အခန်း (၁၉၄၆)
Vol. 135 Ch. 1946
“ဟားဟား မင်းတို့လေးယောက်နဲ့ အချိန်ဖြုန်းဖို့ ငါစိတ်မဝင်စားဘူး.. မင်းတို့မှာ မဟာနဂါးနန်းတော်ထဲကို ဝင်ရောက်နိုင်တဲ့စွမ်းရည်ရှိရင် ငါ မင်းတို့နဲ့ အတူတူ ပျော်ပျော်ပါးပါး ကစားပေးမယ်”
ကျန်းချန်က ခပ်ထေ့ထေ့ လှောင်ရယ်လိုက်ပြီး လေထုထဲတွင် တည်တံ့နေသော မဟာနဂါးနန်းတော် ဆီသို့ ပျံသန်းသွားခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့် သူ၏ ရှေ့မှ နယ်မြေနတ်ဘုရား လေးပါးကို မကြောက်ရွံ့သော်လည်း နယ်မြေနတ်ဘုရားလေးပါး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ၎င်းတို့ကို အနိုင်ယူရန်အတွက် ခွန်အားများစွာကို သုံးစွဲရလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ကျန်းချန်သည် နယ်မြေနတ်ဘုရား လေးပါးနှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ဤအချိန်တွင် ကျန်းချန်အတွက် အရေးအကြီးဆုံးအရာမှာ မဟာနဂါးနန်းတော်သို့ သွားရောက်ပြီး မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို သိမ်းဆည်းရန် ဖြစ်သည်။
“သူ့ကို တားထားကြ”
အရှင်ကြယ်စင်စုက ကျန်းချန် ပျံသန်းသွားသည်ကို မြင်လျှင် ချက်ချင်းဆိုသလို အော်ဟစ် သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် နယ်မြေနတ်ဘုရား လေးပါး တို့သည် ကျန်းချန်ကို တိုက်ခိုက်လိုက်ကြ၏။
သို့သော်လည်း သူတို့၏ စွမ်းအားသည် မဟာနဂါးတောင်ထိပ်တွင် အလွန်အမင်း ဖိနှိပ်ခံထားရ၏။
ထို့ကြောင့် သူတို့လေးဦးက လေထုထဲကို ပျံသန်းသွားသည့် ကျန်းချန်အား မည်သည့် ခြိမ်းခြောက်မှုကိုမှ မပြုလုပ်နိုင်ဘဲ ကျန်းချန်က မဟာနဂါးနန်းတော်ထဲ ပျံသန်းသွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“ဒီကောင်လေးက မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်ဆိုတော့ လေထဲတားမြစ် အစီအရင်ကို လျစ်လျူရှုနိုင်တဲ့ပုံပဲ”
သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အရှင်ကြယ်စင်စု၏ မျက်နှာသည် အလွန်တရာပင် ချက်ချင်းဆိုသလို အကျည်းတန်သွားခဲ့သည်။
ထိုအချိန်တွင် အရှင်မိုးကြိုးပြစ်ဒဏ်၏ ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် နတ်ဘုရင်လမ်း၏ ပထမအဆင့်တွင် ပေါ်လာခဲ့၏။
သူက နတ်ဘုရင်လမ်းမှ တစ်ဆင့် မဟာနဂါးနန်းတော် ထဲကို ဝင်ရောက်ရန် ကြိုးစားကြည့်လိုခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ၏ ပုံရိပ်က နတ်ဘုရင်လမ်း၏ ပထမအဆင့်သို့ ကျရောက်သည်နှင့် မမြင်နိုင်သော စွမ်းအားတစ်ခုသည် သူ့ကို နောက်သို့ လွင့်စင်စေခဲ့သည်။
“မဟာနဂါးနန်းတော်ရဲ့ နတ်ဘုရင်လမ်းကို နယ်မြေနတ်ဘုရားတွေ ဝင်ရောက်ခွင့် မရှိဘူးဆိုတော့ ငါတို့ နယ်မြေလေးခုရဲ့ ကောင်းကင်နတ်ဘုရားတွေ ရောက်လာတဲ့ အချိန်ထိ စောင့်ပြီးမှ စီစဥ်ရတော့မယ် ထင်တယ်”
ထိုမြင်ကွင်းကို မြင်လျှင် အရှင်ကြယ်စင်စုက လေးနက်စွာ ပြောလိုက်သည်။
“မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်က နယ်မြေနတ်ဘုရားနဲ့ယှဥ်နိုင်တဲ့ မဟာကောင်းကင် နတ်ဘုရား အဆင့်ကို ရောက်နေခဲ့ပြီ.. နယ်မြေလေးခုရဲ့ ကောင်းကင်နတ်ဘုရားတွေက နတ်ဘုရင်လမ်းကို ဖြတ်ကျော်ပြီး မဟာနဂါးနန်းတော်ဆီ သွားနိုင်ခဲ့ရင်တောင် သူ့ကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး
ထိုအချိန်တွင် အရှင်ယွင်ယင်က ရုတ်တရက် ဝင်ပြောလိုက်သည်။
အရှင်ခွင်းရှန်ကလည်း သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်၏။
“ဒါဆို ငါတို့ရှေ့က မဟာနဂါးနန်းတော်နဲ့ ပတ်သက်ပြီး ငါတို့ ဘာမှမလုပ်နိုင်တော့ဘူးလား”
“စီစဥ်ထားတဲ့အတိုင်း ငါတို့နယ်မြေလေးခုက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကို စေလွှတ်ပြီး ကြိုးစားခိုင်းဖို့ပဲ ရှိတော့တယ်”
အရှင်ကြယ်စင်စု၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
“အဲဒီကောင်လေးက မဟာကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်ပေမဲ့ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား အဖွဲ့တစ်ဖွဲ့ကို နယ်မြေနတ်ဘုရားအဆင့် လက်နက်တွေ တပ်ဆင်ပေးလိုက်မယ် ဆိုရင် အဲဒီကောင်လေးကို မနိုင်စရာ ဘာအကြောင်းမှ မရှိဘူး”
“ကြယ်စင်စု.. ငါတို့တွေက မဟာနဂါးနန်းတော် အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျမသိဘူး.. ဒါကြောင့် နယ်မြေလေးခုက ကောင်းကင်နတ်ဘုရားတွေ အပေါ်မှာ ငါတို့ရဲ့မျှော်လင့်ချက်တွေ အားလုံးကို လုံးလုံးလျားလျား ပုံအပ်ထားဖို့ မဖြစ်နိုင်ဘူး”
အရှင်ယွင်ယင်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်”
“ဘယ်လိုနည်းလမ်းလဲ”
အရှင်ယွင်ယင်၏ စကားကိုကြားလျှင် အရှင်ကြယ်စင်စုတို့ သုံးဦးစလုံး၏ မျက်ဝန်းများသည် အရှင်ယွင်ယင်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ငါတို့ နယ်မြေလေးခုရဲ့ မြောက်ဘက်အရပ်မှာ ကျန်းဝူကောင်းကင် နယ်မြေလို့ညခေါ်တဲ့ အလွန်အစွမ်းထက်တဲ့ နယ်မြေတစ်ခု ရှိတယ်.. အဲဒီ ကျန်းဝူကောင်းကင်နယ်မြေမှာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းလို့ ခေါ်တဲ့ ထိပ်တန်းအဆင့်နယ်မြေနတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်း ရှိတယ်.. ဆန်းကြယ်ကိုးပါးအစီအရင်ဂိုဏ်းရဲ့ အကြီးအကဲတွေက အစီအရင်လမ်းစဥ်မှာ အတော်လေး ပေါက်မြောက် အောင်မြင်ထားပြီး အဆင့်မြင့် အတားအစီးတွေကို ဖြိုခွဲရာမှာ နာမည်ကျော်ကြားတယ်.. အခု ငါတို့ ပိုင်ယွင်နယ်မြေမှာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက နယ်မြေနတ်ဘုရားတစ်ပါး ရောက်နေတယ်.. ငါတို့ သူ့ကို အဖိုးအခ တချို့ပေးပြီး အကူအညီတောင်းလို့ ရမယ်ထင်တယ်”
အရှင်ယွင်ယင်က သူ၏ စိတ်ကူးကို လေးနက်စွာ ပြောပြလိုက်သည်။
“ယွင်ယင် မင်းရဲ့ အစီအရင်က ဖြစ်နိုင်လောက်တယ်.. ငါတို့အကောင်အထည်ဖော်ကြစို့”
