အခန်း (၁၉၄၇)
Vol. 135 Ch. 1947
မဟာနဂါးတောင်ထိပ်ရှိ နတ်ဘုရင်လမ်း၏ အောက်ဘက်တွင် အရှင်ကြယ်စင်စု အပါအဝင် နယ်မြေနတ်ဘုရား လေးပါးသည် နတ်ဘုရင်လမ်း ပေါ်သို့ တက်ရောက်နေသော ပုံရိပ်များကို စောင့်ကြည့်နေခဲ့ကြသည်။
ထို့နေ့က တိုင်ပင်ဆွေးနွေးပြီးနောက်တွင် သူတို့လေးယောက်သည် နယ်မြေလေးခုမှ ကောင်းကင် နတ်ဘုရားများကို နတ်ဘုရင်လမ်း ပေါ်သို့ တက်ရောက်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် အရှင်ယွင်ယင်ကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ နယ်မြေနတ်ဘုရားနှင့် ဆက်သွယ်ရန် တောင်းဆိုခဲ့သည်။
ဤအချိန်တွင် နတ်ဘုရင်လမ်းပေါ်၌ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူ အနည်းဆုံး နှစ်ဆယ်ခန့် စုဝေးနေခဲ့ကြပြီး နတ်ဘုရင်လမ်း၏ ထိပ်ဆုံးသို့ တက်ရောက်နေခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက်တွင် နယ်မြေလေးခုမှ ကောင်းကင်နတ်ဘုရား တစ်ပါးသည် အဆုံးသတ်တွင် နတ်ဘုရင်လမ်း၏ ၃၃ဆင့်သို့ ရောက်ရှိသွားခဲ့ပြီး မဟာနဂါးနန်းတော်နှင့် နတ်ဘုရင်လမ်းကို ချိတ်ဆက်ထားသော ရွှေရောင် ကောင်းကင်တံတား ပေါ်သို့ တက်လှမ်းသွားခဲ့သည်။
“ဒါက ငါတို့ ထျန်းလဲ့ဂိုဏ်းက လဲ့တင်းပဲ.. သူက နတ်ဘုရင်လမ်းရဲ့ ၃၃ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ”
ရွှေရောင်ကောင်းကင် တံတားပေါ်သို့ တက်လှမ်းတော့မည့် ပုံရိပ်ကို ကြည့်ရင်း အရှင်မိုးကြိုးပြစ်ဒဏ်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“မိုးကြိုးပြစ်ဒဏ်.. နတ်ဘုရင်လမ်းကို ဖြတ်ကျော်နိုင်တဲ့သူက နောက်ဆုံးအဆင့်မှာ စောင့်နေရမယ်လို့ ငါတို့ ခုနကပဲ ဆွေးနွေးထားတယ် မဟုတ်လား.. လူစုံတော့မှပဲ မဟာနဂါးနန်းတော်ထဲကို အတူတူ ဝင်သင့်တယ်”
အရှင်ခွင်းရှန်က မကျေမနပ် လေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
အရှင်မိုးကြိုးပြစ်ဒဏ်က ခပ်ယဲ့ယဲ့ပြုံး၍ တုံ့ပြန်ပြောဆိုလိုက်၏။
“မဟာနဂါးနန်းတော်ထဲမှာ ဘယ်လို အခြေအနေရှိလဲ ဆိုတာ ဘယ်သူမှမသိနိုင်ဘူး.. ငါက လဲ့တင်းကို စူးစမ်းခိုင်းလိုက်ရုံပါပဲ”
ဤတစ်ကြိမ်တွင် နယ်မြေလေးခုသည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ကြသည်။
သို့ရာတွင် သူတို့သည် ပြိုင်ဘက်များလည်း ဖြစ်ကြ၏။
ယခု မဟာနဂါးနန်းတော်က သူတို့ရှေ့တွင် ရှိနေပြီ ဖြစ်ရာ မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို မည်သူက မလိုချင်ဘဲ နေပါမည်နည်း။
