← Chapters

အစောင့်အရှောက် ပက်ကေ့ချ်

Vol. 3 Ch. 24

အစောင့်အရှောက် ပက်ကေ့ချ်

Vol. 3 Ch. 24

“စိတ်ဝိညာဉ်အမြစ်ကို ရဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား...”

ထိုစစ်မိန့်ကို အမှန်တကယ် ပြုလုပ်ရမည်လား...

ချန်ဟွိုက်အန်၏ ပိုက်ဆံများက လေထဲမှာ လွင့်သွားတော့မည်လား...

ချန်ဟွိုက်အန်က စိတ်ပျက်အားငယ်မှု၊ ရှုပ်ထွေးမှုများနှင့် နပန်းလုံးနေစဉ် စနစ်၏ ပုံရိပ်ယောင် ကောင်မလေး ဈေးဆိုင်က မျက်နှာပြင်ပေါ်တွင် ပေါ်လာ၏။

သူ၏ မျက်လုံးကို ပထမဆုံး ဖမ်းစားလိုက်သည်မှာ တောက်ပနေသော ရွှမ်ရွှေစိတ်ဝိညာဉ်အမြစ် ဖြစ်ပြီး မိုးထိုးနေသော ဈေးနှုန်း ယွမ်၁၉၉၉၀၀၀၀ပင်။ ထိပ်တန်းအဆင့်ဟု သတ်မှတ် ခံထားရသော ထိုဓာတ်ကြီးငါးပါး စိတ်ဝိညာဉ်အမြစ်က ရရှိနိုင်သော အသက်သာဆုံး ရွေးချယ်မှု ဖြစ်သည်။ ၎င်း၏ အောက်တွင် ပိုမို၍ပင် အံ့ဩဖွယ် ကောင်းလောက်အောင် ဈေးကြီးသော စိတ်ဝိညာဉ်အမြစ်များ ရှိသေးသည်။ သုညများက သူ၏ ကျန်ရှိသော သက်တမ်းထက်ပင် ပိုရှည်လျားစွာ တန်းစီနေ၏။

သာမန် စိတ်ဝိညာဉ်အမြစ်များက စာရင်းထဲတွင်ပင် မပါပေ။

ထိုဈေးဆိုင်က အကောင်းဆုံးထဲမှ အကောင်းဆုံးကိုသာ ရောင်းချ၏။

ထို့အပြင် ရွှမ်ရွှေစိတ်ဝိညာဉ်အမြစ်ကိုလည်း သော့ခတ်ထားသည်။ ၎င်းကို ဝယ်ယူခွင့် သော့ဖွင့်ရန် လီချင်းရန်က အခြေတည်ဝိညာဉ် အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။

လုံးဝကို ရူးချင်စရာပင်။

အကယ်၍ သူ့တွင် ယွမ် ၁၉.၉၉သန်း ရှိခဲ့ပါက ကင်ဆာကို ကုသရန် သုံးလိုက်ခြင်းက ပိုကောင်းမည် မဟုတ်ပါလား။

ပျောက်သွားလျှင် သူက စိတ်အေးလက်အေး နေနိုင်ပြီး ကျန်ရှိသော ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။

ထိုဂိမ်းက ထိုလမ်းကြောင်းကနေတဆင့် စိတ်ဝိညာဉ်အမြစ် ရယူခွင့်ပေးမည့် အစီအစဉ် မရှိသည်မှာ အသေအချာပင်။

“ဟာ့... ဒါဆိုရင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...”

ချန်ဟွိုက်အန် ခါးသက်သက်နှင့် ရယ်လိုက်သည်။

အကောင်းဘက်မှ ကြည့်လျှင် ထိုသောက်ကျိုးနည်းဂိမ်းက သူ၏ မျိုးရိုးဗီဇ အလားအလာကို မတော်တဆ ဖွင့်ပေးခဲ့လေသည်။

ကောင်းပြီလေ။ ဒါဆိုလည်း ငွေဖြည့်လိုက်မယ်...

