← Chapters

အခန်း (၂၂၂)

Vol. 23 Ch. 222

အခန်း (၂၂၂)

Vol. 23 Ch. 222

စုန့်ရှီးယန်တစ်ယောက် လင်းရန်ကို ခေါ်၍ ရထားဘူတာရုံမှ ထွက်လာချိန်တွင် သူတို့၏ရှေ့မှ လူအုပ်ကြီးက များစွာ ရှုပ်ထွေးနေခြင်းမရှိတော့ဘဲ လူများကျဲပါးသွားသည်ကို မြင်လိုက်ရလေ၏။

စုန့်ရှီးယန် သက်ပြင်းချလိုက်မိသည်။

သူ လင်းရန်၏ဘက်ကိုလှည့်ပြီး စကား ပြောတော့မည့်အချိန်တွင် ရုတ်တရက် သူ့နောက်မှ အသံတစ်သံကို ကြားလိုက်ရသည်။

“စုန့်ရှီးယန်! မင်း လျှပ်စစ်လိုကောင်စုတ်လေး!”

စုန့်ရှီးယန် လှည့်လိုက်လျှင် လမ်းဘေးတွင် ရပ်နေသော သူ့၏အမေဖြစ်သူ ချင်းယွင်ကျစ်၊ သူ့အဒေါ် ချင်းယွင်လျန်၊ နောက်ထပ် သူ့၏ဦးလေး ရှကျန်းပန့်တို့က ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့၏နောက်တွင်တော့ စစ်တပ်သုံး အစိမ်းရောင် ဂျစ်ကားတစ်စီးရှိပြီး ၎င်းကို သူ့၏ဦးလေးဖြစ်သူ မောင်းလာခြင်း ဖြစ်နိုင်သည်။

သူတို့ကို မြင်လျှင် စုန့်ရှီးယန်က သူ့၏ဘေးမှ လင်းရန်ကို အလျှင်ပမြန် ပြောလိုက်လေသည်။

“ရန်ရန်.. ကိုယ့်ရဲ့အမေတို့ ရောက်လာပြီ”

လင်းရန်တစ်ယောက် ခဏတာလောက် ထိတ်လန့်သွားပြီးနောက် အသံလာရာနေရာဘက်ကို ကြည့်လိုက်မိသည်။

ထို့နောက်တွင် ချင်းယွင်ကျစ်နှင့် အခြားသူများက ထိုနေရာတွင် ရပ်နေသည်ကို ချက်ချင်းပင် တွေ့လိုက်ရလေသည်။

ပထမအကြည့်တစ်ချက်နှင့်ပင် လင်းရန်တစ်ယောက် စုန့်ရှီးယန်၏ မိခင်က မည်သူဖြစ်သည်ကို သိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ချင်းယွင်ကျစ်က စုန့်ရှီးယန်နှင့် မျက်နှာသွင်ပြင်များ ဆင်တူရုံတင်မက ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် စုန့်ရှီးယန်က သူမ၏ စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ကာကွယ်ရန်အတွက် သူတို့၏မိသားစုထဲတွင်ရှိနေသော လူတိုင်း၏ ရုပ်ရည်နှင့် လက္ခဏာများကို အသေးစိတ် ရှင်းပြခဲ့သည်။

ထို့ကြောင့် လင်းရန်အနေဖြင့် သူမ၏ရှေ့မှ လူသုံးဦးကို လျင်မြန်စွာပင် ခွဲခြား၍ အတည်ပြုနိုင်ခဲ့သည်။

အထူးသဖြင့် အလယ်မှ နူးညံ့သိမ်မွေ့သော သဘောထားရှိသည့် ရုပ်ရည်ချောသောအမျိုးသမီးမှာ အားလပ်ချိန်တွင် အိမ်တွင်နေထိုင်ပြီး စာအုပ်များကိုဖတ်ရှုကာ ပန်းပင်များကို ပျိုးထောင်လေ့ရှိသည်ဟု ပြောခဲ့သော စုန့်ရှီးယန်၏ မိခင်ဖြစ်နေမည်မှာ သေချာပေသည်။