အရှင်ကြယ်စင်စု၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
“ယွင်ယင်.. မင်းအခုချက်ချင်း ဆန်းကြယ်ကိုးပါးအစီအရင်ဂိုဏ်းက နယ်မြေနတ်ဘုရားကို ဆက်သွယ်လိုက်တော့”
အရှင်ကြယ်စင်စုသည် ကျန်းဝူကောင်းကင်နယ်မြေရှိ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းနှင့် ပတ်သက်၍ ကြားဖူးခဲ့သည်။
ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူနယ်မြေတွင် ရှည်လျားသော သမိုင်းကြောင်း ရှိသည့် ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားဂိုဏ်း ဖြစ်ရုံသာမက အစီအရင်ပညာရပ်တွင်လည်း အလွန်တရာ ထူးချွန်ကြသည်။
မဟာနဂါးတောင်ထိပ် အထက်ရှိ လေထုထဲမှ လေထဲတားမြစ်အစီအရင်သည် အလွန်တရာပင် အစွမ်းထက်၏။
သို့သော်လည်း ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် ဖြိုခွင်းနိုင်ဖွယ် ရှိသည်။
နယ်မြေလေးခုမှ ကောင်းကင်နတ်ဘုရားများကို နတ်ဘုရင်လမ်းမှ တစ်ဆင့် ထိုးဖောက်ဝင်ရောက်စေပြီး မဟာနဂါးနန်းတော်ကို စူးစမ်းခြင်းသည် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်သည်။
“ကောင်းပြီ”
စင်စစ် မဟာနဂါးတောင်ထိပ် အထက်ရှိ လေထဲတားမြစ် အစီအရင်ကို ဖယ်ရှားပြီး သူတို့ကိုယ်တိုင် မဟာနဂါးနန်းတော်သို့ ဝင်ရောက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်းဖြစ်သည် မဟုတ်ပါလား။
အရှင်ယွင်ယင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို မျက်လုံးကို မှိတ်၍ တင်ပျဥ်ခွေ ထိုင်လိုက်သည်။
-----------------
အရှင်ကြယ်စင်စုတို့ လေးဦးက လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြစဥ်တွင် ကျန်းချန်သည် မဟာနဂါးနန်းတော်သို့ ရောက်လာခဲ့သည်။
မဟာနဂါးနန်းတော်၏ တစ်ဦးတည်းသော အဆက်အနွှယ်အနေဖြင့် ကျန်းချန်သည် လမ်းတစ်လျှောက်တွင် မည်သည့်အတားအဆီးကိုမှ မတွေ့ခဲ့ရပေ။
မကြာမီမှာပင် သူက မဟာနဂါးနန်းတော်၏ ဗဟိုရှိ ကြီးမားသော ရင်ပြင်ဆီသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့၏။
ရင်ပြင်ဗဟိုသို့ ရောက်လျှင် ကျန်းချန်က လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး လေထုအထက်ကို မော့ကြည့်ကာ ပြောလိုက်သည်။
“စီနီယာနန်းတော်ဝိညာဥ် ရှိပါသလား.. ကျန်းချန်က မဟာနဂါးနန်းတော်ရဲ့ အမွေအနှစ်ကို လက်ခံပြီး မဟာနဂါးနန်းတော်ကို ထိန်းချုပ်ဖို့ အတွက် ရောက်လာခဲ့ပါပြီ”
“ကောင်လေး မင်းက ဒီလောက် အချိန်တိုလေးအတွင်းမှာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်”
ထိုအချိန်မှာပင် ရင်ပြင်အထက်ရှိ လေထုကနေ ခန့်ညားသော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေသော ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် ကျန်းချန်၏ ရှေ့ရှိ လေထုထဲကနေ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တလေးတစား အမူအရာဖြင့် ပြောလိုက်၏။
“စီနီယာ.. ကျွန်တော် မဟာနဂါးနန်းတော်ကို ထိန်းချုပ်ဖို့ အရည်အချင်း ပြည့်မီပြီလား”
