← Chapters

အခန်း (၂၃၂)

Vol. 24 Ch. 232

အခန်း (၂၃၂)

Vol. 24 Ch. 232

ချင်းယွင်ကျစ်တို့ညီအမအနေဖြင့် အန်တီဝူနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ကြသောကြောင့် တစ်ဦးချင်းစီ၏ စားချင်သည့် စိတ်ဆန္ဒနှင့် နှစ်သက်သည့်အရာသာများ အကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိထားခဲ့ကြသည်။

သူမ သိထားသည့်အတိုင်းဆိုလျှင် အန်တီဝူက အရသာရှိသည့် ဟင်းလျာအားလုံးကို ချက်ပြုတ်နိုင်ပေသည်။ သို့သော်လည်း ဧည့်သည်များကသာ အထူးတလည် တောင်းဆိုမှုများ မရှိပါက ချက်ပြုတ်ရန် အနှစ်သက်ဆုံးသော အရသာများမှာ အစပ်သာဖြစ်ပေသည်။

ထို့ကြောင့် သူတို့ လာသည့်အချိန်တိုင်း အန်တီဝူ ချက်ပြုတ်သော ဟင်းလျာများမှာ အမြဲတမ်း စပ်နေလေ့ရှိသည်။

ယနေ့ ငါးဟင်း၏အရသာက ချိုချိုချဉ်ချဉ်ရှိပြီး အရသာအလွန်ကောင်းသည်မှာ သေချာသော်လည်း အန်တီဝူ၏ ပုံမှန်ချက်ပြုတ်သည့် အလေ့အထနှင့် မကိုက်ညီပေ။

ထို့ကြောင့် ချင်းယွင်ကျစ်က လင်းရန် ရောက်လာခြင်းကြောင့် အန်တီဝူက အထူးတလည် ချက်ပြုတ်ထားသော အရသာအသစ် ဖြစ်လိမ့်မည်ဟု မသိစိတ်မှ တွေးလိုက်မိသည်။

သို့သော် သူမ ထိုမေးခွန်းကို မေးလိုက်သည်နှင့် ချင်ယွင်လျန်က ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ရယ်မောလာတော့သည်။

“ဟားဟားဟား.. အစ်မ ဒီဟင်းကို အန်တီဝူ ချက်ထားတာ မဟုတ်ဘူး”

“အာ? အန်တီဝူ ချက်ထားတာမဟုတ်ရင် ဘယ်သူ ချက်တာလဲ.. နင် ချက်တာတော့ မဖြစ်နိုင်ပါဘူး”

ချင်းယွင်ကျစ်က ချင်ယွင်လျန်ကို မေးခွန်းထုတ်လိုစွာ ကြည့်လိုက်မိသည်။

သူမက ညီမဖြစ်သူ၏ အရည်အချင်းကို ကောင်းစွာသိထားသည်။

ချင်းယွင်လျန်၏ အချက်အပြုတ်စွမ်းရည်က သူမထက် ပိုကောင်းသော်လည်း သူမ၏ အကောင်းဆုံးဟင်းလျာကပင် အရသာ တစ်ဝက်တစ်ပျက်လောက်သာ ရှိနေတတ်သည်။

ဆိုရလျှင် သူမ၏ ညီမဖြစ်သူသည်လည်း အချက်အပြုတ်စွမ်းရည်က သူမထက် များစွာပိုမသာပါချေ။

ထို့ကြောင့် ဤမျှခက်ခဲသော ဟင်းလျာကို သူမ ပြုလုပ်နိုင်ဖို့ရန် လုံးဝ မဖြစ်နိုင်ပေ။

“ကျွန်မ ချက်တယ်လို့လည်း မပြောပါဘူး.. ဒီနေရာမှ ကျွန်မတစ်ယောက်ပဲရှိနေတာမှ မဟုတ်တာ”

ချင်ယွင်လျန်တစ်ယောက် သူမ၏ အစ်မဖြစ်သူ ဤကဲ့သို့ ရှုပ်ထွေးနေသည်ကို မမြင်ခဲ့ဖူးသောကြောင့် အားပါးတရရယ်မောလိုက်မိလေ၏။

တခြားလူရှိနေတာလား?