ယခုအခါတွင် သူတို့ ထျန်းလဲ့ဂိုဏ်းမှ တပည့်သည် နတ်ဘုရင်လမ်းကို ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့ပြီး မဟာနဂါးနန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေး ရယူနိုင်ခဲ့ပြီ ဖြစ်၏။
သို့ဖြစ်ရာ အရှင်မိုးကြိုးပြစ်ဒဏ်သည် လဲ့တင်းကို မိုက်မဲစွာဖြင့် စောင့်ဆိုင်းခိုင်းမည် မဟုတ်ပေ။
မဟာနဂါးနန်းတော်သို့ ပထမဆုံး ဝင်ရောက်ခြင်းသည် ပို၍ ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရနိုင်သော်လည်း အန္တရာယ် နှင့် အခွင့်အလမ်းသည် အမြဲတစေ ဒွန်တွဲ၍ တည်ရှိနေတတ်သည်။
အခြားသုံးဦး ဆိုလျှင်လည်း သူကဲ့သို့ပင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အရှင်မိုးကြိုးပြစ်ဒဏ် ယုံကြည်ခဲ့သည်။
မိမိတို့ဂိုဏ်း၏ တပည့်က နတ်ဘုရင်လမ်းကို ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့လျှင် နတ်ဘုရင်လမ်းပေါ်တွင် မည်သူကမှ မိုက်မဲစွာ စောင့်ခိုင်းလိမ့်မည် မဟုတ်ပေ။
အရှင်ကြယ်စင်စုနှင့် အရှင်ယွင်ယင် တို့သည် ထိုမြင်ကွင်းကို မြင်သော်လည်း များများစားစား မပြောခဲ့ကြပေ။
မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက နတ်ဘုရင်အဆင့် အင်အားစု ဖြစ်၍ အန္တရာယ်များနှင့် ပြည့်နှက်နေမည်မှာ သေချာ၏။
ထို့အပြင် ယခုအခါ မဟာနဂါးနန်းတော်ထဲမှ မဟာနဂါးနန်းတော်၏ အဆက်အနွှယ် ဖြစ်သည့် မဟာကောင်းကင်နတ်ဘုရား တစ်ပါးလည်း ရှိနေသေး၏။
လဲ့တင်းက မဟာနဂါးနန်းတော်ကို ပထမဆုံး ဝင်ရောက်သူ ဖြစ်ခဲ့လျှင်ပင် မည်သည့် အကျိုးကျေးဇူးကိုမှ ရရှိနိုင်မည်ဟု သူတို့ မထင်ခဲ့ချေ။
ထို့ကြောင့်လည်း အရှင်မိုးကြိုးပြစ်ဒဏ်က လဲ့တင်းကို မဟာနဂါးနန်းတော်ထဲ ဝင်ခွင့်ပြုလိုက်သောအခါ သူတို့က တိတ်တဆိတ် ဝမ်းမြောက်နေခဲ့ကြသည်။
အရှင်မိုးကြိုးပြစ်ဒဏ်နှင့် အရှင်ခွင်းရှန်တို့ စကားပြောနေစဥ်မှာပင် နတ်ဘုရင်လမ်း၏ ၃၃ဆင့်မြောက် လမ်းပေါ်ရှိ လဲ့တင်းသည် သူ၏ ရှေ့မှ ရွှေရောင်ကောင်းကင်တံတား ဆီသို့ ခြေချလိုက်သည်။
သို့သော်လည်း လဲ့တင်းသည် ရွှေရောင်ကောင်းကင်တံတားပေါ်တွင် အနည်းငယ်မျှသာ လျှောက်လှမ်းနိုင်ခဲ့ပြီး လေထဲတွင် ခြေချမိသကဲ့သို့ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်ကောင်းကင်တံတားပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။
လဲ့တင်းက ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး လေထဲသို့ ကျနေသော သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ထိန်ချုပ်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
