← Chapters

၁၈၈ယွမ်နဲ့ တစ်ခါတည်း အပြတ်ရှင်းပဲ။ ဘာများ ပြောစရာ လိုသေးလဲ...

Vol. 3 Ch. 26

၁၈၈ယွမ်နဲ့ တစ်ခါတည်း အပြတ်ရှင်းပဲ။ ဘာများ ပြောစရာ လိုသေးလဲ...

Vol. 3 Ch. 26

“အခင်းအကျင်းများနှင့် အဆောင်များကို သင် စိတ်တိုင်းကျ ထိန်းချုပ်နိုင်၏” ဟူသော စာတမ်းကို မြင်လိုက်ရသည့်အခါ ချန်ဟွိုက်အန်၏ မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။

ငွေသုံးထားသည့် ကစားသမား တစ်ယောက်အနေဖြင့် ပိုက်ဆံ အကုန်ခံထားရခြင်း၏ ရည်ရွယ်ချက်မှာ ဘော့စ်များကို ထမင်းစားရေသောက်သလို အလွယ်တကူ ချေမှုန်းပစ်ရန် မဟုတ်ပါလား။

“မိုးကြိုးမီးလောင်ကျွမ်း အခင်းအကျင်း... ပုန်းမနေနဲ့... အခုပဲ အသက်ဝင်စမ်း”

ချင်းယွန်ဘုံ...

တဲအိမ်လေး၏ အထက်ကောင်းကင်မှ အမိန့်ပေးသံတစ်သံ ဟိန်းထွက်လာ၏။

“မိုးကြိုးမီးလောင်ကျွမ်းအခင်းအကျင်း... အသက်ဝင်စေ...”

ဂျိန်း...

“အဲဒါက ဘာကြီးလဲ...”

ယဲ့ဖူထျန်၏ အမြင်တွင် တဲအိမ်၏ ပတ်လည် မိုင်တစ်ရာအတွင်း ခရမ်းရောင် အလင်းတန်းများ ဖြာထွက်နေသည့် အခင်းအကျင်းများ မြေပြင်ပေါ်တွင် ပေါ်လာ၏။ ထိုအခင်းအကျင်း လမ်းကြောင်းများဆီမှ မိုးကြိုးနှင့် မီးများ ပေါက်ကွဲထွက်လာပြီး ကြီးမားသော စက်ဝိုင်းကြီးတစ်ခုသဖွယ် ယှက်နွယ်ကာ သူနှင့် တဲအိမ်လေးကို ပိတ်လှောင်လိုက်လေသည်။

သူ၏ ရင်ထဲ၌ အန္တရာယ်အငွေ့အသက် အနည်းငယ်ကို ခံစားလိုက်ရသော်လည်း ထိတ်လန့် စေသွားလောက်သည်အထိတော့ မဟုတ်ပေ။

ယဲ့ဖူထျန်က သတိကြီးသူတစ်ဦး ဖြစ်သည်။ ဖြောင့်မတ်သောလမ်းစဉ် လိုက်သူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရစဉ်ကာလများတုန်းက သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ထိုကဲ့သို့ သတိကြီးမှုကြောင့်ပင် ဖြစ်သည်။ သူ့နေရာတွင်သာ အခြား မိစ္ဆာလမ်းစဉ် လိုက်သူများသာဆိုလျှင် အပိုင်းပိုင်း အစစ အလုပ်ခံရသည်မှာ ကြာလေပြီ။

ယခင်ကဆိုလျှင် ခြိမ်းခြောက်မှု အနည်းငယ်မျှ ခံစားရရုံဖြင့် သူ ချက်ချင်း ထွက်ပြေးလေ့ရှိသည်။

သို့သော် ယနေ့တော့ မတူပေ။

သူ့ရှေ့တွင် ရှိနေသော မက်လုံးက ကြီးမားလွန်းလှ၏။

အန္တိမဒန်တျန်...

အကယ်၍သာ သူ ထိုခန္ဓာကိုယ်ကို ရယူနိုင်ခဲ့လျှင် နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးနေခဲ့သော ကျင့်ကြံခြင်းအဆင့် အတားအဆီးများက ဘာပြောပလောက်မည်နည်း။ လိုအပ်လာလျှင် လက်ရှိ ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး အစမှ ပြန်လေ့ကျင့်ရလျှင်ပင် တွန့်ဆုတ်နေမည် မဟုတ်ပေ။

ချင်းယွန်ဘုံရှိ ဝိညာဉ်စွမ်းအင်များမှာ ရှားပါးလာပြီဖြစ်ရာ ရှားပါးရတနာများ တစ်ခုတည်းဖြင့် သူလိုအပ်သော အဆင့်တက်လှမ်းခြင်းကို မပေးစွမ်းနိုင်တော့ပေ။

