အခန်း (၁၉၄၅)
Vol. 135 Ch. 1945
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲရှိ မဟာနဂါးတောင်ထိပ်တွင် ပုံရိပ်နှစ်ခု ရှိနေခဲ့သည်။
ထိုပုံရိပ်နှစ်ခုမှာ နယ်မြေလေးခုတွင် နာမည် ကျော်ကြားသော ကြယ်သင်္ကေတဂိုဏ်းမှ အရှင်ကြယ်စင်စုနှင့် ထျန်းလဲ့ဂိုဏ်းမှ အရှင် မိုးကြိုးပြစ်ဒဏ်တို့ ဖြစ်ကြသည်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီးနောက်တွင် သူတို့နှစ်ဦးသည် မဟာနဂါး တောင်ထိပ်သို့ အရင်ဦးဆုံး ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
အရှင်မိုးကြိုးပြစ်ဒဏ်က လေထုထဲတွင် တည်တံ့နေသော မဟာနဂါးနန်းတော်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏ မိုးကြိုးအလင်းများဖြင့် တောက်ပနေသော မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
မဟာနဂါးနယ်မြေ ပြိုကွဲသွားပြီးနောက်တွင် နယ်မြေလေးခုမှ လူများသည် မရေမတွက်နိုင်သော လူအင်အားနှင့် အရင်းအမြစ် များစွာကို သုံးစွဲပြီးမှသာ ထာဝရဟင်းလင်းပြင်တွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤနှစ်တွေအတွင်း နယ်မြေလေးခုသည် နှစ်တစ်ထောင်လျှင် တစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ရသည့် အဓိက အကြောင်းအရင်းမှာ မဟာနဂါးနန်းတော်၏ အမွေအနှစ် အတွက် ဖြစ်သည်။
သို့သော်လည်း နယ်မြေလေးခုသည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖွင့်လှစ်ခဲ့သော်လည်း မဟာနဂါးနန်းတော်နှင့် ပတ်သက်သည့် သဲလွန်စကို ရှာမတွေ့ခဲ့ပေ။
ယခုအခါတွင်မူ သူတို့နှစ်ယောက်သည် ဒဏ္ဍာရီလာ မဟာနဂါးနန်းတော်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရချေပြီ။
မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက မဟာနဂါးနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည်။
ဤနေရာတွင် မဟာနဂါးနန်းတော်၏ အမွေအနှစ်များသာမက နတ်ဘုရင်အဆင့် ကျင့်စဥ်များအပြင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်သည့် အခွင့်အရေးများပင် ရှိနိုင်လောက်၏။
အရှင်မိုးကြိုးပြစ်ဒဏ် ကဲ့သို့ နယ်မြေနတ်ဘုရား တစ်ပါးပင်လျှင် စိတ်နှလုံးထဲတွင် လိုချပ်တပ်မက်စိတ်များဖြင့် ပူလောင်နေခဲ့သည်။
အရှင်ကြယ်စင်စုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါက ဒဏ္ဍာရီလာ မဟာနဂါးနန်းတော် အစစ်ပဲ”
“ဒါဆိုလည်း ကြယ်စင်စု.. ငါတို့တွေ အပေါ်တက်ပြီး သွားကြည့်ကြရအောင်”
အရှင်မိုးကြိုးပြစ်ဒဏ်က သူ၏ နံဘေးမှ အရှင်ကြယ်စင်စုကို ခေါင်းငဲ့၍ ကြည့်ကာ ပြောလိုက်သည်။
သူက မဟာနဂါးနန်းတော်သို့ သွားရန် မအောင့်အီးနိုင်တော့ပေ။
ဤနေရာသို့ သူတို့နှစ်ဦး ပထမဆုံး ရောက်ရှိလာသည် ဖြစ်၍ အခွင့်အရေးကို အရယူကာ မဟာနဂါးနန်းတော် ဆီသို့ သွားရောက်ရန် အရှင်မိုးကြိုးပြစ်ဒဏ်က ရည်ရွယ်ခဲ့သည်။
“မိုးကြိုးပြစ်ဒဏ်.. မင်းမလောပါနဲ့”
အရှင်ကြယ်စင်စုက ခေါင်းခါရမ်းကာ လေးနက်စွာ ပြောလိုက်၏။
“ဒီမဟာနဂါးတောင်ထိပ်ရဲ့ လေထုထဲမှာ နတ်ဘုရင်အဆင့် စွမ်းအားပါဝင်တဲ့ တားမြစ် အစီအရင် ရှိတယ်.. ငါတို့အနေနဲ့ လေထဲကို ပျံသန်းဖို့ မဖြစ်နိုင်လောက်ဘူး.. အားလုံးရောက်လာမှပဲ ဒီကိစ္စကို ပြောကြတာပေါ့”
