အခန်း (၁၉၄၃)
Vol. 135 Ch. 1943
“ဒါ ဒါက အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးရဲ့စွမ်းအားလား”
အရှင်ချီလင်က သူ့ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို လေးနက်စွာ စိုက်ကြည့်နေခဲ့ပြီး တအံ့တသြ ရေရွတ်လိုက်သည်။
အထွတ်အထိပ် ကောင်းကင် နတ်ဘုရားများသည် နယ်မြေနတ်ဘုရာများကို အလွယ်တကူ သတ်ဖြတ်နိုင်သည် ဟူသည့် စကားအား အရှင်ချီလင် ယခင်က ကြားခဲ့ဖူးသည်။
သို့သော်လည်း နယ်မြေနတ်ဘုရားနှစ်ပါး ဖြစ်သော အရှင်ကျီယွင်နှင့် အရှင်သွေးလကို ကျန်းချန်က နှစ်ယောက်တစ်ယောက် ရင်ဆိုင်ပြီး အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤကဲ့သို့သော စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
“မိတ်ဆွေလေးကျန်းချန်.. ကျီယွင်ဂိုဏ်းက အခုအပြီးအပိုင် ပျက်စီးသွားပြီ ဆိုတော့ နောက်ထပ် ဘယ်လို အစီအစဥ်ရှိသလဲ ဆိုတာ သိပါရစေ”
အရှင်ချီလင်၏ မျက်နှာထက်တွင် ကြောက်ရွံ့လေးစားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က နယ်မြေနတ်ဘုရား နှစ်ပါးကို အလွယ်တကူသတ်ဖြတ်ခဲ့ရာ ကျန်းချန်၏ ခွန်အားသည် သာမန် နယ်မြေနတ်ဘုရားများထက် များစွာ သာလွန်နေခဲ့သည်။
သူ၏ အထွတ်အထိပ် အချိန်မှာပင် ကျန်းချန်ကို အနည်းငယ်မျှ ခုခံနိုင်စွမ်းရှိမည် မဟုတ်လောက်ပေ။
ထို့ကြောင့် အရှင်ချီလင်သည် ကျန်းချန်ထံတွင် အညံ့ခံရန် ပြင်ဆင်ထားခဲ့၏။
“အရှင်ချီလင်.. ကျီလင်နယ်မြေရဲ့ ကိစ္စတွေမှာ ငါဝင်မစွက်ဖက်ချင်ဘူး.. ငါမင်းကို တစ်ခုပဲ တောင်းဆိုချင်တယ်.. အဲဒါက ရှေးဟောင်းနဂါးကုန်းမြေနဲ့ ဘယ်တော့မှ ရန်သူ မလုပ်ဖို့ပဲ”
ကျန်းချန်က အရှင်ချီလင်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။
“မဟုတ်ရင်တော့ ကျီယွင်ဂိုဏ်းက မင်းတို့ ချီလင်ဂိုဏ်းအတွက် ဥပမာ ဖြစ်သွားလိမ့်မယ်”
“မိတ်ဆွေလေးကျန်းချန် ဒီအတွက်တော့ စိတ်ချပါ.. ကျီလင်နယ်မြေက ရှေးဟောင်းနဂါး ကုန်းမြေနဲ့ မဟာမိတ်ဖွဲ့ပြီး နေထိုင်သွားပါ့မယ်”
အရှင်ချီလင်က ဝမ်းသာသွားခဲ့ပြီး အလျင်အမြန်ပင် ကတိပေးလိုက်သည်။
ယခုအခါတွင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည့် ကျန်းချန်၏ ခွန်အားသည် သူ့ထက်များစွာ သာလွန်နေခဲ့ပြီဖြစ်သည်။
အရှင်ချီလင်က မိုက်မဲသူ တစ်ဦး မဟုတ်ရာ ရှေးဟောင်းနဂါးကုန်းမြေ၏ ရန်သူ ဖြစ်လာရန် မည်ကဲ့သို့ ရွေးချယ်ပါမည်နည်း။
“မင်းရဲ့စကားကို တည်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် အနက်ရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ထွက်ခွာသွားခဲ့သည်။
ကျန်းချန် ကျီယွင်ဂိုဏ်းမှ ထွက်လာပြီး သိပ်မကြာမီမှာပင် ကျန်းချန်နှင့် အနည်းငယ် ရင်းနှီးသော အရှိန်အဝါတစ်ခုသည် အဝေးကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
ကျန်းချန်က အကဲခတ်လိုက်ရာ သူနှင့်ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
ထိုသူမှာ တခြားသူ မဟုတ်ဘဲ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ခေါင်းဆောင် အရှင်ကုလုံပင် ဖြစ်သည်။
“အရှင်ကုလုံ မတွေ့ရတာတောင် ကြာပြီ.. ကျန်းခန့်သာလို့ မာပါစ”
