အခန်း (၁၉၄၁)
Vol. 135 Ch. 1941
“ကျီယွင်ဂိုဏ်းမှာ ချန်ထားတဲ့ ငါ့ရဲ့ကိုယ်ပွားက ပျက်စီးသွားခဲ့ပြီလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အရှင်ကျီယွင်၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူပျိုးထောင်ထားသည့် ကိုယ်ပွားတွင် လုံးဝ လွတ်လပ်သော အသိစိတ် ရှိသော်လည်း မူလခန္ဓာနှင့် ဆက်နွှယ်မှု ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ကိုယ်ပွား မတော်တဆမှုနှင့် ကြုံတွေ့ရသောအချိန်တွင် အရှင်ကျီယွင်၏ ခန္ဓာကိုယ်သည်လည်း သဘာဝကျစွာပင် ထိခိုက်ခံရပြီး ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့သည်။
သို့ရာတွင် အရှင်ကျီယွင်သည် ကျီယွင်ဂိုဏ်းတွင် ချန်ထားခဲ့သည့် သူ၏ ကိုယ်ပွားက မည်ကဲ့သို့ မတော်တဆဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်ကို နားမလည်နိုင်ခဲ့ပေ။
သိထားရမည့် အချက်မှာ ကျီယွင်ဂိုဏ်းကို ဦးဆောင်၍ ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ခြင်း မပြုမီ အရှင်ကျီယွင်သည် ကျီလင်နယ်မြေမှ ချီလင်ဂိုဏ်းကို အနိုင်ယူပြီး အရှင်ချီလင်ကိုပင် ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။
ဆိုရလျှင် ကျီလင်နယ်မြေတွင် ချီလင်ဂိုဏ်းသည် ယခင်ကလို သူတို့ ကျီယွင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။
ချီလင်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရှင်စန်းယွင်ကို ချန်ထားခဲ့သည့် အပြင် ကျီယွင်ဂိုဏ်းရှိ သူ့ကိုယ်ပွား၏ ခွန်အားကလည်း သူ့ထက် များစွာ မနိမ့်ကျပေ။
တစ်နည်းအားဖြင့် ကျီယွင်ဂိုဏ်းတွင် နယ်မြေနတ်ဘုရား နှစ်ပါး ရှိနေသည်ဟုပင် ဆို၍ရ၏။
ထိုအတွက်ကြောင့်လည်း အရှင်ကျီယွင်သည် တစ်စုံတစ်ဦးက ကျီယွင်ဂိုဏ်းကို ထိုးဖောက် ဝင်ရောက်ကာ ကျီယွင်ဂိုဏ်း၌ ကျန်ရစ်ခဲ့သော သူ၏ ကိုယ်ပွားကို သတ်ပစ်လိုက်သည်အား အမှန်တကယ် မယုံကြည်နိုင်ခဲ့ပေ။
“ဒါ ဘယ်သူ့လက်ချက်လဲ”
အရှင်ကျီယွင်က ဒေါသအိုး ပေါက်ကွဲနေခဲ့ပြီး မျက်ဝန်းများတွင် အေးစက်စက် အလင်းတန်းတစ်ခုပင် ဖြစ်ပေါ်နေခဲ့သည်။
ကျီယွင်ဂိုဏ်းကို တိုက်ခိုက်ပြီး သူပျိုးထောင်ထားသည့် ကိုယ်ပွားအား သတ်ဖြတ်ရဲလျှင် မည်သူပင် ဖြစ်နေပါစေ၊ သူက တစ်ဖက်လူအား ကြီးလေးသောအဖိုးအခ ပေးဆပ်စေမည်ဖြစ်သည်။
“သွေးလ.. ကျီယွင်ဂိုဏ်းမှ ပြဿနာဖြစ်သွားပြီ.. ငါကျီလင်နယ်မြေကို ချက်ချင်းပြန်မှဖြစ်မယ်”
ကျီယွင်ဂိုဏ်းတွင် မတော်တဆမှု ဖြစ်ပွားခဲ့ရာ အရှင်ကျီယွင်သည် ရှေးဟောင်းနဂါးကုန်းမြေကို ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူက အရှင်သွေးလကို ပြောဆိုပြီးသည်နှင့် ကျီယွင်ဂိုဏ်းမှ သူ၏ နောက်လိုက်နောက်ပါများနှင့်အတူ ဆုတ်ခွာရန် အသင့်ပြင်လိုက်သည်။