နောက်ထပ် ငွေပမာဏ အများအပြားက သူ့အကောင့်မှ ပျောက်ကွယ်သွား၏။

ချန်ဟွိုက်အန်က ဆိုဖာပေါ် ပစ်လှဲလိုက်သည်။ ဟာတာတာ ဖြစ်နေခြင်းက သူ ခံစားဖူးသမျှ စိတ်ဓာတ်ကျမှုတွေထက် ပိုပြင်းထန်စွာ ရိုက်ခတ်လာသည်။

“ညှောင်...”

အားနည်းသော ကြောင်အော်သံ တစ်ခုက သူ့လွမ်းဆွေးမှုကို ဖြတ်တောက်လိုက်၏။

ချန်ဟွိုက်အန်က ချက်ချင်း မတ်တပ်ရပ်ပြီး ဖိနပ်ဘူးဆီသို့ ပြေးသွားသည်။

“အိုး... မင်းက တော်တော်လေး ခံနိုင်ရည်ရှိတဲ့ ကောင်ကလေးပဲ...”

ခုနက သနားစရာ အခြေအနေနှင့် ယှဉ်လိုက်လျှင် ကြောင်နက်လေးက အခု အတော်လေး သက်သာလာပုံရတယ်။ အနည်းဆုံးတော့ ဖိနပ်ဘူးထဲတွင် လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။ သူ၏ ဒဏ်ရာများကမူ ပြင်းထန်နေသေးသည်။ အနီးကပ် စစ်ဆေးကြည့်ရာ ရေချိုးပြီးကတည်းက အနည်းငယ် သက်သာလာသလို ထင်ရသည်။

“ချန်ဟွိုက်အန်။ မင်းက ပါရမီရှင်ပဲ။”

ယခုတစ်ကြိမ်တော့ သူ၏ ကြေငြာချက်က လုံးဝကို သေချာသော လေသံနှင့် ဖြစ်နေသည်။

သို့သော် သူက ခေါင်းခါပြီး ကိုယ့်ကိုယ်ကိုယ် လှောင်သလို ရယ်လိုက်သည်။ “ငါက အကြာကြီး မနေရတော့မှာ နှမြောစရာပဲ။”

သူ မသိသည်မှာ ကြောင်နက်လေးက သူ့လည်ပင်းကို စူးစိုက်ကြည့်နေပြီး မည်းနက်နေသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အနီရောင် အရိပ်အယောင် လက်သွားခြင်းပင်။

[ စား… သူ့ကို စားလိုက်…]

[ ငါသာ သူ့ကို ဝါးမျိုလိုက်ရင် ဒဏ်ရာတွေ လုံးဝ ပျောက်ကင်းသွားလိမ့်မယ်…]

[အဲဒီငှက်စုတ်က မဝဘူး…]

“ဘာတွေ စိုက်ကြည့်နေတာလဲ...”

ချန်ဟွိုက်အန်က ကြောင်ပေါက်လေးနှင့် အကြည့်ချင်း ဆုံသွားသည်။

သူ့အကြည့်က ကြောင်ပေါက်လေးကို ဆုံလိုက်သည်နှင့် ၎င်း၏ ကြမ်းကြုတ်သော မျက်နှာထားက ချက်ချင်း ပျော့ပျောင်းသွား၏။ အကွဲကြောင်းလို မျက်ဆံများက ဝိုင်းစက်သွားခဲ့ပြီး သနားစရာ ကြောင်သံလေး ထွက်လာခဲ့သည်။

“နေလို့ မကောင်းသေးဘူးလား...” ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ “ကောင်းပြီလေ...”

သူက ကျောခိုင်းပြီး သူ့ကိုယ်သူ လုံးဝ ဖွင့်ပြလိုက်သည်။

[ အခုက ငါ့ရဲ့ အခွင့်အရေးပဲ ]

ကြောင်နက်လေး ခါးကုန်းလိုက်ပြီး ခုန်အုပ်ရန် ပြင်ဆင်လိုက်သည်။ ၎င်း၏ အမွှေးများက ထောင်တက်လာပြီး မျက်လုံးတွေက သတ်ဖြတ်လိုစိတ်ဖြင့် တောက်လောင်နေ၏။

ဒါပေမဲ့ သူ တိုက်ခိုက်တော့မည့် အချိန်မှာပင် လူသားက ရုတ်တရက် လှည့်လာပြီး...