မဟာနဂါးတောင်ထိပ်နှင့် မဟာနဂါးနန်းတော်ကြားရှိ လေထဲတားမြစ် အစီအရင်သည် နတ်ဘုရင်အဆင့် စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်၍ နယ်မြေနတ်ဘုရားများပင်လျှင် တွန်းလှန်ရန် ခက်ခဲ၏။
သို့ဖြစ်ရာ လဲ့တင်းကဲ့သို့ ကောင်းကင်နတ်ဘုရား အဆင့်သည် မည်ကဲ့သို့ တွန်းလှန်နိုင်ပါမည်နည်း။
သူက မည်မျှပင် ကြိုးစားရုန်းကန်ပါစေ သူ၏ ခန္ဓာကိုယ်သည် လေထုထဲကနေ အလျင်အမြန် ကျဆင်းလာခဲ့ပြီး အဆုံးသတ်တွင် မဟာနဂါးတောင်၏ ဘေးရှိ ချောက်နက်ထဲသို့ ကျရောက်သွားခဲ့သည်။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှလဲ”
အရှင်မိုးကြိုးပြစ်ဒဏ်က သူ၏ ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။
“လဲ့တင်းက နတ်ဘုရင်လမ်းကို ဖြတ်ကျော်နိုင်ခဲ့တာပဲ.. ဘာလို့ မဟာနဂါးနန်းတော်ထဲကို မဝင်ရောက်နိုင်ရတာလဲ”
“ငါတို့ တွေ့ခဲ့တဲ့ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက မဟာနဂါးနန်းတော်ရဲ့ တစ်ဦးတည်သော အဆက်အနွှယ်လို့ ငါတို့ကို ပြောဆိုခဲ့တယ်.. သူက မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်ခြေများတယ်.. ဒီအတိုင်းဆိုရင် ငါတို့တပည့်တွေက မဟာနဂါးနန်းတော်ထဲကို ဝင်ရောက်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး”
အရှင်ကြယ်စင်စုက လေးနက်စွာ ပြောလိုက်သည်။
နတ်ဘုရင်လမ်းကို ကျော်ဖြတ်ကာ မဟာနဂါးနန်းတော်ထဲသို့ အဆင်ပြေပြေ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း မျှော်မှန်းထားသော်လည်း လဲ့တင်း ပြုတ်ကျသွားသည်ကို မြင်ပြီး နောက်တွင် အရှင်ကြယ်စင်စုသည် သက်ပြင်းကို လေးလံစွာ ချလိုက်သည်။
ကံကောင်းစွာဖြင့် အရှင်မိုးကြိုးပြစ်ဒဏ်၏ အချက်ပြမှုအောက်တွင် လဲ့တင်းသည် ရွှေရောင်ကောင်းကင်တံတားပေါ်သို့ ဦးစွာ တက်သွားခဲ့သည်။
သို့မဟုတ်ဘဲ သူတို့ စီစဥ်ထားသည့်အတိုင်း နယ်မြေလေးခုမှ တပည့်အားလုံး ရွှေရောင်ကောင်းကင်တံတားပေါ်သို့ တက်ရောက်ခဲ့လျှင် သူတို့ နယ်မြေလေးခုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများကို ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
“နတ်ဘုရင်လမ်းကို ကျော်ဖြတ်နိုင်တာတောင် မဟာနဂါးနန်းတော်ထဲကို ဝင်လို့မရဘူး ဆိုတော့ တကယ့်သောက်ဂွပဲ”
အရှင်မိုးကြိုးပြစ်ဒဏ်၏ အမူအရာက အလွန်အမင်း သုန်မှုန်နေခဲ့သည်။
“ဒီအတိုင်းဆိုရင် ငါတို့ နယ်မြေလေးခုက တပည့်တွေ ဘယ်သူမှ ဝင်လို့ရမှာမဟုတ်ဘူး.. အားလုံးပဲ သက်ဆိုင်ရာ တပည့်တွေကို ကိုယ်စီ ပြန်ခေါ်လိုက်တော့.. အရှင်ယွင်ယင်က ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက နတ်မြေနတ်ဘုရားကို ဆက်သွယ်ပြီးပြီ.. ငါတို့ သူ ရောက်လာမှပဲ အစီအစဥ် ဆက်ဆွဲကြမယ်.. အကယ်၍ ထျန်းလဲ့ဂိုဏ်းလို ကောင်းကင်နတ်ဘုရားအဆင့် တပည့်တွေကို ဆုံးရှုံးချင်ရင်တော့ နတ်ဘုရင်လမ်းကို ဆက်ပြီး တက်လှမ်းနိုင်တယ်”