ချင်းယွင်ကျစ်လည်း နောက်ဆုံးတွင်တော့ တုံ့ပြန်နိုင်ခဲ့ပြီး အံ့အားသင့်သည့်အမူအရာဖြင့် လင်းရန်ကို ကြည့်လိုက်မိသည်။

“ရန်ရန်.. ဒီဟင်းကို မင်း ချက်ထားတာလား”

လင်းရန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“အန်တီ၊ ဒီဟင်းက ကျွန်မ ချက်ထားတာပါ.. အန်တီ အကြိုက်တွေ့ရဲ့လား”

“ရန်ရန်၊ မင်းက ဟင်းချက် အရမ်းတော်တာပဲ!”

ချင်းယွင်ကျစ်အနေဖြင့် သူမ ဤဟင်းကို စားလိုက်စဉ်က မည်မျှ အံ့သြသွားရသည်ကို ပြန်စဉ်းစားမိပြီးနောက် လင်းရန်ကို ထပ်မံကြည့်လိုက်ချိန်တွင် မျက်လုံးများက ပို၍ ပြူးကျယ်လာခဲ့သည်။

လင်းရန်အနေဖြင့် အန်တီဝူ၏ရှေ့တွင် ဤသို့ ချီးကျူးခံရသောကြောင့် မနေတတ်တော့ဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။

“မဟုတ်ပါဘူး၊ ကျွန်မက နည်းနည်းပါးပါးလေးပဲ သိတာပါ.. အန်တီဝူရဲ့စွမ်းရည်နဲ့ဆိုရင် လုံးဝ နှိုင်းယှဉ်လို့မရဘူး”

“စကားပြောနေတာ တော်ပြီ၊ ခဏနေရင် ဟင်းတွေ အေးကုန်မယ်.. ပြောစရာရှိရင် နောက်မှပြောကြ.. အချိန်ရှိသေးတာပဲလေ.. အရင်ဆုံး စားကြရအောင်”

နောက်ဆုံးတွင် အန်တီဝူက စကားဝိုင်းကို ရပ်တန့်စေလိုက်သည်။

ချင်းယွင်ကျစ်လည်း ထိုသို့ တွေးမိပြီး စကားပြောချင်စိတ်ကို ထိန်းချုပ်ကာ အလေးအနက်စားသောက်ခဲ့သည်။

ရှဉ့်ငါးဟင်းလျာကိုတော့ ချင်းညီအစ်မနှစ်ယောက်က ဟင်းရည်ပင် မကျန်အောင် စားသောက်ခဲ့ကြသည်။

ချိုချိုချဉ်ချဉ် ခရမ်းချဉ်သီးဆော့စ်ကို ထမင်းနှင့် ရောစားရသည်က ပို၍ စားမြိန်စေခဲ့သည်။

ညစာစားပြီးနောက်တွင် လင်းရန်က ပန်းကန်များကို ကူညီရှင်းလင်းပေးပြီးနောက် အန်တီဝူ၏ နောက်ဖေးခြံဝင်းဆီသို့ ခေါ်ဆောင်ခြင်းကို ခံရသည်။

ခြံဝင်းထဲရှိ ဒေါက်တိုင်များတွင် ဝက်ပေါင်ခြောက်တုံးကြီးများစွာ ချိတ်ဆွဲထားသည်ကို သူမ မြင်လိုက်ရပြီး ၎င်းတို့အားလုံးကိုလည်း ကောင်းစွာ သမအောင် နယ်ထားပုံရသည်။

၎င်းတို့ထဲမှ တစ်ခုကို လှီးဖြတ်ထားပြီး အတွင်းဘက်ရှိ နီညိုရောင် အသားများက ရှင်းရှင်းလင်းလင်း ပေါ်ထွက်နေကာ အပြင်ဘက်မှ အဆီအလွှာကလည်း မွှေးပျံ့သောဆီရနံ့တို့ရှိနေပြီး အရောင်တောက်ပနေခဲ့သည်။

