← Chapters

အခန်း (၁၉၅၀)

Vol. 135 Ch. 1950

အခန်း (၁၉၅၀)

Vol. 135 Ch. 1950

အရှင်ကျိုးရှက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။

လေထုအထက်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို မြင်လျှင် သူ၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“မင်း.. မင်းက တကယ်ပဲ မဟာနဂါးနန်းတော်ကို ထိန်းချုပ်လိုက်တာလား”

နတ်ဘုရင်အဆင့် လက်နက်သည် နတ်ဘုရင်အဆင့်ကို ရောက်မှသာ ဖန်တီးနိုင်သော နတ်လက်နက် ဖြစ်သည်။

နတ်ဘုရင်အဆင့် နတ်လက်နက်တိုင်းသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး နတ်ဘုရင်လမ်းစဥ်၏ စွမ်းအား တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ထားကြသည်။

ယေဘုယျအားဖြင့် နတ်ဘုရင်အဆင့် နတ်လက်နက်ကို နတ်ဘုရင်အဆင့် မဟုတ်သော ကျင့်ကြံသူများသည် ထိန်းချုပ်ရန် ခက်ခဲ၏။

သူတို့ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းသည် ကျန်းဝူနယ်မြေတွင် အလွန် ကြွယ်ဝသော အမွေအနှစ်များ ရှိသည့် ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားဂိုဏ်း ဖြစ်သည်။

ထို့ကြောင့် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းတွင် နတ်ဘုရင်အဆင့် နတ်လက်နက် တစ်ခုရှိ၏။

သို့သော်လည်း ထိုလက်နက်ကို ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ ဘိုးဘေးက လွဲလျှင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၌ ထိန်းချုပ်နိုင်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။

သူတို့ ဘိုးဘေးသည် အဆင့်မြင့် နယ်မြေနတ်ဘုရား တစ်ပါးဖြစ်သည့်တိုင် လျှို့ဝှက်နည်းစနစ်၏ အကူအညီဖြင့်သာ နတ်ဘုရင်အဆင့် လက်နက်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ထိုကောင်လေးက ယခုမှ ကောင်းကင်နတ်ဘုရားအဆင့်သာလျှင် ရှိသေးသည်။

ထိုကောင်လေးက ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ဖြတ်ကျော်ခဲ့သည့် မဟာကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း နတ်ဘုရင်အဆင့် လက်နက်ကို ထိန်းချုပ်နိုင်ခဲ့သည်မှာ အဓိပ္ပါယ်မရှိပေ။

“ငါက မဟာနဂါးနန်းတော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူပဲ.. ဘာလို့ မဟာနဂါးနန်းတော်ကို မထိန်းချုပ်နိုင်ရမှာလဲ”

ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မဟာနဂါးနန်းတော်သည် ချက်ချင်းဆိုသလိုပင် လက်တစ်ဝါးစာအရွယ်အစားရှိသည့် နန်းတော်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ဖဝါးထဲသို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်တွင် မဟာနဂါးနန်းတော်ကို လက်ထဲတွင် ကိုင်ဆောင်ထားသည့် သူ၏ပုံစံသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါး ကဲ့သို့ ဖြစ်နေခဲ့သည်။

“မဟာနဂါးနန်းတော်ရဲ့ အဆက်အနွှယ်.. မင်း.. မင်း ငါ့ကို သတ်လို့ မဖြစ်ဘူး.. ငါက ကျန်းဝူ ကောင်းကင်နယ်မြေက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲပဲ.. မင်းငါ့ကို သတ်လိုက်ရင် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းက မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး”

မဟာနဂါးနန်းတော်ကို လက်ထဲတွင် ကိုင်ဆောင်ထားသော ကျန်းချန်ကို ကြည့်ရင်း အရှင်ကျိုးရှ၏ မျက်နှာထက်တွင် ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက အစီအရင်လမ်းစဥ်တွင် ထူးခြားသော အောင်မြင်မှုကို ရရှိခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့်နယ်မြေနတ်ဘုရား အဆင့်သာ ဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် နတ်ဘုရင်အဆင့်လက်နက် ဖြစ်သည့် မဟာနဂါးနန်းတော်ကို ထိန်းချုပ်နိုင်သည်ဖြစ်၍ အလွန်တရာပင် အစွမ်းထက်နေခဲ့သည်။

