← Chapters

အခန်း (၁၉၄၂)

Vol. 135 Ch. 1942

အခန်း (၁၉၄၂)

Vol. 135 Ch. 1942

“ကျန်းချန် မင်းက ငါ့ရဲ့ကိုယ်ပွားကို သတ်ဖြတ်နိုင်တယ်ဆိုတော့ ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာတဲ့ပုံပဲ.. ဒါပေမဲ့ မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာတာနဲ့ပဲ မင်းစိတ်ကြိုက် ရမ်းကားလို့ ရမယ်လို့ မထင်လိုက်နဲ့.. မင်းက မဟာကောင်းကင် နတ်ဘုရား ဖြစ်နေခဲ့ရင်တောင် ငါ့ရှေ့မှာ ရမ်းကားဖို့ အရည်အချင်း မပြည့်မီဘူး ဆိုတာ ငါမင်းကို ပြသပေးမယ်”

အရှင်ကျီယွင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

မိုင်ထောင်ချီ ရှည်လျားသော ခရမ်းရောင် မိုးကြိုးစာလိပ်သည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုခရမ်းရောင်မိုးကြိုး စာလိပ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်မိုးကြိုး သင်္ကေတများကို ရေးဆွဲထား၏။

ခရမ်းရောင်မိုးကြိုး သင်္ကေတတိုင်းတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ အပေါ် အလွယ်တကူ သတ်ဖြတ်နိုင်သော နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်စွမ်းအား ပါဝင်နေခဲ့သည်။

ခရမ်းရောင်မိုးကြိုး စာလိပ်ပေါ်တွင် ထိုကဲ့သို့ မိုးကြိုးသင်္ကေတ ရာပေါင်းများစွာ ရှိနေခဲ့ပြီး အဆုံးမဲ့ တောက်ပသော ခရမ်းရောင် မိုးကြိုးအလင်းများလည်း ထွက်ပေါ်နေခဲ့သည်။

ဤခရမ်းရောင် မိုးကြိုးစာလိပ်သည် အရှင်ကျီယွင်၏ သိုင်းစွမ်းအားပုံရိပ် ဖြစ်သည်။

အရှင်ကျီယွင်က နယ်မြေနတ်ဘုရား အဆင့် နည်းစနစ်ကိုသာ ကျင့်ကြံထားသော်လည်း ထိုနည်းစနစ်သည် အလွန်တရာရှားပါးသော မိုးကြိုးနည်းစနစ်တစ်ခု ဖြစ်သည်။

သူ၏ သိုင်းစွမ်းအားပုံရိပ်တွင် မိုးကြိုးသင်္ကေတ ပိုမို များပြားလာသည်နှင့်အမျှ အရှင်ကျီယွင်သည် စွမ်းအားများကို ပိုမိုရရှိလာမည် ဖြစ်၏။

အကယ်၍သာ သူ၏ သိုင်းစွမ်းအားပုံရိပ်က အဆုံးစွန်အထိ ရောက်ရှိသွားပြီး မိုးကြိုးသင်္ကေတ ထောင်ချီ စုစည်းမိခဲ့လျှင် သူ၏ တိုက်ခိုက်မှုသည် ကမ္ဘာကြီးကိုပင် တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်လိမ့်မည် ဖြစ်သည်။

“သွားသေလိုက်တော့”

အရှင်ကျီယွင်က သိုင်းစွမ်းအားပုံရိပ်ကို အစွမ်းကုန် လှုံ့ဆော်ပြီးနောက်တွင် အေးစက်စက် ရေရွတ်လိုက်သည်။

ခရမ်းရောင် မိုးကြိုးစာလိပ်ပေါ်မှ မိုးကြိုးသင်္ကေတ ရာပေါင်းများစွာသည် တစ်ပြိုင်နက် တောက်ပလာခဲ့ပြီးနောက်တွင် ခရမ်းရောင် မိုးကြိုးစာလိပ်သည် ကျန်းချန်ဆီသို့ ဆင်းသက်လာခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ စွမ်းအားကို သယ်ဆောင်လာသော ခရမ်းရောင် မိုးကြိုးစာလိပ်သည် ပဲပြားကို လှီးဖြတ်လိုက်သကဲ့သို့ မမြင်နိုင်သော ဓားစွမ်းအင်ဖြင့် ပိုင်းဖြတ်ခံလိုက်ရ၏။

ကျန်းချန်က တစ်ကွက်တည်းဖြင့်ပင် ခရမ်းရောင်မိုးကြိုးစာလိပ်ကို ချေမှုန်းပစ်လိုက်သည်။

ဓားစွမ်းအင်က ခရမ်းရောင် မိုးကြိုးစာလိပ်ကို ပိုင်းဖြတ်ပြီးနောက်တွင် အရှင်ကျီယွင် ဆီသို့ ဆက်လက် သက်ရောက်သွားခဲ့သည်။

“ဖူး..”