လက်တစ်ဖက်တွင် ငွေအပ်တစ်စုံ၊ ကျန်လက်တစ်ဖက်က သူ့လည်ပင်းကုတ်ကို မြဲမြံစွာ ဖမ်းဆုပ်ထားလိုက်၏။

ကြောင်ပေါက်လေး မျက်လုံး ပြူးကျယ်သွားခဲ့သည်။

[ ဘာကြီးလဲ… ဒီသောက်ကျိုးနည်း လူသားက ဘာလုပ်လိုက်တာလဲ။ ဘာလို့… ဘာလို့ ငါက မလှုပ်နိုင်တော့တာလဲ။ ဒီအားနည်းတဲ့ ခန္ဓာကိုယ်...လှုပ်စမ်း လှုပ်စမ်း... ]

“ခုနက မင်း အပ်စိုက်ကုထုံး တစ်ချီပဲ ပြီးသေးတယ်။ အခု ထပ်လုပ်ပေးမယ်...”

ချန်ဟွိုက်အန်က ကြောင်ပေါက်လေးကို ဆိုဖာပေါ် တင်လိုက်ပြီး သဘက်နှင့် ပတ်ကာ အပ်စိုက်ရန် စတင်လိုက်၏။

ထိုကြောင်တွင် ခွေးရူးပြန်ရောဂါ ရှိမရှိ မည်သူ သိနိုင်မည်နည်း။

ယခု သူက ပြန်လှုပ်ရှားနိုင်ပြီ ဖြစ်ရာ ခွေးရူးပြန်ကာကွယ်ဆေး ထိုးရန် ဆေးရုံသွားရမည့် အန္တရာယ်ထက် သတိထားခြင်းက ပိုကောင်းပေသည်။ ထိုမှသာ ပိုက်ဆံအများကြီး မကုန်မည် ဖြစ်သည်။

[ ဒီယုတ်မာတဲ့ လူသားက ငါ့ကို သဘက်နဲ့ ပတ်ရဲတယ်ပေါ့… ]

ကြောင်နက်လေး အရူးအမူး ရုန်းကန်ပြီး အစွယ်များ ထုတ်ပြလိုက်သည်။

ကြိုတင် ပြင်ဆင်ထားသော ချန်ဟွိုက်အန်က ကျွမ်းကျင်စွာပင် အပ်စိုက်မှတ် နှစ်ခုကို အပ်များဖြင့် ထိုးစိုက်လိုက်၏။

ကြောင်ပေါက်လေး မျက်လုံးများ ပြူးသွားပြန်သည်။

ဒါက ဘယ်လို မှော်အတတ်မျိုးလဲ....

သူက နောက်ထပ် မလှုပ်ရှားနိုင်တော့ပေ။

“ဝိုး။ ဒီပညာရပ်က တကယ် ထိရောက်တာပဲ။” ချန်ဟွိုက်အန်က အံ့သြမဆုံး ဖြစ်နေပြီး ခေါင်းခါလိုက်သည်။ “ငါ ဒါကို လူတွေအပေါ် မသုံးနိုင်တော့ရင်တောင် တိရစ္ဆာန်ဆရာဝန် လိုင်စင် အတုလုပ်ပြီး တိရစ္ဆာန်ဆေးကုခန်း ဖွင့်ရင်တောင် ပိုက်ဆံ ရနိုင်တယ်။ ကျေးဇူးတင်ကြောင်း စာတမ်းတွေတောင် ရနိုင်သေးတယ်။”

“ဒါနဲ့ မင်းက အထီးလား၊ အမလား...”

