← Chapters

ကောင်းကင်မိစ္ဆာဂိုဏ်းမှ ယဲ့ဖူထျန်

Vol. 3 Ch. 25

ကောင်းကင်မိစ္ဆာဂိုဏ်းမှ ယဲ့ဖူထျန်

Vol. 3 Ch. 25

“စီနီယာအစ်ကို လု။ ဝမ်ချင်းတောင်မှာ မိစ္ဆာကျင့်ကြံသူတွေ လှုပ်ရှားနေတာ တကယ်ပဲလား။”

“မိစ္ဆာကျင့်ကြံသူတွေက ကျင့်ကြံသူ အချင်းချင်းကို သုံးပြီး ဆေးလုံးဖော်တယ်၊ အရွတ်တွေကို ဆွဲထုတ်တယ်၊ ပြီးတော့ လက်နက်တွေလုပ်ဖို့ အရေခွံခွာတယ်လို့ ကြားဖူးတယ်။ သူတို့က ရက်စက်ပြီး ကရုဏာမဲ့တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ချဲ့ကားပြောတာလည်း ဖြစ်နိုင်ပါတယ်။”

ချင်းယွန်ဂိုဏ်းမှ တပည့်တစ်စုက တောင်စခန်းမှ ဆင်းလာကြသည်။ အခြေခံအုတ်မြစ် အဆင့်သို့ ရောက်ရှိကတည်းက သူတို့သည် အဓိကအားဖြင့် ဓားပျံစီး၍ သွားလာလေ့ရှိသဖြင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရန် အချိန် မရှိသလောက်ပင်။ သို့သော် ယနေ့တွင်မူ သူတို့၏ ခရီးစဉ် အရှိန်အဟုန် နှေးကွေးနေသဖြင့် စကားပြောရန် ရှားပါးသော အခွင့်အရေးကို အရယူနေကြသည်။

“တိတ်စမ်း...” လုချန်ထျန်း၏ အေးစက်သော နှာမှုတ်သံက စကားပြောသံများကို ဖြတ်တောက်လိုက်သည်။ သူ၏ ဂရုမစိုက်သော အကြည့်က လူအုပ်အပေါ် ဖြတ်သန်းသွားပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်၊ “မိစ္ဆာကျင့်ကြံသူတွေ ရှိနေတော့ကော ဘာဖြစ်လဲ။ ဝမ်ချင်းတောင်က ချင်းယွန်ဂိုဏ်းရဲ့ နယ်မြေပဲ။ မိစ္ဆာဂိုဏ်းတွေက ဂိုဏ်းချုပ်တစ်ယောက် ရောက်လာရင်တောင် ငါတို့ရဲ့ အရှေ့မှာ ဒူးထောက်ရမှာ။”

တပည့်များက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်ကြသည်။ သူတို့၏ မျက်နှာတွင် မြှောက်ပင့်မှုများ ပြည့်နှက်နေ၏။

“စီနီယာအစ်ကိုလု ပြောတာ မှန်တယ်...”

“အမှန်ပဲ။ စီနီယာအစ်ကိုလုက ချင်းယွန်ဂိုဏ်းရဲ့ မျိုးဆက်သစ် ကိုယ်ပိုင်တပည့်တွေထဲမှာ အစွမ်းအထက်ဆုံးပဲ။ သူ့ရဲ့ ပါရမီက အဲဒီမိစ္ဆာကျင့်ကြံသူတွေထက် အများကြီး သာလွန်တယ်။”

“ငါတို့သာ မိစ္ဆာကျင့်ကြံသူတွေနဲ့ တိုးရင် သူတို့ အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲ။”

အပြင်ပန်းတွင် လုချန်ထျန်းက တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းထားသော်လည်း အတွင်းစိတ်ထဲတွင်မူ ကျေနပ်မှု အရိပ်အယောင် အနည်းငယ် ခံစားလိုက်ရ၏။

