေးရှိ ကောင်းကင်ယံမှ အရှင်ချီလင် ဦးဆောင်သည့် ချီလင်ဂိုဏ်းသား အမြောက်အမြားသည်လည်း လျင်မြန်စွာ ရောက်ရှိလာခဲ့ကြ၏။

သူတို့က ကျီယွင်ဂိုဏ်း၏ အခြေအနေကို မြင်လိုက်ရလျှင် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။

ဤအချိန်တွင် ကျီယွင်ဂိုဏ်း၌ နယ်မြေနတ်ဘုရားများ မရှိသော်လည်း ကျီယွင်ဂိုဏ်းသည် စစ်မှန်သော နယ်မြေနတ်ဘုရား အင်အားစု တစ်စု ဖြစ်နေသေး၏။

ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်သည် ချီလင်ဂိုဏ်းထက် အားနည်းခြင်း မရှိပေ။

သူ၏ စွမ်းအား အထွတ်အထိပ်အခြေအနေတွင် ရှိနေလျှင်ပင် အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်ဟု အာမ မခံနိုင်ပေ။

ကျန်းချန်သည် နယ်မြေနတ်ဘုရားနှင့် ယှဥ်ပြိုင်နိုင်သည့် မဟာကောင်းကင်နတ်ဘုရား ဖြစ်သော်လည်း အရှင်ချီလင်နှင့် အဖွဲ့ဝင်များသည် ကျန်းချန်က ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဤမျှ တိုတောင်းသော အချိန်အတွင်း ချိုးဖျက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ချီလင်ဂိုဏ်းက အရှင်ချီလင်ပါလား.. သူတို့လည်း ဒီကို ရောက်လာကြပြီ.. ဘယ်လိုလုပ်ကြမလဲ"

တစ်ဖက်တွင်လည်း ကျီယွင်ဂိုဏ်းမှ တပည့်များသည် ရုတ်တရက် ရောက်ရှိလာသည့် အရှင်ချီလင်နှင့် အဖွဲ့ဝင်များကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။

ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်းတို့၏ တိုက်ပွဲတွင် သူတို့ ကျီယွင်ဂိုဏ်းသည် ချီလင်ဂိုဏ်းကို အပြင်းအထန် ထိခိုက်အောင် လုပ်ဆောင်ခဲ့သည်။

ချီလင်ဂိုဏ်း တစ်ဂိုဏ်းလုံးသည် ဌာနချုပ်တွင်သာ ပုန်းနေရပြီး အရှင်စန်းယွင်သည် ကျီယွင်ဂိုဏ်းမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ချီလင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖြိုခွဲနေခဲ့၏။

သို့သော် ယခု အရှင်ချီယွင်သည် ချီလင်ဂိုဏ်းမှ ကျင့်ကြံသူ အမြောက်အမြားနှင့်အတူ ကျီယွင်ဂိုဏ်း၌ ပေါ်လာခဲ့ချေပြီ။

ယင်းမှာ အရှင်စန်းယွင်နှင့် အဖွဲ့ဝင်များသည် ချီလင်ဂိုဏ်းကို တိုက်ခိုက်ရာတွင် ကံဆိုးသွားပြီဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ထိုသို့ တွေးမိလျှင် ကျီယွင်ဂိုဏ်းမှ တပည့်များသည် ပို၍ပင် ကြောက်ရွံ့ကုန်ကြသည်။

ကျန်းချန် တစ်ဦးတည်းကပင် သူတို့ ကျီယွင်ဂိုဏ်းကို ဗြောင်းဆန်စေခဲ့ပြီ ဖြစ်သည်။

ယခု ချီလင်ဂိုဏ်းပါ ရောက်ရှိလာခြင်းကြောင့် သူတို့ ကျီယွင်ဂိုဏ်းသည် ယနေ့တွင် လုံးဝ အဆုံးသတ်နိုင်ဖွယ် ရှိ၏။

"အားလုံးပဲ.. ကျီယွင်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ကြ"

အရှင်ချီလင်က မှင်တက်နေရာကနေ သတိပြန်ဝင်လာသည်နှင့် အေးစက်စက် အမိန့်ပေးလိုက်သည်။

သူ၏ အသံက ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

နှစ်သန်းပေါင်းများစွာ ကတည်းက ချီလင်ဂိုဏ်းနှင့် ကျီယွင်ဂိုဏ်းတို့သည် ရန်ငြိုးများ ရှိခဲ့ကြသည်။

