အဆင့်တာဝန် သော့ဖွင့်ခြင်း
Vol. 3 Ch. 23
စုန်ကျောင်းကျောင်း သေပြီ။ လီချင်းရန် မသေသေး။
ဒီအကြောင်းကို လုချန်ထျန်း ယုံကြည်ရခက်နေ၏။
လီချင်းရန်က မည်သည့်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသနည်း။ အလွန်ဆုံး အနေဖြင့် စိတ်ဝိညာဉ် ချီစွမ်းအင်နှင့် ကာလရှည်ကြာ ထိတွေ့ပြုစု ပျိုးထောင်ခံထားရသော သူ၏ ခန္ဓာကိုယ်က ပျမ်းမျှထက် အနည်းငယ် သာလွန်သော သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်နိုင်သည်။
ထို့ပြင် သူ မှတ်မိသည်က မမှားလျှင် စုန်ကျောင်းကျောင်းမှာ ချီသန့်စင်ခြင်း အဆင့်(၉)တွင် ရှိနေ၏။
လီချင်းရန်လို လူတစ်ယောက်ကို သတ်ရခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်ရသလို အားစိုက်စရာ မလိုသည့်ကိစ္စ ဖြစ်သင့်ပေသည်။
သို့သော်လည်း ယခုတွင် နားလည်ရခက်သော ရလဒ်က ထွက်ပေါ်လာခဲ့သည်။ စုန်ကျောင်းကျောင်း သေသွားပြီ ဖြစ်၏။
“စုန်ကျောင်းကျောင်းကို လီချင်းရန် သတ်လိုက်တာလား။” လုချန်ထျန်း ယန်ပေါ်ထောင်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
“ကျွန်တော် မသိဘူး။” ကြောက်လန့်တကြားနှင့် ယန်ပေါ်ထောင် စကားထစ်သွားသည်။
“ကျွန်တော်က လီချင်းရန်ကို သတ်ဖို့ပဲ ပြောခဲ့တာ။ အစတုန်းက သူ မလုပ်ချင်ဘူး၊ ဒါပေမဲ့ ကျွန်တော် အခြေခံအုတ်မြစ် ဆေးလုံး ပေးမယ်လို့ ကတိပေးလိုက်တယ်။ အဲဒါနဲ့ သူ ယုံသွားတယ်။ အဲဒီနောက် ကျွန်တော်က ဆေးလုံးဝယ်ဖို့ ဝိညာဉ်ကျောက်တုံး တချို့ သွားယူခဲ့တယ်။ ကျွန်တော့် ဂူကို ပြန်ရောက်တော့ သူ့ရဲ့ ဝိညာဉ်မီးအိမ် ကွဲကြေနေတာ တွေ့လိုက်ရတာ။”
ကွဲကြေနေသော ဝိညာဉ်မီးအိမ်က အရာတစ်ခုတည်းကိုသာ ဆိုလို၏။
အခြေတည်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူများအတွက် ထိုစည်းမျဉ်းက ခိုင်မာသည်။ ဝိညာဉ်မီးအိမ်တွင် ကျင့်ကြံသူ၏ ဝိညာဉ်အပိုင်းအစ တစ်ခုနှင့် သူတို့၏ သွေးအနှစ်သာရ တစ်စက် ပါဝင်သည်။ ပင်မဝိညာဉ် ပျက်စီးသွားပါက အပိုင်းအစသည် အမြစ်မဲ့သွားပြီး ပျောက်ကွယ်သွားကာ မီးအိမ်ကို ငြိမ်းသွားစေသည်။