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်ကို လေးနက်သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းအသေအချာတော့ စဥ်းစားရမယ်.. မင်းက နယ်မြေနတ်ဘုရား အဆင့်ကို မချိုးဖျက်ရသေးပေမဲ့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်က အလယ်အလတ် နယ်မြေနတ်ဘုရား အဆင့်နဲ့ နှိုင်းယှဥ်နိုင်တဲ့အတွက် မဟာနဂါးနန်းတော်ကို ထိန်းသိမ်းဖို့ အရည်အချင်း ပြည့်မီပါတယ်”
“စီနီယာ စိတ်မပူပါနဲ့.. ကျွန်တော် အဲဒီအတွက်လည်း အဆင်သင့်ပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မဟာနဂါးနန်းတော်ကို ထိန်းချုပ်တာက မဟာနဂါးနန်းတော်ရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်အားလုံးကို ခံယူရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”
“စီနီယာ.. မဟာနဂါးနန်းတော် ပျက်စီးခဲ့ရတဲ့ အကြောင်းရင်းကို ကျွန်တော့်ကို ပြောပြလို့ရပြီလား”
သူက မဟာနဂါးနန်းတော်၏ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံထားခဲ့ပြီ ဖြစ်သည်။
ထိုကတည်းကပင် သူက မဟာနဂါးနန်းတော်နှင့် ပတ်သက်နေပြီကို ရှောင်လွှဲ၍ မရတော့သည် ဖြစ်ရာ တည်ငြိမ်စွာဖြင့် ရင်ဆိုင်ရုံသာ ရှိသည် မဟုတ်ပါလား။
မည်သည့် အကြောင်းအရင်းနှင့် အကျိုးဆက်များ ဖြစ်နေပါစေ ကျန်းချန်က ဂရုစိုက်နေမည် မဟုတ်ပေ။
သူသာ မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်ပြီး မဟာနဂါးနန်းတော်မှ ချန်ထားရစ်ခဲ့သော အမွေအနှစ် အားလုံးကို ရရှိနိုင်ခဲ့လျှင် စနစ်၏ အဆ ၁၀၀ တိုးမြှင့်မှုနှင့် ပေါင်းစပ်လိုက်ပါက နယ်မြေနတ်ဘုရားအဆင့် သာမက နတ်ဘုရင်အဆင့် ကျင့်ကြံသူပင် ဖြစ်လာရန် မခက်ခဲလောက်ပေ။
ထိုအချိန်သို့ ရောက်လျှင် သူက မဟာနဂါးနန်းတော်ကို ဖျက်ဆီးခဲ့သော ကျင့်ကြံသူနှင့် ယှဥ်ပြိုင်နိုင်သည့်အရည်အချင်း ရှိလာလိမ့်မည် ဖြစ်၏။
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်၏ မေးခွန်းကို ကြားလျှင် အနည်းငယ် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“ကောင်လေး.. ထာဝရဟင်းလင်းပြင်ရဲ့ ဗဟိုမှာ နတ်ကုန်းမြေတိုက်လို့ ခေါ်တဲ့ အဓိက ကုန်းမြေတိုက် တစ်ခု ရှိတယ်ဆိုတာ မင်းသိလား”
“ကျွန်တော် နတ်ကုန်းမြေတိုက်နဲ့ ပတ်သက်ပြီး ကြားဖူးပါတယ်”
ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
သူ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
“စီနီယာရဲ့ စကားအရဆိုရင် မဟာနဂါးနန်းတော် ပျက်စီးတာက နတ်ကုန်းမြေတိုက်နဲ့များ ပတ်သက်နေတာလား”
ရွှေရောင်ဝတ်စုံဝတ်အဘိုးအိုက လေးနက်စွာ ပြန်ဖြေလိုက်သည်။
“အမှန်ပဲ.. မဟာနဂါးနန်းတော်က နတ်ကုန်းမြေတိုက်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနဲ့ ဆက်စပ်နေတယ်”
ရွှေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဟန်ယွဲ့နန်းတော်မှ သူ့ဆရာ အရှင်ရွှယ်သောင်း ထံကနေ ကျန်းချန်သည် နတ်ကုန်းမြေတိုက်နှင့် ပတ်သက်သည့် အကြောင်းအရာ တချို့ကို ကြားဖူးခဲ့သည်။
နန်းတော်ဝိညာဥ်၏ စကားထဲမှ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုသည် ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုနှင့် အဆင့်တူ အင်အားစု တစ်စု ဖြစ်၏။
ထို့အပြင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့်အပြင် နတ်ဘုရင် တစ်ပါးထက်မက ပိုင်ဆိုင်ထားသော အင်အားစုလည်း ဖြစ်သည်။
မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလကနေ အမွေဆက်ခံလာခဲ့သော ကြီးမြတ်သော မျိုးနွယ်စု ဖြစ်သည့် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနှင့် ဆက်စပ်နေမည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။
ရုတ်တရက် ကျန်းချန်၏ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်လာခဲ့သည်။
သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုကို ကြည့်ကာ မေးလိုက်သည်။
“စီနီယာ.. သူတော်စင်နဂါးဘုရင်နဲ့ ဒီရှေးဟောင်း နဂါးမျိုးနွယ်စုက ဘယ်လို ပတ်သက်မှုရှိသလဲဆိုတာ သိပါရစေ”
“သူတော်စင်နဂါးဘုရင်က ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုကပဲ.. ဒါပေမဲ့ သူက ဒီနေရာမှာ မဟာနဂါးနန်းတော်ကို ဘာအတွက် တည်ထောင်ခဲ့လဲ.. ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုနဲ့ ဘယ်လို မကျေမနပ်ချက်တွေ ရှိခဲ့လဲ ဆိုတာကိုတော့ ငါမသိဘူး”
ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ကျန်းချန်ကို ကြည့်ကာပြောလိုက်သည်။
“လောလောဆယ်တော့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အကြောင်းကို စဥ်းစားမနေပါနဲ့.. မင်းဆုံးဖြတ်ပြီးပြီ ဆိုမှတော့ မဟာနဂါးနန်းတော်ကို ထိန်းချုပ်ဖို့ပဲ အရင်လုပ်ပါ”
စကားဆုံးသည်နှင့် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်၏ နဖူးကို လက်ညှိုးဖြင့် ချိန်ရွယ်၍ ကျန်းချန်၏ စိတ်ထဲသို့ နည်းလမ်းတစ်ခုကို တိုက်ရိုက် ပေးပို့လိုက်သည်။
ထိုနည်းလမ်းမှာ မဟာနဂါးနန်းတော်ကို ထိန်းချုပ်သန့်စင်သည့် နည်းလမ်းပင် ဖြစ်သည်။
“ကောင်လေး.. မဟာနဂါးနန်းတော်ကို ထိန်းချုပ်သန့်စင်တဲ့နည်းလမ်း ငါမင်းဆီ ပေးပို့လိုက်ပြီ.. ဒီမဟာနဂါးနန်းတော်က သူတော်စင်နဂါးဘုရင် အစွမ်းကုန် ကြိုးစားတည်ဆောက်ထားတဲ့ မှော်ရတနာပဲ.. မင်းက အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေရင်တောင် မဟာနဂါးနန်းတော်ကို လွယ်လွယ်နဲ့တော့ သန့်စင်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ပြောပြီးသည်နှင့် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျန်းချန် ဘာစကားမှ မပြောမီမှာပင် ကျန်းချန်၏ ရှေ့ကနေ ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ချက်ချင်းဆိုသလိုပင် ရင်ပြင်ဗဟိုတွင် တင်ပျဥ်ခွေ၍ ထိုင်ချလိုက်၏။