အရှင်ကုလုံကို မြင်သည်နှင့် ကျန်းချန်က တရင်းတနှီးပင် နှုတ်ဆက်လိုက်သည်။
ကျန်းချန်ကို ရုတ်တရက် မြင်လိုက်ရလျှင် အရှင်ကုလုံ၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ကျန်းချန် မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
အရှင်ကျီယွင်တို့ လူစုက ရှေးဟောင်းနဂါး ကုန်းမြေကနေ ရုတ်တရက် ဆုတ်ခွာသွားသောကြောင့် အရှင်ကုလုံသည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိခဲ့ပြီး အခြေအနေကို စုံစမ်းရန်အတွက် ကျီလင်နယ်မြေထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူက ကျီယွင်ဂိုဏ်းနှင့် နီးနီးကပ်ကပ် မနေရဲဘဲ မိုင်ထောင်ချီ အကွာကနေသာ စောင့်ကြည့်နေခဲ့သည်။
သူ ဤနေရာသို့ ရောက်ရှိလာသော အချိန်တွင် နယ်မြေနတ်ဘုရားနှစ်ပါး ဖြစ်သော အရှင်ကျီယွင်နှင့် အရှင်သွေးလတို့သည် ကျီယွင်ဂိုဏ်းတွင် တိုက်ပွဲတစ်ပွဲ ဆင်နွှဲနေသည်ဟု ခံစားမိခဲ့သည်။
သို့သော်လည်း ထိုတိုက်ပွဲသည် သိပ်မကြာလိုက်ဘဲ အရှင်ကျီယွင်နှင့် အရှင်သွေးလတို့၏ အရှိန်အဝါသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
ဤထူးဆန်းသော အခြေအနေကြောင့် အရှင်ကုလုံသည် အလွန်တရာ အံ့အားသင့်သွားခဲ့ပြီး ကျီယွင်ဂိုဏ်းထံ သွားရောက် စုံစမ်းရန် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း အရှင်ကုလုံသည် လမ်းခရီးတွင် ကျန်းချန်နှင့် ဆုံတွေ့ခဲ့ရသည်။
ထိုအခါ အရှင်ကုလုံသည် အလွန်တရာ တုန်လှုပ်သွားခဲ့၏။
ကျန်းချန်၏ လာရာအရပ်သည် ကျီယွင်ဂိုဏ်း ဖြစ်နေသည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
“ဒါဆို ခုနက ကျီယွင်ဂိုဏ်းမှာ အရှင်ကျီယွင်နှင့် အရှင်သွေးလတို့ကို တိုက်ခိုက်ခဲ့တာ မင်းဖြစ်နေတာလား”
ထိုစကားကိုကြားလျှင် ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ရှေးဟောင်းနဂါးကုန်းမြေက အကျပ်အတည်းနဲ့ ကြုံတွေ့နေရတယ်လို့ကြားတဲ့ အတွက် ကျွန်တော် ပြန်လာခဲ့တာပဲ.. ကျီလင်နယ်မြေကို ဖြတ်လာရင်း ကျီယွင်ဂိုဏ်းက ရှေးဟောင်းနဂါးကုန်းမြေကို ပြဿနာရှာနေတယ်လို့ ကြားတဲ့အတွက် ကျီယွင်ဂိုဏ်းကို ရှင်းပစ်လိုက်တယ်”
ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ကုလုံသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။
ကျီယွင်ဂိုဏ်းသည် ရှေးဟောင်းနဂါး မျိုးနွယ်စုထက်ပင် ပိုမိုအားကောင်းသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။
ကျီယွင်ဂိုဏ်းတွင် အရှင်ကျီယွင် ရှိမနေလျှင်ပင် ကျီယွင်ဂိုဏ်းကို ဖျက်ဆီးရန်မှာ သာမန်လူများ လုပ်ဆောင်နိုင်သော ကိစ္စမဟုတ်ပေ။
ဤအခိုက်အတန့်တွင် အရှင်ကုလုံသည် အရှင် ကျီယွင်က ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်နေရင်း ရုတ်တရက် ဆုတ်ခွာသွားသည်မှာ ကျန်းချန်က ကျီယွင်ဂိုဏ်းကို ဖျက်ဆီးခဲ့ခြင်းနှင့် ဆက်စပ်နေကြောင်း နားလည်သွားခဲ့သည်။
အရှင်ကုလုံက သူ၏ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။
“ကျန်းချန် မင်းက အရှင်ကျီယွင်နဲ့ အရှင်သွေးလ တို့ကို တိုက်ခိုက်ခဲ့တာဆိုတော့ သူတို့ရဲ့အခြေအနေ ဘယ်လိုရှိလဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်၏။