“အစ်ကို ချန်ထျန်း။ ဒါက အတော်လေး သံသယဖြစ်စရာ ကောင်းတယ်။” မုပိုင်ရွှမ်က ကြောက်ရွံ့သော အမူအရာဖြင့် ဝင်ပြောလိုက်သည်။ “ချင်းယွန်ဘုံမှာ မကြာသေးမီက မိစ္ဆာကျင့်ကြံသူတွေ လှုပ်ရှားနေတယ်လို့ ကောလာဟလတွေ ကြားနေရတယ်။ စီနီယာ အစ်မက မိစ္ဆာဂိုဏ်းက တစ်ယောက်ယောက်ရဲ့ ပူးကပ်တာကို ခံလိုက်ရတာများလား။” သူက စိုးရိမ်ပူပန်သော အကြည့်ဖြင့် ဆက်ပြောသည်။ “စီနီယာအစ်မလီက ချင်းယွန်ဂိုဏ်းရဲ့ အစိတ်အပိုင်း မဟုတ်တော့ပေမဲ့ မိစ္ဆာဂိုဏ်းသားတွေရဲ့ လက်ချက်နဲ့ သူ ထိခိုက်သွားတာကို ကျွန်မ မမြင်ချင်ပါဘူး။”
လုချန်ထျန်း၏ မျက်နှာ မည်းမှောင်သွားပြီး အတွေးများ ရှုပ်ထွေးနေ၏။
ယန်ပေါ်ထောင်က သေချာပေါက် ပြစ်ဒဏ်ခံရမည်မှာ သေချာသည်။ ၎င်းက ရှင်းနေပြီးသား ဖြစ်၏။
သို့သော် လီချင်းရန်နှင့် ပတ်သက်သော အခြေအနေက ထူးဆန်းပေသည်။ သူ အသက်ရှင်လား သေလား ဆိုသည်ကို ဂရုမစိုက်သော်လည်း သူက ချင်းယွန်ဂိုဏ်းအတွက် လျို့ဝှက်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ကိုတော့ ခွင့်မပြုနိုင်ပေ။ စုန်ကျောင်းကျောင်းကို သူ မည်သည်ကြောင့် သတ်နိုင်ခဲ့ကြောင်းကို နားလည်ဖို့ လိုအပ်သည်။ တိုက်ဆိုင်မှု သက်သက်လား။ သို့မဟုတ် ပို၍နက်ရှိုင်းသော အကြောင်းရင်း တစ်ခုခုကြောင့်လား ဆိုသည်ကိုပင်။
မုပိုင်ရွှမ်က လီချင်းရန် ရှိနေသောနေရာကို ယခုမှ သိသလို ဟန်ဆောင်ပြီး ထပ်ပြောသည်။ “အစ်ကို ချန်ထျန်း။ ဘာပဲဖြစ်ဖြစ် စီနီယာအစ်မလီကရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ဖူးတာပဲ။ တကယ်လို့ ကျွန်မတို့ ဝင်မပါရင် တခြား တောင်ထိပ်တွေက ကျွန်မတို့အကြောင်း ဘယ်လို ထင်ကြမလဲ။ သူ တာဝန်ရှိရှိ မရှိရှိ၊ ဝမ်ချင်းတောင် မှာ သေဖို့ ထားခဲ့မယ့်အစား သူ့ကို ပြန်ခေါ်လာသင့်တယ်။ အစေခံအနေနဲ့ ဆိုရင်တောင်မှပေါ့။”
သူ၏ မျက်နှာအမူအရာက ဟန်ဆောင် သနားကြင်နာမှု အပြည့်ဖြစ်ပြီး မျက်လုံးများတွင် သနားစရာ အရိပ်အယောင်များ ပြည့်နှက်နေ၏။
“မင်းက သဘောကောင်းလွန်းတယ်။ ဂျူနီယာညီမလေး။ လီချင်းရန်က မင်းကို ဒီလောက် ဒုက္ခပေးခဲ့တာတောင် မင်းက သူ့ဘက်က ပြောပေးနေတုန်းပဲ။ ကျန်းဟန်ရှောင်သာ အဲဒီတုန်းက သူ့ကို အပြတ်ရှင်းခဲ့သင့်တာ။” လုချန်ထျန်း အံကြိတ်ပြီး ပြောလိုက်သော်လည်း မုပိုင်ရွှမ်၏ စကားများကို စိတ်ထဲသွင်းလိုက်သည်။
