အခန်း (၂၂၇)
Vol. 23 Ch. 227
“အဟမ်း”
ချင်းယွင်ကျစ်နဲ့ လင်းရန်တို့ နှစ်ယောက် ထမင်းစားခန်းတွင် စိတ်အားထက်သန်စွာ စကားပြောနေခဲ့ကြသဆာကြောင့် စုန့်ကျယ်အနေဖြင့် သူသာ စကားဖြတ်ပြောလိုက်ပါက သူတို့ကို ထိတ်လန့်သွားစေမည်ကို စိုးရိမ်သောကြောင့် သတိပေးရန်အတွက် နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်သည်။
သေချာပေသည်။ သူ့၏ ချောင်းဟန့်သံကို ကြားလိုက်ရလျှင် ချင်းယွင်ကျစ်က ချက်ချင်းပင် သတိထားမိလေ၏။
သူမက အနောက်ကို ပြန်လှည့်ကြည့်ကာ စုန့်ကျယ်ကို ကြည့်ပြီးနောက် အနည်းငယ် ကာကွယ်လိုစွာဖြင့် မေးလာခဲ့သည်။
“တစ်ခုခု မှားနေလို့လား”
စုန့်ကျယ်တစ်ယောက် သူမ၏အကြည့်ကို မြင်လျှင် နှလုံးသားတစ်ခုလုံး ထပ်မံနာကျင်သွားခဲ့ရပြန်သည်။
သို့သော်လည်း လင်းရန်၏ရှေ့တွင်ဖြစ်နေသောကြောင့် တည်ငြိမ်ချင်ယောင် ဟန်ဆောင်လိုက်ပြီး ချင်းယွင်ကျစ်ကို စိတ်ရှုပ်ထွေးသကဲ့သို့ မေးလိုက်လေသည်။
“အဲဒီရဲဘော်လေးက ဘယ်သူလဲ”
စုန့်ကျယ်မှ လင်းရန်ကို အမှန်တကယ် မသိပုံရကြောင်းကို မြင်လျှင် ချင်းယွင်ကျစ်တစ်ယောက် ထိုသူက အမှန် မသိသည်လား ၊ ဟန်ဆောင်နေခြင်းလားကို ခဏတာလောက် မသိခဲ့ပေ။
ဒါဆို သူ ဒီနေ့ အရမ်းကိုစောစော ပြန်လာခဲ့တာက တကယ်ကြီး တိုက်ဆိုင်သွားတာလား။
ချင်းယွင်ကျစ်တစ်ယောက် လင်းရန်က မည်သူဖြစ်ကြောင်းကို စုန့်ကျယ်ထံကို မည်သို့မိတ်ဆက်ပါက ပို၍ခမ်းနားလောက်မည်ကို စဥ်းစားနေချိန်တွင် လင်းရန်က လျင်မြန်စွာ ထရပ်လိုက်ပြီး စုန့်ကျယ်ကို တိုက်ရိုက် နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ ဦးလေး စုန့်၊ ကျွန်မက လင်းရန်ပါ...”
စုန့်ရှီးယန်၏ လက်တွဲဖော်ဆိုသည့် သီးခြားအထောက်အထားအတွက်ကတော့ သူမအနေဖြင့် ပြောရန် ရှက်ရွံ့နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ဘေးတွင်ရှိနေသည့် ချင်းယွင်ကျစ်က သူမအတွက် ဝါကျတစ်ကြောင်း ထပ်ထည့်ပေးခဲ့သည်။
“ရန်ရန်က စုန့်ရှီးယန် ပြန်ခေါ်လာတဲ့ မိန်းကလေးပဲ .. သူမက ဒီကို ပထမဆုံးအကြိမ် လာလည်တာပါ.. သူမကို ကြောက်အောင် မခြောက်ပါနဲ့”
စုန့်ကျယ်က နားလည်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လင်းရန်၏ဘက်သို့ လေးနက်သော မျက်နှာအမူအရာဖြင့် လှည့်ကြည့်၍ ပြောလိုက်သည်။
“ငါတို့ရဲ့ ဧည့်သည်အဖြစ်ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်”
သူက ဌာနတစ်ခု၏ ခေါင်းဆောင် သို့မဟုတ် လက်အောက်ငယ်သားတစ်ယောက်ကို လက်ခံနေသကဲ့သို့ တည်ကြည်လေးနက်နေပုံရသည်။
ချင်းယွင်ကျစ်: “...”