အရှင်ကျီယွင်၏ ခန္ဓာကိုယ်မှ စွမ်းအားများက ဗြောင်းဆန်သွားခဲ့ပြီး အရှင်ကျီယွင်သည် ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

“ဒါ ဒါ လုံးဝမဖြစ်နိုင်ဘူး.. မဟာကောင်းကင် နတ်ဘုရားတစ်ပါးက ဒီလောက် ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

အရှင်ကျီယွင်က သူ၏ နှုတ်ခမ်းမှ သွေးများကို သုတ်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

အရှင်ကျီယွင်သည် သူ၏ ကိုယ်ပွားခွန်အားကို ကောင်းစွာ နားလည်ထားခဲ့သည်။

သူ၏ ကိုယ်ပွားတွင် ချို့ယွင်းချက်တချို့ ရှိ၍ မူလခန္ဓာကိုယ်နှင့် နှိုင်းယှဥ်၍ မရသော်လည်း အရမ်းကြီး မနိမ့်ကျပေ။

ကျန်းချန်က သူ၏ ကိုယ်ပွားကိုပင် သတ်ဖြတ်နိုင်သည်ဖြစ်ရာ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်မှာ သေချာသလောက် ဖြစ်၏။

ထို့ကြောင့်လည်း အရှင်ကျီယွင်က ကျန်းချန်ကို စတင်တိုက်ခိုက်သည်နှင့် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူ၏ သိုင်းစွမ်းအားပုံရိပ်ဖြင့် တိုက်ခိုက်မှုသည် ကျန်းချန်၏ ပေါ့ပါးသော တိုက်ခိုက်မှုဖြင့် ချေမှုန်းခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်ဟု အရှင်ကျီယွင် မမျှော်လင့်ခဲ့ပေ။

နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော နယ်မြေ နတ်ဘုရားတစ်ပါး အနေဖြင့် အရှင်ကျီယွင်သည် နတ်ဘုရားနယ်မြေ အနှံ့ ခရီးထွက်ခဲ့ဖူးပြီး ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော မဟာကောင်းကင်နတ်ဘုရား တချို့ကို မြင်တွေ့ဖူးခဲ့သည်။

ထိုမဟာကောင်းကင် နတ်ဘုရားများသည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းအား ရှိပြီး နယ်မြေနတ်ဘုရားများကိုပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိ၏။

သို့သော်လည်း ကျန်းချန် ကဲ့သို့ နယ်မြေနတ်ဘုရားများကို အလွယ်တကူ အသာစီး တိုက်ခိုက်နိုင်သည့် မဟာကောင်းကင်နတ်ဘုရား တစ်ပါးမှ သူ မတွေ့ခဲ့ဖူးပေ။

“ငါက မဟာကောင်းကင် နတ်ဘုရားလို့ မင်းကို ဘယ်သူပြောလဲ”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်စက်ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး.. ငါက မဟာကောင်းကင်နတ်ဘုရားအဆင့် မဟုတ်တော့ဘူး”

ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ကျီယွင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မဟာကောင်းကင်နတ်ဘုရားအဆင့် မဟုတ်တော့ဘူး ဆိုတော့ ဒီကောင်က မဟာကောင်းကင်နတ်ဘုရား အဆင့် အထက်က အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်နေခဲ့တာများလား"

"ဖြစ်နိုင်တယ်.. မဟာကောင်းကင် နတ်ဘုရားက နယ်မြေနတ်ဘုရားတွေနဲ့ ယှဥ်နိုင်စွမ်းရှိပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရားကတော့ နယ်မြေနတ်ဘုရားတွေကို အသာအယာသတ်ပစ်နိုင်တယ်.. မဟာကောင်းကင် နတ်ဘုရားအဆင့်အထက်က အထွတ်အထိပ် ကောင်းကင်နတ်ဘုရားကပဲ ကျီယွင်ဂိုဏ်းမှာ ကျန်ရှိတဲ့ ငါ့ရဲ့ ကိုယ်ပွားကို သတ်ပစ်နိုင်တဲ့ စွမ်းရည်ရှိမှာ အမှန်ပဲ”