မှန်ပေသည်။ ဂိုဏ်းချုပ်ကြီး၏ အချစ်တော်တပည့် ကျောက်လင်းထျန်း သူ့ကို လွှမ်းမိုးထားခဲ့သော အချိန်ကာလတစ်ခု ရှိခဲ့ဖူးသည်။ ဒါပေမဲ့ ယခုတွင် ကျောက်လင်းထျန်း၏ ဒန်တျန်က ပျက်စီးသွားခဲ့ရာ လုချန်ထျန်းသည် မေးခွန်းထုတ်စရာ မလိုလောက်အောင် သူ့မျိုးဆက်၏ ထိပ်တန်းတပည့်၊ ချင်းယွန်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ မိစ္ဆာကျင့်ကြံသူများအကြောင်း တွေးမိရုံနှင့်ပင် ရယ်စရာကောင်းနေလေပြီ။

ဝူး....

ယခင်က ကြည်လင်နေသော ညကောင်းကင်က ရုတ်တရက် မည်းမှောင်သွား၏။

လုချန်ထျန်း မော့ကြည့်လိုက်ရာ တောင်တန်းများကြားမှ မည်းနက်သော တိမ်တိုက်ကြီးတစ်ခု မြင့်တက်လာပြီး လကို ဖုံးကွယ်သွားကာ အနောက်ဘက်သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရွေ့လျားသွားသည်ကို တွေ့လိုက်ရသည်။

တိမ်နက်များကြားတွင် မကောင်းဆိုးဝါးဆန်ဆန် ကြက်သွေးရောင် မိစ္ဆာစွမ်းအင်များ ဝဲကတော့ ထိုးနေ၏။ အဝေးမှနေ၍ပင် ၎င်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါက သူတို့၏ ကျောရိုး တစ်လျှောက် စိမ့်သွားစေသည်။

“ဒါ မိစ္ဆာကျင့်ကြံသူပဲ...”

“ကြောက်စရာကောင်းလိုက်တဲ့တဲ့ မိစ္ဆာစွမ်းအင်ပဲ...”

“မြန်မြန် ဂိုဏ်းကို အကြောင်းကြားလိုက်။”

လုချန်ထျန်း၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး သူ၏ ယခင် မာနထောင်လွှားမှုများ ပျောက်ကွယ် သွားခဲ့သည်။

တိမ်တိုက်တစ်ခု ဖြစ်ပေါ်စေနိုင်လောက်သော ထိုအဆင့်ရှိ မိစ္ဆာစွမ်းအင်က အစွမ်းထက်သော အကြီးအကဲအဆင့် မိစ္ဆာကျင့်ကြံသူတစ်ဦးသာ ပိုင်ဆိုင်နိုင်သည်။ အခြေခံအုတ်မြစ်အဆင့် တပည့်များ အနေဖြင့် ထိုကဲ့သို့ မိစ္ဆာကြီးကို ရင်ဆိုင်ခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားပေ။

ချင်းယွန်ဂိုဏ်း၏ ဥပဒေစိုးမိုးရေးခန်းမမှ တပည့်တစ်ဦးက ဆက်သွယ်ရေး ကျောက်စိမ်းပြားကို တုန်တုန်ယင်ယင်ဖြင့် ကိုင်တွယ်ကာ အသက်သွင်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ မလုပ်နိုင်ခင်မှာပင် ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

“ငှဲ ငှဲ ငှဲ… ကောင်လေးတို့။ သတင်းတွေ လွယ်လွယ်နဲ့ ဖြန့်ခွင့်ပေးလို့ မဖြစ်ဘူးလေ။”

ကျောချမ်းစရာ အသံတစ်သံက သူတို့၏ အနောက်မှ ထွက်ပေါ်လာသည်။

လုချန်ထျန်း၏ သွေးများ အေးစက်သွားပြီး ကောင်းကင်မှ တိမ်မည်းကြီး ပျောက်ကွယ် သွားသည်ကို သတိပြုမိလိုက်သည်။

