အခန်း (၂၃၁)
Vol. 24 Ch. 231
လင်းရန်တစ်ယောက် ချင်ယွင်လျန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် မီးဖိုဘက်သို့ လျှောက်သွားခဲ့သည်။
ချင်ယွင်လျန်တစ်ယောက် အမှန်ပင် အံ့အားသင့်နေခဲ့သည်။
လင်းရန် ချက်ပြုတ်တတ်ကြောင်းကို သူမ အံ့သြခြင်း မရှိခဲ့ပါချေ။
အဘယ်ကြောင့်ဆိုသော် ကျေးလက်တွင် ကြီးပြင်းလာသော မိန်းကလေးများသာမက မြို့ပေါ်မှ မိန်းကလေးများထဲတွင်ပင် ချက်ပြုတ်တတ်သည့်မိန်းကလေးများက နည်းပါးခြင်း မရှိပါချေ။
သို့သော်လည်း လင်းရန်၏ ဟင်းချက်နည်းများအပေါ် ချစ်မြတ်နိုးမှုနှင့် အချက်အပြုတ်နည်းစနစ်များကို နားလည်မှုများကြောင့် အန်တီဝူကိုပင် အံ့အားသင့်စေခဲ့ပုံရသည်။
အန်တီဝူက သူမ၏ အဖိုးအတန်ဆုံးသော မီးဖိုချောင်ကိုပင် လင်းရန်အား အသုံးပြုခွင့် ပေးခဲ့သည်ကို မြင်လိုက်ရချိန်တွင်တော့ ချန်ယွင်လျန်တစ်ယောက် အလွန် အံ့အားသင့်ခဲ့ရသည်။
ဒီတော့ နောက်အနာဂတ်မှာ သူမရဲ့အစ်မဖြစ်သူ အငတ်ခံနေရမှာကို စိုးရိမ်စရာ မလိုတော့သလိုတော့တာများလား?
လင်းရန်အနေဖြင့် သူမ၏ဘေးမှ ချင်ယွင်လျန်၏ မျက်လုံးများထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော စိတ်လှုပ်ရှားမှုကို သတိမထားမိဘဲ ဟင်းလျာများကို အလေးအနက် ပြင်ဆင်နေခဲ့သည်။
အန်တီဝူ၏ မီးဖိုထဲတွင် အမျိုးမျိုးသော ဟင်းချက်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များက ပေါများကြွယ်ဝစွာရှိနေခဲ့သည်။
ပင်လယ်သခွားသီး၊ ခုံးကောင်နှင့် တခြားသော ပင်လယ်စာအမျိုးမျိုးပင် ရှိနေခဲ့လေ၏။
သို့သော် လင်းရန်၏ မျက်လုံးများက ဤအဖိုးတန် ပစ္စည်းများကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
ဆိုရလျှင် သူမက ပင်လယ်သခွားသီးနှင့် ခုံးကောင်တို့ကို မှတ်မိနေလျှင်ပင် သူမ၏ လက်ရှိအနေအထားနှင့် နောက်ခံတို့အရ ဤပစ္စည်းများအပေါ် ရင်းနှီးကျွမ်းဝင်ကြောင်း ပြသ၍မရပေ။
၎င်းတို့၏ ချက်ပြုတ်နည်းကို သိထားကြောင်းကိုလည်း ပြသ၍မရပါချေ။
ထို့ကြောင့် သူမာ တခြားပါဝင်ပစ္စည်းများဆီသို့ အာရုံပြောင်းလိုက်ပြီး ငါးတစ်ကောင်ကို ရွေးချယ်ကာ ရှဉ့်ငါးဟင်းလျာ (အလှဆင်ပုံစံတွေနှင့် ပြင်ဆင်တဲ့ငါးချိုချဥ်ဟင်း)တစ်ပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သည်။
တကယ်တမ်းတွင် ရှဉ့်ငါးဟင်းလျာက ပြုလုပ်ရန် မခက်ခဲပုံရသော်လည်း ချက်ပြုတ်လိုက်ချိန်တွင်တော့ အဆင့်အတန်းမြင့်သည့်ဟန်ရှိသည်။