အရှင်ကျီယွင်၏ စကားကိုကြားလျှင် အရှင်သွေးလ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။
ယခုတိုက်ပွဲတွင် သူက ရှေးဟောင်းနဂါး ကုန်းမြေ၏ နယ်မြေနတ်ဘုရားအသစ် ဖြစ်သော ဖန်းချင်းယွမ်ကို လုံးဝ အသာစီး ယူထားနိုင်ခဲ့ပြီ ဖြစ်သည်။
အချိန်အနည်းငယ်သာ ထပ်ရလျှင် သူက ဖန်းချင်းယွမ်ကို သေချာပေါက် သတ်ပစ်နိုင်လိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူနှင့် အရှင်ကျီယွင်တို့ ပူးပေါင်းကာ အရှင်ကုလုံကို တိုက်ခိုက်နိုင်မည် ဖြစ်ပြီး အရှင်ကုလုံသည်လည်း သံသယဝင်စရာမရှိ သေချာပေါက် ရှုံးနိမ့်ရလိမ့်မည်ဖြစ်၏။
ရှေးဟောင်းနဂါးကုန်းမြေ၏ နယ်မြေနတ်ဘုရား နှစ်ပါးကို အနိုင်ယူပြီး ရှေးဟောင်းနဂါးကုန်းမြေကို သိမ်းပိုက်ရန် အတော်လေး နီးစပ်သည့် အနေအထားကို ရောက်ရှိနေပြီးမှ အရှင်ကျီယွင်သည် ရုတ်တရက် ဆုတ်ခွာရန် ရွေးချယ်လိုက်ရာ အရှင်သွေးလသည် စိတ်ထဲတွင် မည်ကဲ့သို့ ကျေနပ်နိုင်ပါမည်နည်း။
သို့သော်လည်း သူ မည်သို့ပင် စိတ်မပါစေကာမူ ဒဏ်ရာအပြင်းအထန် ရရှိနေသည့် ဖန်းချင်းယွမ်ကို လျစ်လျူရှုကာ အရှင်ကျီယွင် နှင့် အတူ အလျင်အမြန် ဆုတ်ခွာခဲ့ရသည်။
အကြောင်းရင်းမှာ သူ၏ ခွန်အား တစ်ခုတည်းဖြင့် ရှေးဟောင်းနဂါး ကုန်းမြေနှင့် ယှဥ်ပြိုင်ရန် မဖြစ်နိုင်သောကြောင့်ပင်။
“ဒါက ဘာတွေဖြစ်နေတာလဲ”
အလျင်အမြန် ဆုတ်ခွာသွားသော အရှင်ကျီယွင်တို့ တပ်ဖွဲ့ကို ကြည့်ရင်း ဖန်းချင်းယွမ်၏ ဖြူဖျော့နေသော မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနဂါး ကုန်းမြေကို ကျီယွင်ဂိုဏ်းက ကျူးကျော်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ ဖန်းချင်းယွမ်သည် အရှင်သွေးလနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်းတွင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
ဤတစ်ကြိမ်တိုက်ပွဲတွင်မူ အရှင်သွေးလ၏ အစွမ်းထက်လှသော တိုက်ကွက်များအား ဒဏ်ရာအပြင်းအထန် ရရှိထားသော ဖန်းချင်းယွမ်သည် ယှဥ်ပြိုင််နိုင်ခြင်း မရှိတော့ပေ။
သူ ကျဆုံးလုနီးပါး ဖြစ်နေချိန်မှာပင် အရှင်ကျီယွင်တို့ လူစုသည် ရုတ်တရက် ဆုတ်ခွာသွားခဲ့ကြ၏။
ယင်းမှာ မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။
“ကျီယွင်ဂိုဏ်းမှာ အရေးပေါ်ကိစ္စ တစ်ခုခု ဖြစ်နေပုံရတယ်”
အရှင်ကုလုံ၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။
သူက လေးနက်သော လေသံဖြင့် ပြောလိုက်၏။
“ချင်းယွမ်.. မင်း ရှေးဟောင်းနဂါးကုန်းမြေကို စောင့်ရှောက်ထားလိုက်.. ငါကိုယ်တိုင် ကျီလင်နယ်မြေကို သွားပြီး ဒီကိစ္စကို စုံစမ်းကြည့်မယ်”
“ကျီလင်နယ်မြေကို သွားမလို့လား”
