အခန်း (၁၉၄၈)
Vol. 135 Ch. 1948
မဟာနဂါးတောင်ထိပ်တွင် အရှင်ကျိုးရှသည် လေထုထဲရှိ လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းရန် ကြိုးစားနေခဲ့သည်။
သို့သော်လည်း မဟာနဂါးတောင်ထိပ် အထက်ရှိ လေထဲတားမြစ်အစီအရင်သည် အဆုံးသတ်တွင် နတ်ဘုရင်တစ်ပါးက စီရင်ထားသည့် အစီအရင် ဖြစ်သည်။
အချိန်ကာလ ကြာလာသည်နှင့်အမျှ အလွန်အမင်း အားနည်းသွားသော်လည်း နယ်မြေနတ်ဘုရား အတွက်မူ အလွန်အစွမ်းထက်သည့် အစီအရင် ဖြစ်နေဆဲပင်။
အရှင်ကျိုးရှသည် အစီအရင်လမ်းစဥ်တွင် ထူးခြားသော အောင်မြင်မှုများ ရရှိထားသော်လည်း မဟာနဂါးတောင်ထိပ်အထက်ရှိ လေထဲတားမြစ် အစီအရင်စွမ်းအားကို ဖယ်ရှားရန်မှာ လွယ်ကူမည် မဟုတ်ပေ။
မဟာနဂါးတောင်ထိပ် အထက်ရှိ လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းရန်အတွက် အရှင်ကျိုးရှသည် နန်းတော်ကိုးခု ဖြိုခွဲခြင်း အစီအရင်ကို အသုံးပြုခဲ့သည်။
နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နာမည်ကျော်ကြားသော အစီအရင်ဖြိုခွဲခြင်း နည်းစနစ် တစ်ခု ဖြစ်သည်။
ဤအစီအရင်၏ အဓိကလုပ်ဆောင်ချက်မှာ အစီအရင်အမျိုးမျိုးကို ဖြိုခွင်းရန်အတွက် ဖြစ်သည်။
ဆိုရလျှင် နန်းတော်ကိုးခု ဖြိုခွဲခြင်း အစီအရင်သည် ကမ္ဘာပေါ်ရှိ နယ်မြေနတ်ဘုရား အများစု အတွက် ချမှတ်ထားသော ကန့်သတ် အစီအရင်များကို ဖြိုခွင်းရန် လုံလောက်၏။
မဟာနဂါးတောင်ထိပ် အထက်ရှိ လေထဲတားမြစ် အစီအရင်သည် နတ်ဘုရင်တစ်ပါး ဖန်တီးထားသည့် အစီအရင် ဖြစ်သော်လည်း အဆုံးသတ်တွင် အထွတ်အထိပ်ကာလက စွမ်းအား၏ ဆယ်ပုံတစ်ပုံအောက်သာ ရှိတော့သည်။
ထို့ကြောင့် သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နန်းတော်ကိုးခု ဖြိုခွဲခြင်း အစီအရင်ဖြင့်သာ ဆိုလျှင် လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းနိုင်ရန်မှာ အချိန်တစ်ခုသာ လိုအပ်၏။
နန်းတော်ကိုးခု ဖြိုခွဲခြင်း အစီအရင်သည် ဆန်းကြယ်ကိုးပါးအစီအရင်ဂိုဏ်း၏ နာမည်ကျော် အစီအရင်ဖြိုခွဲခြင်းနည်းစနစ် သုံးခုထဲမှ တစ်ခုဖြစ်၍ အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသည်။
အရှင်ကျိုးရှ၏ အစီအရင်ဆိုင်ရာ အသိပညာဖြင့်ပင် နန်းတော်ကိုးခု ဖြိုခွဲခြင်း အစီအရင်ကို တည်ဆောက်ရန်မှာ ချက်ချင်းလုပ်ဆောင်နေသော ကိစ္စ မဟုတ်ပေ။
ထို့အပြင် လေထဲတားမြစ် အစီအရင်ကို ချောမွေ့စွာ ဖြိုခွင်းနိုင်ရန် အတွက် အရှင်ကျိုးရှသည် ယခုတစ်ကြိမ် တည်ဆောက်မည့် နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်ကို ပိုမို အားကောင်းအောင် အဆင့်မြှင့်တင်လိုခဲ့သည်။
သုံးလကြာပြီးနောက်တွင် အရှင်ကျိုးရှသည် အစီအရင်သင်္ကေတ ထောင်ပေါင်းများစွာကို စုစည်းကာ အဆုံးသတ်တွင် အလွန်တရာ အားကောင်းသည့် နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်ခဲ့သည်။
“နန်းတော်ကိုးခု ဖြိုခွင်းခြင်းအစီအရင်.. အသက်ဝင်”