အဓိကသော့ချက်မှာ စားဖိုမှူး၏ ဓားပညာပေါ်တွင် မူတည်လိမ့်မည်။ ငါးကို လှီးဖြတ်ရာတွင် လှပသော ပုံစံများ ဖြစ်ပေါ်စေရုံသာမက ငါးကို မကြေမွသွားစေရန်လည်း ကာကွယ်ရသည်။
အနည်းဆုံး အသားမျှင်လေးတစ်ခု ပြတ်တောက်သွားလျှင်ပင် နောက်ဆုံးထွက်လာသည့် ပုံရိပ်ကို ထိခိုက်စေနိုင်သောကြောင့် ဤဟင်းလျာက စားဖိုမှူးတစ်ဦး၏ အခြေခံအဆင့်အတန်းကို အပြည့်အဝ ထင်ဟပ်စေနိုင်သည်။
ဆိုရလျှင် လင်းရန်က သူမ၏ အတိတ်ဘဝတွင် ဤဟင်းလျာကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ခဲ့ရသောကြောင့် ဤဟင်းလျာကို သူမ၏ အထူးပြုဟင်းလျာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
သူမ ချက်ပြုတ်နေစဉ် အန်တီဝူက ဘေးဘက်မှ ကြည့်နေခဲ့သည်။ လင်းရန်က အဆင့်တိုင်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြောင်း၊ လှုပ်ရှားမှုများလည်း အလွန် လျင်မြန်ပြီး ငါးညှီနံ့ကို လုံးဝ စက်ဆုပ်ခြင်းမရှိကြောင်းတို့ကို မြင်တွေ့ရချိန်တွင် အန်တီဝူက စိတ်ထဲမှ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
လင်းရန်သည် ရှဉ့်ငါးဟင်းလျာကို အဆုံးသတ် ချက်ပြုတ်ပြီးသောအချိန်တွင် သူမက ပို၍ပင် စိတ်ကျေနပ်သွားခဲ့တော့သည်။
“အိုး ဘုရားရေ! ရန်ရန်.. မင်း ချက်ထားတဲ့ ဒီဟင်းက အရမ်းကြည့်ကောင်းတာပဲ!”
အရသာကို မဆိုထားနှင့်ဦး။ ဤဟင်းလျာ၏ ပုံပန်းသဏ္ဌာန်တစ်ခုတည်းကြောင့်ပင် ချင်ယွင်လျန်၏ မျက်လုံးက အလင်းရောင်များ တောက်ပလာသည်ဟု ခံစားရသည်။
ငါးတစ်ကောင်လုံးမှာ ခရမ်းချဉ်သီးဆော့စ်များထြင့် ဆမ်းလိုက်သောအခိုက်တွင် ရွှေရောင်အဆင်းသို့ လုံးဝ ပြောင်းလဲသွားပြီး ငါးကို လှီးထားသော ဓားရာများကလည်း ဆီဖြင့် အပူပေးကာကြော်ထားသောကြောင့် ဤအခိုက်အတန့်တွင် ရွှေရောင်ဖီးနစ်ငှက်တစ်ကောင် အတောင်ဖြန့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ငါးတစ်ကောင်လုံးမှာ အစားအစာဆိုသည်ထက် အနုပညာလက်ရာ တစ်ခုနှင့် ပိုတူနေခဲ့သည်။
ချင်ယွင်လျန်တစ်ယောက် ဤဟင်းလျာကြောင့် လင်းရန်ကို လုံးဝ အထင်ကြီးလေးစားသွားခဲ့သည်။
အန်တီဝူအတွက်ကတော့ သူမက လောကကြီးအကြောင်းကို များစွာ မြင်ဖူးထားသူဖြစ်သောကြောင့် လင်းရန်ပြုလုပ်သော ရှဉ့်ငါးဟင်းလျာကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သည့်အရရိပ်အယောင်မျိုး အလွန်အကျွံ မပြသခဲ့ပါချေ။
သူမက လင်းရန်ကို သဘောကျ၍ချီးကျူးလို့သော မျက်လုံးများ ဖြင့်သာ ကြည့်လာခဲ့သည်။
“အဘွား.. ကျွန်မ ချက်ပြီးပါပြီ.. အရသာ မြည်းစမ်းကြည့်ပါဦး”