ကံတရားက ရဲရင့်သူများကိုသာ မျက်နှာသာပေးလေ့ရှိသည်။

ယနေ့ ချင်းယွန်ဂိုဏ်းက အကြီးအကဲတွေ အကုန်ရောက်လာသည့်တောင် ထိုစွန့်စားခန်းကို သူ ဝင်နွှဲရပေမည်။

“ဟား... ဒီလောက် အခင်းအကျင်းလေးက ငါ့ကို တားချင်တာလား”

ယဲ့ဖူထျန်၏ ခန္ဓာကိုယ်မှာ မိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး ထိုအထဲမှ အသံ ထွက်ပေါ်လာသည်။ မိစ္ဆာစွမ်းအင်များ လှိုင်းထန်လာပြီး သွေးရောင်လွှမ်းသော မိစ္ဆာ လက်ဝါးကြီးတစ်ခုအဖြစ် စုစည်းကာ တဲအိမ်ခေါင်မိုးဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုက်ဆန်းတောင် ပြိုကျလာသကဲ့သို့ ပြင်းထန်သော အရှိန်အဝါကြောင့် သဲများ ကျောက်ခဲများ လွင့်စင်ကုန်ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ကိုင်းညွတ်သွားကြ၏။

တဲအိမ်ထဲရှိ လီချင်းရန်မှာ ကျောချမ်းသွားပြီး ထိုဖိနှိပ်မှုအောက်တွင် အသက်ရှူရပင် ခက်ခဲလာခဲ့သည်။

ဘုန်း...

မိစ္ဆာလက်ဝါးကြီးက အခင်းအကျင်းကို ရိုက်ချလိုက်သည်။ အခင်းအကျင်း လမ်းကြောင်းများ တစ်ချက် လက်ခနဲ ဖြစ်သွားသော်လည်း မပျက်စီးသွားဘဲ ကြံ့ကြံ့ခံနေဆဲပင်။

“ဟ... ဘာကြီးလား...” ချန်ဟွိုက်အန် လန့်ဖျပ်သွားပြီး သူ့ဖုန်းကို ပြူးကြည့်လိုက်သည်။

သူက အခင်းအကျင်းကို သုံးနည်းကို လေ့လာရုံ ရှိသေးသည်။ ဘော့စ်က တိုက်ခိုက်နေလေပြီ။

“ဒီအဘိုးကြီးက တော်တော် လူပါးဝတာပဲ...”

“ကောင်းပြီလေ... နတ်ဘုရားအဆင့် မိုးကြိုး အဆောင်နဲ့ အရင် စလိုက်ကြတာပေါ့...”

ဖုန်းမျက်နှာပြင်ကို တရစပ် နှိပ်လိုက်ပြီးနောက် အိမ်နံရံနှင့် တံခါးတွင် ကပ်ထားသော အဆောင်သုံးခုကို ချန်ဟွိုက်အန် အသက်သွင်းလိုက်သည်။ အဆောင်များက မြားတံများအလား ပျံသန်းထွက်ခွာသွားပြီး မိစ္ဆာစွမ်းအင် တိမ်တိုက်ဆီသို့ တည့်တည့် ဦးတည်သွားကြသည်။

ယဲ့ဖူထျန်က အဆောင်သုံးခုကို ဂရုပင် မစိုက်ပေ။ သူ့စိတ်အာရုံက အခင်းအကျင်းအပေါ်၌သာ ရှိနေသည်။ သူ့အင်အားအပြည့်ဖြင့် ရိုက်ချက်ကို ခံနိုင်ရည်ရှိပုံထောက်လျှင် ထိုအခင်းအကျင်းက အရည်အသွေးမြင့်မားသည်မှာ သေချာသည်။ အခင်းအကျင်း ပညာရှင်များမှာ မည်မျှ ဒုက္ခပေးနိုင်ကြောင်း သူ သိသည်။ ရွေးချယ်ခွင့်သာရှိလျှင် ထိုသူမျိုးနှင့် မဆုံချင်ပေ။

သူက အမြန်အဆန် အနိုင်ယူရန်အတွက် ဒုတိယအကြိမ် တိုက်ခိုက်မှုကို အင်အားအပြည့်ဖြင့် စတင် ပြင်ဆင်လိုက်သည်။

သူအသုံးပြုမည့် သိုင်းကွက်မှာ မြေကမ္ဘာအဆင့် သိုင်းကွက်တစ်ခုဖြစ်သည့် သွေးတိမ်တိုက် လက်ဝါးသိုင်း ဖြစ်သည်။ ၎င်းက ဝိညာဉ်စွမ်းအင်များကို တိုက်စားပစ်နိုင်စွမ်းရှိသည်။ ထိုလက်ဝါး ထိမှန်သူတိုင်းက ဝိညာဉ်စွမ်းအင်များကို မိစ္ဆာစွမ်းအင်က ဝါးမြိုသွားသည်ကို ခံစားရလေ့ရှိသည်။

