အခန်း (၁၉၄၉)
Vol. 135 Ch. 1949
“အစီအရင်ပညာရပ်မှာ ကျွမ်းကျင်တဲ့ နယ်မြေနတ်ဘုရားတစ်ပါးက ၂နှစ်အချိန်ယူပြီး မဟာနဂါးနန်းတော် အပြင်ဘက်က လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းခဲ့တယ်”
ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် အသံတစ်သံက သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ကျန်းချန်က ခေါင်းမော့၍ ကြည့်လိုက်ရာ ရင်ပြင်အထက်ရှိ လေထုထဲတွင် ဝင်ကြွားစွာ ရပ်နေသည့် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်ကို တွေ့လိုက်ရသည်။
“စီနီယာ ရောက်လာပြီလား”
ကျန်းချန်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။
“အစီအရင်မှာ ကျွမ်းကျင်တဲ့ နယ်မြေနတ်ဘုရား ဖြစ်နေရင်တောင် လေထဲတားမြစ် အစီအရင်ကို ဖြိုခွင်းဖို့က မလွယ်သင့်ဘူး မဟုတ်လား စီနီယာ”
“သူတော်စင်နဂါးဘုရင် ကျဆုံးသွားပြီး နောက်ပိုင်းမှာ အချိန်ကြာလာတာနဲ့ အမျှ မဟာနဂါးနန်းတော် အပြင်ဘက်မှာ ရှိတဲ့ လေထဲတားမြစ် အစီအရင်က အားနည်းသွားခဲ့တယ်.. မဟာနဂါးနန်းတော် ပျက်စီးသွားတာ နှစ်သန်းပေါင်းများစွာ ကြာပြီဆိုတော့ သူတော်စင်နဂါးဘုရင် ချန်ထားရစ်ခဲ့တဲ့ လေထဲတားမြစ်အစီအရင်ရဲ့ စွမ်းအားက အတော်လေး အားနည်းနေခဲ့ပြီ.. သူတို့က ဒါကို အခွင့်အရေးယူပြီး ဖြိုခွင်းလိုက်တာပဲ.. မင်းက အခု မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်ပြီ ဆိုတော့ ကျန်တဲ့ကိစ္စတွေကို မင်းပဲ ကိုင်တွယ်လိုက်တော့”
မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် ဖြစ်သည့် ရွှေရောင်ဝတ်စုံဝတ် အဘိုးအို အတွက် အပြင်ဘက်မှ အုပ်စုကို သတ်ဖြတ်ရန်မှာ ပုရွက်ဆိတ်ကို သတ်သလောက် လွယ်ကူသည်။
သို့သော်လည်း သူနှင့် မဟာနဂါးဘုရင်ကြားရှိ ဆက်နွှယ်မှုများကြောင့် အကျပ်အတည်းထဲ မရောက်သရွေ့ သူ ဘာမှ လုပ်ဆောင်မည် မဟုတ်ပေ။
သူ မလှုပ်ရှားသရွေ့ နတ်ကုန်းမြေတိုက်မှ ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုသည် အချိန်တိုအတွင်း သတိပြုမိမည် မဟုတ်ချေ။
သူလှုပ်ရှားလိုက်သည်နှင့် ကျန်းချန်သည် ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။
ထို့အပြင် အပြင်ဘက်မှ အုပ်စုကို သူကိုယ်တိုင် ဝင်ရောက်ဖြေရှင်းစရာ မလိုအပ်ချေ။
မူလကတည်းကပင် ကျန်းချန်သည် အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရားနှင့် နှိုင်းယှဥ်နိုင်သည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
ကျန်းချန်၏ ခွန်အားသည် အပြင်ဘက်မှ နယ်မြေနတ်ဘုရားလေးပါးထက်ပင် ပိုမိုကောင်းမွန်၏။