အမှန်စင်စစ် ကျီလင်နယ်မြေကို လွှမ်းမိုးချုပ်ကိုင်ရန် အတွက် နှစ်ဖက်စလုံးသည် အကြီးမားဆုံးသော အတားအဆီးများ ဖြစ်ကြသည်။

အခွင့်အရေးရသည်နှင့် တစ်ဖက်နှင့် တစ်ဖက် လုံးဝ ဖျက်ဆီးပစ်ရန် ဝန်မလေးခဲ့ကြပေ။

သို့ရာတွင် ဂိုဏ်းနှစ်ခု၏ ခွန်အားသည် အတူတူနီးပါးဖြစ်၍ နှစ်သန်းပေါင်းများစွာ ကြာအောင် မည်သည့်ဘက်ကမှ အသာစီးမရခဲ့ချေ။

သို့သော် ကျီယွင်ဂိုဏ်းတွင် နယ်မြေနတ်ဘုရား သုံးပါး ရှိလာခဲ့ပြီးနောက်တွင် ဟန်ချက်ညီမှုက လုံးဝ ပျက်သွားခဲ့သည်။

ထိုကြောင့် ချီလင်ဂိုဏ်းက ရှုံးနိမ့်ကာ ကျီလင်နယ်မြေမှ လုံးဝထွက်ခွာသွားရန် အတင်းအကျပ် တွန်းအားပေးခြင်း ခံခဲ့ရသည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကျန်းချန် ပေါ်လာခဲ့သည်။

သူက အရှင်စန်းယွင်ကို သတ်ပစ်ခဲ့ရုံသာမက ကျီယွင်ဂိုဏ်းမှ ကျင့်ကြံသူများကိုပါ တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည်။

ထို့အပြင် ချီလင်ဂိုဏ်းကို အကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် အကူအညီ ပေးခဲ့ပြီး ကျီယွင်ဂိုဏ်း၏ ဌာနချုပ်ထိ ရောက်ရှိလာကာ ကျီယွင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုပင် လွယ်ကူစွာ ဖျက်ဆီးပစ်ခဲ့သည်။

ကျန်းချန်က သူ့အတွက် ဤကဲ့သို့သော အခွင့်အရေးများကို ဖန်တီးပေးထားခဲ့ရာ အရှင်ချီယွင်သည် ကျီယွင်ဂိုဏ်းကို ဖျက်ဆီးရန် အခွင့်အရေးအား မည်ကဲ့သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

အရှင်ချီလင်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ချီလင်ဂိုဏ်းဝင် များစွာ ဦးဆောင်ကာ ကျီယွင်ဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

ချီလင်ဂိုဏ်း ရှုံးနိမ့်ပြီးနောက်ပိုင်း ကျီယွင်ဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူ အချို့သည် အရှင်ကျီယွင်နှင့် အတူ ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ရန် လိုက်ပါသွားခဲ့သည်။

အခြား အစွမ်းထက် ကျင့်ကြံသူများကမူ အရှင်စန်းယွင်နှင့်အတူ ချီလင်ဂိုဏ်းကို ဆက်လက် နှိမ်နင်းရန် လိုက်ပါသွားကြသည်။

ယခုအခါ အရှင်စန်းယွင်နှင့် အတူ လိုက်ပါသွားသော ကျင့်ကြံသူများသည် ကျန်းချန်၏ လက်ချက်ဖြင့် အသက်ခံလိုက်ရပြီး ကျန်ရှိသည့် အရှင်ကျီယွင်နှင့် အဖွဲ့ဝင်များသည်လည်း ဤနေရာနှင့် ဝေးလံသည့် ရှေးဟောင်းနဂါး ကုန်းမြေတွင် ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ကျီယွင်ဂိုဏ်းသည် သံသယဝင်စရာ မရှိလောက်အောက်ပင် ခွန်အားကင်းမဲ့နေခဲ့သည်။

ဂိုဏ်းကို စောင့်ကြပ်နေသည့် ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရား နှစ်ပါးကို ကျန်းချန် သတ်ဖြတ်လိုက်သည် နှင့် အမျှ ကျီယွင်ဂိုဏ်းသည် မည်သည့် ခုခံမှုမှ မလုပ်နိုင်သလောက် ဖြစ်သွားခဲ့သည်။

အရှင်ချီလင်သည် ချီလင်ဂိုဏ်းမှ အဖွဲ့ဝင်များစွာကို ဦးဆောင်ကာ သိုးအုပ်ထဲ မြေခွေးများ ဝင်ရောက်သကဲ့သို့ ကျီယွင်ဂိုဏ်းထဲ အပြေးအလွှား ဝင်ရောက်သွားသည်။