ဖန်းချင်းယွမ်၏ မျက်နှာ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ကျီလင်နယ်မြေသည် ကျီယွင်ဂိုဏ်း အခြေချထားသည့် ဌာနချုပ် နေရာဖြစ်ပြီး ကျီယွင်ဂိုဏ်းတွင် ယခု မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့မသိပေ။
အကယ်၍သာ ဤသည်က ရန်သူကို မျှားခေါ်သော ပရိယာယ်ဖြစ်နေခဲ့လျှင် အရှင်ကုလုံသည် အခက်တွေ့နိုင်သည် မဟုတ်ပါလော။
အရှင်ကုလုံ တစ်စုံတစ်ရာ ဖြစ်သည်နှင့် ရှေးဟောင်းနဂါးကုန်းမြေ၏ နောက်ဆက်တွဲ ပြဿနာများမှာ အလွန်တရာဆိုးရွားသွားပေလိမ့်မည်။
အရှင်ကုလုံက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”
အရှင်ကျီယွင် အပေါ် သူ၏ နားလည်မှုအရ ဤကိစ္စက ပရိယာယ် မဟုတ်ကြောင်း အရှင်ကုလုံ ခံစားမိခဲ့သည်။
ထို့အပြင် အရှင်ကျီယွင် တို့သည် ဤတိုက်ပွဲတွင် အပြတ်အသတ် အသာစီး ရနေခဲ့၏။
သူတို့နှင့် ထိပ်တိုက် ရင်ဆိုင်လျှင်ပင် သူတို့ကို လုံးဝ အနိုင်ယူနိုင်စွမ်း ရှိပြီး ပရိယာယ် သုံးရန်ပင် မလိုအပ်ပေ။
ထိုအကြောင်းကြောင့်ပင် အရှင်ကုလုံသည် ကျီယွင်ဂိုဏ်းတွင် ကမ္ဘာမြေကိုပင် တုန်လှုပ်စေလောက်မည့် အပြောင်းအလဲ တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းနဂါးကုန်းမြေအား တိုက်ခိုက်ခြင်းကိုပင် စွန့်လွှတ်ရခြင်း ဖြစ်နိုင်သည်ဟု အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့သည်။
ထို့ကြောင့် အရှင်ကုလုံသည် သဘာဝကျစွာပင် ချီလင်နယ်မြေသို့ သွားရောက်စုံစမ်းရန် ဆုံးဖြတ်ခဲ့၏။
ယခုအခါတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ကျီယွင်ဂိုဏ်းတို့သည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြ၏။
ကျီယွင်ဂိုဏ်းတွင်သာ သူ ခန့်မှန်းထားသလို တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် အရှင်ကုလုံသည် ယင်းကို အခွင့်ကောင်းယူ၍ ကျီယွင်ဂိုဏ်းကို ပြင်းထန်သော ထိုးနှက်ချက် တစ်ခု ပေးမည်ဖြစ်၏။
ထိုသို့ မဟုတ်လျှင် ကျီယွင်ဂိုဏ်းသည် အခြေအနေ ပြန်ကောင်းလာသည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းနဂါး ကုန်းမြေကို သေချာပေါက် ထပ်မံ တိုက်ခိုက်လာလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် ယနေ့လို ကံကောင်းမှုမျိုး သူတို့ ရရှိနိုင်တော့မည် မဟုတ်ပေ။
ဖန်းချင်းယွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“သွားမယ် ဆိုမှတော့ ငါလည်း အတူလိုက်ခဲ့ပါ့မယ်.. အဲဒါမှ အချင်းချင်း အပြန်အလှန် ဂရုစိုက်ပေးနိုင်လိမ့်မယ်”
“မဖြစ်ဘူး မင်းရဲ့ လက်ရှိအခြေအနေက သိပ်မကောင်းဘူး.. ဒီမှာပဲနေပြီး ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသပါ.. ငါတစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်”