သူမအနေဖြင့် ဤနံစော်သောအမျိုးသားဖြစ်သည့် စုန့်ကျယ်က သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် လေထုကို ပျက်စီးစေမည်ကို ကြိုသိနေခဲ့သည်။
သူ့ရဲ့ မျက်နှာကို ဒီလိုမျိုးတည်ထားမယ်ဆိုရင် ဘယ်လောက်ထိ ကြောက်စရာကောင်းမယ်ဆိုတာ မသိဘူးလား။
ချင်းယွင်ကျစ်တစ်ယောက် အလွန်ပင် ဒေါသထွက်သွားခဲ့ပြီး တစ်ဖက်လူကို အပေါ်ထပ်သို့ ခေါ်သွားပြီး သင်ခန်းစာ ပေးတော့မည်ဖြစ်သော်လည်း စုန့်ကျယ်က စကားလမ်းကြောင်း ပြောင်းကာ စုန့်ရှီးယန် မည်သို့ရောက်နေသည်ကို မေးလာခဲ့လေ၏။
ချင်ယွင်ကျီ ဒေါသတကြီးဖြင့် ပြန်ဖြေခဲ့သည်။
“သူက သူ့ဦးလေးနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ ထွက်သွားတယ်”
လင်းရန်ကတော့ မနက်စာစားနေချိန်တွင် ချင်းယွင်ကျစ်မှ စုန့်ရှီးယန်၏ တည်နေရာကို ပြောပြခဲ့ပြီးသောကြောင့် ထိုအကြောင်းကို သိထားပေပြီ။
စုန့်ကျယ်လည်း သားဖြစ်သူ၏ အကြောင်းကို ကြားလျှင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဒီကလေးက သူ့ရဲ့ အားလပ်ရက်အတွင်းမှာတောင် နေ့စဥ်လေ့ကျင့်ခန်းကို ထိန်းသိမ်းဖို့ မမေ့တဲ့ပုံရတယ်။ သူက အတော်လေးတော့ အသိစိတ်ရှိနေသားပဲ။
သို့သော်လည်း စုန့်ကျယ်အနေဖြင့် နောက်ဆုံးမေးခွန်းကို မေးပြီးနောက်တွင် မည်သည့်စကားကို ပြောရမည်ကို မသိတော့ပေ။
သူတို့ သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြပြီး နေရာက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လေထုကလည်း ရှင်းပြ၍ မရနိုင်လောက်အောင် ဆိုးရွားသွားခဲ့လေသည်။
ဤရင်းနှီးနေသော လေထုက နောက်တစ်ကြိမ်ရောက်ရှိလာခဲ့သောကြောင့် ချင်းယွင်ကျစ် စုန့်ကျယ်ကို စိုက်ကြည့်လိုက်လေသည်။
မတိုင်ခင်က သူမနှင့် လင်းရန်က အလွန်အဆင်ပြေစွာ စကားပြောနေခဲ့သော်လည်း ထိုသူက သူတို့၏စကားဝိုင်းကို ဖြတ်တောက်ရန်အတွက် အတင်းအကျပ် လုပ်ခဲ့သည်။
သို့သော်လည်း စကားကို ဖြတ်တောက်ပြီးသွားချိန်တွင်လည်း သူက ဝါကျနှစ်ကြောင်းလောက်သာ ပြောခဲ့လေ၏။
သူက စုစုပေါင်း စကားလုံး ဆယ်လုံးပင် ပြည့်အောင်မပြောခဲ့သော်လည်း သူတို့နှစ်ဦးကြားရှိ သဟဇာတဖြစ်သော လေထုကို အောင်မြင်စွာ ဖြိုခွဲခဲ့လေသည်။
ဒီဒေါသထွက်စရာကောင်းလွန်းတဲ့ လူကတော့ !