အရှင်မိုးကြိုးပြစ်ဒဏ်နှင့်ယှဥ်လျှင် အရှင်ကြယ်စင်စုသည် သံသယဖြစ်ဖွယ်ရာမရှိ ပို၍ အေးဆေးတည်ငြိမ်မှု ရှိသည်။
မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို အလွန်အမင်း လိုချင်တပ်မက်သော်လည်း နတ်ဘုရင်အဆင့် စွမ်းအားကို ထိုးဖောက်ရန်မှာ မလွယ်ကူမှန်း သူကောင်းစွာ သိထားခဲ့သည်။
သူတို့အနေဖြင့် နတ်ဘုရင်အဆင့် စွမ်းအား သက်ရောက်သည့် လေထုထဲတွင် ပျံသန်းရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
သို့သော်လည်း မဟာနဂါးနန်းတော်သို့ သွားရောက်သည့် လမ်းတစ်လမ်းက ရှိနေခဲ့သည်။
ထိုလမ်းမှာ မဟာနဂါးနန်းတော်၏ တပည့်များ စုဆောင်းရန်အတွက် စမ်းသပ်သော နတ်ဘုရင်လမ်း ဖြစ်၏။
ထိုနတ်ဘုရင်လမ်းက နယ်မြေနတ်ဘုရား အဆင့်ကို ဖြတ်သန်းခွင့်ပြုမပြု သူတို့မသိပေ။
နောက်ဆုံးအကြိမ်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ရာတွင် နယ်မြေလေးခုမှ တပည့်များသည် မဟာနဂါးနန်းတော်၏ အဆက်အနွှယ်နှင့် တွေ့ဆုံခဲ့ကြသည်။
ထို့ကြောင့် မဟာနဂါးနန်းတော် ထဲတွင် မဟာနဂါးနန်းတော်၏ အဆက်အနွှယ် ရှိမနေဟု မဆိုနိုင်ပေ။
အရှင်ကြယ်စင်စုက မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်ရန် အလွယ်တကူ စွန့်စားရန် ရည်ရွယ်ချက် မရှိသည်မှာ ထိုအချက်ကြောင့်ပင်။
အရှင်ကြယ်စင်စု၏ စကားကိုကြားလျှင် အရှင်မိုးကြိုးပြစ်ဒဏ်သည် သူ၏ စိတ်အားထက်သန်မှုကို ချိုးနှိမ်ကာ တိတ်တဆိတ် စောင့်ဆိုင်းရုံသာ တတ်နိုင်ခဲ့သည်။
သိပ်မကြာမီမှာပင် စန်းရှန်နယ်မြေမှ အရှင်ခွန်းရှန်နှင့် ပိုင်ယွင်နယ်မြေမှ အရှင်ယွင်ယင်တို့ နှစ်ဦးသည် မဟာနဂါးတောင်ထိပ်သို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့ကြသည်။
လေထုထဲတွင် မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် နန်းတော်ကြီးအား မြင်လျှင် သူတို့၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
“နောက်ဆုံးတော့ ဒဏ္ဍာရီလာ မဟာနဂါးနန်းတော်ကို ငါတို့တွေ ရှာတွေ့ခဲ့ပြီ”
အရှင်ခွင်းရှန်က ရေရွတ်လိုက်ပြီး အရှင်ကြယ်စင်စုကို ကြည့်ကာ ပြောလိုက်သည်။
“ကြယ်စင်စု.. မင်းဘာလို့ မဟာနဂါးနန်းတော်ကို အရင်မသွားတာလဲ”
“ငါလည်း သွားဖို့ စဥ်းစားခဲ့ပါတယ်.. ဒါပေမဲ့ ငါ့မှာ အဲဒီလို စွမ်းရည် မရှိဘူးလေ.. ဒီမဟာနဂါးတောင်ထိပ်ရဲ့ လေထုထဲမှာ နတ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ လေထဲတားမြစ် အစီအရင်ရှိနေတယ်.. နတ်ဘုရင်အဆင့် မဟုတ်သရွေ့ ဘယ်သူကမှ လေထဲကို ပျံသန်းနိုင်မယ် မထင်ဘူး”
“တကယ်လား.. ငါစမ်းသပ်ကြည့်မယ်”
စကားဆုံးသည်နှင့် အရှင်ခွင်းရှန်က မဟာနဂါးနန်းတော် ဆီသို့ သွားရန် လေထုထဲသို့ ခုန်တက်လိုက်သည်။
သို့သော်လည်း သူ၏ ခြေထောက်က မြေပြင်မှ ကင်းကွာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာဖိအားတစ်ခုသည် အရှင်ခွင်းရှန် ထံသို့ သက်ရောက်လာခဲ့သည်။
အရှင်ခွန်းရှန်၏ ခွန်အားဖြင့်ပင် အမြင့်ပေ ၁၀၀၀လောက်ကိုသာ ပျံသန်းနိုင်ခဲ့သည်။
သူက ထိုမျှလောက် အကွာအဝေးကိုသာ ပျံသန်းနိုင်ခဲ့သော်လည်း အလွန်တရာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။
အဆုံးသတ်တွင် အရှင်ခွန်းရှန်သည် ထိုကြောက်မက်ဖွယ် ဖိအားအောက်တွင် မဟာနဂါး တောင်ထိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။