မိစ္ဆာကျင့်ကြံသူက သူတို့နောက်တွင် ရောက်နှင့်နေပြီ ဖြစ်သည်။

တခဏချင်းမှာပင် သတင်းပို့ရန် ကြိုးစားနေသော တပည့်က မိစ္ဆာစွမ်းအင် မြူခိုးများဖြင့် ဝန်းရံခြင်း ခံလိုက်ရသည်။ သူက အော်ဟစ်ရန် အချိန်ပင် မရလိုက်ဘဲ မြူခိုးများက သူ့ကို ဝါးမျိုလိုက်ပြီး တွန့်လိမ်နေသော အလောင်းတစ်ခုသာ ကျန်ရစ်တော့သည်။

“ဒီနေ့ မင်းတို့ ကောင်စုတ်လေးတွေနဲ့ ကစားနေဖို့ အချိန်မရှိဘူး။ ဒီမှာ ကစားစရာ အရုပ်လေး တစ်ရုပ် ယူထားလိုက်။ ငှဲ ငှဲ...”

မိစ္ဆာစွမ်းအင်များ ကွယ်ပျောက်သွားပြီး လဲကျသွားသော တပည့်၏ ကြောက်မက်ဖွယ် အကြွင်းအကျန်များမှလွဲ၍ မိစ္ဆာကျင့်ကြံသူ၏ ခြေရာလက်ရာ မကျန်ရစ်ခဲ့ပေ။

“သူ...သူ ထွက်သွားပြီလား...”

“ဂျူနီယာညီလေး ကျန်း။ ဂျူနီယာညီလေး ကျန်း...”

“မလုပ်နဲ့တော့။ သူ သေသွားပြီ။ ငါတို့ ဂိုဏ်းကို ချက်ချင်း ပြန်ပြီး ဒီအကြောင်း သတင်းပို့ရမယ်။”

ကျောက်စိမ်းပြား ပျက်စီးသွားပြီ ဖြစ်ရာ ဝမ်ချင်းတောင်က သူတို့အဆင့် တပည့်များအတွက် ဘေးကင်းသော နေရာ မဟုတ်တော့။ ထိုကိစ္စကို ဖြေရှင်းရန် စီနီယာတပည့်များ သို့မဟုတ် အကြီးအကဲများ လိုအပ်၏။

တပည့်တစ်ဦးက ဂျူနီယာညီလေးကျန်း၏ အလောင်းကို ကောက်ယူရန် ရှေ့တိုးလိုက်သည်။

“သူ့ကို မထိနဲ့။ နောက်ဆုတ်...”

အလောင်းကို စိုက်ကြည့်နေသော လုချန်ထျန်းက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိပြီး သတိပေးလိုက်သော်လည်း နောက်ကျသွားလေပြီ။

ရုတ်တရက် ဂျူနီယာညီလေးကျန်း၏ အလောင်းတွင် အနီရောင် အမွှေးများ ပေါက်လာသည်။ သားရဲ တစ်ကောင်ကဲ့သို့ ခုန်ပျံလိုက်ပြီး ပြန်လည်သက်ဝင်လာသော ခန္ဓာကိုယ်က ကျားသစ်တစ်ကောင်ကဲ့သို့ အနီးဆုံး တပည့်ဆီသို့ ခုန်အုပ်လိုက်၏။ သွေးစွန်းနေသော ပါးစပ်မှ ထက်မြက်သော အစွယ်များကို ဖော်ပြနေသည်။

ရွံရှာဖွယ် အသံနှင့်အတူ မိစ္ဆာကောင်က တပည့်၏ လည်ပင်းကို ကိုက်ဖြတ်ပြီး အသားများကို ဆွဲဖဲ့ကာ နေရာအနှံ့ သွေးများ ပန်းထွက်စေသည်။

ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ဝန်းရံနေသော တပည့်များက ကြောက်ရွံ့မှုဖြင့် တောင့်တင်းသွားကြပြီး ပြန်လည်၍ မတုံ့ပြန်နိုင်ကြချေ။

သွေးဆာနေသော သတ္တဝါက ယခုအခါ သတ်ဖြတ်မှုကြောင့် ပိုမို အစွမ်းထက်လာပြီး ပို၍ ကြမ်းကြုတ်လာသည်။

“ဒါ အမွှေးနီဖုတ်ကောင်ပဲ...” လုချန်ထျန်းက သူ၏ ဓားပျံကို ဆွဲထုတ်လိုက်ပြီး မျက်နှာထား တင်းမာသွားသည်။ “လူစုကြ။ ဒါက အန္တရာယ်များတဲ့ ရန်သူပဲ။ ငါတို့ ဒါကို မဖျက်ဆီးရင် ဘယ်သူမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး...”