“ရှင် နေကောင်းတယ်မလား နေကောင်းတယ်ဆိုရင် အလုပ်သွားလုပ်လိုက်တော့”
ချင်းယွင်ကျစ်အနေဖြင့် စုန့်ကျယ်ကို အလွန်မျက်စိနောက်နေခဲ့သောကြောင့် လင်းရန် အနီးအနားတွင် ရှိနေသေးသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ့ကို စစ်တပ်ထဲသို့ ပြန်သွားရန် တိုက်တွန်းခဲ့သည်။
စုန့်ကျယ်: “...”
စုန့်ကျယ်တစ်ယောက် စိတ်ဆိုးခံရသော်လည်း မည်သည်ကိုမှ မပြောရဲသောကြောင့် ခေါင်းညိတ်၍ သဘောတူလိုက်ရုံသာလုပ်နိုင်ခဲ့ပြီး လင်းရန်ဘက်ကို လှည့်ကာ ပြောလိုက်လေသည်။
“စိတ်ကျဥ်းကျပာနေစရာမလိုဘူး.. ဒီနေရာကို မင်းရဲ့အိမ်လို သဘောထားပြီး သက်သောင့်သက်သာ နေပါ”
သူက ထိုစကားလုံးများကို လင်းရန်ကို ပြောရန်အတွက် သေသေချာချာ စဥ်းစားခဲ့သော်လည်း သူ၏မျက်နှာပေါ်ရှိ လေးနက်သောအမူအရာနှင့် လိုက်သောအချိန်တွင်တော့ ခေါင်းဆောင်တစ်ယောက်က လက်အောက်ငယ်သားများကို ညွှန်ကြားချက်များ ပေးနေသည်ဟု မတွေးမိစေရန် ခက်ခဲပေမည်။
သူ၏လေယူလေသိမ်းကြောင့် သက်ရောက်မှုရှိသွားပုံရသည်။ လင်းရန်က လျင်မြန်စွာ ထရပ်ပြီး ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်ကဲ့ပါ ဦးလေးစုန့်”
ချင်းယွင်ကျစ်အနေဖြင့် သည်းမခံနိုင်တော့ဘဲ စုန့်ကျယ်ကို တိုက်ရိုက် တွန်းထုတ်လိုက်တော့သည်။
ရှင် အခု ထွက်သွားလိုက်တော့..
စုန့်ကျယ် ထွက်သွားပြီးနောက် လင်းရန်လည်း ချင်းယွင်ကျစ်ကို နားလည်နိုင်သွားခဲ့လေသည်။
ထို ယောကျာ်းပီသ၍ခန့်ညားလွန်းသော ဦးလေးမှာ အေးတိအေးစက်နိုင်လည်း ဤသည်က အနည်းငယ် အေးစက်လွန်းသည့်ပုံရသည်...
ချင်းယွင်ကျစ်လည်း လင်းရန်၏အမူအရာကို မြင်လျှင် သက်ပြင်းချလိုက်ပြီး ရယ်မောလိုက်သည်။
“တွေ့လား၊ အဲဒီလူက အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်.. သူက လေထုကို ဖျက်ဆီးဖို့ပဲတတ်တာ”
ဤအချိန်တွင်တော့ လင်းရန်လည်း နှစ်ကြိမ်လောက် ရယ်မောလိုက်မိပြီး သူမ၏နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိသည်။
ကံကောင်းထောက်မစွာနှင့် စုန့်ရှီးယန်ကတော့ စကားများများ မပြောတတ်သော်လည်း သူ၏အဖေနှင့် နှိုင်းယှဥ်ပါက သူ့ကို စကားပြောသေးသည်ဟု သတ်မှတ်နိုင်ပေသေးသည်။
အရေးကြီးတာက သူက အဖေစုန့်လိုမျိုး မျက်နှာအမူအရာ အကြောသေမနေဘူး...
မျက်နှာအမူအရာ အကြောသေနေသော စုန့်ကျယ်ကတော့ သူ၏အိမ်မှ ထွက်လာပြီးနောက် ဘေးနားတွေင်ရှိ နေသော မှန်ပြတင်းပေါက်တစ်ခုကို ဖြတ်သွားသည့်အချိန်တွင် ရပ်တန့်လိုက်မိပြီး တစ်ချက်လောက်ကြည့်လိုက်မိလေ၏။
သူသည် မှန်ထဲတွင် ပုံရိပ်ထင်နေသော သူ၏မျက်နှာကို ကြည့်လိုက်ပြီး အနည်းငယ်သံသယဝင်သွားခဲ့သည်။
သူက အဲဒီလောက်တောင် ကြောက်စရာကောင်းနေတာလား။
မဟုတ်လောက်ဘူးမလား...?