အစောပိုင်းက တိုက်ခိုက်မှုတွင် ထိုလူငယ်လေးသည် အရှင်ကြယ်စင်စုတို့ လူစုကို သတ်ဖြတ်လိုက်ရုံသာမက ပေထောင်ပေါင်းများစွာ အကွာရှိ မဟာနဂါးတောင်ထိပ်မှ သူ့ကိုပင် အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

ထိုလူငယ်လေးသာ သူ့ကို သတ်ချင်ခဲ့လျှင် သူ့အနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်လည်း အရှင်ကျိုးရှသည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ နာမည်ကို အသုံးပြုကာ ကျန်းချန်အား ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

“ကျန်းဝူ ကောင်းကင် နယ်မြေက ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းလား.. စိတ်မကောင်းပါဘူး.. ငါတစ်ခါမှ မကြားဖူးဘူး.. မင်းက အရှင်ကြယ်စင်စုတို့ လူစုကို ကူညီရဲမှတော့ သူတို့နဲ့အတူ ငရဲကို လိုက်သွားပေတော့”

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ လက်ဖဝါးထဲမှ မဟာနဂါးနန်းတော်ကို လှုံ့ဆော်လိုက်ရာ မဟာနဂါးနန်းတော်ကနေ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာခဲ့ပြီး အရှင်ကျိုးရှ ဆီသို့ ဆင်းသက်လာခဲ့သည်။

မဟာနဂါးနန်းတော်က နတ်ဘုရင်အဆင့် လက်နက် ဟူသော သတင်းသာ ပျံ့နှံ့သွားခဲ့လျှင် ကြီးမားသော အာရုံစိုက်မှုကို ခံရလိမ့်မည်မှာ သေချာ၏။

အထူးသဖြင့် အရှင်ကျိုးရှကိုသာ အသက်ရှင်လျက် ထွက်သွားခွင့်ပြုလိုက်လျှင် သူ့အတွက် အဆုံးမဲ့ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်။

ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ အရှင်ကျိုးရှကို သူ့အနေဖြင့် အသက်ရှင်လျက် ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။

“မသတ်ပါနဲ့”

အရှင်ကျိုးရှက အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့ပြီး နယ်မြေနတ်ဘုရား မူလဇာစ်မြစ် စွမ်းအားကို အပြည့်အဝထုတ်ဖော်ကာ ခုခံကာကွယ်ရေး အစီအရင်သုံးခုကို အသက်သွင်းလိုက်သည်။

သူက ထိုအစီအရင် သုံးခုဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ထားလိုက်ပြီး ရွှေရောင်အလင်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နတ်ဘုရင်အဆင့် နတ်လက်နက် ဖြစ်သည့် မဟာနဂါးနန်းတော်၏ တိုက်ခိုက်မှုကို အရှင်ကျိုးရှသည် မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အရှင်ကျိုးရှ၏ နယ်မြေနတ်ဘုရား မူလဇာစ်မြစ်စွမ်းအား အပေါ် အခြေခံထားသော ခုခံကာကွယ်‌ရေး အစီအရင်သုံးခုသည် ပြိုကွဲသွားခဲ့သည်။

ယင်းနောက်တွင် အရှင်ကျိုးရှ၏ ခန္ဓာကိုယ်သည် တောက်ပသော ရွှေရောင်အလင်းဖြင့် ထိမှန်ခံလိုက်ရပြီး “ဝုန်း”ဟူသော အသံနှင့်အတူ အမှုန့်အဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့သည်။

“မဟာနဂါးနန်းတော်ကို နှစ်ကြိမ်လှုံ့ဆော်လိုက်တာ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအား ထက်ဝက်ကျော်လောက် ကုန်ခမ်းသွားတာပဲ”

ကျန်းချန်က ခပ်တိုးတိုး ညည်းညူလိုက်သည်။

နတ်ဘုရင်အဆင့် နတ်လက်နက်သည် အစွမ်းထက်သော်လည်း ၎င်းကို အလွယ်တကူ မလှုံ့ဆော်နိုင်ပုံရသည်။

သူက မဟာနဂါးနန်းတော်ကို နှစ်ကြိမ် လှုံ့ဆော်ခဲ့သော်လည်း မဟာနဂါးနန်းတော်၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုခဲ့ပေ။