အကယ်၍ စုန်ကျောင်းကျောင်းသာ မတော်တဆ သေဆုံးခဲ့ခြင်း ဖြစ်ပါက လီချင်းရန်ကို ဝမ်ချင်းတောင်မှ ဝေးရာ၊ ချင်းယွန်ဂိုဏ်းနှင့် ဝေးရာသို့ ပို့လိုက်ရုံသာ ရှိပေမည်။
သို့သော် စုန်ကျောင်းကျောင်းကို အမှန်တကယ် လီချင်းရန်က သတ်ခဲ့ခြင်း ဖြစ်ပါက အခွင့်အလမ်းသစ် တစ်ခုခုကြောင့် ဖြစ်စေ၊ မိစ္ဆာဂိုဏ်းသား ပူးကပ်ခြင်းကြောင့် ဖြစ်စေ၊ သူသည် ချိန်ကိုက် ဗုံးတစ်လုံး ဖြစ်လာလိမ့်မည်။ သူကို လွှတ်ပေးထားပြီး ပေါက်ကွဲ စေမည့်အစား စောင့်ကြည့်မှုအောက်တွင် ထားရှိခြင်းက ပိုကောင်း၏။
ပြောရလျှင် ပထမအချက် ဖြစ်နိုင်ခြေ ပိုများသည်ဟု သူ ယုံကြည်သည်။ ပူးကပ်ခြင်း သို့မဟုတ် မိစ္ဆာဂိုဏ်းဘက် ကူးပြောင်းသွားခြင်းမှ လွဲလျှင် မသန်စွမ်းကျင့်ကြံသူ တစ်ယောက်က အဆင့်(၉) ရှိသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူနိုင်မည့် တခြားနည်းလမ်းကို သူ စဉ်းစားမရပေ။
“ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး” တစ်မျိုးတည်းကသာ ကြေမွသွားတဲ့ ဒန်တျန်ကို ပြန်လည်ပြုပြင်ပေးနိုင်သည်ဟု သူ၏ ဆရာက ပြောခဲ့ဖူးသည်။
ထိုရှေးဟောင်းနတ်ဆေးက လီချင်းရန်တွင် ရှိနိုင်ရန် လုံးဝ မဖြစ်နိုင်။
“စိတ်မပူပါနဲ့ ဂျူနီယာညီမလေး။ အစ်ကို ဒီကိစ္စကို ဆရာ့ဆီ တင်ပြပြီး မင်း ကျေနပ်မယ့် ရလဒ် ထွက်လာအောင် လုပ်ပေးပါ့မယ်၊” လုချန်ထျန်းက နူးညံ့သော အပြုံးဖြင့် မုပိုင်ရွှမ်၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ “စုန်ကျောင်းကျောင်းက အလကား သေဆုံးသွားမှာ မဟုတ်ပါဘူး။ တကယ်လို့ လီချင်းရန် သူ့ကို သတ်ခဲ့တာ မဟုတ်ရင် သူ့ကို ချီရှောင်းတောင်ထိပ်ဆီ ပြန်ခေါ်လာခဲ့မယ်။ အနည်းဆုံးတော့ ချီရှောင်းတောင်ထိပ်က သေမျိုးတစ်ယောက်ကို ထောက်ပံ့ ထားနိုင်ပါတယ်။”
“အစ်ကို ချန်ထျန်းက အကောင်းဆုံးပဲ...” မုပိုင်ရွှမ်င ပြန်ဖြေလိုက်သည်။ သူ၏ အပြုံးက ချိုမြနေသော်လည်း မျက်လုံးများထဲတွင် ကောက်ကျစ်စဉ်းလဲမှု အရိပ်အယောင် တစ်ချက် လက်ခနဲ ဖြစ်သွား၏။
