← Chapters

အခန်း (၂၃၃)

Vol. 24 Ch. 233

အခန်း (၂၃၃)

Vol. 24 Ch. 233

စုန့်ရှီးယန်၏အဘိုးမှာ ယခုနှစ်တွင် အသက် ရှစ်ဆယ်ရှိနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်ကတော့ ကျန်းမာသန်စွမ်း၍ အားကောင်းနေဆဲပင်။

သို့သော် သူ၏ မြေးမြစ်များ၊ အထူးသဖြင့် စုန့်ရှီးယန်၏ အိမ်ထောင်ရေးနှင့်ပတ်သက်လျှင် မိသားစုတစ်ခုလုံးအပေါ် မည်မျှကြာအောင် ပြောဆိုခဲ့သည်ကိုပင် မရေတွက်နိုင်တော့။

သူက ထိုအကြောင်းကို မကြာခဏ ပြောလေ့ရှိပြီး သူ၏ဘဝတွင် စုန့်ရှီးယန် လက်ထပ်သည်ကိုသာ မမြင်ရပါက အေးချမ်းစွာ သေဆုံးနိုင်မည် မဟုတ်ဟုပင် ဆိုခဲ့သည်။

စုန့်ရှီးယန်ဆိုသည့်ကောင်စုတ်လေးကလည်း ဤကဲ့သို့ လက်တွဲဖော်တစ်ဦးကို ပြန်ခေါ်လာဖို့အတွက်ကလည်း မလွယ်ကူခဲ့ပေ။

ထို့ကြောင့် အနာဂတ်တွင် သူတို့နှစ်ယောက်ကြားတွင် မည်သည့်အရာများဖြစ်လာသည်ဖြစ်စေ ချင်းယွင်ကျစ်အနေဖြင့် လင်းရန်ကို အဘိုးအိုနှင့် တွေ့ဆုံပေးရန်အတွက် သေချာပေါက် ခေါ်သွားပေးရပေလိမ့်မည်။

လင်းရန်သည်လည်း ငြင်းဆန်ခြင်းမရှိခဲ့သောကြောင့် မနက်ဖြန်တွင် အန်တီဝူထံ ထပ်မံတွေ့ဖိို့အတွက် အဆင်မပြေနိုင်ဆော့ပေ။

သို့သော် သဘက်ခါ အိမ်သို့ပြန်တော့မည့်အချိန်တွင် အန်တီဝူဆီသို့ နှုတ်ဆက်စကားပြောရန် လာပြီး နောက်ထပ် စကားအနည်းငယ်လောက် ပြောဆိုနိုင်သေးသည်။

အချိန်ကို ဤသို့ စီစဉ်လိုက်ပြီးနောက် လင်းရန်နှင့် ချင်းညီအစ်မတို့က နောက်ဆုံးတွင် အန်တီဝူ၏ အိမ်ထဲမှ ထွက်ခွာလာခဲ့ကြကာ မနက်ပိုင်းတွင် စီးနင်းခဲ့သည့် စစ်တပ်၏ဘတ်စ်ကား ရပ်နားရာဂိတ်သို့ ပြန်လာခဲ့ကြသည်။

သူတို့က အချိန်မီ ရောက်ရှိခဲ့သည်ဟု ဆိုနိုင်သည်။ သူတို့ရောက်သည့်အချိန်တွင် ကားက မကြာခင်ထွက်ခွာရန် လုပ်နေပေပြီ။

သူတို့သုံးယောက်လည်း ကားပေါ်သို့ လျင်မြန်စွာ တက်လိုက်ကြပြီး ထိုင်ခုံများကို ရှာဖွေရင်း ယနေ့တွင် ပြုလုပ်ခဲ့ကြသည့်အကြောင်းအရာများကို ရယ်မောပြောဆိုနေခဲ့ကြသည်။