ထိုစကားကို ပြောပြီးနောက်တွင် အရှင်ကြယ်စင်စုသည် သူတို့ ကြယ်သင်္ကေတဂိုဏ်းမှ ကောင်းကင်နတ်ဘုရားများကို နတ်ဘုရင်လမ်းကနေ ဆုတ်ခွာခိုင်းခဲ့သည်။
အရှင်ယွင်ယင်နှင့် အရှင်ခွင်းရှန် တို့သည်လည်း ဆုတ်ခွာရန် အမိန့်ပေးခဲ့ကြသည်။
ထိုအချင်းအရာကိုမြင်လျှင် မိုးကြိုးပြစ်ဒဏ်သည် စိတ်မပါ့တပါ ဖြစ်နေသော်လည်း ထျန်းလဲ့ဂိုဏ်းမှ လူများကို ဆုတ်ခွာခိုင်းခဲ့သည်။
အဆုံးသတ်တွင် နယ်မြေလေးခု၏ ကောင်းကင်နတ်ဘုရားများကို အသုံးပြုကာ နတ်ဘုရင်လမ်းကို ထိုးဖောက်မည့် အစီအစဥ်သည် အောင်မြင်မှု မရရှိခဲ့ပေ။
ဤအချိန်တွင် သူတို့သည် ဆန်းကြယ်ကိုးပါးဂိုဏ်းမှ နယ်မြေနတ်ဘုရားများကိုသာ စောင့်ဆိုင်းရန် ရှိတော့၏။
ဆန်းကြယ်ကိုးပါးဂိုဏ်းမှ နယ်မြေနတ်ဘုရားက မဟာနဂါးတောင်ထိပ်ရှိ လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းနိုင်ရန်သာ မျှော်လင့်ရတော့သည်။
ဤသို့စောင့်ဆိုင်းရင်း သုံးရက် ကြာမြင့်သွားခဲ့သည်။
လေးရက်မြောက်နေ့တွင် ငွေရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကောင်းကင်ယံကနေ အရှင်ကြယ်စင်စုတို့ ဆီသို့ ဆင်းသက်လာခဲ့သည်။
“အရှင်ကျိုးရှ.. မင်းရောက်လာပြီလား”
အရှင်ယွင်ယင်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
“မိတ်ဆက်ပေးရဦးမယ်.. ဒါက ကြယ်သင်္ကေတနယ်မြေက အရှင်ကြယ်စင်စု၊ ဒါက ထျန်းလဲ့နယ်မြေက အရှင်မိုးကြိုးပြစ်ဒဏ်၊ ဒါက စန်းရှန်းနယ်မြေက အရှင်ခွင်းရှန်တို့ပဲ”
အရှင်ယွင်ယင်၏ မိတ်ဆက်ပေးမှုကို အရှင်ကျိုးရှက ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။
ထို့နောက် သူက လေထုထဲတွင် တည်တံ့နေသော မဟာနဂါးနန်းတော်ဆီသို့ စူးစမ်းကာ ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“ဒါက မဟာနဂါးနန်းတော်လား”
အရှင်ယွင်ယင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ဒါက မဟာနဂါးနန်းတော်ပဲ.. ဒါပေမဲ့ မဟာနဂါးတောင်ထိပ်ကနေ မဟာနဂါးနန်းတော်ဆီကို သွားတဲ့နေရာမှာ အလွန်အစွမ်းထက်တဲ့ လေထဲတားမြစ် အစီအရင်တစ်ခု ရှိနေတယ်.. ငါတို့ နယ်မြေနတ်ဘုရားတွေတောင် လေထဲကို ပျံသန်းလို့ မရဘူး”
ထိုစကားကိုကြားလျှင် အရှင်ကျိုးရှက လေးနက်စွာ ပြောလိုက်သည်။
“ဒီအစီအရင်က နတ်ဘုရင်ရဲ့ စွမ်းအား ပါဝင်နေတဲ့ အစီအရင်ပဲ”
“အရှင်ကျိုးရှ.. ဒီနေရာမှာရှိတဲ့ လေထဲတားမြစ်အစီအရင်ကို ဖြိုခွင်းပေးဖို့ တောင်းဆိုပါတယ်”
