← Chapters

အခန်း (၁၉၄၄)

Vol. 135 Ch. 1944

အခန်း (၁၉၄၄)

Vol. 135 Ch. 1944

“ဟုတ်တယ် ဘယ်လိုကိစ္စတွေဖြစ်နေပါစေ.. ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲကို မဖြစ်မနေ သွားရလိမ့်မယ်”

ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

ရှေးဟောင်းနဂါး ကုန်းမြေ၏ အကျပ်အတည်းကို ဖြေရှင်းရန်အပြင် ဤတစ်ကြိမ် ရှေး‌ဟောင်းနဂါး ကုန်းမြေသို့ ပြန်ရောက်လာရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဆီသို့ သွားရောက်ကာ မဟာနဂါး နန်းတော်၏ အမွေအနှစ်ကို ရယူရန် ဖြစ်သည်။

မဟာနဂါးနန်းတော်သည် ရှေးခေတ်မှ နတ်ဘုရင်အဆင့်အင်အားစု ဖြစ်၍ ကြွယ်ဝသော အမွေအနှစ်များကို ပိုင်ဆိုင်ထားသည်။

သူသာ မဟာနဂါးနန်းတော်၏ အမွေအနှစ် အားလုံးကို ရယူနိုင်လျှင် သူ၏ တိုးတက်မှုအတွက် အထောက်အကူ များစွာ ဖြစ်စေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ထို့အပြင် ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ၏ ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်၍ ကျန်းချန်တွင် ခန့်မှန်းချက် တချို့ ရှိခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ၏ ကန့်သတ်ချက်များ အားလုံးကို အမွေအနှစ် နယ်မြေအား ထိန်းချုပ်ထားသည့် နယ်မြေလေးခုက ဖယ်ရှားလိုက်သည်မှာ ဖြစ်နိုင်ခြေအများဆုံး ဖြစ်သည်။

နောက်ဆုံးအကြိမ်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်စဥ်တွင် သူက နယ်မြေလေးခုမှ ပါရမီရှင်များကို လုံးဝနီးပါး သုတ်သင် ရှင်းလင်းပစ်ခဲ့သည်။

သူက နယ်မြေလေးခုမှ ပါရမီရှင်များကို သတ်ဖြတ်ခဲ့သော်လည်း တချို့တလေကမူ လွတ်မြောက်သွားခဲ့ကြသည်။

လွတ်မြောက်သွားသော တပည့်များသည် မဟာနဂါးနန်းတော်နှင့် ပတ်သက်သည့် သတင်းများကို ဖြန့်ဝေကြမည်မှာ သေချာသလောက်ပင်။

နယ်မြေလေးခုက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ဖွင့်လှစ်ခြင်းသည် မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို သိမ်းပိုက်ရန် ဖြစ်နိုင်ဖွယ် ရှိသည်။

ထို့ကြောင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်နှင့် ပတ်သက်၍ ကျန်းချန်သည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်နေခဲ့၏။

“ငါ အဖော်လိုက်ခဲ့ပေးရမလား”

အရှင်ကုလုံက လေးနက်စွာ ပြောလိုက်သည်။

ယခုအခါတွင် ကျီယွင်ဂိုဏ်းကို ကျန်းချန်က ဖျက်ဆီးခဲ့ပြီး အရှင်ကျီယွင် နှင့် အရှင်သွေးလ တို့ကိုလည်း ကျန်းချန်က သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

ရှေးဟောင်းနဂါး ကုန်းမြေ၏ အကျပ်အတည်း အားလုံးသည် လုံးဝ ဖြေရှင်းပြီးသွားပြီဟု ဆို၍ရ၏။

ထို့ကြောင့် အရှင်ကုလုံသည် ကျန်းချန်ကို အကူအညီပေးရန်အတွက် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲသို့ ကျန်းချန်နှင့်အတူ ဝင်ရောက်ရန် ရည်ရွယ်ခဲ့သည်။

“ကျွန်တော် တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အရှင်ကုလုံ၏ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။

အရှင်ကုလုံသည် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သော်လည်း အဆင့်နိမ့် နယ်မြေနတ်ဘုရားများ ကြားမှာပင် သန်မာသည်ဟု မယူဆနိုင်ပေ။

ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ခြင်းသည် နယ်မြေလေးခုမှ ကျင့်ကြံသူများ၏ လက်ချက် ဖြစ်နေခဲ့လျှင် အရှင်ကုလုံသည် သူ့ကို များစွာ အကူအညီမပေးနိုင်သည့် အပြင် သူ့ကိုပင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲသို့ တစ်ယောက်တည်း ဝင်ရောက်ခြင်းသည် ပိုမို အဆင်ပြေစေလိမ့်မည် ဖြစ်၏။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် နယ်မြေလေးခုမှ အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားနှင့် ရင်ဆိုင်ရလျှင်ပင် မနိုင်သည့်တိုင် ဆုတ်ခွာရန် အတွက် ပြဿနာ ကြီးကြီးမားမား မရှိပေ။

“ဒါဆိုလည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ရောက်ရင် သတိထားပါ”

ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ တစ်ကိုယ်တော် ဝင်ရောက်ရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် အရှင်ကုလုံသည် အတင်းအကျပ် မတောင်းဆိုတော့ပေ။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အရှင်ကုလုံတို့ သုံးဦး၏ အကြည့်အောက်မှာပင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ချက်ချင်းဆိုသလို ဝင်ရောက်သွားခဲ့သည်။

“ဒီတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ရုတ်တရက် ဖွင့်လှစ်တာက အရမ်းကို ထူးဆန်းလွန်းတယ်.. ကျန်းချန်တစ်ယောက်တည်း ဝင်သွားတာ တကယ်ပဲ ပြဿနာမရှိလောက်ပါဘူးနော်”

ဖန်းချင်းယွမ်၏ အိုမင်းသော မျက်ဝန်းထဲတွင် စိုးရိမ်သောအမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

“အရမ်းကြီးလည်း စိတ်မပူပါနဲ့.. ဒီကောင်လေးက ကမ္ဘာ့စွမ်းအား ၈မျိုးကို ပိုင်ဆိုင်ထားတဲ့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့ပြီ.. သူက ကျီယွင်နဲ့သွေးလတို့ကို အလွယ်တကူ သတ်ဖြတ်ပြီး ကျီယွင်ဂိုဏ်းကိုပါ ချေမှုန်းပစ်ခဲ့တယ်”

အရှင်ကုလုံက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“မင်းတို့ ကျန်းချန်နဲ့ အတူ လိုက်သွားလည်း ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲမှာ ကျန်းချန် အခက်အခဲ အမှန်တကယ် ကြုံလာခဲ့ရင် မင်းတို့ရဲ့ ခွန်အားလောက်နဲ့ သူ့ကို ကူညီနိုင်မှာ မဟုတ်တဲ့အပြင် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်”

အရှင်ကုလုံ၏ စကားကိုကြားလျှင် ဖန်းချင်းယွမ်နှင့် လုံကျန့်ရှင်းတို့နှစ်ဦးသည် အချိန်အတော်ကြာသည် အထိ မှင်တက်နေခဲ့ကြသည်။

ကျန်းချန်က ကမ္ဘာ့စွမ်းအား ၈မျိုးကို ပိုင်ဆိုင်ထားသည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပြီး နယ်မြေနတ်ဘုရား နှစ်ပါးကို နှစ်ယောက်တစ်ယောက် ရင်ဆိုင်ကာ သတ်ဖြတ်ခဲ့သည်။

ဖန်းချင်းယွမ်နှင့် လုံကျန့်ရှင်းတို့သည် ကျန်းချန်၏ ကောင်းကင်ကို ဆန့်ကျင်နေသည့် ပါရမီအား သိရှိသော်လည်း ဤမျှလောက် အထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သိထားရမည့် အချက်မှာ ကျန်းချန်သည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေမှ ထွက်ခွာသွားချိန်တွင် ကောင်းကင်နတ်ဘုရား တတိယအဆင့် အစောပိုင်းတွင်သာ ရှိနေသေးခြင်းပင်။