မမျှော်လင့်ဘဲ သူတို့ထိုင်လိုက်သည်နှင့် နောက်ထပ်တစ်စုံတစ်ယောက်ကလည်း တက်လာခဲ့လေသည်။

ထိုသူသည်လည်း သူတို့နှင့်ရင်းနှီးသူဖြစ်နေခဲ့သည်။

ချင်ယွင်လျန်တစ်ယောက် မသိစိတ်ဖြင့် အရှေ့သို့ တစ်ချက်ကြည့်လိုက်လျှင် ကားပေါ်သို့ တက်လာသည်က ချန်ဟုန်ထောင်ဖြစ်နေကြောင်းကို မြင်လိုက်ရသည်။

သူမ စိတ်ထဲတွင် ညည်းတွားမိသည်။

ရန်သူတွေကတော့ လမ်းကျဉ်းလေး လေးမှာဆုံတွေ့နေရတာပဲ။

မနက်ပိုင်းတွင် ကားတစ်စီးတည်း အတူစီးခဲ့ခြင်းက တိုက်ဆိုင်နေပြီဆိုလျှင်ပင် ညနေပိုင်းတွင်ပါ တစ်စီးထဲ ပြန်လာခဲ့ခြင်းက ပို၍ပင် ထူးဆန်းနေပေပြီ။

နေ့လည်ပိုင်းတွေမှာ တခြားကားတစ်စီး ရှိနေသေးတယ်လေ။ ချန်ဟုန်ထောင်က အဲဒီကားနဲ့ထွက်မသွားဘူးလား။

သူမက ဘာလို့ မြို့ထဲမှာ ဒီလောက်ထိ နောက်ကျအောင် ရှိနေရတာလဲ။

သို့သော် ချင်ယွင်လျန်က စိတ်ထဲတွင်သာ ညည်းတွားနေခြင်းဖြစ်ပြီး ချန်ဟုန်ထောင်၏ သွားလာလှုပ်ရှားမှုများကို အမှန်တကယ် သိချင်စိတ် မရှိခဲ့ပါချေ။

အထူးသဖြင့် ချန်ဟုန်ထောင်၏ မျက်နှာက မည်းမှောင်နေပြီး စိတ်အခြေအနေမကောင်းဖြစ်နေသည်ကို မြင်လိုက်ရလျှင် ပြဿနာထဲသို့ယှက်နွယ်ချင်စိတ်မရှိပါချေ။

ထို့ကြောင့် သူမက သူမ၏ အကြည့်ကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး ချင်းယွင်ကျစ်နှင့် လင်းရန်တို့နှင့်အတူ စကားဆက်ပြောကာ ရယ်မောနေခဲ့သည်။

သို့သော် ချန်ဟုန်ထောင်၏ ကိစ္စက သူတို့နှင့် သက်ဆိုင်ခြင်းမရှိဟု ထင်မှတ်ထားသော်လည်း ကားက စစ်တပ်သို့ ပြန်ရောက်ပြီးနောက်တွင် ချန်ဟုန်ထောင်က သူတို့ထံသို့ တိုက်ရိုက် ရောက်လာခဲ့လေ၏။

ထိုအချိန်တွင် ချန်ဟုန်ထောင်က အရှေ့ဘက်တွင် ထိုင်နေပြီး ကားပေါ်မှ အရင်ဆင်းခဲ့သည်။

လင်းရန်တို့သုံးယောက်က နောက်မှ လိုက်လာခဲ့ကြသည်။

သူတို့သည် ကားပေါ်မှ ဆင်းပြီးနောက် အိမ်သို့ တိုက်ရိုက်ပြန်တော့မည်ဟု တွေးထားခဲ့ကြလေ၏။ မမျှော်လင့်ဘဲ ကားပေါ်မှ ဆင်းပြီးသည်နှင့် ချန်ဟုန်ထောင်က ကားတံခါးအပြင်ဘက်တွင် ရပ်နေပြီး မကျေမနပ်ဖြစ်သည့် အကြည့်များဖြင့် သူတို့ကို ကြည့်နေခဲ့သည်ကို တွေ့လိုက်ရသည်။