ပထမတစ်ချက်ကြည့်ရုံဖြင့်ပင် အရည်အသွေးမြင့် ဝက်ပေါင်ခြောက် ဖြစ်ကြောင်း သိသာပေသည်။

ဝက်ပေါင်ခြောက် ပြုလုပ်ခြင်းလုပ်ငန်းစဉ်က မရိုးရှင်းလှပါချေ။ သို့သော်လည်း အန်တီဝူအနေဖြင့် မတိုင်ခင်က လင်းရန်ချက်ပြုတ်ခဲ့ချိန်တွင် ငါးကို ဂရုတစိုက်နှင့် ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့သည်ကို မြင်လိုက်ရပေသည်။

ထို့ကြောင့် လင်းရန်က ဤဝက်ပေါင်ခြောက်လုပ်နည်းကို သင်ယူနိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်သွားခဲ့သည်။

ဆိုရလျှင် သူမကို စိတ်မဖြောင့်ဖြစ်စေသည့် ကိစ္စက တစ်ခုတည်းသာရှိပေ၏။

မကြာသေးခင်အချိန်က သူမ လင်းရန်ကို မေးမြန်းလိုက်ချိန်တွင် သဘက်ခါမနက်၌ ဇာတိရွာသို့ ပြန်တော့မည်ဖြစ်ကြောင်းနှင့် ကွမ်ကျိုးတွင် သုံးရက်သာ နေထိုင်ခွင့်ရခဲ့ကြောင်းကို သိလိုက်ရသည်။ထို့ကြောင့် ယနေ့ နေ့လည်ပိုင်းအချိန်မှလွဲ၍ ကျန်သည့် နှစ်ရက်တွင် မနက်ဖြန် တစ်ရက်သာ သူမနှင့် အချိန်ဖြုန်းနိုင်တော့မည်ဖြစ်ပြီး သဘက်ခါတွင် မီးရထားဘူတာရုံသို့ ထွက်ခွာရတော့မည် ။ ထို့အတွက် သင်ကြားပေးရန် အချိန်များစွာမရှိတော့ပေ။

ထို့ကြောင့် သူမဘက်မှ သူမ၏ တတ်ကျွမ်းမှုများကို လင်းရန်ဆီသို့ တတ်နိုင်သမျှ ပေးအပ်နိုင်ခဲ့သော်လည်း သူမ ကိုယ်တိုင် ဝက်ပေါင်ခြောက်အနည်းငယ်လုပ်ပြသည်ကို ကြည့်နိုင်ရန်အတွက် အခွင့်အရေး မရှိတော့ပေ။

သို့သော် ထိုအကြောင်းအရာများအပြင် သူမအတွက် ဝမ်းသာစရာ သတင်း တစ်ခုကို သိရှိခဲ့သည်။

သူမ၏ ရှစ်တိ (ဆရာတူ မောင်)ဖြစ်သူမှာ လင်းရန်၏ ဇာတိမြို့ရှိ မြို့ဧရိယာတွင် နေထိုင်လျက်ရှိနေပေ၏။

သူမ၏ ရှစ်တိဆိုသည်က သူမ၏ ဖခင်ဖြစ်သူ မွေးစားထားသော မိဘမဲ့ကလေးတစ်ဦးဖြစ်ပြီး သူမနှင့် အသက်အရွယ်အားဖြင့် သူမနှင့် တူညီလုနီးပါးရှိသည်။

နောက်ပိုင်းတွင် သူမ၏ ဖခင်ဖြစ်သူက သူမ၏ ရှစ်တိသည်လည်း ချက်ပြုတ်သည့်ပညာရပ်တွင် အရည်အချင်းရှိသည်ကို မြင်ခဲ့ပြီး နည်းစနစ်တချို့ကို သင်ပေးခဲ့သည်။

ထို့နောက်တွင် သူမ၏ ရှစ်တိက ဤကျွမ်းကျင်မှုကို အားကိုးပြီး ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်ခဲ့ကာ အချက်အပြုတ်လောကတွင် နေရာရလာခဲ့သည်။