လုချန်ထျန်းက စုန်ကျောင်းကျောင်း သေဆုံးမှု၏ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေများနှင့် လီချင်းရန်အပေါ် သူ၏ သံသယများကို ဂိုဏ်းသို့ တင်ပြခဲ့သည်။
ချင်းယွန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး၊ ဝူတွမ်ထျန်းက ထိုကိစ္စကို အလေးအနက် ထားခဲ့သည်။ သူက ယန်ပေါ်ထောင်ကို မိုးကြိုးကမ်းပါးတွင် ခြောက်လကြာ တရားထိုင် သုံးသပ်ရန်နှင့် အရင်းအမြစ် ခွဲဝေပေးမှု အားလုံးကို တစ်လ ရပ်ဆိုင်းရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထို့အပြင် ဝူတွမ်ထျန်းက လုချန်ထျန်းကို စည်းကမ်းထိန်းသိမ်းရေး ခန်းမ တပည့်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ဝမ်ချင်းတောင်သို့ သွားရောက် စုံစမ်းစစ်ဆေးရန် ခန့်အပ်ခဲ့သည်။
မထွက်ခွာမီ ဂိုဏ်းသားများက စည်းကမ်းထိန်းသိမ်းရေး ခန်းမတွင် စုဝေးကြပြီး ဝူတွမ်ထျန်းက တင်းမာစွာ သတိပေးလိုက်သည်။ “မိစ္ဆာဂိုဏ်းက လူတစ်ယောက်ယောက်နဲ့ တွေ့ရင် မဆင်မခြင် မလုပ်ကြနဲ့။ မိစ္ဆာကျင့်ကြံသူတွေက ကောက်ကျစ်စဉ်းလဲတယ်။ သူတို့ ပြသတဲ့ အင်အားက တမင် လှည့်စားထားတာ ဖြစ်နိုင်တယ်။ လုချန်ထျန်း၊ မင်းရဲ့ ထိပ်တန်း ဦးစားပေးက ဆက်သွယ်ရေး ကျောက်စိမ်းပြားကို သုံးပြီး ပြန်သတင်းပို့ဖို့ပဲ။”
“စိတ်ချပါ ဂိုဏ်းချုပ်ကြီး။ ကျွန်တော် သတိထားပြီး လုပ်ဆောင်ပါ့မယ်။” လုချန်ထျန်း ရိုသေစွာ ဦးညွှတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ချီရှောင်းတောင်ထိပ်၏ သခင်၊ တာအိုသခင် ချင်းရွှမ်းထံမှ ညွှန်ကြားချက်များ တောင်းခံရန် လှည့်လိုက်သည်။
တာအိုသခင် ချင်းရွှမ်းက မုတ်ဆိတ်မွေးကို သပ်ကာ မျက်လုံးများကို ကျဉ်းလိုက်သည်။ “မင်းရဲ့ လုပ်ဆောင်ချက်တွေမှာ မင်းက အမြဲ သတိရှိပါတယ်။ ငါ ဘာမှ ထပ်ပြောစရာ မရှိတော့ဘူး။ သွားကြတော့။”
၎င်းကို ကြားသော် လုချန်ထျန်းက ဟန်ပါပါဖြင့် ဓားကို ဆွဲထုတ်လိုက်ရာ သူ၏ ဆွဲဆောင်မှုရှိသော အမူအရာကြောင့် အမျိုးသမီး တပည့်များစွာ ရင်ခုန်သွားကြ၏။
အဖွဲ့သည် ပျံသန်းရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် ကောင်းကင်တွင် မိုးခြိမ်းသံကြီး ဟိန်းထွက်လာခဲ့သည်။
ဂျိန်း...