သူ့ကိုယ်သူ ကြောက်စရာမကောင်းကြောင်း ယုံကြည်ချင်ခဲ့သော်လည်း မတိုင်ခင်က သူ့နဲ့စကားပြောနေချုန်တွင် လင်းရန်၏ ရိုသေလေးစားသော အကြည့်ကို တွေးလိုက်မိလျှင် စုန့်ကျယ်တစ်ယောက် ခဏလောက် တွန့်ဆုတ်ခဲ့ရပြန်ကာ သူ၏ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်လိုက်လေ၏။
ထို့နောက် သူ၏ပါးစပ်ထောင့်များကို အနည်းငယ် မြှင့်လိုက်ပြီး မှန်ထဲကို ကြည့်လိုက်လျှင် တောင့်တင်းပြီး ထူးဆန်းသော အပြုံးတို့ရှိနေသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
စုန့်ကျယ်: “...”
သူသည် ချက်ချင်းပင် အပြုံးကို ဖယ်ရှားလိုက်ပြီး အကြောင်းအရာတစ်ခုကို ထပ်မံအတည်ပြုခဲ့သည် :
သူရဲ့အပြုံးက တကယ်ကို ကြည့်လို့ မကောင်းဘူး။
ဒီလိုဆိုမှတော့ သူ့ရဲ့ဇနီးရှေ့မှာ သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အမူအရာကင်းမဲ့တဲ့ မျက်နှာနဲ့ ဆက်လက်နေထိုင်ရုံသာ တတ်နိုင်တော့မယ်။
...
စုန့်ကျယ် အပြင်သို့ ကန်ထုတ်ခံရပြီးနောက် မကြာခင် စုန့်ရှီးယန်က ချွေးများချွဲနစ်လျက် ပြန်လာခဲ့သည်။
သူ့အနေဖြင့် လွန်ခဲ့သော အချိန်က ကျေးလက်ဒေသတွင် မနက်ခင်း ပြေးလွှားရန် ထွက်လေ့ရှိသော်လည်း မြေမျက်နှာသွင်ပြင်က ကန့်သတ်ထားသောကြောင့် လေ့ကျင့်ခန်းများစွာ မလုပ်နိုင်ခဲ့ပေ။
ဤတစ်ကြိမ်တွင် မိသားစုဝင်းသို့ ပြန်လာခဲ့ချိန်တွင်တော့ သူ့အတွက် လေ့ကျင့်ခန်းလုပ်ရန်အတွက် အခွင့်အရေး ရရှိခဲ့သည်။
သူ ပြန်လာပြီးနောက် လင်းရန်နှင့် ချင်းယွင်ကျစ်တို့နှင့် စကားအနည်းငယ် ပြောလိုခဲ့သော်လည်း ချင်းယွင်ကျစ်က သူကို သဘောမကျစွာ ပြောလာခဲ့သည်။
“မင်းဆီမှာ ချွေးတွေ အများကြီးထွက်နေတာ.. ငါတို့နှစ်ယောက်အနားကို ကပ်မလာနဲ့.. ငါတို့တွေ အနံ့တွေနဲ့မွှန်ထူသွားလိမ့်မယ်.. အပေါ်ကို အမြန်သွားပြီး ရေချိုးပြီးမှ ပြန်ဆင်းလာခဲ့”
စုန့်ရှီးယန်: “...”