ယခုအခါတွင် ကျန်းချန်က မဟာနဂါးနန်းတော်ကဲ့သို့ နတ်ဘုရင်အဆင့် လက်နက်ကို ပိုင်ဆိုင်သွားပြီဖြစ်ရာ အဆင့်နိမ့် နယ်မြေနတ်ဘုရား အနည်းငယ်ကို ကိုင်တွယ်ရန်မှာ လွယ်ကူသွားပြီ မဟုတ်ပါလော။
ထို့နောက်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က မဟာနဂါးနန်းတော် အပြင်ဘက်ရှိ အရှင် ကြယ်စင်စုတို့ လူစုကို အေးစက်စက် ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
သူက ယခုအခါတွင် မဟာနဂါးနန်းတော်ကို လုံးဝ ထိန်းချုပ်နိုင်ပြီ ဖြစ်၍ မဟာနဂါးနန်းတော်၏ ပိုင်ရှင်အသစ် ဖြစ်လာခဲ့သည်။
သူဆန္ဒမရှိသရွေ့ အဆင့်မြင့် နယ်မြေနတ်ဘုရား ဖြစ်နေလျှင်ပင် မဟာနဂါးနန်းတော်ထဲကို ခြေချနိုင်မည်မဟုတ်ပေ။
သို့ဖြစ်ရာ အရှင်ကြယ်စင်စုတို့လေးပါးကဲ့သို့ အဆင့်နိမ့်နယ်မြေနတ်ဘုရားများ ဆိုလျှင် စကားထဲပင် ထည့်ပြောနေစရာမလိုအပ်ပေ။
ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် မဟာနဂါးနန်းတော်၏ ပတ်ပတ်လည်တွင် ရွှေရောင်အတားအဆီး တစ်ခုကို ဖန်တီးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
မဟာနဂါးနန်းတော်၏ ဂိတ်တံခါးဝတွင် အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါးသည် နယ်မြေလေးခုမှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဒါဇင်ပေါင်းများစွာ၏ စွမ်းအားများကို စုစည်းကာ မဟာနဂါးနန်းတော်၏ အတားအဆီးကို နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အဆုံးသတ်တွင် ဖြိုခွင်းနိုင်ခဲ့သည်။
အတားအဆီး ပြိုကွဲသွားသောအခါ အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါး၏ မျက်ဝန်းများသည် တောက်ပလာခဲ့သည်။
သူတို့က မဟာနဂါးနန်းတော်ထဲသို့ အလျင်စလို ဝင်ရောက်တော့မည့် အချိန်မှာပင် မဟာနဂါးနန်းတော် ပတ်ပတ်လည်တွင် ရွှေရောင်အတားအဆီး တစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြီး သူတို့ လူစုကို ပိတ်ဆို့လိုက်သည်။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အရှင်မိုးကြိုးပြစ်ဒဏ်က တအံ့တသြ ရေရွတ်လိုက်သည်။
“မဟာနဂါးနန်းတော်ရဲ့ အတားအဆီးကို ငါတို့ အခုပဲ ဖြိုခွင်းခဲ့တာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာရတာလဲ.. ငါ့စိတ်ထင် ဒီရွှေရောင်အတားအဆီးက ငါတို့ကို ခြောက်လှန့်ဖို့ ဟိုကောင်လေး ဖန်တီးထားတာပဲ ဖြစ်ရမယ်.. ငါတို့ ခုနက ဖြိုခွင်းခဲ့တဲ့ အတားအဆီးလောက် ခိုင်ခံ့မယ်လို့ ငါမယုံကြည်ဘူး”
စကားဆုံးသည်နှင့် အရှင်ခွင်းရှန်က သူ၏ ရှေ့မှ အတားအဆီးကို လက်သီးဖြင့် ထိုးချလိုက်သည်။
“ဝုန်း..”