ဒီသက်ရောက်မှုက အခင်းအကျင်းတွေအပေါ်တွင်လည်း အလုပ်ဖြစ်၏။

ခဏချင်းမှာပင် အဆောင်သုံးခုက ယဲ့ဖူထျန်ထံ ရောက်ရှိလာသည်။ ရွှေရောင်အလင်းတန်းများ ဖြာထွက်ပြီး မိုးကြိုးသံများ ဟိန်းထွက်လာသည်။

“နေပါဦး... ဒါတွေက နတ်ဘုရားအဆင့်တွေပဲ..” ယဲ့ဖူထျန် ခေါင်းနပန်းကြီးသွားသော်လည်း တိုက်ကွက်ကို ပြန်ရုပ်သိမ်းရန် အချိန်နှောင်းသွားပြီ ဖြစ်သည်။

နတ်ဘုရားအဆင့် မိုးကြိုးမီး အဆောင်များ လေထဲတွင် ပေါက်ကွဲသွားရာ မိုးကြိုးနှင့် မီးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သွေးတိမ်တိုက်တစ်ခုလုံးကို ဝါးမြိုသွားလေ၏။

ထိုအချိန်တွင် ချန်ဟွိုက်အန်က အခင်းအကျင်းကို မည်သို့သုံးရမည် ဖြစ်ကြောင်းကို သဘောပေါက်သွားလေပြီ။ သူ၏ ဖုန်းမျက်နှာပြင်တွင် ကီးဘုတ်တစ်ခု ပေါ်လာသည်။ ညွှန်ကြားချက်များအတိုင်း တရုတ်နှင့် အင်္ဂလိပ်စာလုံးများကို ရောနှော ရိုက်ထည့်ရမည် ဖြစ်သည်။ မှန်ကန်စွာ ရိုက်ထည့်နိုင်တိုင်း အခင်းအကျင်း၏ စွမ်းအားအသစ်များ ပွင့်ထွက်လာသည်။

“ဒီလောက်ကတော့ ငါ့အတွက် အလွယ်လေးပဲ...” ချန်ဟွိုက်အန် ကြုံးဝါးလိုက်သည်။

ယခင်ဆိုလျှင် သူ ထိုမျှ ယုံကြည်မှု ရှိလိမ့် မည်မဟုတ်။ သို့သော် အပ်စိုက်ကုထုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီးကတည်းက သူ့လက်ချောင်းများမှာ မြန်ဆန်ပြီး တည်ငြိမ်လာခဲ့သည်။ ဂီတဂိမ်းများမှာပင် စံချိန်တင်နိုင်မည်ဟု သူတွေးမိလိုက်သေးသည်။

တောက်...တောက်...တောက်..

ချန်ဟွိုက်အန်၏ လက်ချောင်းများက ဖုန်းမျက်နှာပြင်ပေါ်တွင် ပျံဝဲနေ၏။

[ Come is 来,Go is 去~ ]

ဘုန်း...

ယဲ့ဖူထျန်က ယခင်တိုက်ခိုက်မှုမှ နာလန် မထူနိုင်သေးခင်မှာပင် အခင်းအကျင်းမှ မိုးကြိုးသွား တစ်စင်း သူ့မျက်နှာတည့်တည့်သို့ ပစ်ချလိုက်သည်။

[ Nod is Yes, Shake is No~ ]

[ To greet someone, say Hello, Hello Hello, Ha Ha Hello~ ]

ဘုန်း.. ဘုန်း.. ဂျိန်း...

ချန်ဟွိုက်အန်၏ စာရိုက်နှုန်း မြန်လာသည်နှင့်အမျှ မိုးကြိုးပစ်ခတ်နှုန်းများလည်း စိပ်လာ၏။ အခင်းအကျင်း တစ်ခုတည်းဖြင့် ယဲ့ဖူထျန်ကို ချက်ချင်း အသေသတ်ရန် မဖြစ်နိုင်သော်လည်း တရစပ် တိုက်ခိုက်မှုများကြောင့် တဖြည်းဖြည်း အင်အားချည့်နဲ့ လာစေသည်။

ခဏအကြာ မိစ္ဆာတိမ်တိုက် ပျောက်ကွယ်သွားပြီး မီးကျွမ်းထားသကဲ့သို့ စုတ်ပြတ်သတ်ကာ ဆံပင်ဖြူများ ဖွားဖက်တော်ပမာ ဖွာလန်ကြဲနေသော အဘိုးအိုတစ်ဦး ပေါ်လာ၏။

“အာ... တော်လောက်ပြီ... ငါ မင်းကို သတ်ပစ်မယ်...”