အရှင်ကျိုးရှက လက်ဟန်များကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ ပေ ၃၀၀ခန့်ရှိ နေရာလွတ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော စွမ်းအားများဖြင့် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။
နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်ကို တည်ဆောက်ပြီးနောက်တွင် အရှင်ကျိုးရှသည် ရုတ်တရက် ခေါင်းမော့ကာ လေထဲကို လှမ်းကြည့်လိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်ကာ နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်၏ စွမ်းအားများကို ထိန်းချုပ်၍ လေထဲတားမြစ်အစီအရင်ကို ဖိအားပေးလိုက်သည်။
စွမ်းအားများက အရှင်ကျိုးရှ၏ ဦးခေါင်းအထက်ရှိ လေထုထဲသို့ နစ်မြုပ်သွားသော်လည်း ပင်လယ်ထဲကို ကျောက်တုံးတစ်တုံး နစ်မြုပ်သွားသကဲ့သို့ လှိုင်းဂယက်များ မဖြစ်ပေါ်ခဲ့ပေ။
သို့သော်လည်း ထိုစွမ်းအားက လေထုထဲသို့ နစ်မြုပ်သွားပြီးနောက်တွင် ဖြည်းဖြည်းချင်း ပျံ့နှံ့နေသည်ကို အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါး ရှင်းလင်းစွာ ခံစားမိခဲ့သည်။
အရှင်ကျိုးရှ၏ နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်သည် လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းရန် အလုပ်ဖြစ်နိုင်ဖွယ် ရှိ၏။
“ဆန်းကြယ်ကိုးပါးဂိုဏ်းရဲ့ အစီအရင် ပညာရပ်က တကယ်ကို လက်ဖျားခါလောက်စရာပဲ”
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် နယ်မြေနတ်ဘုရား လေးပါးသည် ဖော်မပြနိုင်လောက်အောင်ပင် ဝမ်းသာသွားခဲ့ကြသည်။
လေထဲတားမြစ် အစီအရင်မှ စွမ်းအားများကို ချက်ချင်းမဖယ်ရှားနိုင်သော်လည်း အရှင်ကျိုးရှ၏ အစီအရင်က အလုပ် ဖြစ်နေသရွေ့ လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းရန်မှာ အချိန်တစ်ခုသာ လိုအပ်သည် မဟုတ်ပါလော။
အရှင်ကြယ်စင်စုတို့ လေးဦး၏ စောင့်ကြည့်မှုအောက်မှာပင် အရှင်ကျိုးရှသည် နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်ကို အသုံးပြုကာ လေထုထဲမှ လေထဲတားမြစ် အစီအရင်ကို တဖြည်းဖြည်း ဖြိုခွင်းခဲ့သည်။
ဤသို့ဖြင့်ပင် အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး ၂နှစ် ဟူသော အချိန်ကာလသို့ပင် ရောက်ရှိသွားခဲ့သည်။
ဤ ၂နှစ်အတွင်း မဟာနဂါးတောင်ထိပ် အထက်ရှိ လေထဲတားမြစ်အစီအရင်သည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။
အဆုံးသတ်တွင် မဟာနဂါးတောင်ထိပ်တွင် ထိုင်နေသော အရှင်ကျိုးရှသည် ရုတ်တရက် မတ်တတ် ထရပ်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် ထက်ရှသော အေးစက်စက်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့၏။
သူက လက်ဟန်များကို ပြုလုပ်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“ဖြိုခွင်းစမ်း..”