ယခု နှစ်အနည်းငယ်သာ ကုန်လွန်သေးသည့် အချိန်တွင် ကျန်းချန်သည် ကမ္ဘာ့စွမ်းအား ၈မျိုးကို ပိုင်ဆိုင်ကာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဖြစ်လာခဲ့ပြီး နယ်မြေနတ်ဘုရားများကိုပင် အလွယ်တကူ အနိုင်ယူနိုင်လာခဲ့သည်။

ယင်းက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုးတက်မှုပင် မဟုတ်ပါလော။

---------------------

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် မဟာနဂါးနန်းတော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် ဘယ်ဘက်ရှိ မိုင်ထောင်ချီ အကွာအဝေးမှ အားကောင်းသော ကောင်းကင်နတ်ဘုရား အရှိန်အဝါကို ခံစားမိခဲ့သည်။

“နယ်မြေလေးခုက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ အမွေအနှစ် နယ်မြေထဲ ရောက်နေပြီထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများတွင် စူးရှသော အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူက ချက်ချင်းဆိုသလို အနက်ရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ထိုနေရာသို့ အလျင်အမြန် ဦးတည်လိုက်၏။

ခဏအကြာတွင် ငွေရောင်မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားသော မုတ်ဆိတ်နှင့် အမျိုးသား တစ်ဦးသည် ကျန်းချန်၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။

ထိုအမျိုးသားက အလွန်တရာပင် သန်မာပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားပေါ် အခြေခံ၍ ထိုလူက ထျန်းလဲ့နယ်မြေမှ ကျင့်ကြံသူဖြစ်ကြောင်း ကျန်းချန်သိလိုက်သည်။

ကောင်းကင်မိုးကြိုးနယ်မြေ (ဝါ) ထျန်းလဲ့နယ်မြေ ၊ အပြာရောင်တိမ်တိုက် နယ်မြေ (ဝါ) ပိုင်ယွင်နယ်မြေ ၊ ကြယ်သင်္ကေတနယ်မြေ၊ စန်းရှန်နယ်မြေ။

“ဒီက မိတ်ဆွေက နယ်မြေလေးခုထဲက ဘယ်အင်အားစုကလဲဆိုတာ သိပါရစေ”

ရုတ်တရက် သူ၏ ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ငွေရောင်မိုးကြိုးဝတ်စုံကို ဝတ်ဆင်ထားသော မုတ်ဆိတ်နှင့် အမျိုးသားက အံ့အားသင့်သွားခဲ့သည်။

ဤတစ်ကြိမ် နယ်မြေလေးခုသည် အတူတကွ ပူးပေါင်းကာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို အတင်းအကျပ် ဖွင့်လှစ်ခဲ့ပြီး ထိပ်တန်းကျင့်ကြံသူ အားလုံးနီးပါးသည် အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

နယ်မြေနတ်ဘုရားများမှ လွဲလျှင် သူတို့ အားလုံးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်များ ဖြစ်ကြ၏။

သူက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အရှိန်အဝါကို မမြင်နိုင်ခဲ့ပေ။

ထိုလူငယ်၏ အသက်အရွယ်အရ နယ်မြေနတ်ဘုရား တစ်ပါး မဖြစ်နိုင်ရာ သူ့ထက်ပင် ပိုမို အားကောင်းသည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေပါသလော။

“ငါက မင်းတို့ နယ်မြေလေးခုက မဟုတ်ဘူး”

ကျန်းချန်က မုတ်ဆိတ်နှင့် အမျိုးသားကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ငါမေးသမျှကို နာခံမှုရှိရှိ ဖြေပေးမယ်ဆိုရင် မင်းကို သေခြင်းတရားကနေ ကင်းလွတ်ခွင့်ပေးမယ်”

“ဘာ.. မင်းက နယ်‌မြေလေးခုက မဟုတ်ဘူးလား”

မုတ်ဆိတ်နှင့် အမျိုးသား၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ဒါဆို မင်း.. မင်းက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်လား”

နောက်ဆုံးအကြိမ်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ရာတွင် မဟာနဂါးနန်းတော်၏ အဆက်အနွှယ် တစ်ဦး ပေါ်ထွက်လာခဲ့ပြီး ဒဏ္ဍာရီလာ မဟာနဂါး နန်းတော်ကို ဖွင့်လှစ်နိုင်ခဲ့ရုံသာမက နယ်မြေလေးခုမှ ပကတိ နတ်ဘုရားများစွာကိုသတ်ဖြတ်ခဲ့သည်။