“အရှင်ကုလုံ စိတ်မပူနဲ့တော့.. သူတို့ကို ကျွန်တော်ရှင်းလိုက်ပြီ”
ထိုစကားကိုကြားလျှင် အရှင်ကုလုံ၏ မျက်ဝန်းများက မှေးမှိန်သွားခဲ့ပြီး အံ့သြတုန်လှုပ်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
အရှင်ကျီယွင်နှင့် အရှင်သွေးလသည် အလွန်တရာ သန်မာသည့် နယ်မြေနတ်ဘုရားနှစ်ပါး ဖြစ်ကြသည်။
ရှေးဟောင်းနဂါးကုန်းမြေသို့ အရှင်ကျီယွင် စစ်ချီလာပြီနောက်တွင် အရှင်ကုလုံသည် အရှင်ကျီယွင်နှင့် နှစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ဖူးသည်။
ထို့ကြောင့် ထိုနှစ်ယောက်၏ ခွန်အားနှင့် ပတ်သက်လျှင် အရှင်ကုလုံသည် အလွန်ပင် ရှင်းလင်းစွာ သိထားခဲ့သည်။
သူနှင့် ဖန်းချင်းယွမ် ပင်လျှင် အရှင်ကျီယွင်နှင့် အရှင်သွေးလတို့၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် သူတို့ကိုပင် ဖိနှိပ်ခဲ့သည့် နယ်မြေနတ်ဘုရား နှစ်ပါးကို ရှင်းလင်းလိုက်ပြီဖြစ်သည်။
ကျန်းချန်၏ နတ်ဆိုးဆန်သော ပါရမီကြောင့် မဟာမြေရိုင်းနယ်မြေကဲ့သို့ အားကောင်းသော နယ်မြေများသို့ ရောက်လျှင် ပိုမို အစွမ်းထက်လာမည်ကို သိရှိထားသော်လည်း နှစ်အနည်းငယ် အတွင်း နယ်မြေနတ်ဘုရားများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော အဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု အရှင်ကုလုံ မမျှော်လင့်ထားခဲ့ပေ။
“အရှင်ကုလုံ.. ကျီလင်နယ်မြေရဲ့ ကိစ္စတွေကို ချီလင်ဂိုဏ်းဆီ လွှဲပေးလိုက်ပြီ.. ချီလင်ဂိုဏ်းက အနာဂတ်မှာ ရှေးဟောင်းနဂါးမျိုးနွယ်စု အတွက် ခိုင်မာတဲ့ မဟာမိတ် ဖြစ်လာလိမ့်မယ်.. ကျီလင်နယ်မြေနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မရှိတော့ဘူး”
ကျန်းချန်က ပြုံးရွှင်စွာဖြင့် ကျီလင်နယ်မြေ၏ အခြေအနေကို ရှင်းပြလိုက်သည်။
အရှင်ကုလုံက သက်ပြင်းတစ်ချက် ချလိုက်သည်။
အရှင်ကျီယွင်က ရှေးဟောင်းနဂါး ကုန်းမြေကို စတင်တိုက်ခိုက်စဥ်ကတည်းကပင် ရှေးဟောင်းနဂါး ကုန်းမြေသည် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရ၏။
ယခု ကျန်းချန်ကြောင့် ကျီယွင်ဂိုဏ်းက ပျက်စီးသွားပြီ ဖြစ်ရာ ရှေးဟောင်းနဂါး ကုန်းမြေ၏ အကျပ်အတည်းသည် အဆုံးသတ်တွင် အပြီးအပိုင် ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။
အရှင်ကုလုံသည် ကျန်းချန်၏ စွမ်းအားကို အသုံးပြု၍ ကျီလင်နယ်မြေကို သိမ်းပိုက်ရန် တစ်ခါမှ စဥ်းစားခဲ့ခြင်း မရှိခဲ့ပေ။
ဆိုရလျှင် ရှေးဟောင်းနဂါးကုန်းမြေ၏ ခွန်အားဖြင့်ပင် သွေးလမင်းကုန်းမြေကို ချေဖျက်၍ မျိုချရန် အချိန်များစွာ ယူရမည်ဖြစ်ရာ ကျီလင်နယ်မြေကို ထပ်မံ သိမ်းပိုက်ရန်မှာ မဖြစ်နိုင်ပေ။
ကျီလင်နယ်မြေရှိ အခြားသော နယ်မြေနတ်ဘုရား အင်အားစုနှင့် မဟာမိတ်ဖွဲ့နိုင်ခြင်းသည် အရှင်ကုလုံ အတွက် ဝမ်းမြောက်ရမည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။
“အရှင်ကုလုံ.. ကျွန်တော် ဒီတစ်ခေါက် ရှေးဟောင်းနဂါးမျိုးနွယ်စုဆီ ပြန်ရောက်လာတာ အခြား ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးတယ်.. အဲဒါက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲ ထပ်မံ ဝင်ရောက်ဖို့ပဲ.. အမွေအနှစ်နယ်မြေထဲကို ဝင်ဖို့ နည်းလမ်းရှိမရှိ သိပါရစေ”
