← Chapters

နောက်ထပ် လက်ဆောင်လေး တစ်ခုလား...

Vol. 3 Ch. 28

နောက်ထပ် လက်ဆောင်လေး တစ်ခုလား...

Vol. 3 Ch. 28

လေထဲတွင် သယ်ဆောင်လာသော ကြိမ်းမောင်းသံကို ကြားလိုက်ရသောအခါ ဝူတွမ်ထျန်းနှင့် ကျောက်လင်းထျန်တို့၏ မျက်နှာများ မည်းမှောင်သွားကြ၏။

“စီနီယာ... ကျွန်တော် စီနီယာ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိလို့လား။” ကျောက်လင်းထျန်သည် အရှက်ရမှုကို လက်မခံနိုင်ဘဲ ပြောဆိုလိုက်သည်။ “စီနီယာနဲ့ ကျွန်တော် တစ်ခါမှ ဆုံဖူးတာ မဟုတ်ပါဘူး။ ဘာလို့ ကျွန်တော့်ကို ဒီလောက် အထင်အမြင်သေးပြီး ဆက်ဆံရတာလဲ...”

သွားလေရာရာတိုင်း နှိုင်းယှဉ်စရာမရှိသော ပါရမီရှင်တစ်ဦးဖြစ်သည့် ကျောက်လင်းထျန်က လူတိုင်း၏ လေးစားအားကိုးမှုကို ခံယူရန် အသားကျနေသူ ဖြစ်သည်။ သူ့ဒန်တျန်ကို မိစ္ဆာကျင့်ကြံသူတစ်ဦးက ဖျက်ဆီးခဲ့ခြင်းက သူ့ဆရာ အခြေတည်ဝိညာဉ်အဆင့် (နှောင်းပိုင်း) ကျင့်ကြံသူ ဝူတွမ်ထျန်းအတွက် အဆုံးမဲ့ ဝမ်းနည်းပူဆွေးမှုကို ဖြစ်စေခဲ့သည်။ ကျောက်လင်းထျန်က ချင်းယွန်ဂိုဏ်းကို အထွတ်အထိပ်သို့ ရောက်အောင် မြှင့်တင်ပေးမည့်သူဟု မျှော်လင့်ထားကြသည် မဟုတ်ပါလား။

ယခုတော့ “ထွက်သွားကြစမ်း” ဟူသော စကားတစ်ခွန်းတည်းကပင် သူ၏ မာနကို ထိုးနှက်လိုက်သလို ဖြစ်နေ၏။

သို့သော် တောင်ပေါ်မှ မည်သည့် တုံ့ပြန်သံမျှ ထပ်မထွက်လာတော့ပေ။

ကျောက်လင်းထျန်က ဒေါသနှင့် အနေခက်မှုတို့ကြား ဗျာများနေပြီး ထွက်ခွာသွားရန်လည်း ဝန်လေးနေသလို သူ့ဒန်တျန် ပြန်ကောင်းမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရမည်ကိုလည်း မလိုလားပေ။ သူက လမ်းညွှန်မှုရရန် ဝူတွမ်ထျန်းကို လှမ်းကြည့်လိုက်သည်။

“ထားလိုက်ပါတော့။” ဝူတွမ်ထျန်း သက်ပြင်းချလိုက်သည်။ “မင်းနဲ့ဆိုင်ရင် မင်းဆီ ရောက်လာလိမ့်မယ်။ မဟုတ်ရင်တော့ မဆိုင်ခဲ့ဘူးလို့ပဲ သတ်မှတ်ရမှာပေါ့။ ကံတရားကို အတင်းအကျပ် ဖိအားပေးလို့ မရဘူးလေ။”