ထိုသို့ တွေးမိသည်နှင့် အရှင်ကျီယွင်သည် သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အရှင်သွေးလကို အော်ဟစ်လိုက်သည်။

“သွေးလ ရပ်ကြည့်မနေနဲ့.. ငါနဲ့ပူးပေါင်းပြီး ဒီကောင်လေးကို အမြန်တိုက်တော့.. မဟုတ်ရင် ဒီနေ့ မင်းနဲ့ငါ သေရလိမ့်မယ်”

အရှင်ကျီယွင်၏ စကားကို ကြားသည်နှင့် အရှင်သွေးလက ချက်ချင်းဆိုသလိုပင် အရှင်ကျီယွင်၏ နံဘေးသို့ ရောက်ရှိလာခဲ့သည်။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများသည် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် ဒဏ္ဍာရီဆန်သော တည်ရှိမှုများ ဖြစ်သည်။

အရှင်သွေးလက အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကို တစ်ခါမှ မမြင်ဖူးသော်လည်း အထွတ်အထိပ် ကောင်းကင်နတ်ဘုရားသည် နယ်မြေနတ်ဘုရားကို အလွယ်တကူ သတ်ပစ်နိုင်သည် ဟူသော စကားအား အခြေခံကာ မည်မျှအစွမ်းထက်မည်ကို မှန်းဆနိုင်ခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် အရှင်ကျီယွင်နှင့် ပူးပေါင်းရုံသာ တတ်နိုင်တော့သည်။

သို့မဟုတ်လျှင် ယနေ့တွင် သူတို့နှစ်ယောက်သည် အမှန်တကယ်ကျဆုံးမည့် အန္တရာယ်ရှိနိုင်သည် မဟုတ်ပါလား။

“မိတ်ဆွေလေးကျန်းချန်.. ငါမင်းကို ကူညီပေးမယ်”

ဤအခိုက်အတန့်တွင် အရှင်ချီလင်၏ ပုံရိပ်သည် အောက်ဘက်ကနေ ချက်ချင်းဆိုသလို ကျန်းချန် ဆီသို့ ရောက်ရှိလာခဲ့သည်။

ယခုအခါတွင် သူနှင့် ကျန်းချန်သည် တစ်လှေတည်းစီးများ ဖြစ်ကြသည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထူးခြားသော်လည်း နယ်မြေနတ်ဘုရားနှစ်ပါး ဖြစ်သည့် အရှင်ကျီယွင်နှင့် အရှင်သွေးလကို နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရန်မှာမူ လွယ်ကူသောအလုပ် မဟုတ်ပေ။

ကျန်းချန်သာ ရှုံးနိမ့်သွားခဲ့လျှင် သူနှင့် ချီလင်ဂိုဏ်း၏ ကံကြမ္မာသည် အလွန်တရာ ဆိုးရွားသွားလိမ့်မည် ဖြစ်၏။

ထို့ကြောင့်လည်း အရှင်ချီလင်က သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကိုပင် ထည့်မတွက်နိုင်တော့ဘဲ ကျန်းချန်ကို ကူညီရန် ရောက်လာခဲ့ခြင်းပင်။

“အရှင်ချီလင်”

အရှင်ချီလင်က ကျန်းချန်ကို ကူညီရန် ရောက်ရှိလာသည်ကိုမြင်လျှင် အရှင်ကျီယွင်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

ရှေးဟောင်းနဂါး ကုန်းမြေသို့ စစ်မချီမီ သူက အရှင်သွေးလနှင့် ပူးပေါင်းကာ အရှင်ချီလင်ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

ယင်းနောက်တွင် သူက အရှင်သွေးလ နှင့် အတူ ရှေးဟောင်းနဂါးကုန်းမြေ ဆီသို့ စစ်ချီသွားခဲ့ပြီး အရှင်စန်းယွင်ကို ချန်ရစ်ကာ ချီလင်ဂိုဏ်းအား ဝိုင်းရံထားစေခဲ့သည်။