ချန်ဟွိုက်အန်က အမြီးကို မကြည့်လိုက်သည်။

“သြော်....အထီးပဲ။ ဟုတ်ပြီ။ မင်း ကြီးလာရင် ငါကိုယ်တိုင် သင်းကွပ်ပေးမယ်။ နေရာတိုင်းက ကြောင်မလေးတွေကို လိုက်နှောင့်ယှက်နေလို့ မဖြစ်ဘူး...”

ကြောင်ပေါက်လေး - ....

[ ဒီ… ဒီလူသားက ငါ့ကို သင်းကွပ်မယ်လို့ ပြောလိုက်တာလား ]

[ ခွင့်မလွှတ်ဘူး… လုံးဝ ခွင့်မလွှတ်နိုင်ဘူး ]

[ ငါ သူ့ကို ဝါးမျိုပစ်ရမယ်။ လုံးဝကို ဝါးမျိုပစ်မယ် ]

သို့သော် ချန်ဟွိုက်အန် ဆက်လက်၍ အပ်စိုက်နေစဉ် ကြောင်ပေါက်လေးက ရုတ်တရက် တစ်ခုခု သတိထားမိလိုက်သည်။

သူ၏ ဒဏ်ရာများက အလျင်အမြန် ပျောက်ကင်းလာနေပြီး ခန္ဓာကိုယ်ထဲမှ နာကျင်မှုများ မှိန်ဖျော့သွားသည်။ မသက်မသာ မဖြစ်စေဘဲ အပ်များက နွေးထွေးမှု လှိုင်းတံပိုးများကို ပေးပို့နေပြီး သက်တောင့်သက်သာ ရှိလွန်း၍ အိပ်ပျော်လုနီးပါး ဖြစ်သွားစေခဲ့၏။

[ အင်း… ဒီလူသားက… အစာထက်ကို ပိုအသုံးဝင်နိုင်တယ်… သူ့ရဲ့ အပ်စိုက်ပညာရပ်က ကုသနိုင်စွမ်း ရှိတဲ့ပုံပဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါဆို ဒီခေတ်ကြီးမှာ ရွှေအပ်စိုက်ပညာရပ် အမွေဆက်ခံသူတွေ ရှိနေသေးတာပေါ့။ အံ့သြစရာပဲ… ]

[ ကောင်းပြီလေ။ သူ ငါ့ကို လုံးဝ ပျောက်ကင်းအောင် ကုပေးတဲ့အထိ စောင့်ပြီးမှ သူ့ကို စားလိုက်မယ်။ အဲဒီအချိန်ကျရင် ရွှေအပ်စိုက်ပညာရပ်က ငါ့အပိုင် ဖြစ်လာမှာ။ မူးဟားဟား... ]

…

[ သင်၏ ပုံရိပ်ယောင် ကောင်မလေးက ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးကို စုပ်ယူပြီးပါပြီ ]

ဂိမ်းမျက်နှာပြင် တစ်ခု ပေါ်လာသည်။

ချန်ဟွိုက်အန် မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ပြီး စိတ်ဓာတ် တက်ကြွသွား၏။

သူက ကြောင်ပေါက်လေးဆီက ငွေအပ်တွေကို အမြန် ဖယ်ရှားလိုက်ပြီး ဖိနပ်ဘူးထဲ အဆင်ပြေသလို ပစ်ထည့်လိုက်သည်။ ဘူးက ဆိုဖာပေါ် ပြုတ်သွားပြီး အဖုံး ပိတ်သွား၏။

ကြောင်ပေါက်လေး - “…”

[ မင်း ငါ့ကို ကုလို့ မပြီးသေးဘူးလေ ]

“ညှောင်…”

[ လူသား။ ငါ မင်းကို သတ်ပစ်မယ် ]

ဖိနပ်ဘူးထဲမှ ကြောင်ပေါက်လေး၏ ဒေါသတကြီး ကုတ်ခြစ်သံတွေကို လျစ်လျူရှုပြီး ချန်ဟွိုက်အန်က လီချင်းရန်အပေါ် အပြည့်အဝ အာရုံစိုက်လိုက်သည်။