ဆရာတစ်ယောက်အနေဖြင့် သူ့တပည့်ကို ထိုကဲ့သို့ သိက္ခာကျမှုမျိုးမှ ကာကွယ်ပေးချင်သည်။ အကယ်၍ တစ်ဖက်လူကသာ သူ့နှင့် ရွယ်တူတန်းတူ ပညာရှင်ဆိုလျှင် ကျောက်လင်းထျန် အတွက် တရားမျှတမှုကို တောင်းဆိုပေးမိမည်မှာ အမှန်ပင်။

သို့သော် ယခုအခြေအနေတွင် ဝိညာဉ်အာရုံခံနိုင်စွမ်းနှင့် ဆက်သွယ်ရေး အဆောင်များကို သုံးထားသော်လည်း စီနီယာကြီး၏ တည်နေရာကိုပင် အတိအကျ ရှာမတွေ့နိုင်ပေ။ ထိုအချက်ကပင် စီနီယာကြီး သူတို့ကို စိတ်တိုင်းကျ ရှောင်တိမ်းနိုင်စွမ်းရှိကြောင်း သက်သေပြနေသည်။ ဆက်ပြီး အတင်းအကျပ် လိုက်နေလျှင် သိက္ခာကျစရာသာ ရှိတော့မည်။

“ဆရာ...” ကျောက်လင်းထျန်၏ အသံမှာ မကျေနပ်ချက်များကြောင့် တုန်ရီနေ၏။

ဝူတွမ်ထျန်းက သူ့တပည့် ပခုံးကို အားပေးသည့်အနေဖြင့် ကိုင်လိုက်သည်။ တည်ငြိမ်ချင် ယောင်ဆောင်ရင်း သူက ပြောလိုက်သည်။ “လာပါ... သွားကြစို့။”

သူ့ရင်ထဲတွင်မူ ကျောက်လင်းထျန်ထက်ပင် ပို၍ ဒေါသထွက်နေမိသည်။ ဆရာ တစ်ယောက်အနေဖြင့် သူ့တပည့်ဘက်က ရပ်တည်ပေးသင့်သည်။ သို့သော် ယခုတော့ သူ့မာနကို မျိုသိပ်ကာ တိတ်တဆိတ် ဆုတ်ခွာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

တချိန်တည်းမှာပင် လုချန်ထျန်းနှင့် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှ တပည့်တစ်စုသည် ထင်းရှူးပင်အောက်တွင် တုန်လှုပ်ချောက်ချားစွာ ထိုင်နေကြသည်။

စတင်ထွက်ခွာလာစဉ်က လူ၅၀ ရှိသော်လည်း ယခုအခါ ၃၆ယောက်သာ ကျန်ရှိတော့သည်။ ၁၄ယောက်မှာ အမွှေးနီ ဖုတ်ကောင်နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့လေပြီ။

ကံကောင်းထောက်မစွာပင် ကြီးမြတ်သော စီနီယာတစ်ဦး ဝင်ရောက်ကူညီခဲ့ပြီး ကောင်းကင် မိုးကြိုးသွားတစ်စင်း ခွဲထုတ်ပစ်လွှတ်ကာ ဖုတ်ကောင်ကို ချေမှုန်းပေးခဲ့သည်။ ထိုအကူအညီသာ မရခဲ့လျှင် သူတို့၏ ဆုံးရှုံးမှုမှာ ပိုများပြားပေလိမ့်မည်။

“မကောင်းဆိုးဝါးကို သန့်စင်ပစ်ဖို့ ဒီလိုနတ်မိုးကြိုးမျိုးကို ဆင့်ခေါ်နိုင်တာ ဘယ်လို အစွမ်းထက် ပုဂ္ဂိုလ်ကြီးပါလိမ့်။ သူတို့ရဲ့ နည်းလမ်းတွေက ငါတို့ မှီနိုင်တဲ့အရာ မဟုတ်ဘူး။” တပည့်တစ်ဦးက အားကျအတုယူဖွယ် ရေရွတ်လိုက်သည်။