အရှင်ကုလုံက ခေါင်းခါရမ်းလိုက်ပြီး ဖန်းချင်းယွမ်၏ တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ ချက်ချင်းဆိုသလိုပင် ခြေလှမ်းလှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် ဖန်းချင်းယွမ်၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ကျီလင်နယ်မြေရှိ ကျီယွင်ဂိုဏ်းတွင် ကျန်းချန်သည် အရှင်ကျီယွင်၏ ကိုယ်ပွားကို သတ်ပစ်လိုက်ပြီးနောက်တွင် ကျီယွင်ဂိုဏ်း၌ ခုခံနိုင်စွမ်း တစ်စုံတစ်ရာ မရှိတော့ပေ။
ထို့ကြောင့် အရှင်ချီလင်တို့ လူစုသည် ကျီယွင်ဂိုဏ်းမှ ဂိုဏ်းသားများကို အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်ခဲ့ကြသည်။
ထိုတိုက်ပွဲတွင် ကျီယွင်ဂိုဏ်း၏ တပည့်များစွာ သေဆုံးသွားခဲ့ပြီး အနည်းငယ်မျှသာ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။
မကြာမီမှာပင် ကျီယွင်ဂိုဏ်း၏ ကြီးမားသော ဌာနချုပ်၌ ကျီယွင်ဂိုဏ်း၏ တပည့် တစ်ဦးတစ်လေမှ မရှိတော့ပေ။
ကျီယွင်ဂိုဏ်းကို ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်သည် ကျီယွင်ဂိုဏ်း၏ အရင်းအမြစ်များကို စုဆောင်းလိုက်ပြီး ကျီယွင်ဂိုဏ်း၏ ဌာနချုပ်မှာပင် ယာယီ နေထိုင်ခဲ့သည်။
ဤတစ်ကြိမ် သူက ရှေးဟောင်းနဂါး ကုန်းမြေသို့ ပြန်လာသော်လည်း အချိန်ကြာကြာ နေနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရှေးဟောင်းနဂါး ကုန်းမြေကို စိုးရိမ်ပူပန်မှုများကနေ ကင်းဝေးစေလိုလျှင် အကောင်းဆုံးနည်းလမ်းမှာ အရှင်ကျီယွင်နှင့် အရှင်သွေးလ တို့ကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။
အရှင်ကျီယွင်၏ ကိုယ်ပွားကို သတ်ဖြတ်ပြီးနောက်တွင် အရှင်ကျီယွင်၏ မူလခန္ဓာကိုယ်က ခံစားသိရှိသွားမည်ကို ကျန်းချန်ကောင်းစွာ သိထားခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ကျီယွင်ဂိုဏ်း၏ ဌာနချုပ်တွင် နေထိုင်ကာ အရှင်ကျီယွင် လာရောက်မည်ကို စောင့်ဆိုင်းနေခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်၏ စောင့်ဆိုင်းမှုအောက်တွင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ကျီယွင်ဂိုဏ်း၏ ခန်းမကြီးတစ်ခု ထဲတွင် ကျန်းချန်သည် မျက်လုံးများကို မှိတ်ထားပြီး တင်ပျဥ်ခွေထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။
ရုတ်တရက် အစွမ်းထက် အရှိန်အဝါများကို ထုတ်လွှတ်နေသော နယ်မြေနတ်ဘုရား နှစ်ပါးသည် ကျီယွင်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ပေါ်ပေါက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် အလွန်အမင်း ဒေါသစိတ်များ လွှမ်းမိုးနေသည့် အေးစက်စက် အသံတစ်သံသည် ကျီယွင်ဂိုဏ်း၏ အထက် ကောင်းကင်ယံကနေ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
“ငါ့ရဲ့ကျီယွင်ဂိုဏ်းကို ဖျက်ဆီးရဲတာ ဘယ်သူလဲ.. သတ္တိရှိရင် ထွက်လာခဲ့စမ်း”