ဤအကြည့်ကြောင့် လင်းရန်နှင့် ချင်းညီအစ်မတို့ သုံးယောက်လုံး ရှုပ်ထွေးကာ အံ့သြသွားကြရသည်။

ချင်းယွင်ကျစ်ကတော့ မျက်မှောင်ကြုတ်ကာ တိုက်ရိုက်မေးလိုက်သည်။

“ချန်ဟုန်ထောင်၊ မင်း ဘာဖြစ်လို့ ငါတို့ကို ဒီလို ကြည့်နေတာလဲ”

ထိုသို့ပြောရင်း သူမက မသိစိတ်အရ လင်းရန်ကို သူမ၏ နောက်သို့ပို့ကာ ကာကွယ်လိုက်သည်။

သူမ၏ စိတ်အထင်သက်သက်လား မသိသော်လည်း ချန်ဟုန်ထောင်၏ ဒေါသက လင်းရန်ဘက်ကို ဦးတည်နေသည်ဟု သူမ ခံစားရသည်။

သို့သော် သူတို့နှစ်ဦး တွေ့ဆုံဖူးသည်က ဒုတိယအကြိမ်သာ ရှိသေးပြီး လင်းရန်ကလည်း ချန်ဟုန်ထောင်နှင့် စကားပင် မပြောဖူးသေးသောကြောင့် သူတို့နှစ်ဦးကြားတွင် မည်သည့်ပဋိပက္ခများဖြစ်နိုင်မည်နည်း။

ထိုသို့ စဉ်းစားပြီးနောက် ချင်းယွင်ကျစ်က တစ်စုံတစ်ခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

ချန်ဟုန်ထောင်က ရူးသွပ်နေတာပဲဖြစ်ရမယ်။

လင်းရန်သည်လည်း သူမအပေါ် ချန်ဟုန်ထောင်၏ ရန်လိုမှုကို သေချာပေါက် မြင်တွေ့နိုင်ခဲ့သည်။

သို့သော် သူမ၏ အတွေးကတော့ ချင်းယွင်ကျစ်နှင့် တူညီပေ၏။သူမနှင့် ချန်ဟုန်ထောင်တို့က သူစိမ်းများသာဖြစ်သောကြောင့် သူမကို ဤသို့ စိုက်ကြည့်နေခြင်းမှာ သူမ၏ အသက်ငယ်ရွယ်ပြီး လှပနေခြင်းကို မနာလိုခြင်းဖြစ်ပေမည်။ သို့မဟုတ်ပါက သူမ၏ ဦးနှောက်တွင် ပြဿနာရှိခြင်းသာ ဖြစ်ရမည်။

ချန်ဟုန်ထောင်အနေဖြင့် ချင်းယွင်ကျစ်မှ သူမကို ပြန်မေးရဲသည်ကို မြင်လျှင် နှလုံးသားထဲတွင် အောင့်အီးထားရသော ဒေါသများက ပိုမို ပေါက်ကွဲလာခဲ့ရသည်။

အထူးသဖြင့် ချင်းယွင်ကျစ်၏ နောက်မှ လင်းရန်ကို ကြည့်ပြီး သူမ ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။

“လင်းရန်၊ မင်းနဲ့ စုန့်ရှီးယန်က ငါ့တို့ဖေးဖေးကို ဘာတွေ ပြောပြီး ဘာတွေ လုပ်ခဲ့တာလဲ! သူမ အပြင်ကိုထွက်သွားတာ တစ်ပတ်တောင်ရှိပြီ၊ ဘာလို့ ပြန်မလာသေးတာလဲ”

ဖေးဖေးဆိုတာ ဘယ်သူလဲ။

တစ်ဖက်တွင်ရှိနေသော သုံးယောက်လုံးမှာ ထိုနာမည်ကို ကြားလိုက်ရလျှင် ပို၍ပင် ရှုပ်ထွေးသွားခဲ့ကြသည်။

အထူးသဖြင့် လင်းရန်ပင်။

အဲဒီဖေးဖေးကို သူမ သိတောင်သိရဲ့လား?