သို့သော် သူတို့နှစ်ယောက်မှာ ဆရာတစ်ဦးတည်းထံမှ ဆင်းသက်လာကြသူများဖြစ်သောကြောင့် နှစ်ယောက်လုံး တစ်နေရာတည်းတွင် အတူရှိနေမည်ဆိုပါက ပြိုင်ဆိုင်မှုများကို ရှောင်လွှဲ၍ ရနိုင်လိမ့်မည်မဟုတ်ပါချေ။

ထို့ကြောင့် နောက်ပိုင်းတွင် သံသယများ ရှောင်ရှားရန်အတွက် သူမ၏ ရှစ်တိက တခြားတစ်နေရာသို့ ထွက်သွားခဲ့လေ၏။

သူ သွားခဲ့သော နေရာမှာ တိုက်ဆိုင်စွာဖြင့် လင်းရန်၏ ဇာတိမြို့ပင် ဖြစ်နေခဲ့သည်။

နောက်ပိုင်းအချိန်များတွင် သူက ထိုနေရာတွင်ပင် သူ၏ လက်ရှိဇနီးဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး နှစ်ယောက်ကြားတွင် ဆက်ဆံရေးကောင်းမွန်ခဲ့သောကြောင့် လက်ထပ်ခဲ့ပြီး သားသမီးများ ရရှိခဲ့ကာ ထိုနေရာတွင်ပင် အပြီးအပိုင် အခြေချခဲ့သည်။

ဤဆရာတူမောင်နှမ နှစ်ယောက်အတွက် တွေ့ဆုံရန် မလွယ်ကူသော်လည်း စာများဖြစ် ဖလှယ်နေဆဲသာဖြစ်ပေသည်။ အားလပ်ရက်များတွင်လည််း သူမ၏ ရှစ်တိက မိသားစုနှင့်အတူ သူမကို လာရောက် တွေ့ဆုံလေ့ရှိသည်။

သေချာပေ၏။ ထိုအကြောင်းအရာများက အရေးအကြီးဆုံး မဟုတ်ပါချေ။

အရေးအကြီးဆုံးက လင်းရန်အတွက် သူမဆီသို့ လာရန် အဆင်မပြေသော်လည်း သူမ၏ ရှစ်တိရှိနေသော နေရာက လင်းရန်၏ အိမ်နဲ့ ဝေးကွာခြင်းမရှိ ဆိုသည့် အချက်သာ ဖြစ်သည်။

လင်းရန်ထံတွင် နားမလည်သော ကိစ္စများရှိလာပါက သူမ၏ရှစ်တိဆီသို့သွားပြီး အကြံဉာဏ်များကို တောင်းခံနိုင်ပေသည်။

ဒီမိန်းကလေးမှာ အရည်အချင်းတွေရှိတယ်။ သူမ ဒီလိုမျိုး ကောင်းမွန်တဲ့ အရည်အချင်းကို လက်လွတ်မခံချင်ဘူး။

ထို့ကြောင့် အန်တီဝူက လင်းရန်ကို ဝက်ပေါင်ခြောက် ပြုလုပ်နည်းကို ညွှန်ကြားသင်ပြပေးခဲ့ပြီးနောက် ထိုအကြောင်းကို ဆက်ပြောပြခဲ့သည်။

လင်းရန်အနေဖြင့် သူမ၏စကားကို ကြားလျှင် အလွန်အမင်းအံ့အားသင့်သွားခဲ့ရသည်။

ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ကောင်းမွန်တဲ့ကိစ္စမျိုးတွေ ဖြစ်လာနိုင်တာလဲ?

“တကယ်လို့ အဲဒီလူကြီးမင်းကသာ စိတ်မရှိဘူးဆိုရင် ကျွန်မ သေချာပေါက် သွားပါ့မယ်!”