[ အခြေအနေ - တရားထိုင်ခြင်းနှင့် ဒန်တျန် ပြန်လည်တည်ဆောက်ခြင်း လုပ်ဆောင်နေသည် ]

[ ကျင့်ကြံမှု တိုးတက်မှု - ၃၆၇၉/၅၉၉၉ (ဆဋ္ဌမအဆင့်) ]

[ ကျန်ရှိသော သက်တမ်း: - ၂၇၃ နှစ် ]

[ နှစ်သက်မှု - ၅၀ (လေးစားမှု) ]

“ဝိုး။ အခြေအနေတွေ ကောင်းလာပြီ...”

လီချင်းရန်၏ သက်တမ်းက ၂၇၃နှစ်အထိ တိုးလာသည်ကို မြင်ရာ ချန်ဟွိုက်အန်က နှစ်သိမ့်မှုရော မနာလိုမှုပါ ရောနှောခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သန်းခေါင်ယံ အပ်ဒိတ် လုပ်ထားသော သူ၏သက်တမ်းက ၁၂၉ရက်ဟူ၍ ပြနေတုန်းပင်။

သူ့မနာလိုမှုကို ပခုံးတွန့်ကာ ခါထုတ်လိုက်ပြီးနောက် အမြန် လက်ခံလိုက်သည်။

ဂိမ်းထဲ ပိုက်ဆံများ ဆက်ထည့်နေသရွေ့၊ လီချင်းရန် အန္တရာယ် ကင်းအောင် သေချာစေသရွေ့၊ လီချင်းရန်၏ တည်ရှိမှုက သူ့ထက် ပိုကြာရှည်နေလိမ့်မယ်။ သူ သေသွားလျှင်ပင် ဂိမ်းအကောင့် ကျန်နေသရွေ့ လီချင်းရန်က သူ့ရဲ့ အမွေအနှစ်ကို ရာစုနှစ်များအထိ သယ်ဆောင်သွားနိုင်၏။

သို့သော် ဂိမ်းကုမ္ပဏီက ဉာဏ်များပြီး ဆာဗာများကို ပိတ်မပစ်မှသာ ထိုအရာ အလုပ်ဖြစ်မည် ဖြစ်သည်။

ဂိမ်းကို ပြန်အာရုံစိုက်လိုက်ရာတွင် လီချင်းရန်၏ ပတ်ဝန်းကျင် နေရာတွင် ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်နေတာ ချန်ဟွိုက်အန် သတိထားမိလိုက်သည်။ လိုက်ကာများ ငြိမ်သက်သွားပြီး အခန်းငယ်လေး အပြင်ဘက်မှ ဖုန်မှုန့်များ ငြိမ်ကျသွားကာ စိတ်ဝိညာဉ် ချီစွမ်းအင် အတက်အကျများ တည်ငြိမ်သွား၏။ အပင်အဖူးလေးများနှင့် တူသော ရွှေရောင် အဖူးပေါက်လေးများက သူ၏ ပတ်ဝန်းကျင်မှာ ပေါ်လာပြီး အခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ ဒီအဖူးပေါက်လေးများက ပန်းဖူးလေးများ စတင် ဖြစ်ပေါ်လာပြီး ထူးကဲသော အရာတစ်ခု မွေးဖွားလာတော့မည့် အရိပ်အယောင် ပြသနေ၏။

[ လီချင်းရန်က ဒန်တျန် ပြန်လည်တည်ဆောက်ခြင်း နောက်ဆုံးအဆင့်သို့ ဝင်ရောက်နေပါသည်။ ပထမအဆင့် ဒန်တျန်သည် စပ်စုသော မျက်လုံးများကို ဆွဲဆောင်နိုင်၏။ လီချင်းရန်ကို ကာကွယ်ရန် ၈၈ယွမ် ဖြည့်လိုပါသလား ]

“ထပ်ပြီးတော့ ငွေညှစ်တာလား...”