ထို့နောက်တွင် သူက ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို ပေးခဲ့သော နည်းလမ်းအတိုင်း မဟာနဂါးနန်းတော်ကို သန့်စင်ရန် စတင်ပြုလုပ်ခဲ့သည်။
သူသာ မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်လျှင် သူ၏ ခွန်အားက များစွာ တိုးတက် ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။
မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ထည့်မတွက်လျှင်ပင် မဟာနဂါး နန်းတော်ကို လုံးဝ ထိန်းချုပ်နိုင်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရင် အဆင့်အောက်ရှိ မည်သူ့ကိုမဆို ကြောက်ရွံ့စရာ မလိုအပ်တော့ပေ။
ကျန်းချန်က သူ၏ စွမ်းအားများကို စုစည်းလိုက်ပြီး လျှို့ဝှက် ဆန်းကြယ်သော လက်ဟန်များကို အဆက်မပြတ် ပြုလုပ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုပေးခဲ့သော နည်းလမ်းအတိုင်း မဟာနဂါးနန်းတော်နှင့် ဝိညာဥ်ချင်းဆိုင်ရာ ချိတ်ဆက်မှုကို အဆုံးသတ်တွင် တည်ဆောက်နိုင်ခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် မဟာနဂါးနန်းတော်ကို သန့်စင်ပြီး ထိန်းချုပ်ရန် အတွက် စတင်ခဲ့သည်။
“ဒင်.. သင်က နတ်ဘုရင်ရဲ့ မှော်ရတနာ ဖြစ်တဲ့ မဟာနဂါးနန်းတော်ကို သန့်စင်ပြီး အဆ ၁၀၀ တိုးမြှင့်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင့်ရဲ့ မဟာနဂါးနန်းတော် အပေါ် ထိန်းချုပ်မှုက တစ်သိန်းပုံ တစ်ပုံအထိ ရောက်ရှိသွားခဲ့ပါပြီ”
“ဒင်.. သင်က နတ်ဘုရင်ရဲ့ မှော်ရတနာ ဖြစ်တဲ့ မဟာနဂါးနန်းတော်ကို သန့်စင်ပြီး အဆ ၁၀၀ တိုးမြှင့်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင့်ရဲ့ မဟာနဂါးနန်းတော်အပေါ် ထိန်းချုပ်မှုက တစ်သိန်းပုံ တစ်ပုံအထိ ရောက်ရှိသွားခဲ့ပါပြီ”
“..........”
သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်များ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်သည် မဟာနဂါးနန်းတော်ကို သန့်စင်သည်က မည်မျှခက်ခဲကြောင်း ခံစားမိခဲ့သည်။
သူ့တွင် အဆ ၁၀၀ စနစ်၏ တိုးမြှင့်မှု ရှိနေသည့်တိုင် သူက ၁၀မိနစ်လျှင်ပင် တစ်သိန်းပုံတစ်ပုံသာ သန့်စင်နိုင်ခဲ့သည်။
ဤအရှိန်အဟုန်ဖြင့် ဆိုလျှင် မဟာနဂါးနန်းတော်ကို လုံးဝ ထိန်းချုပ်နိုင်ရန် အတွက် အနည်းဆုံး ၂နှစ်ခန့် ကြာမြင့်လိမ့်မည်ဖြစ်၏။
သို့သော်လည်း ကျန်းချန်အတွက် ၂နှစ်ဟူသော အချိန်သည် ဘာမှမဟုတ်ပေ။
၂နှစ်အတွင်း မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်ပြီး မဟာနဂါးနန်းတော်မှ ချန်ထားရစ်ခဲ့သည့် အရင်းအမြစ်များနှင့် အမွေအနှစ်များကို ရယူနိုင်ခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်ပင် အဖိုးတန်သော ကိစ္စ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က အနည်းငယ်မျှပင် စိတ်ဓာတ်မကျဘဲ မဟာနဂါးနန်းတော်ကို သန့်စင်ရန် အတွက် အစွမ်းကုန် ဆက်လက် ကြိုးစားခဲ့သည်။