လင်းရန်နှင့် စုန့်ရှီးယန်တို့က သူတို့၏အနီးသို့ မရောက်နိုင်သေးသည်ကို မြင်လျှင် လမ်းတစ်ဖက်တွင်ရှိနေသော ချင်ယွင်ကျစ်တို့က စိတ်မရှည်တော့ဘဲ သူတို့ဆီသို့ အလျင်အမြန် လျှောက်လာခဲ့ကြသည်။

သူတို့သုံးယောက် အရှေ့သို့ လျှောက်လာလေလေ သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများက အံ့သြသင့်မှုများ ပြည့်လာလေလေဖြစ်လာခဲ့သည်။

လင်းရန်၏ ရုပ်ရည်က သူတို့၏ စိတ်ကူးထဲတွင် မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့ပေသည်။

ချင်ယွင်ကျစ်တို့အုပ်စုမှာ စုန့်ရှီးယန်၏ အနာဂတ်ဇနီးသည်အတွက် မိသားစုနောက်ခံကို ဂရုမစိုက်ကြသော်လည်း သူတို့စုန့်မိသားစုသည်က လူအများ၏ လေးစားခြင်းကိုခံရသော မိသားစုကြီးတစ်ခုဟု ပြောနိုင်ပေသည်။ ထို့ကြောင့် သူတို့မိသားစု၏ အနီးအနားရှိ လူများနှင့် ပတ်ဝန်းကျင်သည်လည်း သာမန်မဟုတ်ပေ။

သူတို့မိသားစုဝင်များအနေဖြင့် လင်းရန်၏ အသွင်အပြင်၊ ဝတ်စားဆင်ယင်မှု၊ စကားပြောဆိုပုံနှင့် အပြုအမူများအပေါ် မည်သည့်ထင်မြင်ချက်သဘောထားမှ ရှိနေလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အပြင်မှ လူများအတွက်ကတော့ သူတို့ကဲ့သို့ သဘောထားနေလိမ့်မည်မဟုတ်ပါချေ။

အထူးသဖြင့် အိမ်ရာဝင်းအတွင်းရှိ လူများစွာက အတင်းအဖျင်းပြောဆိုခြင်းကို နှစ်သက်ကြသည်။

သူတို့ာ တခြားသူတို့၏မိသားစုကိစ္စများကို လက်ညိုးထိုးပြရမည်ကို အမြဲတစေ နှစ်သက်ကြသည်။

သူတို့က ကျေးလက်ဒေသမှ လာသော စစ်ဇနီးများကို ပညာမတတ်ကြသော အလုပ်များ မလုပ်တတ်ကြဟူ၍ မကြိုက်နှက်သက်စွာဖြင့် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့တတ်ကြသည်။

ချင်းယွင်ကျစ်အနေဖြင့် လင်းရန်နှင့်ပတ်သက်၍ စိုးရိမ်မှု တစ်ခုတည်းသာရှိပေသည်။ ထိုသည်က အချိန်ရောက်လာလျှင် ဝင်းထဲရှိ ဇနီးသည်များက ထိုကိစ္စအတွက် လင်းရန်ကို ပြောဆိုလာကြမည်ဖြစ်ပြီး လင်းရန် သာ ပြန်လည်ကြားခဲ့ပါက စိတ်မကောင်းဖြစ်နေရလိမ့်မည်။

ထိုအကြောင်းကိုတွေးမိလျှင် သူမ အလွန်ပင် အနှောင့်အယှက်ဖြစ်ရသည်။

သို့သော်လည်း သူတို့၏ ရှေ့မှ မိန်းကလေးမှာ တစ်ကိုယ်လုံးတွင် မည်သို့သော ကျေးလက်ဆန်မှုမျိုးမှ မရှိခဲ့ဘဲ ရုပ်ရည်ကလည်း အလွန်ထူးကဲစွာ ချောမောနေခဲ့မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပါချေ။