ချန်ဟွိုက်အန်က မထီမဲ့မြင်နှင့် ပြုံးလိုက်သည်။

မဝယ်လျှင် လီချင်းရန်၏ဒန်တျန် ပြန်လည်တည်ဆောက်မှု ကျရှုံးသွားမည် ဖြစ်ပြီး ရှေးဟောင်း မိစ္ဆာကြီးတစ်ကောင် ပေါ်လာကာ လာခိုးသွားမည်ကို သူ ကောင်းကောင်းကြီး သိသည်။ ဂိမ်း၏ ဇာတ်ညွှန်းက ထုတ်လုပ်သူများ၏ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလား။

ကံကောင်းစွာပင် ၈၈ယွမ် ဆိုသည်က သိပ်မများသည့်အတွက် သူ ပေးလိုက်၏။

[ ကျေးဇူးပြု၍ သင်၏ အစောင့်အရှောက် နည်းလမ်း ကို ရွေးချယ်ပါ ]

ကိုယ်ပွား အစောင့်အရှောက် - တစ်ကြိမ်လျှင် ၁၀၀၈၈၈ ယွမ်။

အစားကြူး သားရဲစီးတော်ယာဉ် အစောင့်အရှောက် - တစ်ကြိမ်လျှင် ၅၈၈၈၈ယွမ်။

ဓားစိတ်ဝိညာဉ် အစောင့်အရှောက် - တစ်ကြိမ်လျှင် ၃၈၈၈၈ ယွမ်။

အနှိုင်းမဲ့ အစောင့်အရှောက် ပက်ကေ့ချ် - ၃၅၈၈၈ ယွမ်။ ဇူရှန်ဓား အခင်းအကျင်း အသေးစား တစ်ခု၊ ရွှမ်ဝူ အခင်းအကျင်း တစ်ခုနှင့် နေကိုးစင်းလျှပ်စီး အဆောင် ၇ခု ပါဝင်သည်။

အဆင့်မြင့် အစောင့်အရှောက် ပက်ကေ့ချ် - ၁၈၈၈၈ ယွမ်။ နဂါးချုပ်မိုးကြိုး အခင်းအကျင်း တစ်ခု နှင့် နေကိုးစင်းလျှပ်စီး အဆောင် ၁ ခု ပါဝင်သည်။

အလယ်အလတ် အစောင့်အရှောက် ပက်ကေ့ချ် - ၁၈၈၈ ယွမ်။ ကောင်းကင်ဖောက်ထွင်းဓား အခင်းအကျင်း တစ်ခု နှင့် အန္တိမလျှပ်စီး ၁၀ ခု ပါဝင်သည်။

အခြေခံ အစောင့်အရှောက် ပက်ကေ့ချ် - ၁၈၈ ယွမ်။ မိုးကြိုးမီးကောင်းကင်လောင်ကျွမ်း အခင်းအကျင်း တစ်ခု၊ အန္တိမမိုးကြိုးမီး အဆောင် ၁၀ ခုနှင့် နေကိုးစင်း ခရမ်းရောင်လျှပ်စီး အဆောင် တစ်ခု ပါဝင်သည်။

စိတ်ကြိုက် ကွန်ဘို ပက်ကေ့ချ် - ပစ္စည်းများကို သင့်လှည်းသို့ ထည့်ပြီး သုံးသလောက် ပေးချေပါ။ (အချိန်အကန့်အသတ် ကမ်းလှမ်းချက်... ယခုပဲ ဝယ်ယူလိုက်ပါ~♥)

ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွား၏။

ငါ တော်တော် တုံးအခဲ့တာပဲ။

၈၈ယွမ်က ရေတံခါးဖွင့်ရန် သော့သက်သက်ပဲ ရှိသေးသည်။ ၎င်း မရှိလျှင် သူက ထပ်သုံးရန် အရည်အချင်းပင် ရှိတော့မည် မဟုတ်ပေ။