တစ်ချိန်က ကြည်လင်ခဲ့သော ချင်းယွန်ဘုံအထက် ကောင်းကင်က မည်းမှောင်သွားခဲ့ပြီး ထူထပ်သော မိုးတိမ်မည်းများကြားတွင် သွေးနီရောင် လျှပ်စီးများ လက်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် မြေပြင်အနှံ့သို့ လွှမ်းခြုံသွားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားများဖြင့် ပြည့်နှက်နေခဲ့သည်။
ဖိအား ရိုက်ခတ်လိုက်သည်နှင့် လုချန်ထျန်း၏ စိတ် အာရုံလွတ်သွားပြီး ဓားပေါ်မှ ဟန်ချက် ပျက်ကာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ချင်းယွန်ဂိုဏ်းမှ တပည့်များက ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး ကြောက်ရွံ့မှုဖြင့် မျက်နှာများ ဖြူဖျော့နေကြသည်။ ဂိုဏ်းချုပ်ကြီး ဝူတွမ်ထျန်းနှင့် တောင်ထိပ် အကြီးအကဲများပင် လေးနက်သော မျက်နှာထားများ ရှိနေကြသည်။
“ဒီရက်ပိုင်း ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ တစ်ယောက်ယောက်က နေ့လယ်တိုင်း ကောင်းကင်နက္ခတ်ကို တွက်ဖို့ ကြိုးစားနေရတာလဲ...”
ကောင်းကင်နက္ခတ် တွက်ခြင်းက ကျော်လွှားမရနိုင်သော အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် စွမ်းအားကြီး ကျင့်ကြံသူများအတွက် နောက်ဆုံး နည်းလမ်း ဖြစ်သည်။ သို့သော် မည်သူဆို ထိုသို့ တွက်ချက်၍ မရနိုင်ပေ။ ၎င်းက သီးခြား ပညာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ကြီးမားသော ကျင့်ကြံမှု နှစ်မျိုးစလုံး လိုအပ်၏။ ထို့အပြင် ၎င်းက အလွန် ပင်ပန်းပြီး ကျင့်ကြံသူ၏ အသက်ဓာတ်ကို ကုန်ဆုံးစေကာ ကံကြမ္မာနှင့် ကံတရားကို ထိခိုက်စေနိုင်သည်။
ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ် တွက်ချက်ခြင်းပင် လွန်ကဲသည်ဟု ယူဆကြ၏။
သို့သော် တစ်ရက် တစ်ကြိမ်ကိုမူ တစ်ခါမှ မကြားဖူးပေ။
မနေ့က ဝမ်ချင်းတောင်မှာ ပေါ်လာတဲ့ နတ်ဆေးနဲ့ ဆက်စပ်နေမလား...
“ဒီဘုံက နားလည်ရ ပိုခက်လာပြီ...” ဝူတွမ်ထျန်း တီးတိုးရေရွတ်ပြီး သက်ပြင်းချလိုက်သည်။
သူတို့ မည်မျှပင် စွမ်းအားကြီးပါစေ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် ကံတရား၏ ဒီရေလှိုင်းများအောက်မှ ပုရွက်ဆိတ်လေးများသာ ဖြစ်သည်။
နေ့စဉ် ကောင်းကင်နက္ခတ် တွက်နိုင်သူများပင် အဖြေရှာရန် ရုန်းကန်နေရလျှင် အဆင့်နိမ့် ကျင့်ကြံသူများက ရှေ့တွင် ကြုံလာမည့် အန္တရာယ်တွေကို မည်သို့ အသက်ရှင် လွတ်မြောက်နိုင်မည်ဟု မျှော်လင့်နိုင်မည်နည်း။