အရှင်ခွင်းရှန်၏ လက်သီးချက်က ရွှေရောင်အတားအဆီး ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် ရွှေရောင်အတားအဆီးကနေ ကန်ထွက်လာခဲ့ပြီး အရှင်ခွင်းရှန်ကို ပေရာချီ လွင့်ထွက်သွားစေခဲ့သည်။
အရှင်ခွင်းရှန်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်လိုက်ကာ မဟာနဂါးနန်းတော် ဂိတ်ဝရှိ ရွှေရောင်အတားအဆီးကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
“ဒီရွှေရောင်အတားအဆီးက အရင်တစ်ခုထက်တောင် ပိုပြီး အစွမ်းထက်နေပါလား.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအချင်းအရာကိုမြင်လျှင် အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရားသုံးပါး၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့က မဟာနဂါးနန်းတော်၏ ရွှေရောင် အတားအဆီးကို ဖြိုခွင်းရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။
အတားအဆီး ပြိုကွဲသွားပြီး သူတို့ ပျော်ရွှင်ဖို့ အချိန်မရခင်မှာပင် အတားအဆီး အသစ်တစ်ခုက ပေါ်လာခဲ့သည်။
ထို့အပြင် ထိုအတားအဆီးသည် ယခင် အတားအဆီးထက်ပင် ပိုမို၍ အစွမ်းထက်ပုံရ၏။
အတားအဆီးတစ်ခုကို ဖြိုခွင်းလိုက်လျှင် နောက်ထပ် ပိုအစွမ်းထက်သည့် အတားအဆီး တစ်ခုက ပေါ်လာခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်ရပါမည်နည်း။
“ယွင်ယင် မဟာနဂါးနန်းတော်ရဲ့ အတားအဆီးက ထူးခြားတယ်.. ငါတို့တွေ အရှင်ကျိုးရှကို အကူအညီ တောင်းရဦးမယ်ထင်တယ်”
အရှင်ကြယ်စင်စုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အရှင်ယွင်ယင်ကို ကြည့်ကာ ပြောလိုက်သည်။
အစောပိုင်းက အတားအဆီးကို ဖြိုခွင်းရန်အတွက် သူတို့နယ်မြေနတ်ဘုရား လေးပါးနှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများစွာသည် ၂နာရီ၊ ၃နာရီခန့် ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ရသည်။
ယခု သူတို့ ရှေ့တွင် အသစ်ပေါ်လာသည့် အတားအဆီးသည် ယခင်ထက်ပင် ပိုမို အစွမ်းထက်နေသည်ဖြစ်ရာ ဖြိုခွင်းရန် ပိုမိုခက်ခဲလိမ့်မည် ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ သူတို့အနေဖြင့် ဤအတားအဆီးကို ဖြိုခွင်းခဲ့လျှင်ပင် ပိုပြီး အစွမ်းထက်သည့် အတားအဆီးတစ်ခု ပေါ်လာနိုင်ခြေ ရှိနေခြင်းပင်။
ဤအခြေအနေအတိုင်းသာ ဆိုလျှင် မဟာနဂါးနန်းတော် ထဲကို ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင်။
အရှင်ယွင်ယင်သည် မဟာနဂါးနန်းတော်ကို အတင်းအကျပ်တိုက်ခိုက်နေသည်က ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်မှန်း ကောင်းစွာသိသည်။
သူက ခေါင်းညိတ်လိုက်ပြီး အရှင်ကျိုးရှကို အကူအညီတောင်းရန်အတွက် ဖိတ်ခေါ်တော့မည့် အချိန်မှာပင် မဟာနဂါးနန်းတော်၏ ပိတ်ထားသော တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့သည်။
မကြာခင်မှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် မဟာနဂါးနန်းတော်ထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။
“ကောင်လေး.. မင်းကိုး”
မဟာနဂါးနန်းတော်ထဲကနေ ထွက်လာသည့် ကျန်းချန်ကို မြင်လျှင် အရှင်ကြယ်စင်စုတို့ လူစု၏ မျက်ဝန်းများသည် ရုတ်တရက် လေးနက်သွားခဲ့သည်။