သို့သော် ယုတ်စွအဆုံး ရွေးချယ်စရာများက အလုပ်ဖြစ်မည့်ပုံ ပေါက်ပေသည်။ ဂိမ်းမှ မည်သည့်ပက်ကေ့ချ်ကို ဝယ်ဝယ်၊ လီချင်းရန်ကို ကာကွယ်ရန် လုံလောက်သည်ဟု အာမခံထား၏။ ဈေးကြီးသော အရာများက သူဌေး ကစားသမားအား သူတို့၏ ကြွယ်ဝမှုကို ကြွားဝါရန် သက်သက်သာ ဖြစ်သည်။

ချန်ဟွိုက်အန်က တုံ့ဆိုင်းခြင်းမရှိဘဲ အခြေခံအစောင့်အရှောက်ပက်ကေ့ချ်ကို ရွေးချယ် လိုက်သည်။

ထူးဆန်းသည်မှာ ၁၅ယွမ်တန် အစားအသောက် မှာစားခြင်းက ဈေးကြီးသည်ဟူ၍ ညည်းညူတတ်သော လူတစ်ယောက်အတွက် ၁၈၈ယွမ် ဈေးနှုန်းက ဒီအချိန်တွင် ကျိုးကြောင်းဆီလျော်သလို ခံစားနေရခြင်းပင်။

[ အခြေခံအစောင့်အရှောက်ပက်ကေ့ချ် စတင်ပါပြီ ]

တောက်ပနေသော လျှပ်စီးများက လီချင်းရန်၏ အခန်းငယ်လေး ပတ်လည်တွင် ဖြစ်ပေါ်လာပြီး မီတာ၁၀၀အထိ ကျယ်ပြန့်သွားကာ အမြင်အာရုံမှ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် အန္တိမိမိုးကြိုးမီး အဆောင် ၁၀ခု အခန်း၏ အပြင်ဘက်တွင် ပေါ်လာသည်။ အတွင်းဘက်တွင် ကြီးမားသော နေကိုးစင်းခရမ်းရောင်လျှပ်စီး အဆောင်က သူ၏ အရှေ့မှ စားပွဲပေါ်တွင် တောက်ပနေပြီး ၎င်း၏ မျက်နှာပြင်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များကို ထွင်းထုထား၏။

“အခုက သားရဲတွေ ဝိုင်းတိုက်ခိုက်မယ့် အချိန်ကို ရောက်နေပြီ။ ဟုတ်တယ်မလား။” ချန်ဟွိုက်အန် လက်ပိုက်လိုက်ပြီး ဂိမ်းရဲ့ နောက်တစ်လှမ်းကို ကြိုခန့်မှန်းလိုက်သည်။

လီချင်းရန်၏ ဒန်တျန် ပြန်လည်တည်ဆောက်မှု တိုးတက်မှုက ၉၀% သို့ ရောက်ရှိနေပြီ ဖြစ်သည်။

…

ချင်းယွန်ဘုံ၊ ဝမ်ချင်းတောင် အတွင်းပိုင်း နက်ရှိုင်းသော နေရာ၌ ....

မြင့်မားသော တောင်ထိပ်များ ဖုံးကွယ်ထားသည့် ခြောက်သွေ့သော ကျောက်ဆောင် တောင်စောင်းတစ်ခုတွင် ဖြစ်သည်။

ဆိုးယုတ်သော မျက်လုံးတစ်စုံက မည်းမှောင်နေသော ရေကန်နက်ကြီး၏ အနက်ရှိုင်းဆုံး နေရာတွင် ရုတ်တရက် ပွင့်လာ၏။

“မွှေးလိုက်တဲ့ ရနံ့။ ဒီ…ဒီပထမအဆင့် ဒန်တျန်ရဲ့ ရနံ့က မယုံနိုင်စရာပဲ။ ဒီခေတ်ကြီးမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်က အန္တိမဒန်တျန်ကို တကယ် စုစည်းနိုင်ခဲ့တာ...ပဲ”

“ငှဲ ငှဲ ငှဲ.... ကောင်းကင်ဘုံက ငါ့ကို မျက်နှာသာ ပေးနေတာ။ ကောင်းကင်ဘုံက ငါ့ကို တကယ် မျက်နှာသာပေးနေတာပဲ...”

All Chapters