လင်းရန်က တူတစ်စုံယူပြီး အန်တီဝူဆီသို့ လှမ်းပေးလိုက်လျှင် တစ်ဖက်မှလည်း ငြင်းဆန်ခြင်းမရှိဘဲ လှမ်းယူလိုက်သည်။
သို့သော်လည်း သူမက တူဖြင့် ငါးကို တိုက်ရိုက်ယူမစားသေးဘဲ ဟင်းရည်ကို အရင်ဆုံး အနည်းငယ်လောက် တို့ထိကာ မြည်းလိုက်သည်။
လင်းရန်၏ ငါးကိုချက်ပြုတ်ပုံက အမြင်အားဖြင့် အရာအားလုံး မှန်ကန်ပုံရသော်လည်း အပေါ့အငံနှင့် အရသာကိုတော့ မြည်းစမ်းကြည့်မှသာ သိနိုင်လိမ့်မည်။
စားဖိုမှူးများအတွက် အရောင်၊ အနံ့နှင့် တခြားသောအချက်များများက ပထမဦးစားပေးဖြစ်သော်လည်း၊ အရသာကတေ့ ဟင်းလျာတစ်ခု၏ အခြေခံအကျဆုံးဖြစ်ပေသည်။အရသာ မြည်းပြီးနောက် အန်တီဝူက မပြုံးဘဲ မနေနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုဟင်းလျာ၏ အရသာသည်လည်း ၎င်း၏ ပုံပန်းသဏ္ဌာန်အတိုင်း ပြည့်စုံလွန်းနေခဲ့သောကြောင့်သာ ဖြစ်သည်။
“ကောင်းတယ်”
ရိုးရှင်းသော စကားလုံးနှစ်လုံးသာ ဖြစ်သော်လည်း ၎င်းက အန်တီဝူ၏ မြင့်မားသော ချီးကျူးမှုကို ဖော်ပြနေပေပြီ။
ဘေးနားတွင်ရှိနေသော ချင်ယွင်လျန်မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်လုံးများက ပို၍ပင် ပြူးကျယ်သွားရပြန်သည်။
အန်တီဝူ၏ ကြီးကြပ်မှုအောက်တွင် ကြီးပြင်းလာသူတစ်ဦးအနေဖြင့် ချင်ယွင်လျန်က အန်တီဝူအား ရာခိုင်နှုန်း ပြည့် နားလည်သည်ဟု မဆိုနိုင်လျှင်ပင် သူမ၏ အလေ့အထအများစုကိုတော့ ကောင်းစွာ သဘောပေါက်ထားခဲ့သည်။
အကယ်၍ သူမက တစ်စုံတစ်ဦး၏ ချက်ပြုတ်မှုစွမ်းရည်ကို ချီးမွမ်းခဲ့သည်ဆိုပါက ထိုသူ၏ လက်ရာက သာမန်အဆင့် လုံးဝ မဟုတ်သည်မှာ သေချာပေါက်ပင်။
ချင်ယွင်လျန်တစ်ယောက် ယခုအချိန်တွင် လင်းရန်ကို ပို၍ လောဘကြီးသော အကြည့်ဖြင့် ကြည့်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် လင်းရန် ချက်ပြုတ်ထားသော ရှဉ့်ငါးဟင်းလျာကို စားကြည့်ရန် အလွန် စိတ်အားထက်သန်နေခဲ့သည်။
အန်တီဝူက လင်းရန်၏ ဟင်းချက်လက်ရာကို မှတ်ချက်ပေးပြီးနောက် တိုက်ရိုက်မေးလိုက်သည်။
“ဒီနေ့ နေ့လည်ဘက်မှာ မင်း ဘာတွေ လုပ်စရာရှိသေးလဲ.. မရှိရင် ငါ မင်းကို သင်ခန်းစာတစ်ခုလောက် သင်ပေးရမလား”
လင်းရန်လည်း ချင်ယွင်လျန်ကို ကြည့်လိုက်သည်။ နေ့လည်ပိုင်းတွင် တခြား အစီအစဉ်များ ရှိ၊မရှိကို သူမ မသေချာပေ။
သူမ၏အမူအရာကို မြင်လျှင် ချင်ယွင်လျန်က ချက်ချင်းပင်ငြင်းဆန်လိုက်သည်။
“မရှိဘူး၊ နေ့လည်ပိုင်းမှာ တခြားလုပ်စရာမှ ဘာမှမရှိဘူး.. မင်း သေချာပေါက် နေလို့ရတယ်!”