လုချန်ထျန် နှုတ်ဆိတ်နေသော်လည်း အလားတူပင် သဘောကျနေမိသည်။ ထိုဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရပြီး သူ့ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးနိုင်မည့် လမ်းညွှန်မှုမျိုး ရရှိရန် တိတ်တဆိတ် မျှော်လင့်တောင့်တနေ၏။

“စီနီယာအစ်ကိုလု... အခြေအနေတွေအရ ကျွန်တော်တို့ တာဝန်ကို ဆက်လုပ်သင့်လား။”

“ဟုတ်တယ်။ စီနီယာအစ်ကို...ဟို မိစ္ဆာကျင့်ကြံသူက အသက်ရှင်နေနိုင်သေးတယ်...”

တပည့်များက တည့်တိုး မပြောကြသော်လည်း သူတို့၏ တွန့်ဆုတ်နေသော အကြည့်များနှင့် တုန်ရီနေသော စကားသံများက သူတို့၏ မလိုလားမှုကို ဖော်ပြနေသည်။

လုချန်ထျန် စိတ်ထဲတွင် မဲ့ပြုံးပြုံးလိုက်သော်လည်း အပြင်ပန်းတွင် တည်ငြိမ်သော အမူအရာကို ထိန်းထားသည်။ “ဂိုဏ်းချုပ်က ငါတို့ကို ဒီတာဝန် တာဝန်ပေးအပ်လိုက်တာ။ ဒါကြောင့် မဖြစ်မနေ ပြီးမြောက်အောင် လုပ်ရမယ်။ ဒါပေမယ့် မင်းတို့ထဲက အများစုက စိတ်အခြေအနေ မကောင်းကြဘူးဆိုတော့ ထိခိုက်သေဆုံးမှု စာရင်းကို ဂိုဏ်းဆီ ပြန်တင်ပြလိုက်ကြ။ ကျန်တာကို ငါ တစ်ယောက်တည်း ဆက်လုပ်မယ်။”

“ဟာ... စီနီယာအစ်ကို... အဲဒါတော့ မဖြစ်သင့်ဘူး...”

“ဝမ်ချင်းတောင်က အန္တရာယ်များတယ်။ တစ်ယောက်တည်း ဘယ်လိုလုပ်မှာလဲ..”

သူတို့၏ ဟန်ဆောင် ကန့်ကွက်မှုများကို ကြားရာ လုချန်ထျန် နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်သည်။

“ဒါ ငါ့ဆုံးဖြတ်ချက်ပဲ။ အဖွဲ့ခေါင်းဆောင် ငါ့အမိန့်ကို နာခံကြ...”

ငြင်းဆန်ရန် မဖြစ်နိုင်တော့သဖြင့် တပည့်များက မချိသွားဖြဲ ကျေးဇူးတင်စကားဆိုကာ ထွက်ခွာသွားကြပြီး လုချန်ထျန် တစ်ယောက်တည်း ထင်းရှူးပင်အောက်တွင် ကျန်ရစ်ခဲ့သည်။

“သူရဲဘောကြောင်တဲ့ အကောင်တွေ...” သူက ရေရွတ်လိုက်သည်။ “မင်းတို့လို လူတွေက ဘယ်တော့မှ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူး”

တာဝန်ကို ဆက်လက် လုပ်ဆောင်ခြင်းက ဟန်ပြသက်သက် သို့မဟုတ် အမိန့်ကြောင့် မဟုတ်ပေ။

အခွင့်အရေးကြောင့် ဖြစ်၏။

လူနည်းလေလေ... ဝေစု ပိုရလေလေ မဟုတ်ပါလား။

အိမ်လေးထဲတွင်တော့ အရာအားလုံး အေးချမ်းနေ၏။

“စီနီယာ... ကျွန်မရဲ့ ဒန်တျန်ကို ပြန်ကောင်းအောင် ကုသပေးတဲ့အတွက် ဒီဂျူနီယာက အတိုင်းအဆမရှိ ကျေးဇူးတင်ရှိတယ်...”