ကျန်းချန်က အရှင်ယွင်ယင်တို့ လေးပါးကို တည်ငြိမ်စွာ ကြည့်ကာ ခပ်ထေ့ထေ့ ပြောလိုက်သည်။
“မင်းတို့တွေ အစီအရင်သခင်ရဲ့ အကူအညီနဲ့ ဒီနေရာထိ ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဘယ်ဆိုးလို့လဲ မင်းတို့က နည်းနည်းပါးပါးတော့ စွမ်းရည်ရှိသားပဲ”
ထိုအချိန်တွင် အရှင်ကြယ်စင်စုသည် ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး.. မဟာနဂါးနန်းတော်ရဲ့ အတားအဆီးကို မင်းဖန်တီးခဲ့တာ မဟုတ်လား”
“ဟုတ်တယ် အဲဒါ ငါ့လက်ချက်ပဲ”
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“မင်းတို့တွေက မဟာနဂါးနန်းတော်ရဲ့ အတားအဆီးကိုတောင် မဖြိုခွင်းနိုင်ဘူး.. အဲဒါတောင် မဟာနဂါးနန်းတော်ကို တိုက်ခိုက်ချင်သေးတယ်လား”
ထိုစကားကိုကြားလျှင် အရှင်ကြယ်စင်စုက နှာခေါင်းရှုံ့ကာ အေးစက်စက်ရေရွတ်လိုက်သည်။
“ဟမ့်.. မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာပဲ မဟာနဂါးနန်းတော်ရဲ့ အတားအဆီးလောက်က ငါတို့ကို တားဆီးနိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေလား”
“ဒီအတားအဆီးနဲ့ မင်းတို့ကို တားဆီးဖို့ ငါတစ်ခါမှ မစဥ်းစားခဲ့ဘူး”
ထိုစကားကိုပြောရင်း ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ရုတ်တရက် ပြုလုပ်လိုက်ရာ မဟာနဂါးနန်းတော် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခန့်ညားသော အသံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“မဟာနဂါးနန်းတော်ထဲက အမွေအနှစ်တွေကို မင်းတို့တွေ မျက်စောင်းထိုးခွင့်တောင် မရှိဘူး.. မဟာနဂါးနန်းတော်ကို ထိပါးရဲမှတော့ သေဖို့သာ ပြင်ထားပေတော့”
“ဝုန်း..”
ကျန်းချန်၏ အသံက ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ မဟာနဂါးနန်းတော်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။
ထို့နောက်တွင် မဟာနဂါးနန်းတော်သည် အရှင်ကြယ်စင်စုတို့လူစု၏ ဦးခေါင်းအထက်သို့ တိုက်ရိုက်ပင် ပျံဝဲသွားခဲ့သည်။
“ဒီကောင်လေးက မဟာနဂါးနန်းတော်ကို ထိန်းချုပ်လိုက်ပြီ.. မြန်မြန်ပြေးကြတော့”
သူတို့ထံသို့ ပျံဝဲလာသော မဟာနဂါးနန်းတော်ကို ကြည့်ရင်း အရှင်ကြယ်စင်စုက အလျင်အမြန် အော်ဟစ်လိုက်သည်။
ဒဏ္ဍာရီလာ မဟာနဂါးနန်းတော်က နတ်ဘုရင်အဆင့် လက်နက် ဖြစ်နေလိမ့်မည်ဟု အရှင်ကြယ်စင်စု တစ်ခါမှ မစဥ်းစားမိခဲ့ပေ။
ထိုထက်ပင် ပို၍ မထင်ထားမိသည်မှာ သူ့ရှေ့မှ မဟာနဂါးနန်းတော်၏ အဆက်အနွှယ်သည် နတ်ဘုရင်အဆင့် လက်နက်ဖြစ်သော မဟာနဂါးနန်းတော်ကို လုံးဝ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
အရှင်ကြယ်စင်စုက နတ်ဘုရင်အဆင့် လက်နက်ကို တစ်ခါမှ မမြင်ဖူး၍ မည်မျှ အစွမ်းထက်မှန်း မသိသော်လည်း ၎င်းမှာ အဆင့်နိမ့်နယ်မြေနတ်ဘုရားများ တွန်းလှန်နိုင်သည့်အရာမဟုတ်သည်မှာ သေချာ၏။
ဤအချိန်တွင် အရှင်ကြယ်စင်စု၌ အတွေးတစ်ခုသာ ရှိသည်။
ယင်းမှာ တတ်နိုင်သမျှ ဤနေရာကနေ အဝေးဆုံးသို့ ထွက်ပြေးရန်ဖြစ်သည်။
သို့မဟုတ်လျှင် သူ့အနေဖြင့် ဤနေရာမှာပင် ကျဆုံးနိုင်ခြေရှိသည်။
ထိုအချိန်တွင် ကျန်းချန်သည် အရှင်ကြယ်စင်စုတို့ လူစုကို စိုက်ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။
“သတ်..”