လင်းရန်၏ရှေ့တွင်လည်း သူ၏အမေက သူ့ကို မျက်နှာပေးခြင်းပင် မရှိခဲ့ပေ။
ပြီးတော့ သူ့ထံတွင် အနံ့အသက်မရှိသည်က သေချာပေ၏။
စုန့်ရှီးယန်တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးချင်းယွင်ကျစ်နှင့် အငြင်းပွားနေခြင်းမရှိဘဲ အကူအညီမဲ့စွာ ပြန်လှည့်ကာ အပေါ်ထပ်သို့ တက်သွားခဲ့ရသည်။
သူ ရေချိုးနေသည့်အချိန်တွင် ချင်ယွင်လျန်လည်း ရောက်ရှိလာခဲ့သည်။
သူမက ရောက်ရှိလာပြီးသည်နှင့် ဤရက်အနည်းငယ်အတွင်း လင်းရန်ကို အချိန်ပိုပေးနိုင်ရန်အတွက် အနုပညာအဖွဲ့မှ အားလပ်ရက် အနည်းငယ်ကို အထူးတောင်းဆိုခဲ့ကြောင်း ပြောလာခဲ့သည်။
ထို့ကြောင့် စိတ်အေးလက်အေးဖြင့် လင်းရန်နှင့် အတူအဖော်ပြုပေးနိုင်ပေပြီ။
ဆိုရလျှင် သူတို့အနေဖြင့် မူလက နေ့လည်စာစားပြီးနောက် လင်းရန်ကို မြို့ပတ်ပတ်လည်သို့ လိုက်ပို့ရန်နှင့် သူမအတွက် ပစ္စည်းအချို့ ဝယ်ရန် သဘောတူခဲ့ကြသည်။
သို့သော်လည်း ချင်ယွင်လျန်က အလျင်အမြန် ဝင်လာပြီးနောက် ဤသို့ ပြောလာခဲ့လေ၏။
“အစ်မ၊ ကျွန်မတို့တွေ ဘာလို့ မနက်ပိုင်းကတည်းက မြို့ထဲကို မသွားတာလဲ”
“ မနေ့က ချစ်ကြည်ရေးစတိုးဆိုင်ကို ကုန်ပစ္စည်းအသစ်တွေ ရောက်လာတယ်လို့ ကျွန်မ ကြားထားတယ်၊ကျွန်မတို့သာ နောက်ကျမှ ရောက်ရင် ကျွန်မတို့အတွက် ကျန်ပါဦးမလား မသိဘူး”
ချင်းယွင်ကျစ်လည်း ထိုအကြောင်းကို ကြားလျှင် စိတ်လှုပ်ရှားသွားခဲ့သည်။ကွမ်ကျိုးသည်က ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး မြို့ပြဧရိယာများတွင် ဈေးဝယ်စရာနေရာများစွာ ရှိသည်။
ဥပမာ- ကုန်တိုက် နှစ်ခု၊ သုံးခုရှသည်။
သို့သော် ကုန်တိုက်က များစွာ ရှိသော်လည်း ဈေးဝယ်သူများကလည်း များပြားသောကြောင့် အချိန်နဲ့ကိုက်ညှစွာ ကုန်တိုက်တစ်ခုသို့ မသွားပါက ကြိုက်နှစ်သက်ရာကို အမြဲတမ်း ဝယ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ချင်းမိသားစု၏ ညီအစ်မနှစ်ယောက်မှာ ပစ္စည်းဝယ်ရန်အတွက် ချစ်ကြည်ရေးစတိုးဆိုင်သို့ သွားရသည်ကို ပိုမိုနှစ်သက်ကြသည်။
ထိုနေရာရှိ ပစ္စည်းတချို့ကတော့ ပြည်ပမှ တင်သွင်းလာခြင်းဖြစ်ပြီး ပုံစံများသည်လည်း အတော်လေး ထူးခြားသည်။
အနည်းဆုံးတော့ အဝတ်အစားများ ပုံမှန်ဆန်လွန်းခြင်းမဟုတ်ပေ။ ထို့အပြင် ဆန်းသစ်သော ပစ္စည်းကလည်းများစွာ ရှိသည်။
လင်းရန်သာ ၎င်းတို့ကို မြင်ပါက သေချာပေါက် သဘောကျလိမ့်မည်။
ထို့ကြောင့် ချင်းယွင်ကျစ်က လင်းရန်ကို လှမ်းမေးလိုက်သည်။
“ရန်ရန်၊ မင်းနဲ့ စုန့်ရှီးယန် မနက်ပိုင်းမှာ အစီအစဥ်ရှိလား ၊ မရှိဘူးဆိုရင် အန်တီတို့နဲ့အတူ ချစ်ကြည်ရေးစတိုးဆိုင်ကို လိုက်ခဲ့မလား”