ဖုတ်ကောင်က ဟိန်းဟောက်ပြီး ရှေ့တိုးလာသည်နှင့်အမျှ လုချန်ထျန်း၏ ရင်ထဲတွင် တုန်လှုပ် သွားခဲ့သည်။

ထိုမိစ္ဆာကျင့်ကြံသူက အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အလောင်းကို အခြေခံအုတ်မြစ်အဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့် ညီမျှသော မိစ္ဆာတစ်ကောင်ဖြစ်သည့် အမွှေးနီဖုတ်ကောင် အဖြစ်သို့ ပေါ့ပေါ့ပါးပါး ပြောင်းလဲပစ်လိုက်သည်။

ဒီ မိစ္ဆာကျင့်ကြံသူက ဘယ်သူလဲ...

…

တောင်ခြေရှိ အိမ်ငယ်လေး အတွင်း၌ ဖြစ်သည်။

“စီနီယာ ပေးလိုက်တဲ့ ဆေးလုံးက တန်ဖိုးရှိတာထက် ပိုနေတယ်...”

လီချင်းရန်က သူ၏ ဒန်တျန်ကို အတွင်းအမြင်ဖြင့် စစ်ဆေးကြည့်ရှုရင်း လုံးဝကို မယုံနိုင်အောင် ဖြစ်နေသည်။

ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားသော အသစ်စက်စက် ဒန်တျန်က သူ မျှော်လင့်ချက်ထားသည်ထက် ကျော်လွန်နေ၏။ ပြန်လည်တည်ဆောက်မှု ပြီးစီးဆုံးလုနီးပါး ဖြစ်လာသည်နှင့်အမျှ လည်ပတ်နေသော ရွှေရောင်ကြာပန်းပလ္လင် တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။

“ဒါက… ငါ့ရဲ့ ဒန်တျန်အသစ်လား...”

ကြာပန်းပုံသဏ္ဌာန် ဒန်တျန်က မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းကို ထုတ်လွှတ်နေပြီး သိမ်မွေ့သော ပွင့်ဖတ်များပေါ်တွင် ဆန်းကြယ်သော တာအိုကျမ်းစာများ ရေးထွင်းထား၏။

ဒါ သာမန် ဒန်တျန် တစ်ခု မဟုတ်ဘူး။ အရည်အသွေးက မကြားဖူးလောက်အောင်ပဲ။

သူက ဂိုဏ်းစာကြည့်တိုက်တွင် မှတ်တမ်းများစွာ ဖတ်ရှုခဲ့သော်လည်း ထိုအဆင့်အတန်းရှိသော ဒန်တျန်ကို ဖော်ပြထားသည့်အရာ တစ်ခုမျှ မရှိခဲ့ချေ။ အနီးစပ်ဆုံး နှိုင်းယှဉ်ချက်မှာ မွေးရာပါ ဒန်တျန် အရည်အသွေး၏ အထွတ်အထိပ်ဖြစ်သော ပထမအဆင့် ဒန်တျန်ပင်။ သို့တိုင် ဒဏ္ဍာရီများတွင် ထို့ထက် ပိုမြင့်မားသော အဆင့်အကြောင်း ပြောဆိုကြသည်။ အလွန်အမင်း ကြိုးစားအားထုတ်မှုနှင့် ရှားပါးသော အရင်းအမြစ်များမှတဆင့်သာ ရရှိနိုင်သော အန္တိမ ဒန်တျန်ပင်။

လီချင်းရန်၏ အလိုလိုသိစိတ်က သူ၏ လက်ရှိဒန်တျန်မှာ အန္တိမအဆင့် ဖြစ်ကြောင်း ပြောပြနေ၏။