“လုချန်ထျန်း။ ဘေးကင်းအောင်လို့ စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့်တွေကို ခေါ်ပြီးတော့ ခြေလျင်သွားကြ။” ဝူတွမ်ထျန်း အမိန့်ပေးလိုက်ပြီး မည်းမှောင်နေသော ကောင်းကင်မှ အကြည့်လွှဲလိုက်သည်။ “တကယ်လို့ ပုန်းအောင်းနေတဲ့ မိစ္ဆာကျင့်ကြံသူတွေ ရှိရင် သူတို့က ဒီလို နတ်ဘုရားစောင့်ကြည့်မှုတွေ ကြားထဲမှာ မဆင်မခြင်လုပ်ကြမှာ မဟုတ်ဘူး။ မင်းတို့ စောစောရောက်ရောက် နောက်ကျမှရောက်ရောက် သိပ်ပြီးတော့ ကွာခြားမှာ မဟုတ်ပါဘူး။ တိတ်တိတ်ပဲ နေနေကြ။”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး...” လုချန်ထျန်းက တင်းမာစွာ ပြန်ဖြေလိုက်ပြီး မကောင်းသော နိမိတ်ပြနေသည့် ကောင်းကင်ကို တစ်ချက်ကြည့်ကာ လက်သီးဆုပ်လိုက်သည်။
တစ်နေ့ကျရင် ငါလည်း အဲဒီလို စွမ်းအားကြီး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာရမယ်။
လောလောဆယ်တွင်တော့ ကောင်းကင်တွင် အနှောင့်အယှက် အနည်းငယ် ဖြစ်နေရုံဖြင့် အားနည်းသော ကျင့်ကြံသူများက ဓားပျံစီးရန်ပင် ကြောက်နေကြသသည်။
“မင်းက အေအိုင် တစ်ခုခုလား...”
ရေချိုးခန်း တံခါးဝတွင် ညဝတ်အင်္ကျီ ဝတ်ဆင်ထားသော ချန်ဟွိုက်အန်က ဖုန်းကို ဒေါသတကြီး နှိပ်နေ၏။
[ ကောင်းကင်နက္ခတ် တွက်ချက်နေသည်… တွက်ချက်ခြင်း မအောင်မြင်ပါ။ ကျေးဇူးပြု၍ မေးခွန်းတစ်ခု ပြောင်းမေးကြည့်ပါ ]
“ဘယ်အချိန် တစ်နဲ့ တစ် ပေါင်းရင် သုံးရလဲ...”
[ တွက်ချက်နေသည်…။ တစ်နှင့်တစ် ပေါင်းလျှင် နှစ် ရပါသည်။ ကျေးဇူးပြု၍ မေးခွန်းတစ်ခု ပြောင်းမေးကြည့်ပါ ]
“သစ်ပင်ပေါ်မှာ ငှက် ၁၀ကောင် ရှိတယ်။ တစ်ကောင် ပစ်ချလိုက်ရင် ဘယ်နှကောင် ကျန်မလဲ...”
[ တွက်ချက်နေ…။ တစ်ကောင်က သေပြီး ပြုတ်ကျလာမယ်။ သစ်ပင်ပေါ်မှာ ဘာမှ မကျန်တော့ဘူး။ တ…ခြား… မေး…ခွန်း… မေး…ကြည့်…ပါ ]
“ဟားဟား... ပျော်စရာကြီး။”
“ဒါပေမဲ့ ဒီနောက်ကွယ်မှာ ဂိမ်းမာစတာ တစ်ယောက်တော့ ရှိနေတာ သေချာတယ်။” ချန်ဟွိုက်အန် မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်သည်။
ပရိုဂရမ် အများစုကို အခက်တွေ့စေမယ့် ပဟေဠိများကို အေအိုင်က မဖြေနိုင်ဘူးဆိုလျှင် ကြိုးကိုင်နေသော လူသားအစစ် တစ်ယောက် ရှိနေခြင်း ဖြစ်ရပေမည်။
အဲဒီလိုဆိုရင်တော့…