ကျန်းချန်၏ မှိတ်ထားသော မျက်ဝန်းများက ရုတ်တရက် ပွင့်လာခဲ့ပြီး သူ၏ စူးရှသော အကြည့်သည် ခန်းမကို တိုက်ရိုက်ထိုးဖောက်ကာ လေထုထဲရှိ နယ်မြေနတ်ဘုရား နှစ်ပါး ဆီသို့ ရောက်ရှိသွားခဲ့သည်။
နယ်မြေနတ်ဘုရား နှစ်ပါး အနက် တစ်ပါးသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ဖြစ်ပြီး အရှင်ကျီယွင်၏ ကိုယ်ပွားနှင့် ၁၀ပုံ ၉ပုံ နီးပါး ဆင်တူနေခဲ့သည်။
ထိုပုဂ္ဂိုလ်က အရှင်ကျီယွင်၏ မူလခန္ဓာကိုယ် ဖြစ်သည်မှာ မေးခွန်းထုတ်နေစရာပင် မလိုအပ်ပေ။
ကျန်ရှိနေသော သွေးရောင်ဝတ်စုံဝတ် အမျိုးသားကမူ ကျန်းချန်နှင့် မစိမ်းချေ။
ထိုလူက အရှင်သွေးလပင် ဖြစ်၏။
အရှင်ကျီယွင်က သူ၏ ကိုယ်ပွား အသတ်ခံရသည်ကို အာရုံခံမိပြီးနောက်တွင် ကျန်းချန် မျှော်လင့်ထားသည့် အတိုင်း ကျီယွင်ဂိုဏ်း၏ ဌာနချုပ် ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“နောက်ဆုံးတော့ ရောက်လာကြပြီပေါ့”
လေထုထဲရှိ နယ်မြေနတ်ဘုရား နှစ်ပါးကို မြင်လျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
မကြာမီမှာပင် သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ လေထုအထက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
သူက မျက်နှာချင်းဆိုင်ရှိ အရှင်ကျီယွင်နှင့် အရှင်သွေးလ တို့ကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။
“ကျီယွင်နဲ့ သွေးလ.. မင်းတို့ကို ငါစောင့်နေတာကြာပြီ”
ဤအချိန်တွင် အရှင်ကျီယွင်သည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။
“ကောင်လေး.. ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးပြီး ငါ့ရဲ့ကျီယွင်ဂိုဏ်းကို ချေမှုန်းခဲ့တာ မင်းလား”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ကျုပ်ပဲ”
“ကျန်းချန် လက်စသတ်တော့ မင်းဖြစ်နေတာကိုး”
ဤအချိန်တွင် အရှင်ကျီယွင်၏ နံဘေးရှိ အရှင်သွေးလသည် ကျန်းချန်ကို စူးစိုက်ကြည့်ကာ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်နှင့် ပတ်သက်၍ အရှင်သွေးလသည် လုံးဝ အထင်မသေးရဲပေ။
သွေးလမင်း ကုန်းမြေနှင့် ရှေးဟောင်းနဂါး ကုန်းမြေ တိုက်ခိုက်စဥ်က သွေးလမင်း ကုန်းမြေသည် အမြဲတစေ အပြတ်အသတ် အသာစီးရခဲ့သည်။
သို့သော်လည်း ကျန်းချန် ထွက်ပေါ်လာပြီးနောက်တွင် သွေးလမင်း ကုန်းမြေသည် အကြိမ်ကြိမ် ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။
သွေးလမင်း ကုန်းမြေနှင့်ရှေးဟောင်းနဂါး ကုန်းမြေတို့၏ နယ်မြေစစ်ပွဲတွင် စစ်ပွဲ၏ အခြေအနေကို လုံးဝ ပြောင်းပြန်လှန်ခဲ့သည်မှာလည်း ကျန်းချန်ပင် ဖြစ်သည်။
ဆိုရလျှင် သွေးလမင်းကုန်းမြေ ကျဆုံးရခြင်း၏ အဓိကလက်သည် တရားခံမှာ ကျန်းချန် ဖြစ်သည်။
ဤတစ်ကြိမ်တွင် အရှင်သွေးလသည် အရှင်ကျီယွင်နှင့်ပူးပေါင်းကာ ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ခဲ့သည်။