ဆိုရလျှင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား စွမ်းအားဖြင့် အစွမ်းကုန် လှုံ့ဆော်ခဲ့လျှင်ပင် မဟာနဂါးနန်းတော်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်ချေ။

“ရွေးချယ်စရာ မရှိသရွေ့ မဟာနဂါးနန်းတော်ကို အလွယ်တကူ မထုတ်သုံးတာ အကောင်းဆုံးပဲ အထူးသဖြင့် နတ်ကုန်းမြေတိုက်ကို ရောက်တဲ့အခါ မင်းပိုပြီး သတိထားရမယ်.. မင်းအခု လုပ်ရမှာက နတ်ဘုရင်အဆင့်ကို အမြန်ဆုံး ထိုးဖောက်ဖို့ပဲ.. ဒီလိုမှမဟုတ်ရင် မဟာနဂါးနန်းတော်ရဲ့သတင်း ပေါက်ကြားသွားတာနဲ့ မင်းအတွက် အန္တရာယ်တွေဖြစ်လာနိုင်တယ်”

ထိုအချိန်တွင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

“စီနီယာ မစိုးရိမ်ပါနဲ့.. ကျွန်တော်နားလည်ပါတယ်”

မဟာနဂါးနန်းတော်၏ သူတော်စင် နဂါးဘုရင်သည် နတ်ကုန်းမြေတိုက်မှ ရှေးဟောင်းသူတော်စင် နဂါးနန်းတော်နှင့် မကျေလည်မှုများ ရှိမှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။

မဟာနဂါးနန်းတော် ပျက်စီးခဲ့စဥ်က သူတော်စင်နဂါးဘုရင်သည် မဟာနဂါးနန်းတော်ကို ဟင်းလင်းပြင်ထဲသို့ ပို့ဆောင်ကာ ဝှက်ထားခဲ့၍ ယခုအချိန်အထိ မဟာနဂါးနန်းတော်က တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

သူ မကြီးထွားသေးခင် မဟာနဂါးနန်းတော်၏ သတင်းသာ ပေါက်ကြားသွားခဲ့လျှင် သူ့အတွက် ဘေးအန္တရာယ်များကို သယ်‌ဆောင်လာမည်မှာ သေချာသလောက်ပင်။

သို့သော် မဟာနဂါးနန်းတော် အကြောင်း စဥ်းစားမိသောအခါ ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုမှ လူတစ်ဦး ဖြစ်သည်။

သို့ဆိုလျှင် သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုကို အဘယ်ကြောင့် သစ္စာဖောက်ခဲ့ပြီး ဤနေရာသို့ ရောက်လာကာ မဟာနဂါးနန်းတော်ကို တည်ထောင်ခဲ့ရပါသနည်း။

မဟာနဂါးနန်းတော်က အားမနည်းလှသော်လည်း ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုလို အစွမ်းထက် အင်အားစုနှင့် နှိုင်းယှဥ်လျှင် မပြောပလောက်ပေ။

သူ၏ ခန့်မှန်းချက်အရ သူတော်စင်နဂါးဘုရင်ထံတွင် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုပင် အလေးထားရလောက်သည့် လျှို့ဝှက်ချက်တစ်ခုခု ရှိနေလောက်သည်။

သို့မဟုတ်လျှင် နတ်ကုန်းမြေတိုက်မှ ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုသည် ဤနေရာအထိ လာရောက်ပြီး သူတော်စင်နဂါးဘုရင်နှင့် တိုက်ပွဲဝင်စရာ အကြောင်းမရှိ‌ပေ။

“စီနီယာ.. ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုက ဘာကြောင့် မဟာနဂါးနန်းတော်ကို တိုက်ခိုက်ခဲ့တာလဲ”

ကျန်းချန်က သူ၏ စိတ်ထဲမှ သံသယများကို မေးမြန်းလိုက်သည်။

“သခင်က ဒီကိစ္စကိုတော့ ပြောမသွားဘူး.. ဒါပေမဲ့ အဲဒီနှစ်က တိုက်ပွဲမှာ မဟာနဂါးနန်းတော်ကို ဖျက်ဆီးခဲ့တဲ့ ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုရဲ့ ကျင့်ကြံသူက သခင်နဲ့ စကားခဏပြောဆိုခဲ့တယ်.. သခင့်ဆီမှာ နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကိုင်လှုပ်နိုင်လောက်တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံပဲ”

မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် ထံမှ အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အသက်ရှူ ရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

နတ်ကုန်းမြေတိုက်မှ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် အဆုံးမဲ့ ထာဝရဟင်းလင်းပြင်တွင် သူတော်စင်နဂါးဘုရင်ကို လိုက်လံရှာဖွေခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

သူတော်စင်နဂါးဘုရင်ထံတွင် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကိုင်လှုပ်နိုင်သော လျှို့ဝှက်ချက် တစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုကိစ္စကို ထပ်မံ စဥ်းစားခြင်းမပြုတော့ပေ။

သူတော်စင်နဂါးဘုရင်က မည်သည့် လျှို့ဝှက်ချက်များ ပိုင်ဆိုင်ထားသည်ကို ယခုအချိန်တွင် သိလျှင် သူ့အတွက် မကောင်းနိုင်မှန်း သူကောင်းစွာသိသည်။

နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကိုင်လှုပ်နိုင်လောက်သည့် ဤလျှို့ဝှက်ချက်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည့် သူတော်စင်နဂါးဘုရင်ကိုပင် ကျဆုံးသွားစေခဲ့သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ မဖြစ်လာသရွေ့ သူ့အနေဖြင့် ဤလျှို့ဝှက်ချက်နှင့် ပတ်သက်၍ စူးစမ်းရန် အရည်အချင်း မရှိသေးချေ။

ကျန်းချန်က ထပ်မံ၍ မစဥ်းစားတော့ဘဲ သူ၏ ခေါင်းထဲမှ အတွေးများကို ရှင်းထုတ်လိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် မဟာနဂါးတောင်ထိပ်တွင် ရှိနေသော မဟာနဂါးကျောက်တိုင် ဆီသို့ ကျရောက်သွားခဲ့သည်။

ယခင်က ထိုကျောက်တိုင်သည် ဟင်းလင်းပြင်ထဲသို့ လွင့်စင်သွားခဲ့ပြီး မဟာနဂါးနန်းတော်ကို ဖော်ထုတ်ပေးခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထိုကျောက်တိုင်သည် မဟာနဂါးတောင်ထိပ်သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

“စီနီယာ.. ဒီမဟာနဂါးကျောက်တိုင်ကို ယူသွားလို့ရမလား”

သူ၏ ရှေ့မှ မဟာနဂါးကျောက်တိုင်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မဟာနဂါးကျောက်တိုင်သည် တစ်ချိန်က သူတော်စင်နဂါးဘုရင်၏ လက်နက် ဖြစ်၍ ၎င်း၏ စွမ်းအားသည် မဟာနဂါးနန်းတော်ထက်ပင် ပိုမို၍ အစွမ်းထက်ဖွယ် ရှိ၏။

ဖြစ်နိုင်လျှင် ကျန်းချန်သည် ဤမဟာနဂါးကျောက်တိုင်ကို ထိန်းချုပ်ရန် မျှော်လင့်နေမိသည်။

“မရဘူး.. ဒီမဟာနဂါးကျောက်တိုင်ကို အခုအချိန်မှာ မင်းဘာမှလုပ်နိုင်မှာ မဟုတ်ဘူး.. နတ်ဘုရင်အဆင့်ကို ရောက်မှပဲ ကြိုးစားကြည့်ပါ”

ကျန်းချန်၏ နှုတ်မှ မဟာနဂါးကျောက်တိုင်နှင့် ပတ်သက်၍ ပြောဆိုသည်ကို ကြားလျှင် နန်းတော်ဝိညာဥ်က လေးနက်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။

“နတ်ဘုရင်အဆင့်ကို ရောက်မှ စမ်းကြည့်ရမှာလား”

ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

မဟာနဂါးကျောက်တိုင်နှင့် မဟာနဂါးနန်းတော် နှစ်ခုစလုံးသည် နတ်ဘုရင်အဆင့် ရတနာများ ဖြစ်၍ မဟာနဂါးနန်းတော်ကိုပင် သန့်စင်ကာ ထိန်းချုပ်နိုင်ခဲ့သော သူ့အနေဖြင့် မဟာနဂါး ကျောက်တိုင်ကို ထိန်းချုပ်ရန်မှာ မခက်ခဲလောက်ဟု မူလက ထင်ထားခဲ့သည်။