လီချင်းရန်က မျက်နှာကြက်ဆီသို့ ဦးညွှတ်လိုက်ပြီး သူ၏ ဝမ်းသာပီတိနှင့် ကျေးဇူးတရားကို ဖော်ပြရန် ကြိုးစားနေသည်။ စကားလုံးများဖြင့် ဖော်ပြရန် မလုံလောက်သလို ခံစားနေရပြီး များများပြောလေ ပို၍ အပေါ်ယံဆန်လေ ဖြစ်နေသည်။ ထို့ကြောင့် သူ၏ ခံစားချက်များကို ရင်ထဲတွင်သာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်၏။

“ကျေးဇူးတင်စရာ မလိုပါဘူးကွာ... မင်းက ကိုယ့်ရဲ့ ပုံရိပ်ယောင် ကောင်မလေးပဲကို...”

လီချင်းရန်၏ နှစ်သက်မှုအဆင့် ၆၀ အထိ တက်သွားသည်ကို မြင်လိုက်ရသောအခါ ချန်ဟွိုက်အန် ပျော်လွန်းသဖြင့် မထိန်းနိုင်တော့ပေ။ “ကိုယ့်ကောင်မလေးကို အွန်လိုင်းကောင်လေး တစ်ယောက်အနေနဲ့ ကူညီတာ သဘာဝကျပါတယ်။ လီချင်းရန်... ကျင့်ကြံဖို့ပဲ အာရုံစိုက်ထားပြီး မင်းကို အထင်သေးတဲ့သူတွေကို နင်းချေပစ်လိုက်။ ကိုယ်ကတော့ ဒီဘဝမှာ ဒီလိုပဲ နေရမှာဆိုပေမယ့် မင်းကတော့ မတူဘူးလေ။ မင်းက ဒေတာသက်သက် ဖြစ်နိုင်ပေမယ့် ဒေတာဆိုတာလည်း တိုးတက်နိုင်တာပဲ။ ဂိမ်း တရားဝင် မထွက်ခင် မင်းကို အကြမ်းဆုံး အမျိုးသမီး ကျင့်ကြံသူ ဖြစ်အောင် ငါလုပ်ပေးမယ်။ ဒါမှ ငါလည်း ပျော်ပျော်ကြီး သေပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအဖြစ် ဝင်စားနိုင်မှာ။”

လီချင်းရန် ကြားလိုက်ရသည်မှာ...

[ ဇွဲရှိရှိကျင့်ကြံ။ နှိမ့်ချပြီးတော့နေ။]

“ဟုတ်ကဲ့ပါ။ စီနီယာ မျှော်လင့်ထားတာတွေ ပျက်စီးစေရပါဘူး...”

လီချင်းရန် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး သူ၏ အမူအရာမှာ တည်ကြည်နေသည်။ သို့သော် သူ၏ ရင်ထဲတွင်မူ မတွေးဘဲ မနေနိုင်ပေ။ စီနီယာက အမြဲ အေးစက်စက် နိုင်သော်လည်း အံ့သြစရာကောင်းလောက်အောင် အားကိုးရပြီး စိတ်သက်သာရာ ရစေ၏...

သူ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးလေးတစ်ခု လွတ်ထွက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးဖြင့် ပြုလုပ်ထားသော လက်ကောက်တစ်ခုကို ထုတ်ယူလိုက်သည်။

“စီနီယာ... ဒါက ကျွန်မ လုပ်ထားတဲ့ ကံကောင်းခြင်း လက်ပတ်ပါ။ ပစ္စည်းတွေက သိပ်မကောင်းလှပေမယ့် စီနီယာ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မဆီမှာ ပိုကောင်းတဲ့ အရင်းအမြစ်တွေ ရလာတဲ့အခါ အသစ်တစ်ခု ထပ်လုပ်ပေးပါ့မယ်...”