သူမသည်က သူတို့၏ လက်ရှိ အနုပညာအဖွဲ့မှ မိန်းကလေးများထက်ပင် ပို၍လှပနေခဲ့သည်။

ထိုသို့သော မိန်းကလေးတစ်ဦးကို မိသားစုဝင်းသို့ ပြန်ခေါ်လာမည်ဆိုပါက လမ်းပေါ်တွင် လမ်းလျှောက်နေခြင်းသည်ပင် အလှဆုံးသောရှုခင်းဖြစ်နေမည်မှာ အသေအချာပင်။

ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့သည်က ငယ်စဉ်ကတည်းက အဖွဲ့ထဲတွင် ချောမောလှပမှုများ၊ ဥာဏ်ရညာထက်မြက်မှုများကြောင့်နာမည်ကြီးကျော်ကြားသော ညီအစ်မများ ဖြစ်ကြသည်။

သူတို့မှာ သူတို့၏ ကိုယ်ပိုင်အလှကို ချစ်မြတ်နိုးခြင်းအပြင် ရုပ်ချောသော အလှလေးများကိုလည်း နှစ်သက်ကြသည်။ ဆိုရိုးစကားတစ်ခုရှိသည်မဟုတ်ပါလား။ “အလှလေးများကို အလှလေးများကသာ စာနာနိုင်သည်”ဟူ၏။

ဤသည်က ချောမောလှပသူများကြားမှ စာနာမှုဟု ခေါ်ရပေမည်။

ထို့ကြောင့် လင်းရန်ကို မြင်လိုက်ရသောအချိန်တွင် သူတို့က ပို၍ပင် သဘောကျသွားခဲ့ကြသည်။ထိုသို့သော လှပသည့် မိန်းကလေးမှ ယခုမှစ၍ သူတို့မိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့မည်။ သူမ၏မျက်နှာကို ကြည့်ရုံဖြင့်ပင် သူတို့ နေ့တိုင်း ထမင်းတစ်ပန်းကန် ပို၍စားဝင်နိုင်ဖွယ်ရှိသည်။

ထို့ကြောင့် ချင်းယွင်ကျစ်က သူမ၏ဘေးတွင် ရပ်နေသော သူမ၏သား စုန့်ရှီးယန်ကို လျစ်လျူရှုကာ လင်းရန်ထံသို့ တိုက်ရိုက် လမ်းလျှောက်သွားပြီး သူမ၏လက်ကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်လိုက်လေသည်။

“ဒါ ရန်ရန်လား.. ရန်ရန်၊ ငါက ချင်းယွင်ကျစ်လေ.. စုန့်ရှီးယန်ရဲ့အမေ.. မင်း ငါ့ကို အန်တီလို့ ခေါ်နိုင်ပါတယ်..သေချာတာပေါ့.. မင်း သာစိတ်မရှိဘူးဆိုရင် စုန့်ရှီးယန်လိုပဲ ခေါ်လို့ရတယ်”

စုန့်ရှီးယန်လိုခေါ်မယ်ဆိုတာက သူမကို “အမေ” လို့ ခေါ်ခိုင်းတာပဲ။

သူမက ယခုနှစ်တွင် အသက်လေးဆယ်ကျော်နေပြီးသည့်အချိန်ကိုရောက်မှ မမျှော်လင့်ဘဲ ဤမျှလှပသော သမီးတစ်ဦးကို ရရှိနိုင်ခဲ့သည်။ ချင်းယွင်ကျစ်တစ်ယောက် အလွန်ပျော်ရွှင်နေခဲ့သည်။