သို့သော်လည်း ယခုအခါ ကျန်းချန်သည် မဟာနဂါးကျောက်တိုင်ကို လျှော့တွက်မိနေကြောင်း သိလိုက်ရ၏။

ဤမဟာနဂါးကျောက်တိုင်သည် နတ်ဘုရင်အဆင့်ကိုပင် ကျော်လွန်နေသည့် နတ်လက်နက် တစ်ခု ဖြစ်နိုင်ပါသလော။

“မင်းခန့်မှန်းတာ မမှားဘူး.. ဒီမဟာနဂါးကျောက်တိုင်က တကယ်တော့ စစ်မှန်တော့ တာအိုလက်နက်ပဲ”

ထိုအချိန်တွင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်က ကျန်းချန်၏ စိတ်ထဲကနေ ပြောလိုက်သည်။

“စစ်မှန်တဲ့ တာအိုလက်နက်ဟုတ်လား”

ကျန်းချန်က အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်ဝန်းများတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူသိထားသလောက် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖန်တီးထားသော နတ်ဘုရင်အဆင့် နတ်လက်နက်တွင် မဟာလမ်းစဥ်(ဝါ) မဟာတာအိုစွမ်းအား ပါဝင်ပြီး ၎င်းကို တာအိုလက်နက်ဟုလည်း ခေါ်ဆိုကြသည်။

တစ်နည်းအားဖြင့် နတ်ဘုရင်အဆင့် လက်နက်သည် တာအိုလက်နက်ပင် ဖြစ်သည်။

သို့သော်လည်း မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် တာအိုလက်နက်ဟု မသုံးနှုန်းဘဲ “စစ်မှန်သော တာအိုလက်နက်”ဟု သုံးစွဲခဲ့သည်။

“နတ်ဘုရင်အဆင့် ကျင့်ကြံသူက ဖန်တီးထားတဲ့ နတ်ဘုရင်အဆင့်လက်နက်တွေမှာ မဟာတာအို စွမ်းအားပါဝင်တဲ့အတွက် တာအိုလက်နက် အဖြစ် သတ်မှတ်နိုင်တယ်.. ဒီကမ္ဘာမှာ အထွတ်အထိပ်တာအိုစွမ်းအား ပါဝင်တဲ့ သန္ဓေရတနာတချို့ရှိတယ်.. အဲဒီရတနာတွေကို သန္ဓေ တာအို လက်နက်လို့လည်း ခေါ်ကြတယ်.. ဒီမဟာနဂါးကျောက်တိုင်က သန္ဓေ တာအိုလက်နက်ပဲ”

မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်က ကျန်းချန်ကို ရှင်းပြလိုက်သည်။

မဟာနဂါးကျောက်တိုင်က သန္ဓေ တာအိုနတ်လက်နက်မှန်း သိလိုက်ရလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤမဟာနဂါးကျောက်တိုင်၏ ဇာစ်မြစ်က သူမျှော်လင့်ထားသည်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းပုံရ၏။

“သန္ဓေတာအို နတ်လက်နက်က ထိန်းချုပ်ဖို့ လွယ်ကူတဲ့အရာမဟုတ်ဘူး.. သူတော်စင်နဂါးဘုရင်တောင် နတ်ဘုရင်အဆင့်ဖြစ်ပေမဲ့ မဟာနဂါးကျောက်တိုင်ကို အသုံးပြုဖို့ မဟာနဂါးကျောက်တိုင်နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ရတယ်”

ထိုစကားကို ပြောဆိုပြီးနောက်တွင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် စကားသံသည် အနည်းငယ် ရပ်တန့်သွားခဲ့သည်။

တစ်ခဏမျှ အကြာတွင် ကျန်းချန်၏ စိတ်ထဲ၌ သူ၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သူတော်စင်နဂါးဘုရင် ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ချက်က ဒီမဟာနဂါးကျောက်တိုင်နဲ့ ဆက်စပ်နေလောက်တယ်”

All Chapters