ရုတ်တရက် မမြင်နိုင်သော စွမ်းအားတစ်ခုသည် မဟာနဂါးနန်းတော်ထံကနေ လှိုင်းများသဖွယ် ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ အချိန်နှင့် နေရာလွတ်ကို တောင့်တင်းစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် မဟာနဂါးနန်းတော် ပတ်ပတ်လည်ရှိ မိုင်ထောင်ပေါင်းများစွာ နေရာလွတ်သည် မမြင်နိုင်သောစွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရပြီး ဆက်တိုက်ဆိုသလို ပြိုကျသွားခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အရှင်ကြယ်စင်စုတို့ လူစုသည် ထိတ်လန့် တုန်လှုပ်နေကြပြီး သေခြင်း၏ အရိပ်အငွေ့ကိုပင် ခံစားလိုက်ရသည်။
သူတို့က ခန္ဓာကိုယ်မှ စွမ်းအားများကို အကန့်အသတ်အထိ ထုတ်ဖော်လိုက်ပြီး နယ်မြေနတ်ဘုရားကမ္ဘာ၊နယ်မြေနတ်ဘုရားအဆင့် လက်နက်နှင့် အခြားသော ဝှက်ဖဲများကို ထုတ်ဖော်ကာ မဟာနဂါးနန်းတော်ကို တွန်းလှန်ရန် ကြိုးစားခဲ့ကြသည်။
“ဝုန်း..”
အရှင်ကြယ်စင်စုတို့ လူစု ထုတ်ဖော်လိုက်သော စွမ်းအားအမျိုးမျိုးသည် လေထုထဲရှိ မမြင်နိုင်သော စွမ်းအားနှင့် ထိပ်တိုက် ဆုံတွေ့သွားမိပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးက အရောင်မှိန်သွားပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
မဟာနဂါးနန်းတော် တောင်ထိပ် အထက်ရှိ လေထုတစ်ခုလုံးသည် ဖရိုဖရဲ ဖြစ်နေခဲ့၏။
အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါး၏ စွမ်းအားသည် အားနည်းခြင်း မရှိသော်လည်း နတ်ဘုရင်အဆင့်လက်နက်ဖြစ်သည့် မဟာနဂါးနန်းတော်၏ စွမ်းအားနှင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။
တစ်ခဏအတွင်းမှာပင် အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရား လေးပါး၏ မူလကမ္ဘာအပြင် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်များသည် မဟာနဂါးနန်းတော်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားအောက်တွင် ဘာမှမကျန်ရှိတော့သည် အထိ ဖျက်ဆီးခံလိုက်ရသည်။
အရှင်ကြယ်စင်စုတို့ နယ်မြေနတ်ဘုရားလေးပါးပင် ကျဆုံးသွားခဲ့ရာ ကောင်းကင်နတ်ဘုရားဒါဇင်ပေါင်း များစွာသည်လည်း ခုခံနိုင်စွမ်း မရှိခဲ့ပေ။
သူတို့က အော်ဟစ်ဖို့ပဲ အချိန်မရလိုက်ဘဲ မဟာနဂါးနန်းတော်၏ ဖိနှိပ်မှုအောက်တွင် အစအနပင် မကျန်ရှိအောင် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
အရှင်ကြယ်စင်စုတို့ လူစုကို သတ်ဖြတ်ပြီးနောက်တွင် မမြင်နိုင်သော စွမ်းအားသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ပြီး မဟာနဂါးတောင်ထိပ်သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုစွမ်းအားက မဟာနဂါးတောင်ထိပ်တွင် ရှိနေသော အရှင်ကျိုးရှကိုပင် သက်ရောက်မှု ရှိသွားခဲ့သည်။
အရှင်ကျိုးရှ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရ၏။