လင်းရန် မတုန့်ပြန်မီပင် သူမ၏ ဘေးနားမှ ချင်းယွင်လျန်သည်လည်း နောက်ကျကျန်မနေခဲ့ဘဲ လင်းရန်၏ တခြားတစ်ဖက်သို့ လျှောက်သွားကာ စုန့်ရှီးယန်ကို အောင်မြင်စွာ ဘေးသို့ တွန်းပို့လိုက်သည်။

“ရန်ရန်.. ငါက စုန့်ရှီးယန်ရဲ့ အဒေါ်လေ.. ငါ့ကို အန်တီလေးလို့ ခေါ်လို့ရတယ်”

ချင်းညီအစ်မများက သူမကို ဘယ်နှင့်ညာတွင် ပူးကပ်လျှက်ချစ်ခင်စွာ ဆုပ်ကိုင်ထားသည်ကို မြင်လျှင့ လင်းရန်တစ်ယောက် အံ့သြသွားရပြီး တစ်ချိန်တည်းမှာပင် မည်သို့လုပ်ရမည်ကို မသိနိုင်တော့ပေ။

သူမအနေဖြင့် စုန့်ရှီးယန်၏ အမေနဲ့အဒေါ်တို့က သူမကို ဤမျှစိတ်အားထက်သန်စွာ ဆက်ဆံလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပါချေ။

ဤသို့စိတ်အားထက်သန်မှုက... သူမ လင်းမိသားစုသို့ ပထမဆုံးအကြိမ် ပြန်ရောက်လာပြီး သူတို့နှင့် တွေ့ဆုံခဲ့ရချိန်နဲ့ တူညီလုနီးပါးဖြစ်နေခဲ့သည်။

လင်းရန်တစ်ယောက် လူနှစ်ယောက်ထံတွင် ဝိုင်းထားခံရပြီး မူးဝေနေရသည်ကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် ကူကယ်ရာမဲ့စွာ ပြောလိုက်မိသည်။

“အမေ၊ အန်တီ.. ပြောစရာရှိရင် အရင်ဆုံး အိမ်ကို ပြန်ပြီး ပြောသင့်တယ်.. ကျွန်တော်နဲ့ ရန်ရန်က ရထားပေါ်မှာ အကြာကြီး နေခဲ့ရတော့ လမ်းမှာ အရမ်းပင်ပန်းနေပြီ”

စုန့်ရှီးယန်၏ စကားများကို ကြားလျှင် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့လည်း သတိပြန်ဝင်လာခဲ့ပြီးနောက် လင်းရန်ကို အရှေ့သို့ တိုက်ရိုက် ဆွဲခေါ်သွားခဲ့ပြန်သည်။

“တောင်းပန်ပါတယ် ရန်ရန် .. အန်တီက သေသေချာချာ မစဉ်းစားမိလိုက်ဘူး.. မင်း ပင်ပန်းနေမှာပဲ..

လာခဲ့... အန်တီက မင်းကို အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလို့ရအောင် ခေါ်သွားပေးမယ်.. ကျန်တာတွေကို နောက်မှ ဆွေးနွေးကြတာပေါ့”

ချင်းယွင်ကျစ်က လင်းရန်အတွက်စိတ်မကောင်းဖြစ်စွာဖြင့် လက်ကို ပုတ်ပေးလိုက်လေသည်။

သူမ၏ဘေးမှ ချင်းယွင်လျန်ကလည်း ခေါင်းညိတ်၍ ပြောလာသည်။

“လာခဲ့ လာခဲ့.. ရန်ရန်၊ ငါတို့ရဲ့ ကားက ဒီဘက်မှာပဲ.. မိနစ်သုံးဆယ်အတွင်း အိမ်ကို ရောက်နိုင်တယ်၊ မင်း ကားထဲမှာ တရေးလောက် အိပ်လို့ရသေးတယ်”