ဤလုပ်ရပ်က နယ်မြေလေးခုမှ နယ်မြေနတ်ဘုရား အားလုံးကို ဒေါသထွက်သွားစေခဲ့၏။

အဆုံးသတ်တွင် နယ်မြေလေးခုသည် အတူတကွ ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြသည်။

ဤတစ်ကြိမ် နယ်မြေလေးခုက ရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေကို စောစီးစွာ ဖွင့်လှစ်လိုက်ခြင်းသည် မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ကို အမြစ်ပြတ် ချေမှုန်းရန်နှင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို သိမ်းယူရန် အတွက် ဖြစ်သည်။

သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲ ဝင်ရောက်ပြီး မကြာမီမှာပင် မဟာနဂါးနန်းတော်၏ အဆက်အနွှယ်နှင့် မထင်မှတ်ဘဲ ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။

“ဟုတ်တယ် ငါက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်ပဲ”

ကျန်းချန်က ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

ယခုအခါတွင် သူက မဟာနဂါးနန်းတော်မှ အသိအမှတ်ပြုထားသည့် တစ်ဦးတည်းသော တပည့် ဖြစ်ရာ မဟာနဂါးနန်း‌တော်၏ အဆက်အနွှယ်ဟု ပြောဆိုရန်မှာ ပြဿနာကြီးကြီးမားမား မရှိပေ။

“ကောင်လေး.. မင်းက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်ဖြစ်နေမှတော့ အသက်ရှင်နေစရာ မလိုတော့ဘူး.. သွားသေလိုက်တော့”

မုတ်ဆိတ်နှင့် အမျိုးသားက လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်သည်။

သူ၏ လက်သီးချက်ကနေ ရွှေရောင်မိုးကြိုးလျှပ်စီး အလင်းရောင်များဖြင့် တောက်ပနေသော မိုးကြိုးနဂါး တစ်ကောင်သည် ထွက်ပေါ်လာခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က မုတ်ဆိတ်နှင့် အမျိုးသားကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများက နှစ်တစ်သောင်း သက်တမ်းရှိသော ရေခဲနှင်းချပ် ကဲ့သို့ အေးစက်နေခဲ့၏။

သူက ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ထံသို့ ပျံသန်းလာသော မိုးကြိုးနဂါးသည် ပြိုကွဲသွားခဲ့သည်။

မိုးကြိုးနဂါးကို ဖြိုခွဲပြီးနောက်တွင် ကျန်းချန်သည် နေရာလွတ်စွမ်းအားကို ထုတ်သုံးလိုက်ပြီး မုတ်ဆိတ်နှင့် အမျိုးသားကို ထိန်းချုပ်လိုက်ရာ မုတ်ဆိတ်နှင့် အမျိုးသားသည် လုံးဝ လှုပ်ရှား၍ မရတော့ပေ။

“သခင်ကြီး.. ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”

မုတ်ဆိတ်နှင့် အမျိုးသားက သေမတတ် ကြောက်ရွံ့သွားခဲ့ပြီး ထိတ်လန့်တကြား အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန် အသနားခံလိုက်သည်။

သူ၏ရှေ့မှ မဟာနဂါးနန်းတော်၏ အဆက်အနွှယ်သည် အသက် သိပ်မကြီးသေး၍ ခွန်အားအရာတွင် သိပ်မသန်မာလောက်ဟု မူလက သူထင်ထားခဲ့သည်။

သို့သော်လည်း အမှန်တရားကမူ သူ၏ စိတ်ကူးကိုပင် လုံးဝ ကျော်လွန်နေခဲ့သည်။

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သည့် သူသည် ထိုကောင်လေး၏ လက်ထဲတွင် ပုရွက်ဆိတ်သဖွယ် ဖြစ်နေခဲ့ပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် လုံးဝမရှိခဲ့ပေ။