“နတ်ဘုရင်အဆင့်စွမ်းအားနဲ့ စီရင်ထားတဲ့ အစီအရင်လို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်တာပဲ”
အရှင်ခွန်းရှန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ရေရွတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ထိုအချိန်တွင် အရှင်ယွင်ယင်သည် နတ်ဘုရင်လမ်း ဆီသို့ အကြည့်ရောက်သွားခဲ့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါတို့တွေ လေထဲကို မပျံသန်းနိုင်မှတော့ ဒီနတ်ဘုရင်လမ်းကိုပဲ အားကိုးရတော့မယ် ထင်တယ်"
"နတ်ဘုရင်လမ်းက နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားကနေ ဆင့်ကဲ ပြောင်းလဲထားတဲ့အတွက် နှိုင်းယှဥ်လို့ မရလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေတယ်”
အရှင်ကြယ်စင်စုက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒီနတ်ဘုရင်လမ်းက မဟာနဂါးနန်းတော်ရဲ့ တပည့်တွေစုဆောင်းဖို့ အတွက် ဖွင့်လှစ်ထားတဲ့ စမ်းသပ်လမ်းတစ်ခုပဲ.. နယ်မြေနတ်ဘုရား အဆင့်က ဒီနတ်ဘုရင်လမ်းထဲကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို ငါတို့ မဟာနဂါးနန်းတော်ဆီ ဘယ်လိုလုပ်ပြီး သွားလို့ရတော့မှာလဲ”
အရှင်ခွင်းရှန်၏ အမူအရာက အနည်းငယ် မကြည်မလင်ဖြစ်သွားခဲ့သည်။
ဒဏ္ဍာရီလာ နဂါးနန်းတော်က သူတို့ရှေ့တွင် ရှိနေသော်လည်း သူတို့က လုံးဝသွားရောက်နိုင်ခြင်းမရှိဘဲ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
ယင်းက မဟာနဂါးနန်းတော်ကို ရှာမတွေ့သည်ထက်ပင် ပို၍ စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
အရှင်ကြယ်စင်စုက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“ငါတို့အနေနဲ့ နယ်မြေလေးခုက ထူးချွန်တဲ့ တပည့်တွေကို ရွေးချယ်ပြီး နတ်ဘုရင်လမ်းထဲ ဝင်ခိုင်းဖို့ပဲ ရှိတော့တယ်”
“နေဦး ငါစမ်းသပ်ကြည့်လိုက်ဦးမယ်”
ထိုအချိန်တွင် စိတ်မရှည်ဖြစ်နေသော အရှင်မိုးကြိုးပြစ်ဒဏ်သည် အရှင်ကြယ်စင်စု၏ စကားကို နားမထောင်ဘဲ နတ်ဘုရင်လမ်း ဆီသို့ လှမ်းတက်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် မဟာနဂါးတောင်ထိပ်တွင် ပြင်းထန်သော နေရာလွတ် လှိုင်းဂယက် တစ်ခု ဖြစ်ပေါ်လာခဲ့ရာ မဟာနဂါးတောင်ထိပ်တွင် ရှိနေသော နယ်မြေနတ်ဘုရားလေးပါးကို မှင်တက်သွားစေခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် နူးညံ့သိမ်မွေ့သော မျက်နှာထားရှိသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် သူတို့လေးဦး၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
ထိုလူငယ်မှာ တခြားသူ မဟုတ်ဘဲ မဟာနဂါးနန်းတော်၏ တစ်ဦးတည်းသော တပည့် ဖြစ်သည့် ကျန်းချန်ပင် ဖြစ်သည်။
“ကောင်လေး မင်းက ဘယ်အင်အားစုကလဲ.. ဒီနတ်ဘုရားက ဘာလို့ မင်းကို မမြင်ဖူးရတာလဲ”
အရှင်ကြယ်စင်စုက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏မျက်နှာထက်တွင် သတိကြီးသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ရာတွင် နယ်မြေလေးခုရှိ နတ်ဘုရားများအပြင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများစွာ ဝင်ရောက်ခဲ့ကြသည်။