မကြာမီမှာပင် ရေတွက်၍မရနိုင်သော ကျီယွင်ဂိုဏ်း တပည့်များသည် အသတ်ခံခဲ့ရပြီး ကျီယွင်ဂိုဏ်း တစ်ခုလုံးသည် မြေပြင်ပေါ်မှ ငရဲဘုံ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့သော် အရှင်ချီလင်နှင့် အခြားသူများ ကျီယွင်ဂိုဏ်းကို လုံးဝ ချေမှုန်းခါနီး အချိန်မှာပင် ကျီယွင်ဂိုဏ်း၏ အတွင်းဘက်မှ ခရမ်းရောင် ဓားအလင်းတစ်ခုသည် လေထုကို ထိုးဖောက်ကာ အရှင်ချီယွင်တို့ဆီ သက်ရောက်လာခဲ့၏။

အရှင်ချီယွင်တို့ လူစု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး အင်အား အပြည့်အဝ ထုတ်ဖော်ကာ ခရမ်းရောင် ဓားအလင်းနှင့် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြောင့် အရှင်ချီယွင်နှင့် အဖွဲ့ဝင်များသည် လေထဲတွင် ပေတစ်ရာကျော်အထိ နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။

သူတို့က ကျီယွင်ဂိုဏ်း၏ အတွင်းပိုင်းကို စူးစိုက်ကြည့်လိုက်ကြသည်။

ထိုအခါ သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

အရှင်ချီယွင်သည် ဒဏ်ရာရထားခဲ့၍ ခွန်အားက အထွတ်အထိပ် ကာလ၏ ၃၀ ရာခိုင်နှုန်းအောက်သာ ရှိသည်။

သို့သော်လည်း ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရားများထက် များစွာ သာလွန်ဆဲ ဖြစ်၏။

နယ်မြေနတ်ဘုရား ကိုယ်တိုင် မလှုပ်ရှားမချင်း သူ့ကို နောက်ဆုတ်အောင် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ဆိုရလျှင် ကျီယွင်ဂိုဏ်းထဲတွင် နယ်မြေနတ်ဘုရား တစ်ပါး ပုန်းအောင်းနေဖွယ် ရှိသည်။

သို့သော် ကျီယွင်ဂိုဏ်း၏ နယ်မြေနတ်ဘုရား အသစ် ဖြစ်သည့် အရှင်စန်းယွင်သည် ချီလင်ဂိုဏ်း အပြင်ဘက်တွင် ကျန်းချန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရပြီ ဖြစ်သည်။

အရှင်ကျီယွင်သည်လည်း ဤအချိန်၌ ကျီလင်နယ်မြေတွင် ရှိမနေပေ။

သို့ဖြစ်ရာ ကျီယွင်ဂိုဏ်းတွင် နယ်မြေနတ်ဘုရား တစ်ပါး မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

"အရှင်ချီလင်.. မင်းက ကျီယွင်ဂိုဏ်းအထိ ရောက်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး.. ငါမင်းကို အထင်သေးမိသွားတာပဲ"

အရှင်ချီယွင်နှင့် အခြားသူများ ထိတ်လန့် တုန်လှုပ်နေချိန်တွင် ခရမ်းရောင်တိမ်တိုက် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျီယွင်ဂိုဏ်း၏ အတွင်းပိုင်းကနေ ထွက်လာပြီး လေထဲသို့ ရောက်ရှိလာခဲ့၏။

"အရှင်ကျီယွင်.. မင်း.. မင်းက ရှေးဟောင်းနဂါးကုန်းမြေမှာ မဟုတ်ဘူးလား"

အရှင်ချီလင်က ရောက်လာသူကို ကြည့်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

"ဂိုဏ်းချုပ်"

အရှင်ကျီယွင် ထွက်ပေါ်လာသည် နှင့်အမျှ စိတ်ပျက်အားငယ်နေသော ကျီယွင်ဂိုဏ်းမှ တပည့်များ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ရှေးဟောင်းနဂါး ကုန်းမြေသို့ ခရီးထွက်သွားခဲ့သည့် အရှင်ကျီယွင်က ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ပေါ်လာလိမ့်မည်ဟု ကျီယွင်ဂိုဏ်း၏ တပည့် တစ်ဦးတစ်ယောက်ကမျှ မထင်မှတ်ခဲ့ကြပေ။