သူ့တွင် ရှိသမျှ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပြီး လက်ပတ်ကို လုပ်ထားခြင်းဖြစ်သည်။ စိတ်ဝိညာဉ် ပုံဆောင်ခဲကဲ့သို့ အဆင့်မြင့် ပစ္စည်းများက အဆင့်မြင့် စိတ်ဝိညာဉ် စုစည်းခြင်းကို ထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်သဖြင့် မသုံးစွဲနိုင်ပေ။

[ သင့်ပုံရိပ်ယောင်ကောင်မလေး လီချင်းရန်က သင့်အတွက် လက်ဆောင်လေးတစ်ခု လုပ်ပေးလိုက်ပါသည်။ ပေးပို့ပြီးပါပြီ။ ကျေးဇူးပြု၍ ပစ္စည်းစာရင်း ကို စစ်ဆေးပါ ]

“လက်ဆောင်လား။ လီချင်းရန်... မင်းက အကောင်းဆုံးပဲ...”

ချန်ဟွိုက်အန် ဖုန်းကိုကြည့်ရင်း ပြုံးဖြီးနေမိသည်။ သူ သုံးလိုက်သမျှ ပိုက်ဆံတိုင်း တန်သည်ဟု ခံစားလိုက်ရသည်။ တရားဝင် ဂိမ်းကစားကွက်များ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကတော့ တန်ဖိုး ဖြတ်၍မရနိုင်ပေ။

တချိန်တည်းမှာပင် ချင်းယွန်ဘုံ၌ လီချင်းရန် ကြားလိုက်ရသည်မှာ...

[ မဆိုးဘူး။ စဉ်းစားပေးသားပဲ ]

ထိုညနှောင်းပိုင်းတွင် ချန်ဟွိုက်အန်က ဈေးပေါသော ဟိုတယ်တစ်ခုထဲ၌ သူ့ဖုန်းကို ဆုပ်ကိုင်ထားလျက် ရှိနေသည်။

“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရခဲ့တဲ့ ကာကွယ်ရေးအဆောင်က တော်တော် အရည်အသွေး ညံ့တာပဲ။ တောင် တစ်ခါတက်တာတောင် မခံဘူး။ မင်တွေ ပျက်ကုန်တာ...”

သူ ညည်းတွားလိုက်သော်လည်း ထိုလက်ဆောင်အသစ်ကတော့ အရည်အသွေး ပိုကောင်း လိမ့်မည်ဟု မျှော်လင့်ချက် ထားနေမိသည်။

ဖိနပ်ဘူးခွံတစ်ခု၏ အရိပ်ထဲမှ တောက်ပနေသော ကြောင်မျက်လုံးနှစ်လုံး ချောင်းကြည့်နေ၏။

[ ဒီလူသား အရူးက ဘာလို့ အဲဒီ အမည်းရောင်သေတ္တာလေးကို ကြည့်ပြီး ပြုံးဖြီးနေရတာလဲ ]

ထိုမျက်လုံးများက ကြောင်နက်တစ်ကောင်၏ မျက်လုံးများဖြစ်ပြီး တိတ်တဆိတ် စားပွဲပေါ်သို့ ခုန်တက်လိုက်သည်။

[ ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်က ထိပ်တိုက်ရင်ဆိုင်ဖို့ သိပ်အားနည်းလွန်းနေသေးတယ်။ ပြီးတော့ ဒီလူသားဆီမှာ ထူးခြားတဲ့ စွမ်းရည်အချို့ ရှိနေပုံပဲ။ သူအိပ်နေတုန်း လှုပ်ရှားတာ ပိုစိတ်ချရမယ် ]

ပြတင်းပေါက်မှ လရောင် ဖြာကျလာသည်နှင့်အမျှ နံရံပေါ်ရှိ ကြောင်၏ အရိပ်သည် ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။

အပြင်လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွား၏။

အချိန် ကိုယ်တိုင်ပင် လေးလံထိုင်းမှိုင်းလာသလိုပင်...

All Chapters