အမှန်တကယ်တော့ နေ့လည်ပိုင်းတွင် သူတို့၌ လုပ်စရာ မရှိသည်တော့မဟုတ်ပေ။ သို့သော်လည်း ထိုမျှလောက်ကျွမ်းကျင်သည့် အန်တီဝူ၏ လမ်းညွှန်မှုကို ရရှိရန် အခွင့်အရေးရှိဖို့က ပို၍ အရေးကြီးပေသည်။
နေ့လည်ပိုင်းတွင် အရေးကြီးကိစ္စ တစ်ခုခု ဖြစ်လာလျှင်ပင် သူမက အဆင်ပြေကြောင်းသာ ပြောလိမ့်မည်။
သူမ၏ စကားကို ကြားလျှင် လင်းရန်တစ်ယောက် သက်ပြင်းချလိုက်ပြီး အန်တီဝူကို ကြည့်လိုက်သည်။
“ဒါဆို အဘွား.. နေ့လည်ပိုင်းမှာကျွန်မကြောင့် အလုပ်ရှုပ်ခိုင်းရဦးမယ် ထင်တယ်”
“ကိစ္စမရှိဘူး၊ မင်းတို့နဲ့ အတူရှိနေရတာက ပျော်စရာကောင်းတာပဲလေ”
ဤကိစ္စကို သဘောတူပြီးနောက် သူတို့လည်း စားသောက်ရန်အတွက် အဓိကခန်းမသို့ သွာားခဲ့ကြသည်။
တစ်ဖက်တွင်တော့ ထိုနေရာတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့် ချင်းယွင်ကျစ်မှာ စိုးရိမ်ပူပန်နေခဲ့ပေပြီ။ သူမက မီးဖိုချောင်ဘက်သို့ သွားကြည့်ရန် တွေးတောနေစဥ် သူတို့အားလုံး ပြန်လာသည်ကိုမြင်လိုက်ရသည်။
“ဘာဖြစ်လို့ ကြာနေတာလဲ”
သူမ မျက်မှောင်ကြုတ်လိုက်ပြီး လင်းရန်ကိုလည်း စိုးရိမ်တကြီးဖြင့် ကြည့်လိုက်မိသည်။
လင်းရန်က သူမကို ပြုံးပြလုက်လေ၏။
“ဘာမှမဖြစ်ခဲ့ပါဘူး အန်တီ”
ချင်းယွင်ကျစ်က ထပ်မံ မေးမြန်းချင်ခဲ့သော်လည်း သူမ၏ဘေးမှ ချင်ယွင်လျန်က နောက်ထပ် မစောင့်နိုင်တော့ပါချေ။
သူမက သူမ၏ အစ်မဖြစ်သူပြောချင်နေသည့် စကားကို လျင်မြန်စွာ ဖြတ်ပြောလိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ကာ ပြောလာခဲ့သည်။
“အစ်မ၊ ကျွန်မ အစ်မကို ပြောပြမယ်.. ဒီနေ့ ချက်ထားတဲ့ ဟင်းတွေကို သေသေချာချာမြည်းစမ်းကြည့်လိုက် .. ဒီဟင်းလျာတွေထဲက တစ်ပွဲက အစ်မကို သေချာပေါက် အံ့အားသွားစေလိမ့်မယ်!”