ဒေါသ အကြီးအကျယ် ထွက်နေသော ယဲ့ဖူထျန်က ဟန်ဆောင်မနေတော့ပေ။ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး မည်းနက်နေသော လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

မိစ္ဆာစွမ်းအင်များ စုဝေးလာပြီး သူ့နောက်ကျောဘက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အစွယ်ငေါငေါနှင့် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပြာကြီး တစ်ခုပင်။ ထိုပုံရိပ်ကြီး၏ လှုပ်ရှားမှုက ယဲ့ဖူထျန်နှင့် ထပ်တူကျနေပြီး ဧရာမလက်သည်းကြီးဖြင့် ရှေ့သို့ ဖိချလိုက်သည်။

ဝုန်း...

ကြီးမားလှသော ဖိအားကြောင့် အခင်းအကျင်း၏ တောက်ပသော လမ်းကြောင်းများ အက်ကွဲကာ ပျက်စီးသွားလေသည်။

ချန်ဟွိုက်အန် အံ့သြသွား၏။ ဘော့စ်က အဆင့်သစ်တစ်ခု ကို ကူးပြောင်းသွားပြီ ဖြစ်သည်။ “ဝါး... အဆင့်သုံးဆင့် ပြောင်းလဲခြင်းပဲ။ ဒီဘော့စ်က မိုက်လှချည်လား...”

သို့သော် ချန်ဟွိုက်အန် စိတ်မပူပေ။ သူက ပရီမီယံ ပက်ကေ့ချ် ဝယ်ထားသည် မဟုတ်ပါလား။ အနိုင်ရရန် သေချာပြီးသား ဖြစ်၏။

တဲအိမ်ထဲတွင်မူ လီချင်းရန်မှာ အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ သူက စိုးရိမ်တကြီး သတိပေးလိုက်၏။ “စီနီယာ... မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေက ဉာဏ်များတယ်... လှည့်ကွက်တွေကို သတိထား...”

သူ၏ အသံမှာ အပြစ်ရှိစိတ်ကြောင့် တုန်ရီနေသည်။ သူ့တွင် ဝင်ကူညီရန် အင်အားမရှိပေ။ စီနီယာ မထိခိုက်စေရန် ဆုတောင်းရုံသာ တတ်နိုင်၏။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ချန်ဟွိုက်အန်က ဝှက်ဖဲကို ထုတ်သုံးလိုက်သည်။ ကောင်းကင် မိုးကြိုးကို ဆင့်ခေါ်နိုင်သော နေကိုစင်းခရမ်းမိုးကြိုးအဆောင်ပင်။

ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ စုဝေးလာပြီး ခရမ်းရောင် မိုးကြိုးနဂါးတစ်ကောင်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ဆင်းသက်လာခဲ့သည်။ မိုးကြိုးစွမ်းအင်သည် ယဲ့ဖူထျန်ကို ဝါးမျိုပစ်လိုက်ပြီး ဘော့စ်၏ သွေးပမာဏကို တစ်ခါတည်း ကုန်စင်သွားစေ၏။

ချန်ဟွိုက်အန် တစ်ချက်ပြုံးလိုက်ပြီး သေနတ်သမားတစ်ဦးကဲ့သို့ လက်ချောင်းထိပ်လေးများကို လေမှုတ်လိုက်သည်။

“ဟွန်း... ဒါပဲလား။ ကြည့်ရတာတော့ တော်တော် ကြမ်းမယ့်ပုံပဲ။ ဒါပေမယ့်လည်း ၁၈၈ယွမ်နဲ့ တစ်ချက်တည်း အပြတ်ရှင်းနိုင်ခဲ့တယ်။ ကဲ ဘာပြောစရာ ရှိသေးလဲ...”

ထိုအချိန်တွင်... ချင်းယွန်ဂိုဏ်း၌ ဂိုဏ်းချုပ် ဝူတွမ်ထျန်းက ကောင်းကင်ကို မော့ကြည့်ရင်း မိုးမြေကို တုန်ခါသွားစေသည့် ပြင်းထန်သော ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရသည်။

“ဒါ... ဒါက သေချာပေါက် ဟိုနတ်ဆေးလုံးကို ဖန်တီးခဲ့တဲ့ ပညာရှင်ကြီးပဲ ဖြစ်ရမယ်...”

သူ့ရင်ထဲတွင် မျှော်လင့်ချက်မီးတောက်များ ပြန်လည် တောက်လောင်လာသည်။ ခုတင်ပေါ်တွင် လဲလျောင်းနေသော သူ့တပည့် ကျောက်လင်းထျန်ဘက်သို့ လှည့်ကာ သူ ကြေညာလိုက်၏။

“ဒါ ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ... အဲဒီစီနီယာရဲ့ အကူအညီကိုသာ ရခဲ့မယ်ဆိုရင် မင်းရဲ့ ဒန်တျန်ကို ကုစားနိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်...”

All Chapters