အရှင်ကြယ်စင်စုက လက်သီးဆုပ်ကာ ဂါဝရပြု၍ လေးနက်စွာ ပြောလိုက်သည်။
“ဒီအစီအရင်က နတ်ဘုရင် ကိုယ်တိုင် စီရင်ထားတဲ့ အစီအရင်ပဲ.. နှစ်သန်းပေါင်းများစွာ ကြာပြီးနောက်မှာ အများကြီး အားနည်းသွားတယ် ဆိုပေမဲ့ လျှော့တွက်လို့တော့ မရသေးဘူး ဒီလေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းဖို့ ငါ အစွမ်းကုန်ကူညီပေးပါ့မယ်.. ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာတစ်ခုတော့ ရှိတယ်.. လေထဲတားမြစ် အစီအရင်ကို ဖယ်ရှားပြီးရင် မဟာနဂါးနန်းတော်ရဲ့ အစီအရင်နဲ့ ပတ်သက်တဲ့ အမွေအနှစ် အားလုံးက ငါ့အပိုင်ဖြစ်ရမယ်”
အရှင်ကျိုးရှက အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါးကို လေးနက်စွာ ကြည့်လိုက်ပြီး အပေးအယူ လုပ်လိုက်သည်။
“ကောင်းပြီ”
အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါးက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အရှင်ကျိုးရှ တောင်းဆိုသည့် အခြေအနေကို သဘောတူလိုက်သည်။
သူတို့က အရှင်ကျိုးရှကို အကူအညီတောင်းရန် ဆုံးဖြတ်ထားသောကြောင့် အရှင်ကျိုးရှ တောင်းဆိုသမျှကို ဖြည့်ဆည်းပေးရန် အသင့် ဖြစ်နေခဲ့ကြသည်။
မဟာနဂါးနန်းတော်ထဲတွင် အစီအရင်နှင့် ပတ်သက်သည့် အမွေအနှစ် မည်မျှရှိသည်ကို မသိကြသော်လည်း အရှင်ကျိုးရှ တောင်းဆိုသည့် အခြေအနေသည် သူတို့ လက်ခံနိုင်သော အခြေအနေ ဖြစ်သည်။
အကြောင်းရင်းမှာ သူတို့ နယ်မြေလေးခုသည် အစီအရင်ကို အထူးပြုသော အင်အားစုများ မဟုတ်ကြသောကြောင့်ပင်။
ထို့ကြောင့် အစီအရင်နှင့် ပတ်သက်သော အမွေအနှစ်ကို ဆုံးရှုံးရလျှင်ပင် သူတို့အတွက် ထိခိုက်မှု မရှိပေ။
ယခုအခါတွင် သူတို့ နယ်မြေလေးခုသည် မဟာနဂါးနန်းတော်ကို ရှာတွေ့ခဲ့ကြသော်လည်း ဤနေရာရှိ လေထဲတားမြစ် အစီအရင်ကို မဖယ်ရှားနိုင်လျှင် မဟာနဂါးနန်းတော်၏ အမွေအနှစ်များကို လက်လှမ်းမီတော့မည် မဟုတ်ချေ။
မဟာနဂါးနန်းတော်၏ အစီအရင်နှင့် ပတ်သက်သည့် အမွေအနှစ်ကို အဆုံးရှုံးခံကာ မဟာနဂါးနန်းတော်နှင့်ပတ်သက်သည့် အမွေအနှစ် အားလုံးကို သိမ်းပိုက်နိုင်ခြင်းသည် လက်မခံနိုင်သော ကိစ္စ မဟုတ်ပေ။
အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရားလေးပါးက သူ၏ တောင်းဆိုမှုကို လိုလိုလားလား သဘောတူသည်အား မြင်လျှင် အရှင်ကျိုးရှသည် တုံ့ဆိုင်းမနေတော့ဘဲ မျက်စိကို မှိတ်ကာ လေထုထဲမှ စွမ်းအားကို အပြည့်အဝ အာရုံခံလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် အရှင်ကျိုးရှသည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