ကျန်းချန်က အရှင်ကုလုံကို အပိုစကားများ ပြောမနေတော့ဘဲ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ပတ်သက်၍ မေးလိုက်သည်။
“ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ ဖွင့်လှစ်တဲ့အချိန်က အချိန်သတ်မှတ်ချက်နဲ့ ဖြစ်တဲ့ အတွက် ဖွင့်လှစ်တဲ့အချိန်ကို ငါမထိန်းချုပ်နိုင်ဘူး”
အရှင်ကုလုံက ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းဒီတစ်ခေါက် ပြန်လာတာ တော်တော်လေး တိုက်ဆိုင်တယ်လို့ ပြောရမယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“မကြာသေးခင်ကစပြီး ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေမှာ အပြောင်းအလဲ တချို့ ဖြစ်ပေါ်ခဲ့ပြီး အမွေအနှစ် နယ်မြေ ပြန်လည် ဖွင့်လှစ်တော့မဲ့ အရိပ်အယောင်တွေ ရှိနေခဲ့တယ်.. ဒါပေမဲ့ ငါက ကျီယွင်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခုခံနေရတာကြောင့် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေရဲ့ အခြေအနေအသေးစိတ်ကို လေ့လာဖို့ အချိန်မရှိခဲ့ဘူး”
အရှင်ကုလုံက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူသိထားသလောက် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် အမွေအနှစ် နယ်မြေ၏ ဖွင့်လှစ်မှုကို နယ်မြေလေးခုက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဆိုရလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲ ဝင်ခွင့်ကို ကံကောင်း၍သာ ရရှိထားခြင်း ဖြစ်သည်။
နောက်ဆုံးအကြိမ်က ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ဖွင့်လှစ်ခဲ့သည်မှာ ၁၀နှစ်ပင် မပြည့်သေးပေ။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ၏ စည်းမျဥ်းများအရ အမွေအနှစ်နယ်မြေ ဖွင့်လှစ်ရန်မှာ အချိန်များစွာ လိုအပ်နေပါသေးသည်။
သို့သော်လည်း ယခုအခါတွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် ဖွင့်လှစ်ရန် အရိပ်အယောင်များကို ပြသနေခဲ့၏။
တွေးနေစရာ မလိုလောက်အောင်ပင် ဤသည်မှာ လုံးဝ ရိုးရှင်းသောကိစ္စ မဟုတ်ပေ။
ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေတွင် သူက နယ်မြေလေးခုမှ ပါရမီရှင်များကို သတ်ဖြတ်ခဲ့ရာ နယ်မြေလေးခုသည် သေချာပေါက် အလွယ်တကူ လက်လျှော့မည် မဟုတ်လောက်ချေ။
သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ရန် အရိပ်အယောင်များ ပြသနေခြင်းသည် နယ်မြေလေးခုမှ ကျင့်ကြံသူများ၏ လက်ချက် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။
“ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ အရင် ပြန်သွားကြည့်ရမယ်”
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။
-------------------
ရှေးဟောင်းနဂါး မျိုးနွယ်စုရှိ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဝင်ပေါက်ရှေ့တွင် ဖန်းချင်းယွမ်နှင့် လုံကျန့်ရှင်းတို့သည် မတ်တတ် ရပ်နေခဲ့ကြသည်။
“အဘိုးကြီးဖန်း.. ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေက လုံးဝ ပွင့်သွားခဲ့ပြီ.. ငါတို့အထဲဝင်ပြီး စုံစမ်းသင့်လား
လုံကျန့်ရှင်းက လေးနက်စွာ ပြောလိုက်သည်။