သူမ၏ အတိတ်ဘဝတုန်းက တစ်ဦးတည်း လေ့လာသင်ယူလာခဲ့ရခြင်းဖြစ်ပေသည်။ အကြောင်းအရာ အတော်များများကို သိခဲ့သော်လည်း သူမ မချက်ပြုတ်နိုင်ခဲ့သော ဟင်းလျာအနည်းငယ်လည်း ရှိနေခဲ့သည်။

သူမ ချက်ပြုတ်သော ဟင်းလျာများမှာ ရေရှည် လေ့ကျင့်မှုများမှ ရရှိထားခြင်းဖြစ်ပြီး ကြိုးစားအားထုတ်မှုနှင့် လုံ့လဝီရိယ၏ ရလဒ်ဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင်တော့ သူမက အချက်အပြုတ်လောကမှ ဆရာကြီးတချို့ကို သွားရောက်တွေ့ဆုံခဲ့သော်လည်း ထိုဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများထံတွင် အလွန်တင်းကျပ်သော စည်းမျဉ်းများရှိသည်။

တစ်ခါတစ်ရံ အကြံဉာဏ်ပေးခြင်းက အဆင်ပြေသော်လည်း အဖိုးတန်သော ကျွမ်းကျင်မှုများကို လက်ထောက်၍ သင်ပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ပေ။

သူတို့က သူတို့ တစ်သက်တာလုံး သင်ယူခဲ့သော ပညာရပ်များကို သူတို့၏ အချစ်ဆုံး တပည့်များကို သို့မဟုတ် သားသမီးများကိုသာ လက်ဆင့်ကမ်းလေ့ရှိပြီး ၎င်းတို့၏ အတွေ့အကြုံကို ကြုံရာကျပန်းသင်ကြားပေးလေ့ မရှိပါချေ။

ထို့ကြောင့် လင်းရန်အနေဖြင့် အတိတ်ဘဝတွင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ၏ လမ်းညွှန်မှုကို လုံးဝ မရခဲ့ပေ။

မမျှော်လင့်စွာဖြင့် ဤနေရာသို့ ရောက်လာချိန်တွင် နန်းတွင်းစားဖိုမှူးမိသားစုမှ ဆင်းသက်လာသူတစ်ဦး နှင့် ကံကောင်းစွာ တွေ့ဆုံခဲ့ရပြီး ထိုဆရာကြီးကလည်း သူမကို လမ်းညွှန်မှုပေးရန်အတွက် ဝန်မလေးနေခဲ့။

သူမကို အချိန်မရွေး သွားရောက်တွေ့ဆုံနိုင်သည့် လူကြီးမင်းတစ်ဦးနှင့်ပင် ချိတ်ဆက်ပေးချင်ခဲ့သည်။

ဒီလောက်ကောင်းမွန်တဲ့ကိစ္စကို ငြင်းဆန်မယ်ဆိုရင်တော့ အဲဒီလူက အရူးပဲ ဖြစ်လိမ့်မယ်!

လင်းရန်က တုံ့ဆိုင်းမှုမရှိ သဘောတူခဲ့ပြီး အလွန်အမင်းပျော်ရွှင်နေပုံရသည်ကို မြင်လျှင် အန်တီဝူလည်း စိတ်သက်သာရာ ရသွားခဲ့သည်။

လင်းရန်က သူမ၏ လက်ရာအဆင့်အတန်းကို တိုးတက်အောင် ကြိုးစားချင်စိတ်ရှိနေကြောင်းကို သူမ မြင်နိုင်သည်။

ဒီလောက်ဆိုရင် အဆင်ပြေပြီ။ ဒီလိုမျိုး စိတ်အားထက်သန်တဲ့ ကလေးမျိုးကို သူမ သဘောကျတယ်။နေ့လည်ခင်းအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လင်းရန်နှင့် ချင်းညီအစ်မတို့မှာ စစ်တပ်ပိုင်ဘတ်စ်ကားကို စီး၍ပြန်ရမည်ဖြစ်သောကြောင့် အန်တီဝူကို တွန့်ဆုတ်စွာ နှုတ်ဆက်ကာ ပြန်လာခဲ့ကြသည်။

မနက်ဖြန်အတွက်ကတော့ လင်းရန်အနေဖြင့် ထပ်မံလာရောက်ရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ချင်းယွင်ကျစ်က လင်းရန်အား သူမ၏ မိသားစုအိမ်သို့ ခေါ်ဆောင်သွားပြီး စုန့်ရှီးယန်၏ အဘိုးဖြစ်သူကို သွားရောက်တွေ့ဆုံရန် စီစဉ်ထားသောကြောင့်သာ ဖြစ်ပေ၏။

All Chapters