သို့သော်လည်း သူ၏ မှတ်ဥာဏ်ထဲတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကဲ့သို့ လူငယ်တစ်ဦး ရှိမနေခဲ့ပေ။
ထို့အပြင် ထိုလူငယ်ထံကနေ အန္တရာယ် အငွေ့အသက်များကို သူက ခပ်ရေးရေး ခံစားမိခဲ့သည်။
ယင်းအတွက်ကြောင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နယ်မြေလေးခုမှ မဖြစ်နိုင်သည်မှာ သေချာသလောက်ပင်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲတွင် နယ်မြေလေးခုမှ လူမဟုတ်လျှင် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။
ယင်းမှာ မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ပင် ဖြစ်သည်။
ဆိုရလျှင် ထိုကောင်လေးသည် မဟာနဂါးနန်းတော်၏ အဆက်အနွှယ် ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပေသည်။
“မင်းငါ့ကို မမြင်ဖူးတာ သဘာဝကျပါတယ်...ဘာဖြစ်လို့လည်းဆိုတော့ ငါက မင်းတို့ နယ်မြေလေးခုက မဟုတ်လို့ပဲ”
ကျန်းချန်က နယ်မြေနတ်ဘုရား လေးပါးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်တွင် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ နယ်မြေလေးခုက မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်အတွက် အတော်လေး အားထုတ်ထားတဲ့ပုံပဲ”
သူ၏ ရှေ့မှ နယ်မြေနတ်ဘုရား လေးပါးသည် အလွန်တရာသန်မာပြီး အားအနည်းဆုံးသူပင် ကျီလင်နယ်မြေထက် အရှင်ကျီယွင်ထက် မနိမ့်ကျပေ။
အထူးသဖြင့် ၎င်းတို့ထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်သည့် ကြယ်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူသတ်ဖြတ်ဖူးသည့် အဖြူ၊အနက် အရှင်နှစ်ပါးထက်ပင် မနိမ့်ကျပေ။
ကျန်းချန်၏ စကားကိုကြားလျှင် နယ်မြေနတ်ဘုရားလေးပါး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
အရှင်ကြယ်စင်စုက ကျန်းချန်ကို စိုက်ကြည့်ကာ ချက်ချင်းဆိုသလို မေးခွန်းထုတ်လိုက်သည်။
“မင်းက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်လား”
“ငါက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ် ဖြစ်ရုံတင်မကဘူး မဟာနဂါးနန်းတော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူလည်း ဖြစ်တယ်”
ကျန်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်က မင်းတို့ဝင်ရောက်ပတ်သက်နိုင်တဲ့ အရာမဟုတ်ဘူး.. မင်းတို့တွေ အခြေအနေကို နားလည်ပြီး အခုချက်ချင်း ထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး”
“ဟားဟား ရယ်စရာကောင်းလိုက်တာ မင်းလို မလောက်လေး မလောက်စား ကောင်လေး တစ်ယောက်က ငါတို့ကို တားဆီးချင်နေတယ်လား.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
အရှင်ခွင်းရှန်က မထီမဲ့မြင် ရယ်မောလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နယ်မြေနတ်ဘုရား တစ်ပါး၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် ချက်ချင်းဆိုသလိုပင် အမြင့်ပေ ၁၀၀၀ ရှိသော တောင်တန်းကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်သို့ ကျဆင်းလာခဲ့သည်။
ထိုကြောက်မက်ဖွယ်ရာ တောင်တန်းကြီး၏ စွမ်းအားအောက်တွင် ကျန်းချန်သည် တစစီ ကြေမွသွားနိုင်ဖွယ် ရှိသည်။
သို့သော်လည်း အရှင်ခွင်းရှန်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် အနည်းငယ်မျှပင် စိုးရိမ်မှုမရှိခဲ့ပေ။