ထိုအချိန်က အရှင်ချီလင်နှင့် ချီလင်ဂိုဏ်းမှ တပည့်များသည် ဂိုဏ်းအတွင်း၌သာ ပုန်းအောင်းနေခဲ့ရပြီး ဂိုဏ်း၏ ကာကွယ်‌ရေး အစီအရင်ကိုပင် အသုံးပြုခဲ့ရသည်။

ယခုအခါတွင်မူ အရှင်ချီလင်သည် ကျီယွင်ဂိုဏ်းတွင် ပေါ်လာခဲ့၏။

ထို့ကြောင့် အရှင်စန်းယွင် ကံဆိုးမိုးမှောင်ကျသွားသည်မှာ တွေးနေစရာပင် မလိုအပ်တော့ပေ။

“ချီလင်.. နောက်ဆုတ်လိုက်ပါ.. သူတို့လို အဆင့်နိမ့် နယ်မြေနတ်ဘုရားနှစ်ပါးက ငါ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် ကောင်းကင်မီးနတ်ဓားသည် လေထဲကနေ သူ၏ လက်ထဲသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။

မဟာမြေရိုင်းနယ်မြေတွင် ကျန်းချန်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရားများထဲတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည့် အဖြူ၊အနက် အရှင်နှစ်ပါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ကြောက်ရွံ့မှု တစိုးတစိမျှ မရှိခဲ့ပေ။

အရှင်ကျီယွင်နှင့် အရှင်သွေးလ တို့သည် နယ်မြေနတ်ဘုရားများ ဖြစ်သော်လည်း အဖြူ၊အနက် အရှင်နှစ်ပါးနှင့် နှိုင်းယှဥ်လျှင် များစွာ နိမ့်ကျနေခဲ့ရာ သူ့ကို မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း။

ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားချက်ကိုမြင်လျှင် အရှင်ကျီယွင်နှင့် အရှင်သွေးလ တို့၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့သည်။

သူတို့နှစ်ဦးစလုံးက နယ်မြေနတ်ဘုရား၏ မူလဇာစ်မြစ်စွမ်းအားကို လှုံ့ဆော်ကာ ကျန်းချန်၏ ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..ဝုန်း..”

ကောင်းကင်ကိုပင် တုန်လှုပ်စေလောက်သော ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ အရှင်ကျီယွင်တို့ နှစ်ဦးစလုံးသည် မီတာရာချီ အကွာအဝေး အထိ နောက်ဆုတ်သွားခဲ့ရသည်။

သို့သော်လည်း သူတို့၏ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာမထိန်းချုပ်နိုင်မီမှာပင် တောက်ပသော ဓားအလင်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ထိုးဖောက်ကာ ထပ်မံသက်‌ရောက်လာခဲ့သည်။

အရှင်ကျီယွင်တို့ နှစ်ဦးစလုံးက ၎င်းတို့၏ စွမ်းအားများကို အကန့်အသတ် အထိ ထုတ်ဖော်ကာ နယ်မြေနတ်ဘုရား မူလကမ္ဘာကို ထုတ်ဖော်လိုက်ပြီး ကျန်းချန်၏ ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သော ဓားအလင်းကို ရင်ဆိုင်လိုက်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ကျန်းချန်သည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ခဲ့ပြီး သူ၏ ကမ္ဘာ့စွမ်းအား ၈မျိုးကို အစွမ်းကုန် လှုံ့ဆော်ထားခဲ့ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလယ်အလတ် နယ်မြေနတ်ဘုရား တစ်ပါး၏ စွမ်းအားနီးပါး ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

သို့ဖြစ်ရာ အရှင်ကျီယွင်နှင့် အရှင်သွေးလ တို့သည် ထိုစွမ်းအားကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

သူတို့နှစ်ဦး ထုတ်ဖော်ခဲ့သော နယ်မြေနတ်ဘုရား မူလကမ္ဘာသည် ကျန်းချန်၏ ဓားအလင်းအောက်တွင် တစ်ခဏအတွင်း အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။

“ဖူး..”