သူတို့ ကျီယွင်ဂိုဏ်းသည် ယခုအခါ ကယ်တင်ခြင်း ခံရချေပြီ။

အရှင်ကျီယွင်က အေးစက်စက် ပြောလိုက်သည်။

"ချီလင်.. မင်းသာ မင်းရဲ့ ချီလင်ဂိုဏ်းထဲမှာ လိမ်လိမ်မာမာ ပုန်းအောင်းနေမယ် ဆိုရင် ငါ မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် မင်းက ကျီယွင်ဂိုဏ်းထိ ရောက်လာတယ် ဆိုတော့ အသက်မရှင်ချင်တော့ဘူး ထင်တယ်"

အရှင်ချီယွင်က အေးစက်စက် ပြုံးလိုက်သည်။

"ကျီယွင်...မင်း ဘာကြောင့် ကျီယွင်ဂိုဏ်းမှာ ရှိနေလဲဆိုတာ ငါ မသိပေမယ့် ဒီနေ့ ဘယ်သူ သေမလဲဆိုတာ မသိနိုင်သေးဘူး"

အရှင်ကျီယွင်၏ ခွန်အားသည် သူ၏ အထွတ်အထိပ် အခြေအနေထက် သိပ်မနိမ့်ကျလှပေ။

သူ၏ လက်ရှိ အခြေအနေတွင် အရှင်ကျီယွင်၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာ၏။

သို့သော် သူ့ဘက်တွင် နယ်မြေနတ်ဘုရားကိုပင် အနိုင်ယူနိုင်သည့် နတ်ဆိုးတစ်ပါး ရှိနေသေးသည်။

အရှင်ကျီယွင်ပင် ဖြစ်စေကာမူ ကျန်းချန်၏ ပြိုင်ဘက် မဟုတ်နိုင်ပေ။

ထိုအခိုက်အတန့်တွင် အရှင်ကျီယွင်သည် အရှင်ချီလင်ကို လျစ်လျူရှုလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေသည့် ကျန်းချန်ကို တိုက်ရိုက် ကြည့်လိုက်သည်။

"မင်းက ရှေးဟောင်းနဂါးကုန်းမြေက ပါရမီရှင် ကျန်းချန် မဟုတ်လား.. မင်း အခု နောက်ဆုတ်မယ်ဆိုရင် ငါ မင်းတို့ ရှေးဟောင်းနဂါးကုန်းမြေကို ဘယ်တော့မှ မတိုက်ခိုက်တော့ဘူးလို့ အာမခံတယ်.. ဘယ်လိုလဲ"

အရှင်ကျီယွင်၏ စကားများကို ကြားလိုက်ရလျှင် အရှင်ချီလင်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

ကျန်းချန်သာ ဆုတ်ခွာပြီး ကျီယွင်ဂိုဏ်းနှင့် ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးချယ်ခဲ့လျှင် ချီလင်ဂိုဏ်းသည် အန္တရာယ်ရှိလာနိုင်သည် မဟုတ်ပါလား။

ကျန်းချန်က အရှင်ကျီယွင်ကို အေးစက်စက် ကြည့်ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"ငါ ခန့်မှန်းတာ မမှားရင် မင်းက အရှင်ကျီယွင် ပျိုးထောင်ထားတဲ့ ကိုယ်ပွားသာသာပဲ.. အစစ်အမှန် အရှင်ကျီယွင်က ရှေးဟောင်းနဂါး ကုန်းမြေမှာပဲ ရှိနေတာ မဟုတ်လား"

ကျန်းချန်၏ စကားများကို ကြားလိုက်ရလျှင် အရှင်ချီလင်နှင့် အခြားသူများ၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ရှေ့မှ အရှင်ကျီယွင်သည် အမှန်တကယ်ပင် အရှင်ကျီယွင်၏ ကိုယ်ပွားမျှသာ ဖြစ်နေပါသလော။

"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တဲ့ မဟာကောင်းကင်နတ်ဘုရားတစ်ပါးလို့မပြောရဘူး.. အမြင်တကယ်ကို စူးရှတာပဲ"

အရှင်ကျီယွင်၏ မျက်ဝန်းများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

သူက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်၏။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ကျန်းချန်.. ငါက ကိုယ်ပွား ဖြစ်ပေမဲ့ မူလခန္ဓာနဲ့ ခွန်အား အတူတူနီးပါးပဲ.. ငါက ငါ့ရဲ့ မူလခန္ဓာ ကိုယ်စား မင်းနှင့် ညှိနှိုင်းဖို့ အရည်အချင်း အပြည့်အဝ ရှိတယ်"

"မင်းသာ အခု ထွက်သွားမယ်ဆိုရင် ငါက မင်းတို့ ရှေးဟောင်းနဂါးကုန်းမြေကို နောက်ထပ် မတိုက်ခိုက်တော့ဘူးလို့ ကတိပြုပါတယ်"

All Chapters