“အရှင်ကျိုးရှ.. အခြေအနေ ဘယ်လိုရှိလဲ”
အရှင်ကျိုးရှ မျက်လုံးဖွင့်လိုက်သည်ကို မြင်လျှင် အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါးသည် အလောတကြီး မေးလိုက်ကြသည်။
“နတ်ဘုရင်တစ်ပါး ဖန်တီးထားတဲ့ နည်းလမ်းက တကယ်ကို ဆန်းကြယ်တာပဲ.. နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် ဒီနေရာမှာ ရှိတဲ့ လေထဲတားမြစ် အစီအရင်ရဲ့ စွမ်းအားက နယ်မြေနတ်ဘုရားတွေကို ဖိနှိပ်ဖို့ လုံလောက်နေဆဲပဲ”
အရှင်ကျိုးရှက တအံ့တသြ ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ့အနေနဲ့ အလွန်ဆုံး ၂နှစ်အတွင်း ဒီတားမြစ် အစီအရင်ကို ဖြိုခွင်းနိုင်ပါလိမ့်မယ်”
ဤနေရာရှိ လေထဲတားမြစ် အစီအရင်သာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အခြေအနေအတိုင်း ဆိုလျှင် အရှင်ကျိုးရှသည် ဘာမှတတ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ လေထဲတားမြစ် အစီအရင်၏ စွမ်းအားသည် အထွတ်အထိပ်ကာလကလို မဟုတ်ဘဲ ဆယ်ပုံ တစ်ပုံအောက်သာ ရှိတော့သည်။
သူက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ပြီး အစီအရင်လမ်းစဥ်တွင် အတော်လေးပေါက်မြောက် အောင်မြင်ထားသူ ဖြစ်သည်။
သူ့ကိုသာ အချိန် ၂နှစ် ပေးမည်ဆိုလျှင် ဤနေရာမှာ ရှိသည့် လေထဲတားမြစ် အစီအရင်၏ စွမ်းအားကို လုံးဝဖယ်ရှားပစ်နိုင်လိမ့်မည် ဖြစ်၏။
“၂နှစ်ပဲလား”
အရှင်ကျိုးရှ၏ စကားကိုကြားလျှင် အရှင်ကြယ်စင်စု တို့သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
နှစ်သန်းပေါင်းများစွာ သက်တမ်း ရှိသည့် သူတို့အတွက် ၂နှစ်ဟူသည်မှာ စက္ကန့် အနည်းမျှသာ ဖြစ်၏။
မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်နိုင်ပြီး မဟာနဂါးနန်းတော်၏ အရင်းအမြစ်နှင့် အမွေအနှစ်များကို ရယူနိုင်သရွေ့ ၂နှစ် မပြောနှင့်၊ ၁၀နှစ်ပင်လျှင် သူတို့စောင့်ဆိုင်းနိုင်ပေသည်။
“အားလုံးပဲ နောက်ဆုတ်ကြ.. ပေ ၃၀၀ အချင်းဝက် အတွင်း ဘယ်သူ့ကိုမှ မဝင်စေနဲ့.. ငါအစီအရင်ကို စတင် ဖြိုခွင်းတော့မယ်”
အရှင်ကျိုးရှ၏ စကားကိုကြားလျှင် အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါးသည် အလျင်အမြန်ပင် နောက်ဆုတ်လိုက်ကြပြီး အရှင်ကျိုးရှ အတွက် ပေ၃၀၀ အချင်းဝက် ရှိသည့် နေရာကို ဖန်တီးပေးခဲ့သည်။
အရှင်ကျိုးရှက တင်ပျဥ်ခွေ၍ ထိုင်ချလိုက်ပြီး သူ၏ အစီအရင် ပစ္စည်းများကို ထုတ်ဖော်လိုက်ရာ အစီအရင်ပစ္စည်းများသည် သူ၏ ပတ်ပတ်လည်တွင် ပျံဝဲနေခဲ့သည်။
ထို့နောက်တွင် အရှင်ကျိုးရှသည် ဆန်းကြယ်သော လက်ဟန်များကို ဆက်တိုက် ဆိုသလို ပြုလုပ်လိုက်၏။