“ငါ့ကို ဖန်တီးသူအကောင့် တစ်ခု ပေးလို့ ရမလား။ မင်းတို့အတွက် နေ့စဉ် အသေးစိတ် အစီရင်ခံစာတွေ ရေးပေးမယ်။ ပိုက်ဆံသုံးရတာကိုလည်း မညည်းညူတော့ဘူး။ သြော် ဒါနဲ့.... ငါက အခု အပ်စိုက်ကုထုံးကို ကျွမ်းသွားပြီ။ မယုံနိုင်စရာပဲ။ ထိုက်ချိ လေ့ကျင့်ခန်း လုပ်ရင်းနဲ့ ကွန်ဖူး တတ်သွားသလိုပဲ။ ငါ့ရဲ့ အရည်အချင်းတွေက တကယ့်ကို အံ့ဖွယ်ပဲ။ တကယ်လို့ မင်းတို့ ခြေလက်အင်္ဂါ ပြန်ဆက်ပေးမယ့်သူ လိုအပ်ရင် ငါ အလကား လုပ်ပေးပမယ်။”
သူ မက်ဆေ့ချ် ပို့လိုက်သည်နှင့် တပြိုင်နက် ဂိမ်းက အလိုအလျောက် ပိတ်သွား၏။
“ကျွတ်... ခေါင်းမာလိုက်တာ၊” ချန်ဟွိုက်အန် ရေရွတ်လိုက်သည်။
ဂိမ်းရေးတဲ့သူတွေ နောက်ဆုံးမှ အကူအညီ လာတောင်းတဲ့အခါ နောင်တမရစေနဲ့။
“စိတ်ဝိညာဉ်အမြစ်ကို ဘယ်လိုမျိုး ပြန်ပြုပြင်မလဲ။” သူက ရိုက်ထည့်ပြီး တွက်ချက်ခြင်းကို ပြန်ဖွင့်လိုက်သည်။
လီချင်းရန်က “ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံး”ကို စုပ်ယူနေဆဲ ဖြစ်သည်။ ရှေးဟောင်းနတ်ဆေး ဖြစ်ရာ အာနိသင်များ အပြည့်အဝ ပေါင်းစပ်ရန် အချိန်ယူရပေမည်။
ချန်ဟွိုက်အန်တွင် လုပ်စရာ မရှိသဖြင့် နက္ခတ်စနစ်ကို ထပ်မံ၍ နှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။
လီချင်းရန်တွင် အဓိက ပြဿနာ နှစ်ခု ရှိသည်။ ဒန်တျန်နှင့် စိတ်ဝိညာဉ်အမြစ်ပင်။
ဒန်တျန် ပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်သော်လည်း စိတ်ဝိညာဉ်အမြစ်အတွက် အဖြေ မရှိသေးပေ။
[ ကောင်းကင်နက္ခတ် ပြီးဆုံးပါပြီ ]
[ စိတ်ဝိညာဉ်အမြစ်များကို ပြုပြင်၍ မရနိုင်သော်လည်း လူလုပ် ထည့်သွင်းနိုင်သည်။ ကျင့်ကြံခြင်း အဆင့်တာဝန်က သင့်အတွက် ကောင်းကင်ကံတရား အစိတ်အပိုင်း တစ်ခုကို ဖမ်းယူထားသည်။ ယွမ် ၁၂၈၈၈ ပေးရုံဖြင့် ၁၀ဆ ပြန်အမ်းငွေကို ခံစားလိုက်ပါ။ မှတ်တိုင်) တစ်ခုချင်းစီတွင် ကြီးမားသော ဆုလာဘ်များ ရယူပါ။ ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ် အလယ်အလတ်အဆင့်၊ နောက်ဆုံးအဆင့်နှင့် ပြီးပြည့်စုံခြင်း။ အခြေခံအုတ်မြစ်
ပြီးပြည့်စုံမှုသို့ ရောက်ရှိပါက သာလွန် ထူးကဲသော စိတ်ဝိညာဉ်အမြစ် တစ်ခုကို ရရှိမည် ]
[ “ချီသန့်စင်ခြင်းအဆင့် အလယ်အလတ်အဆင့်မှ အခြေခံအုတ်မြစ်ပြီးပြည့်စုံခြင်း အထိ” အဆင့်တာဝန်ကို စတင်လိုပါသလား ]
ချန်ဟွိုက်အန် - “…”
“မင်းတို့ ပေါက်ကရ တာဝန်တွေကတော့...”