အရှင်သွေးလက ကျန်းချန်၏ သဲလွန်စကို ရှာမတွေ့ခဲ့၍ ရှေးဟောင်းနဂါး ကုန်းမြေကနေ ကျန်းချန် ထွက်ခွာသွားပြီဟု ထင်ခဲ့သည်။
သို့သော်လည်း အရေးပါသော အခိုက်အတန့်တွင် ကျန်းချန်က ပေါ်လာခဲ့ပြီး ကျီယွင်ဂိုဏ်းကို ချေမှုန်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အရှင်သွေးလသည် ကျီယွင်ဂိုဏ်း၌ အချိန်အတော်ကြာ နေထိုင်ခဲ့၍ ကျီယွင်ဂိုဏ်း၏ ခွန်အားကို ကောင်းစွာ သိရှိထားခဲ့သည်။
သူတို့က ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရန် သွားရောက်ခဲ့ပြီး အရှင်စန်းယွင်က ချီလင်ဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ရန် တာဝန်ယူထားခဲ့သည်။
သို့တိုင် ကျီယွင်ဂိုဏ်းကို သိမ်းပိုက်ရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။
အကြောင်းရင်းမှာ ကျီယွင်ဂိုဏ်းတွင် နယ်မြေနတ်ဘုရားပင်လျှင် ထိုးဖောက်ရန် ခက်ခဲသည့် ဂိုဏ်းကာကွယ်ရေး အစီအရင် ရှိနေသည့်အပြင် အရှင်ကျီယွင်၏ ကိုယ်ပွားတစ်ဦးကလည်း စောင့်ကြပ်နေသောကြောင့်ပင်။
အရှင်ကျီယွင်၏ ကိုယ်ပွားသည် ချို့ယွင်းချက် တချို့ ရှိသောကြောင့် ကျီယွင်ဂိုဏ်းကနေ မထွက်ခွာနိုင်သော်လည်း နယ်မြေနတ်ဘုရား၏ ခွန်အား အစစ်အမှန်ကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ကျန်းချန်က အရှင်ကျီယွင်၏ ကိုယ်ပွားကို သတ်ဖြတ်ကာ ကျီယွင်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့ခြင်းသည် နယ်မြေနတ်ဘုရား တစ်ပါးကိုပင် သတ်ပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ယခင် နယ်မြေစစ်ပွဲတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံခြင်းဖြင့်ပင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သွေးအဆိပ် အဘိုးအိုကို ယှဥ်ပြိုင်နိုင်ခဲ့သည်။
မမျှော်လင့်ဘဲ ကျန်းချန်သည် နှစ်အနည်းငယ် အတွင်း နယ်မြေနတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်လောက်သော အဆင့်အထိ တိုးတက်လာခဲ့၏။
ထိုအကြောင်းကို တွေးမိလျှင် အရှင်သွေးလသည် ခေါင်းကိုက်လာသလိုပင် ခံစားလာခဲ့ရသည်။
“ဒီကောင်က တကယ့်နတ်ဆိုးပဲ”
“ကျန်းချန် ဟုတ်လား”
အရှင်ကျီယွင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းက ရှေးဟောင်းနဂါး ကုန်းမြေက ကျန်းချန်လား”
အရှင်သွေးလက ကျီယွင်ဂိုဏ်းသို့ ထွက်ပြေးလာချိန်မှစ၍ အရှင်ကျီယွင်သည် အရှင်သွေးလထံမှ ထိုအမည်ကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သည်။
ယခင်က အရှင်ကျီယွင်သည် အရှင်သွေးလ အနည်းငယ် ချဲ့ကား ပြောဆိုခဲ့သည်ဟု ထင်မှတ်ခဲ့၏။
ယခု ကျန်းချန်ကို သူကိုယ်တိုင် မြင်တွေ့ရသောအခါ အရှင်ကျီယွင်သည် ထိုကောင်လေးက အရှင်သွေးလ ပြောဆိုသည်ထက်ပင် များစွာပို၍ သန်မာနေကြောင်း သတိပြုမိခဲ့သည်။