အရှင်ကျိုးရှ၏ စကားသံ အဆုံးသတ်သည်နှင့် နန်းတော်ကိုးခု ဖြိုခွင်းခြင်း အစီအရင်ကနေ အားကောင်းသော စွမ်းအားများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
လေထဲတားမြစ် အစီအရင်မှ လက်ကျန်စွမ်းအားများသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာသော စွမ်းအားများအောက်တွင် အဆုံးသတ်၌ ပြန့်ကျဲသွားခဲ့သည်။
“အားလုံးပဲ.. ဒီနေရာမှာရှိတဲ့ လေထဲတားမြစ် အစီအရင်ကို ငါဖြိုခွင်းလိုက်ပြီ.. အခု မင်းတို့တွေ မဟာနဂါးနန်းတော်ထဲကို သွားလို့ ရသွားပြီ”
အရှင်ကျိုးရှက ခန္ဓာကိုယ်ထဲမှ ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည်ရရှိရန် အတွက် ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီးနောက်တွင် အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရားလေးပါးကို ပေါ့ပါးစွာ ပြောလိုက်သည်။
အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါးက ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြပြီး လေထုထဲတွင် တည်တံ့နေသော မဟာနဂါးနန်းတော် ဆီသို့ ဦးတည်လိုက်ကြသည်။
အရှင်ကျိုးရှက မဟာနဂါးနန်းတော်သို့ ဦးတည်နေသော နယ်မြေနတ်ဘုရားလေးပါး နောက်သို့ လိုက်မသွားခဲ့ပေ။
ဤ ၂နှစ်အတွင်း သူက နန်းတော်ကိုးခု ဖြိုခွဲခြင်း အစီအရင်ကို အပြည့်အဝ ထိန်းချုပ်ခဲ့ပြီး လေထဲတားမြစ် အစီအရင်ကို မရပ်မနား ဖြိုခွင်းခဲ့သည်။
ထို့ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာက စွမ်းအင်ကုန်ခမ်းနေခဲ့ပြီး အထွတ်အထိပ် အခြေအနေတွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် အရှင်ကျိုးရှက မဟာနဂါးနန်းတော်ာဆီသို့ အလျင်စလို သွားရောက်ခြင်း မပြုခဲ့ခြင်းပင်။
သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူကောင်းကင် နယ်မြေရှိ ထိပ်တန်းနယ်မြေနတ်ဘုရား အင်အားစုဖြစ်ပြီး သူတို့ဂိုဏ်း၏ အင်အားသည် အရှင်ယွင်ယင်တို့ တည်ရှိသည့် နယ်မြေလေးခုထက် များစွာသာလွန်သည်။
ထို့ကြောင့် အရှင်ယွင်ယင်တို့ လေးဦးသည် သတ္တိအဆ ၁၀၀ ရှိလျှင်ပင် သူ့အပိုင် ဖြစ်သည့် အစီအရင် အမွေအနှစ်ကို သိမ်းပိုက်ရဲမည် မဟုတ်ချေ။
ပြောနေစရာ မလိုလောက်အောင်ပင် သူ၏ ရှေ့မှ မဟာနဂါးနန်းတော်သည် အဆုံးသတ်တွင် နတ်ဘုရင်အဆင့် အင်အားစု တည်ရှိခဲ့သည့် နေရာဖြစ်သည်။
သူက အပြင်ဘက်ရှိ လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းခဲ့သော်လည်း မဟာနဂါးနန်းတော်ထဲတွင် အန္တရာယ်များစွာ ရှိနေဦးမည်သာ။
အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရားများကို အရင်စူးစမ်းစေပြီး ခဏအကြာမှ မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်လျှင်လည်း သူ့အတွက် နောက်မကျသေးပေ။
လေထဲတားမြစ် အစီအရင် မရှိတော့၍ နယ်မြေနတ်ဘုရားလေးပါးသည် မျက်တောင်တစ်ခတ် အတွင်း မဟာနဂါးနန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူတို့လူစု မဟာနဂါးနန်းတော် အပြင်ဘက်သို့ ရောက်ရှိလာသည့် အချိန်တွင် မဟာနဂါးနန်းတော်၏ ပတ်ပတ်လည်၌ ရွှေရောင် အတားအဆီးများ ဖြစ်ပေါ်လာခဲ့သည်။
“အထဲမှာ ရှိနေတဲ့ မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်က အပြင်ဘက်က အခြေအနေကို သိသွားပြီထင်တယ်”
အရှင်ကြယ်စင်စုက လေးနက်သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
“အားလုံးပဲ. မဟာနဂါးနန်းတော်ရဲ့ အတားအဆီးကို အတူတကွ ဖြိုခွင်းကြစို့.. ငါတို့ နယ်မြေနတ်ဘုရား လေးပါးကို သူတစ်ယောက်တည်းနဲ့ ပိတ်ဆို့နိုင်မလား ဆိုတာ ငါကြည့်ချင်တယ်”
ထို့နောက်တွင် နယ်မြေနတ်ဘုရား လေးပါးသည် သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ မဟာနဂါးနန်းတော်၏ ရွှေရောင် အတားအဆီးကို တိုက်ခိုက်လိုက်ကြသည်။
သူတို့နောက်ကို လိုက်လာကြသော နယ်မြေလေးခုမှ ကောင်းကင်နတ်ဘုရားများကလည်း သူတို့နှင့် အတူတကွ ရွှေရောင် အတားအဆီးကို တိုက်ခိုက်ခဲ့ကြ၏။
“ဝုန်း.. ဝုန်း.. ဝုန်း..”