သူက ကမ္ဘာ့စွမ်းအား ၇မျိုးဖြင့် ပေါင်းစပ်ထားသော လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ တောင်တန်းကြီးကို တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး သူ့ထံသို့ ကျရောက်လာသည့် တောင်တန်းကြီးသည် လေထုထဲမှာပင် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။
အရှင်ခွင်းရှန်၏ ခန္ဓာကိုယ်က လေထုထဲတွင် ခြေနှစ်လှမ်း၊ သုံးလှမ်းခန့် နောက်ဆုတ်သွားခဲ့ရ၏။
“ကမ္ဘာ့စွမ်းအား ၇မျိုးရဲ့ စွမ်းအားပါလား.. မင်း မင်းက မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေတာပဲ”
ကျန်းချန်ကို စူးစိုက် ကြည့်နေသည့် အရှင်ခွင်းရှန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူ၏ နံဘေးမှ နယ်မြေနတ်ဘုရား သုံးပါးသည်လည်း မအံ့သြဘဲ မနေနိုင်ခဲ့ပေ။
“ဒီကောင်လေးက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး မဟာကောင်းကင် နတ်ဘုရား ဖြစ်လာခဲ့တာကိုး”
ဤအချိန်တွင် အရှင်ကြယ်စင်စုသည် ထိုကောင်လေးထံမှ အန္တရာယ် အငွေ့အသက်ကို အဘယ်ကြောင့် ခံစားခဲ့ရမှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
စင်စစ် မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ဟု သူ့ကိုယ်သူ ပြောဆိုခဲ့သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေသည်မဟုတ်ပါလော။
“အတူတူပူးပေါင်းပြီး ဒီခွေးကောင်ကို သတ်ဖြတ်ကြစို့”
အရှင်ကြယ်စင်စု၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့အနေဖြင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ရယူလိုလျှင် သူတို့ရှေ့မှ မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ကို သေချာပေါက် ဖယ်ရှားပစ်ရပေလိမ့်မည်။
မဟာနဂါးနန်းတော်၏ အဆက်အနွှယ်သည် နယ်မြေနတ်ဘုရားများနှင့် ယှဥ်တိုက်နိုင်သော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့သည်။
ထို့ကြောင့် တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင် ထိုကောင်လေးကို သတ်ဖြတ်ရန်မှာ မလွယ်ကူလောက်ပေ။
ထို့ကြောင့် အရှင်ကြယ်စင်စုသည် ကျန်းချန်ကို အခွင့်အရေးပေးရန် ရည်ရွယ်ချက် မရှိဘဲ အခြား နယ်မြေနတ်ဘုရား သုံးပါးနှင့် ပူးပေါင်းကာ ကျန်းချန်ကို အလျင်မြန်ဆုံး သတ်ဖြတ်ရန် စီစဥ်ခဲ့သည်။
အရှင်ကြယ်စင်စု၏ အဆိုပြုချက်နှင့် ပတ်သက်၍ အခြားသော နယ်မြေနတ်ဘုရား သုံးပါးသည် သဘာဝကျစွာပင် ကန့်ကွက်စရာ မရှိခဲ့ပေ။
သူတို့ ဤတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်လာရသည့် အဓိက ရည်ရွယ်ချက်သည် မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို ရယူခြင်းအပြင် မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ကို အမြစ်ပြတ်သုတ်သင်ရန် ဖြစ်သည်။
ထိုကောင်လေးက မဟာနဂါးနန်းတော်၏ အဆက်အနွှယ်ဟု ပြောဆိုနေခဲ့သည် ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ ညှာတာနိုင်ပါတော့မည်နည်း။
သူတို့လေးဦးက လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ ခန္ဓာကိုယ်ထဲမှ နယ်မြေနတ်ဘုရား စွမ်းအားများကို တစ်ချိန်တည်းနီးပါး ထုတ်ဖော်လိုက်ကြသည်။