ဒါက ဘာကို ဆိုလိုတာလဲ။
ချင်းယွင်လျန်၏ စကားက ချင်းယွင်ကျစ်၏ စူးစမ်းချင်စိတ်ကို အောင်မြင်စွာ လှုံ့ဆော်ခဲ့သည်။ သူမက စားပွဲပေါ်ရှိ ဟင်းလျာများကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သော်လည်း ဟင်းလျာများက အရသာရှိသည့်ပုံဖြစ်နေသည်မှလွဲ၍ ထူးခြားသည့်အရာကို တစ်ခုမှ မတွေ့ရပေ။
ထူးခြားသည့်အရာ တစ်ခုရှိသည်ဆိုလျှင်လည်း ထိုဟင်းလျာများထဲမှ တစ်ပွဲမှာ သာမန်ထက် ထူးခြားပြီး လှပနေခြင်းသာ ဖြစ်လိမ့်မည်။
ချင်းယွင်ကျစ်၏ မျက်လုံးများမှာ ရွှေရောင် ရှဉ့်ငါးဟင်းလျာဆီသို့ ချက်ချင်း ဆွဲဆောင်ခံလိုက်ရရသည်။
ချင်ယွင်လျန်က မြည်းစမ်းကြည့်ရန်သာ ပြောခဲ့ပြီး ရှင်းပြခြင်းမရှိခဲ့ချေ။ ထို့အစား လူတိုင်းကို စားပွဲမှာဝင်ထိုင်ရန်သာ ဖိတ်ခေါ်ခဲ့သည်။
ချင်းယွင်ကျစ်လည်း စိတ်ရှုပ်ထွေးစွာဖြင့် စားပွဲတွင် ဝင်ထိုင်လိုက်ရသည်။
ပထမတွင် သူမက ဤဟင်းလျာများတွင် မည်သည့်အရာက ထူးခြားသည်ကို ရှာဖွေရမည်ဟု တွေးထားခဲ့သော်လည်း သူမ၏ တူကို စတင် အသုံးပြုလိုက်သည့်အချိန်မှစ၍ ထိုအတွေးတို့က ချက်ချင်း ပျောက်ကွယ်သွားခဲ့လေ၏။
သူမ၏ စိတ်ထဲတွင်အတွေးတစ်ခုသာ ရှိတော့သည်။
“အရသာရှိလိုက်တာ!”
သူမအနေဖြင့် အန်တီဝူ ချက်ထားသည့်အစားအသောက်များကို အကြိမ်ရေ မသိလောက်သည်အထိ စားခဲ့ဖူးသော်လည်း စားမိသည့်အချိန်တိုင်း ငိုချင်လောက်အောင် အရသာရှိနေဆဲပင်။
သို့သော် ရှဉ့်ငါးဟင်းလျာကို စားပြီးနောက်တွင် ချင်းယွင်ကျစ်တစ်ယောက် ရုတ်တရက် တစ်စုံတစ်ခု မှားနေကြောင်းကို သဘောပေါက်လိုက်သည်။
“ဒီအရသာက အန်တီဝူရဲ့ လက်ရာနဲ့ အရမ်း ကွာခြားနေသလိုပဲ.. အန်တီဝူ၊ ဒါ ဒီနေ့ ကျွန်မတို့အတွက် အထူးဟင်းလျာအဖြစ် ချက်ထားတာလား”
ချင်းယွင်ကျစ်က အန်တီဝူဘက်သို့ လှမ်းကြည့်ကာ မေးလိုက်မိသည်။