စွမ်းအား ဒါဇင်ပေါင်းများစွာသည် မဟာနဂါးနန်းတော်၏ ပတ်ပတ်လည်ရှိ ရွှေရောင်အတားအဆီး ပေါ်သို့ ဆက်တိုက်ဆိုသလို ကျရောက်လာခဲ့ရာ ကောင်းကင်ကိုပင် တုန်ခါသွားစေသော စွမ်းအင် ပေါက်ကွဲသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
သို့သော်လည်း မဟာနဂါးနန်းတော်၏ ပတ်ပတ်လည်ရှိ အကာအကွယ်သည် သူတို့ ထင်ထားသည်ထက်ပင် ပိုမို၍ အစွမ်းထက်သည်။
နယ်မြေနတ်ဘုရားလေးပါးနှင့် ကောင်းကင်နတ်ဘုရား များစွာ ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် ရွှေရောင် အတားအဆီး၏ အလင်းရောင်ကို အနည်းငယ်လောက်သာ မှေးမှိန်သွားစေခဲ့၏။
“နောက်တစ်ကြိမ် တိုက်ခိုက်ကြစို့”
အရှင်ကြယ်စင်စုက နောက်တစ်ကြိမ် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် မဟာနဂါးနန်းတော်၏ ဗဟိုရင်ပြင်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုအဘိုးအိုမှာ မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်ဖြစ်သည်။
သူက ရင်ပြင်၏ ဗဟိုတွင် ထိုင်နေပြီး မဟာနဂါးနန်းတော်ကို သန့်စင်နေသော ကျန်းချန်အား တစ်ချက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် မဟာနဂါးနန်းတော်၏ အပြင်ဘက်သို့ ကျရောက်သွားခဲ့သည်။
“လေထဲတားမြစ် အစီအရင်က ဖျက်ဆီးခံလိုက်ရပြီပဲ”
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက မဟာနဂါးနန်းတော်၏ အကာအကွယ် အစီအရင်ကို အင်ပြည့်အားပြည့် တိုက်ခိုက်နေသော အရှင်ကြယ်စင်စုတို့ လူစုကို ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် အနေဖြင့် မဟာနဂါးနန်းတော်ကို ထိန်းချုပ်၍ တိုက်ခိုက်ခဲ့လျှင် ဤကဲ့သို့ ပုရွက်ဆိတ် အုပ်စုကို အလွယ်တကူ ရှင်းပစ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ယခုအခါ ကျန်းချန်က မဟာနဂါးနန်းတော်ကို ထိန်းချုပ်ရာတွင် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေ၍ သူက မဟာနဂါးနန်းတော်၏ စွမ်းအားကို စိတ်ထင်တိုင်း အသုံးပြု၍ မဖြစ်ပေ။
သို့မဟုတ်လျှင် အနည်းငယ် ပေါ့ဆမိသည်နှင့် ကျန်းချန်သည် မဟာနဂါးနန်းတော်ကို မထိန်းချုပ်နိုင်မည့် အပြင် မဟာနဂါးနန်းတော်၏ တန်ပြန်သက်ရောက်မှုကိုပင် ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်။
သို့သော်လည်း သူမလှုပ်ရှားခဲ့လျှင် မဟာနဂါးနန်းတော် အပြင်ဘက်ရှိ ကာကွယ်ရေး အတားအဆီးသည် အပြင်ဘက်မှ အုပ်စု၏ တိုက်ခိုက်မှုကို တားဆီးရန် ခက်ခဲပေလိမ့်မည်။
“ကောင်လေး.. မင်းအမြန်ဆုံး မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက မျက်လုံးမှိတ်ကာ တင်ပျဥ်ခွေထိုင်နေသော ကျန်းချန်ကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်က မဟာနဂါးနန်းတော်ကို သန့်စင်ရာတွင် ပြီးဆုံးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူခံစားမိခဲ့သည်။
ယခုအခါတွင် အပြင်ဘက်မှ ကာကွယ်ရေး အတားအဆီး မပျက်စီးမီ ကျန်းချန်က မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်ရန်သာ သူ မျှော်လင့်နိုင်တော့၏။
သို့မဟုတ်လျှင် သူက မဟာနဂါးနန်းတော်၏ စွမ်းအားများကို မဖြစ်မနေ အသုံးပြုရတော့မည် မဟုတ်ပါလော။
အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို မဟာနဂါးနန်းတော်အား သန့်စင်နေသည့် ကျန်းချန်သည် ဤအချိန်တွင် လုံးဝ မသိခဲ့ပေ။
သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်များက ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့၏။
၂နှစ်အကြာတွင် သူ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့် မဟာနဂါးနန်းတော်ကို သန့်စင်ခြင်းသည် ပြီးစီးရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
“ဒင်.. သင်က နတ်ဘုရင်အဆင့် မှော်ရတနာဖြစ်တဲ့ မဟာနဂါးနန်းတော်ကို သန့်စင်ပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်က မဟာနဂါးနန်းတော်ကို တစ်သိန်းပုံတစ်ပုံ ထိန်းချုပ်နိုင်ခဲ့ပါပြီ”
“ဒင်.. သင်က နတ်ဘုရင်အဆင့် မှော်ရတနာဖြစ်တဲ့ မဟာနဂါးနန်းတော်ကို သန့်စင်ပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်က မဟာနဂါးနန်းတော်ကို တစ်သိန်းပုံတစ်ပုံ ထိန်းချုပ်နိုင်ခဲ့ပါပြီ”
“........... ..”