“စီနီယာက ငါ့ကို ဘယ်လို ထူးကဲတဲ့ ဆေးလုံးမျိုး ပေးလိုက်တာလဲ...” သူ၏ ပတ်ဝန်းကျင်တွင် ပွင့်လန်းနေသော ရွှေရောင်ကြာပန်းကို ကြည့်ရင်း မျက်ရည်များ ဝဲလာခဲ့သည်။ သူက ကျေးဇူးတင်လွန်း၍ ပြောစရာစကား မရှိတော့ပေ။ သူ၏ ဒန်တျန်ကို ပြန်လည်ပြုပြင်ပေးရုံ သက်သက်ကတင် ပြန်ဆပ်၍ မရနိုင်အောင် ကျေးဇူးကြီးမားနေပြီ ဖြစ်သည်။ သို့သော် စီနီယာက သူ့ကို ထိုမျှ နက်ရှိုင်းသော အခွင့်အရေးကိုပါ ပေးခဲ့လေသည်။

“ငှဲ ငှဲ ... တကယ့် အန္တိမဒန်တျန် ပါလား။ ငါ ကံကောင်းပြီပဲ...”

ဆိုးယုတ်သော အဘိုးအို ရယ်သံတစ်ခုက အပြင်ဘက်မှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

လီချင်းရန် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကောင်းကင်တွင် မိစ္ဆာစွမ်းအင်များ ဝဲကတော့ထိုးနေသော တိမ်မည်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ အတွင်း၌ အရိပ်မည်း ပုံသဏ္ဌာန်တစ်ခု ပေါ်လာသည်။

“မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ...”

ကျူးကျော်သူက မုန်းတီးမှုနှင့် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်နေ၏။

“စီနီယာ။ မိစ္ဆာကျင့်ကြံသူ တစ်ယောက် ရောက်နေတယ်...”

လီချင်းရန် ဘာမှ မစဉ်းစားဘဲ သူ၏ ကျိုးပဲ့နေသော ဓားကို ကောက်ကိုင်လိုက်ကာ သူ၏ မျက်လုံးများက အပြင်ဘက်ရှိ ခြိမ်းခြောက်မှုအပေါ် ခိုင်မြဲစွာ စူးစိုက်ထားနေသည်။

“ငှဲ ငှဲ ငှဲ...” တိမ်ထဲမှ ပုံရိပ်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ “ငါက ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖူထျန်းပဲ။ ဒီည မင်းတို့ ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူး။ မင်းတို့က ငါ့ရဲ့ တာအိုလမ်းစဉ် တက်လှမ်းဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာရမယ်...”

“မာနထောင်လွှားတဲ့ လူမိုက်ပဲ...”

လီချင်းရန်၏ အကြည့် စူးရှသွားပြီး ဓားကျိုးကို ဆုပ်ကိုင်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် ညင်သာသော အားတစ်ခုက သူ့ကို နောက်သို့ တွန်းပို့လိုက်သည်။

ဟိုတယ်အခန်းထဲတွင် ချန်ဟွိုက်အန်က ဂိမ်းမြေပုံပေါ်ရှိ တိမ်မည်းကြီးနှင့် တောက်ပနေသော အနီစက်ကို ကြည့်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်၏။

သူက ဆက်သွယ်ရေး အဆောင်ကို ဖိလိုက်ပြီး နတ်ဆိုးဆန်ဆန် အပြုံးဖြင့် ပြောလိုက်သည်။ “ကောင်မလေး။ နောက်ဆုတ်ပြီး စောင်ခြုံထားလိုက်။ မင်းရဲ့ စီနီယာက ကြွားလုံး ထုတ်တော့မယ်။”

သို့သော် လီချင်းရန် ကြားလိုက်ရသည်မှာ...

“စိတ်မပူနဲ့။ ပုရွက်ဆိတ်လေးတွေပါ…

ငါ…

သူတို့ကို အလွယ်လေး ချေမှုန်းပစ်လို့ရတယ်။”

All Chapters