သူတို့နှစ်ယောက်က အလွန်စိတ်အားထက်သန်နေခဲ့သောကြောင့် လင်းရန်တစ်ယောက် မည်သို့ ခုခံရမည်ကိုပင် မသိခဲ့ပေ။

နောက်ဆုံးတွင် သူမ၏ဘေးမှ စုန့်ရှီးယန်နှင့် သူ့၏ဦးလေးကို လှမ်းကြည့်လိုက်မိသော်လည်း သူတို့က မည်သည်ကိုမှ မပြောရဲပုံသာ ရသည်။

လင်းရန်လည်း အဆုံးတွင် ရုန်းကန်နေခြင်းကို လွှတ်ချလိုက်ရန်သာ ဆုံးဖြတ်ခဲ့တော့သည်။

ထားလိုက်ပါတော့။ ဒီအကြီးအကဲနှစ်ယောက်ရဲ့စီစဥ်မှုကိုပဲလိုက်နာလိုက်က်ရအောင်။

ကားပေါ်သို့ ရောက်ပြီးနောက်တွင်တော့ ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့က အမျုးသားနှစ်ယောက်ကို တိတ်တိတ်နေရန် ပြောခဲ့ကြလေ၏။

မူလက သူတို့ထံတွင် လင်းရန်ကို ပြောစရာများစွာ ရှိခဲ့သော်လည်း စုန့်ရှီးယန်က ရထားစီးလာပြီးနောက် လမ်းတစ်လျှောက်လုံး အလွန်ပင်ပန်းနေသည်ဟု ပြောခဲ့သောကြောင့် သူတို့က လင်းရန်ကို ကားထဲတွင် အိပ်စေရန် အတင်းအကျပ် တောင်းဆိုခဲ့ကြလေ၏။

တခြားသူများကိုတော့ စကားပြောဆိုခြင်းကိုတင်မကဘဲ ဆူညံသံများ မပြုလုပ်ရန်အတွက်ပင် အမိန့်ပေးခဲ့သည်။

အပြင်ဘက် လမ်းမမှ ယာဉ်ကြောမှအသံများနှင့် အပြင်ဘက်မှ လူများ၏ အသံများမှလွဲ၍ ကားထဲမှ အသံတစ်သံမှ မကြားရတော့ပေ။

လင်းရန်: “...”

သူမအနေဖြင့် အစပိုင်းတွင် အိပ်ငိုက်ခြင်းမရှိခဲ့သော်လည်း ခဏတာလောက် တိတ်တဆိတ်ထိုင်နေပြီးနောက်တွင်တော့ အမှန်တကယ် အိပ်ငိုက်လာသည်ဟု ခံစားလာခဲ့ရသည်။

သို့နှင့် လင်းရန်၏ မျက်ခွံများက မှေးကျဥ်းသွားပြီး ကားထဲတွင်ပင် အိပ်ပျော်သွားခဲ့လေသည်။

နောက်ဆုံးတွင် လင်းရန်တစ်ယောက် အိပ်ပျော်သွားသည်ကို မြင်လိုက်ရသောကြောင့် တစ်ဖက်စီတွင် ထိုင်နေသော ချင်းညီအစ်မများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြလေ၏။

သူတို့၏ မျက်လုံးများတွင်ထဲ အင်မတန် ကြီးမြတ်သောအရာတစ်ခုကို ပြီးမြောက်ခဲ့သကဲ့သို့သော အောင်မြင်သည့် ခံစားချက်များ ပြည့်နှက်နေခဲ့သည်။

ရှေ့ခုံတွင် ထိုင်နေသော စုန့်ရှီးယန်တစ်ယောက် နောက်ကြည့်မှန်မှတဆင့် သူတို့နှစ်ယောက်၏ အမူအရာကို မြင်လိုက်ရပြီးနောက် စကားမပြောနိုင်ဖြစ်သွားခဲ့ရကာ ဆွံ့အနေခဲ့လေသည်။

All Chapters