ကျန်းချန်က မုတ်ဆိတ်နှင့်အမျိုးသားကို အေးစက်စက် စိုက်ကြည့်၍ မေးလိုက်သည်။

“ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေရဲ့ လက်ရှိအခြေအနေက ဘယ်လို အခြေအနေလဲ ဆိုတာ ငါ့ကိုပြောပြစမ်း”

ဤအချိန်တွင် မုတ်ဆိတ်နှင့် အမျိုးသားသည် မတုံ့ဆိုင်းရဲတော့ဘဲ သူသိထားသမျှ အရာအားလုံးကို မချွင်းမချန် ပြောပြလိုက်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ၏ လက်ရှိ အခြေအနေသည် ကျန်းချန် ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်နေခဲ့၏။

နောက်ဆုံးအကြိမ်က ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲတွင် သူက နယ်မြေလေးခု၏ ပါရမီရှင်များစွာကို သတ်ဖြတ်ခဲ့၍ နယ်မြေလေးခုသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။

ယခု ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သော ရည်ရွယ်ချက်သည် မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ကို အမြစ်ပြတ် ချေမှုန်းရန်နှင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို သိမ်းပိုက်ရန်ပင် ဖြစ်သည်။

ယခုအခါတွင် နယ်မြေလေးခုမှ နယ်မြေနတ်ဘုရားများ အပြင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ နှစ်ဆယ်၊သုံးဆယ်ခန့်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မုတ်ဆိတ်နှင့် အမျိုးသားသည် ထျန်းလဲ့နယ်မြေ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

နယ်မြေလေးခုမှ ပါရမီရှင်များသည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် သူတို့ ကြိုတင် သတ်မှတ်ထားသော အစီအစဥ်အတိုင်း မဟာနဂါးတောင်ထိပ်သို့ သွားရောက်ကာ အတူတူပူးပေါင်းပြီး မဟာနဂါးနန်းတော်ကို တိုက်ခိုက်ကြမည် ဖြစ်သည်။

သို့သော်လည်း မုတ်ဆိတ်နှင့် အမျိုးသားသည် မဟာနဂါးနန်းတော် ရှိသည့် နေရာသို့ မ‌ရောက်မီမှာပင် ကျန်းချန်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

“သခင်ကြီး ကျွန်တော်သိသမျှ အရာအားလုံးကို ပြောပြပြီးပါပြီ.. ကျွန်တော့်ကို လွှတ်ပေးလို့ရမလား”

မုတ်ဆိတ်နှင့် အမျိုးသားက သူသိထားသမျှ အရာအားလုံးကို ပြောပြပြီးနောက်တွင် ကျန်းချန်ကို ထပ်မံ အသနားခံလိုက်သည်။

ကျန်းချန်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

“ငါ မင်းကို လွှတ်ပေးမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ”

ကျားကို တောထဲသို့ ပြန်လွှတ်လျှင် အဆုံးမရှိသော ပြဿနာများ ဖြစ်လာပေလိမ့်မည်။

မုတ်ဆိတ်နှင့် အမျိုးသားကိုသာ လွှတ်ပေးလိုက်လျှင် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲတွင် သူထွက်ပေါ်လာသည့် သတင်းသည် မကြာမီမှာပင် နယ်မြေလေးခုမှ ကျင့်ကြံသူများဆီ ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

သူ၏ လက်ရှိခွန်အားဖြင့် နယ်မြေလေးခုမှ ကျင့်ကြံသူများကို အလွန်အမင်း ကြောက်ရွံ့နေစရာ မလိုသော်လည်း ကျန်းချန်သည် မလိုအပ်ဘဲ ပြဿနာကို မဖိတ်ခေါ်ချင်ခဲ့ပေ။

“မသတ်ပါနဲ့”

ကျန်းချန်က သူ့ကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်လျှင် မုတ်ဆိတ်နှင့် အမျိုးသား၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်သော အရိပ်အယောင်နှင့် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက နေရာလွတ်စွမ်းအား၏ ထိန်းချုပ်မှုကနေ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်ခဲ့သော်လည်း အဖက်မတင်ခဲ့ပေ။

ကျန်းချန်က အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မုတ်ဆိတ်နှင့် အမျိုးသား၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။

မုတ်ဆိတ်နှင့် အမျိုးသားကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ မဟာနဂါးနန်းတော် ရှိရာသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။

All Chapters