“ဒင်..သင်က နတ်ဘုရင်အဆင့် လက်နက် ဖြစ်တဲ့ မဟာနဂါးနန်းတော်ကို ထိန်းချုပ်အောင်မြင်သွားခဲ့ပါပြီ”
အဆုံးသတ်တွင် သူ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် နတ်ဘုရင်အဆင့် လက်နက် ဖြစ်သည့် မဟာနဂါးနန်းတော်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ကျန်းချန်က ချက်ချင်းဆိုသလို သူ၏ မျက်လုံးကိုဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းတွင် အလွန်တရာ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
မဟာနဂါးနန်းတော်ကို သန့်စင်နိုင်ခဲ့ခြင်းသည် မဟာနဂါးနန်းတော်၏ အရင်းအမြစ်များနှင့် အမွေအနှစ်များ အားလုံးကို ရရှိခဲ့သည်ဟု အဓိပ္ပါယ်ရသည်။
မဟာနဂါးနန်းတော်၏ အမွေအနှစ်သည် အလွန်တရာ ကြီးကျယ်မည်မှာ သံသယဝင်စရာ မရှိပေ။
ဤအရင်းအမြစ်များဖြင့်သာ ဆိုလျှင် သူ၏ ကျင့်ကြံခြင်းလမ်းစဥ်ကို များစွာ အထောက်အကူ ပေးနိုင်လိမ့်မည် မဟုတ်ပါလော။
“ဝုန်း..”
ကျန်းချန်က မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်၍ ဝမ်းသာနေစဥ်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။
“မဟာနဂါးနန်းတော်ကို တစ်ယောက်ယောက်က တိုက်ခိုက်နေတာလား”
ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
သူ၏ အကြည့်က အတားအဆီး အားလုံးကို တိုက်ရိုက်ထိုးဖောက်ကာ မဟာနဂါးနန်းတော်အပြင်ဘက်သို့ ကျရောက်သွားခဲ့သည်။
“အရှင်ကြယ်စင်စုတို့ပါလား.. သူတို့က ဘယ်လိုလုပ်ပြီး မဟာနဂါးနန်းတော်ရဲ့ အပြင်ဘက်ကို ရောက်နေရတာလဲ”
သူက အရှင်ကြယ်စင်စုနှင့် အခြားသူများက မဟာနဂါးနန်းတော်၏ အပြင်ဘက်တွင် ရှိနေသည်ကိုမြင်လျှင် အံ့အားသင့်သွားခဲ့သည်။
အကြောင်းရင်းမှာ မဟာနဂါးနန်းတော်၏ အပြင်ဘက်လေထုထဲတွင် လေထဲတားမြစ် အစီအရင် ရှိနေသောကြောင့်ပင်။
ထိုအစီအရင်ကြောင့် နယ်မြေနတ်ဘုရားများပင် လေထဲတွင် မပျံသန်းနိုင်ခဲ့ချေ။
သို့သော်လည်း ယခုအခါတွင် အရှင်ကြယ်စင်စုတို့ နယ်မြေလေးခုမှ ကျင့်ကြံသူများသည် မဟာနဂါးနန်းတော်၏ တံခါးဝသို့ ရောက်ရှိလာခဲ့ချေပြီ။
ယင်းမှာ မဟာနဂါးနန်းတော် အပြင်ဘက်ရှိ လေထုထဲမှ လေထဲတားမြစ် အစီအရင်ကို အရှင်ကြယ်စင်စုတို့က ဖျက်ဆီးလိုက်ပြီ ဟူသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။