ဆယ်နှစ် မပြည့်မီမှာပင် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ ပြန်လည် ဖွင့်လှစ်ခြင်းသည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသော ကိစ္စဖြစ်သည်။
ထို့အပြင် ဤတစ်ခေါက်တွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် လုံးဝ အတားအဆီးမရှိ ဖွင့်လှစ်ထားခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် ကျင့်ကြံခြင်း အဆင့်ကို ကန့်သတ်မထားဘဲ ပကတိနတ်ဘုရား ဖြစ်စေ၊ ကောင်းကင်နတ်ဘုရား ဖြစ်စေ၊ နယ်မြေနတ်ဘုရား ဖြစ်စေ ဝင်ရောက်နိုင်မည် ဖြစ်၏။
ဤကဲ့သို့သော အခြေအနေကြောင့် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ ဖွင့်လှစ်မှုသည် လုံးဝ မရိုးရှင်းသည်မှာ သေချာသလောက်ပင်။
“ဒီကိစ္စက အရမ်းထူးဆန်းတယ်.. အရှင်ကုလုံ ပြန်လာမှပဲ ဆုံးဖြတ်ကြတာပေါ့”
ဖန်းချင်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
ယခုအခါတွင် ရှေးဟောင်းနဂါး ကုန်းမြေသည် ကျီလင်နယ်မြေမှ ကျီယွင်ဂိုဏ်းနှင့် တိုက်ခိုက်နေရသည်။
အရှင်ကျီယွင်က ရုတ်တရက် ဆုတ်ခွာသွားသော်လည်း စစ်ပွဲ ပြီးဆုံးသွားပြီဟု မဆိုလိုပေ။
ထို့ကြောင့်လည်း ဖန်းချင်းယွမ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုကို လျစ်လျူရှုကာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ရန် တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ရုန့်ရင်းသော နေရာလွတ် လှိုင်းဂယက် နှစ်ခုသည် ကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ပုံရိပ်နှစ်ခုသည် သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့၏။
“ကျန်းချန်ပါ လိုက်လာတာလား.. ဘယ်လိုဖြစ်ပြီး အတူတူ ပြန်ရောက်လာတာလဲ”
ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ဖန်းချင်းယွမ်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ငါ ကျီလင်နယ်မြေမှာ မဟာမြေရိုင်း နယ်မြေကနေ ပြန်ရောက်လာတဲ့ ကျန်းချန်နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့တယ်”
အရှင်ကုလုံက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏ အကြည့်သည် ချက်ချင်း ဆိုသလိုပင် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ၏ ဝင်ပေါက် ဆီသို့ ကျရောက်သွားခဲ့သည်။
သူ၏အမူအရာက ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
“ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဖွင့်လှစ်လိုက်ပြီကိုး.. ဒါ့အပြင် ကန့်သတ်ချက် စည်းမျဥ်းတွေလည်း မရှိတော့တဲ့ပုံပဲ”
“အမှန်ပဲ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို အခုချိန်မှာ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်ရောက်လို့ရပြီ”
ဖန်းချင်းယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
အရှင်ကုလုံက သူ၏ နံဘေးမှ ကျန်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“ကျန်းချန်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဖွင့်လှစ်ထားတယ် ဆိုပေမဲ့ အခြေအနေက ထူးဆန်းနေတယ်.. မင်းတကယ်ပဲ အမွေအနှစ် နယ်မြေထဲ ဝင်ဖို့ ရည်ရွယ်ထားတာလား”