နယ်မြေနတ်ဘုရား မူလကမ္ဘာ ပျက်စီးသွားပြီးနောက်တွင် အရှင်ကျီယွင်တို့ နှစ်ဦးစလုံးသည် မီတာရာပေါင်းများစွာအကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး သွေးများကိုလည်း အဆက်မပြတ် အန်ထုတ်လိုက်ရသည်။

ကျန်းချန်က အရှင်ကျီယွင်တို့ နှစ်ဦးကို အသက်ရှူဖို့ပင် အခွင့်အရေး လုံးဝမပေးခဲ့ပေ။

သူက ကောင်းကင်မီးနတ်ဓားကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းလိုက်သည်။

ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်ကို မြင်လျှင် အရှင်ကျီယွင်သည် ခရမ်းရောင် မိုးကြိုးတူတစ်လက်ကို ထုတ်ယူလိုက်သည်။

ထိုခရမ်းရောင် မိုးကြိုးတူသည် နယ်မြေနတ်ဘုရား အဆင့် လက်နက် ဖြစ်ပြီး ကျီယွင်ဂိုဏ်း၏ အဖိုးတန် ရတနာတစ်ပါးလည်း ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ သေရေးရှင်ရေး အကျပ်အတည်းတွင် အရှင်ကျီယွင်သည် ခရမ်းရောင် မိုးကြိုးတူကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်၏။

အရှင်ကျီယွင်က ကျန်းချန်၏ ဓားအလင်းကို ခရမ်းရောင်မိုးကြိုးတူဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သို့သော်လည်း အသုံးမဝင်ခဲ့ဘဲ ကျန်းချန်၏ ဓားအလင်းက ခရမ်းရောင် မိုးကြိုးတူကို ပေါက်ကွဲသွားစေခဲ့ပြီး အရှင် ကျီယွင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

“ဝုန်း..”

အရှင်ကျီယွင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အရှင်ကျီယွင်၏ ဝိညာဥ်သည် အဝေးသို့ ထွက်ပြေးသွားခဲ့၏။

ကျန်းချန်က ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ထွက်ပြေးနေသော အရှင်ကျီယွင်၏ ဝိညာဥ်ကို ချက်ချင်းဆိုသလိုပင် အဆုံးသတ်ပစ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အရှင်သွေးလ၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

အရှင်ကျီယွင်သည် သူ့ထက်ပင် ပိုမိုအစွမ်းထက်သော နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည်။

သို့သော်လည်း အရှင်ကျီယွင်၏ ခွန်အားဖြင့်ပင် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန် အတွက် နယ်မြေနတ်ဘုရားများကို သတ်ဖြတ်သည်မှာ ကြက်နှင့်ခွေးများကို သတ်ဖြတ်သကဲ့သို့ပင် လွယ်ကူနေခဲ့၏။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားသည် သူ ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။

“ငါထွက်ပြေးမှဖြစ်မယ်”

သူ၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရှင်သွေးလသည် မရေမတွက်နိုင်သော သွေးရောင်ပုံရိပ်များ အဖြစ်သို့ ပြောင်းလဲကာ အရပ်မျက်နှာအားလုံး ဆီသို့ ထွက်ပြေးခဲ့သည်။

သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ကျန်းချန်သည် အရှင်သွေးလကို အလွယ်တကူ ထွက်ပြေးနိုင်မည့် အခွင့်အရေး မည်ကဲ့သို့ ပေးနိုင်ပါအံ့နည်း။

ကျန်းချန်က လေထုထဲတွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ မမြင်ရသော နေရာလွတ် စွမ်းအားတစ်ခုသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး မိုင်၃၀၀၀ အချင်းဝက်ရှိ နေရာလွတ် အားလုံးကို တောင့်တင်းသွားစေခဲ့သည်။

နောက်ထပ် တစ်ခဏတွင် လေထုထဲရှိ အရှင်သွေးလ၏ မရေမတွက်နိုင်သော သွေးရောင်ပုံရိပ် အားလုံးသည် တောင့်တင်းသွားသော နေရာလွတ်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ကျန်းချန်၏ ဘယ်ဘက်ရှိ မိုင်ထောင်ချီ အကွာအဝေးမှ ခန္ဓာကိုယ်တစ်ခုသာလျှင် ကျန်ရှိတော့သည်။

ကျန်းချန်က ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ထိုဓားချက်သည် အချိန်နှင့်နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး အရှင်သွေးလ ဆီသို့ ချက်ချင်းဆိုသလိုပင် သက်ရောက်သွားခဲ့သည်။

အရှင်သွေးလသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုဓားချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။

All Chapters