ကံကောင်းစွာဖြင့် သူမ မည်သည့်အရာကိုမှ မမေးခင် ချန်ဟုန်ထောင်က အရာအားလုံးကို ပြောပြလာခဲ့သည်။

“ငါ့ရဲ့ တူမ ချန်ဖေးဖေး.. သူမက လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က အလုပ်ကနေ ခွင့်ယူပြီး မင်းတို့ရဲ့ ဇာတိကို သွားခဲ့တယ်..

သူမက စိတ်ကောင်းစေတနာတွေနဲ့ စုန့်ရှီးယန်ရဲ့ ဒဏ်ရာကို သွားကြည့်ခဲ့ခဲ့တာ!

ဒါပေမဲ့ အခုချိန်ထိ ပြန်မလာသေးဘူး! မင်းတို့နှစ်ယောက် သူ့ကို တစ်ခုခု လုပ်ခဲ့တာလား! မင်းတို့ လုပ်ခဲ့တာလား!”

ချန်ဖေးဖေး?

လင်းရန် ခဏတာလောက် အံ့အားသင့်သွားသော်လည်း တစ်စုံတစ်ဦး၏ပုံရိပ်က သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

သို့သော် သူမ အနည်းငယ် အံ့သြသွားရသည်။ ထိုနေ့က စုန့်ရှီးယန်၏နောက်သို့ လိုက်လာသည့် မိန်းကလေးက ချန်ဟုန်ထောင်၏ တူမဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပါချေ။

ထို့အပြင်..

“ကျွန်မတို့က သူ့ကို ဘာလုပ်ခဲ့တာလဲဆိုတဲ့မေးခွန်းက ဘာကိုဆိုလိုတာလဲ.. ကျွန်မတို့က သူ့ကို ဘာလုပ်ဖို့ လိုအပ်လို့လဲ”

လင်းရန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“သူမကသာ အဲဒီနေ့က ကျွန်မ မိသားစုကို အကြောင်းမဲ့လာပြီး ထိခိုက်စေခဲ့တာလေ..

သူမက စုန့်ရှီးယန်နဲ့ ကျွန်မတို့ဝမ်းကွဲရဲ့ ဒဏ်ရာတွေကြောင့် လာခဲ့တယ်လို့ ပြောခဲ့တယ်.. ဒါပေမဲ့ ဘယ်လိုမျိုးတွက်ချက်မှုတွေလုပ်ခဲ့တာလဲဆိုတာကိုတော့ ကျွန်မ မပြောချင်ဘူး..

မဟုတ်ရင် အန်တီက ကျွန်မကို ထပ်ပြီး အန်တီ့တူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတယ်လို့ ပြောမှာစိုးရတယ်..

ဒါပေမဲ့ သူမက တခြား ရည်ရွယ်ချက်တွေနဲ့ လာခဲ့ရင်တောင်မှ ကျွန်မရဲ့ မိသားစုနဲ့ ကျွန်မက ကောင်းကောင်းမွန်မွန် ဧည့်ခံခဲ့ကြပြီး အိမ်မှာ နေ့လည်စာ စားခိုင်းပြီးမှ ထွက်သွားစေခဲ့တယ်”

“သူမ ထွက်သွားပြီးတဲ့နောက်မှာ ဘယ်နေရာကိုသွားတာလဲဆိုတာကိုတော့ ကျွန်မ ဘယ်လိုလုပ် သိနိုင်မှာလဲ.. သူမရဲ့ခြေထောက်က သူမရဲ့ခန္ဓာကိုယ်မှာ ရှိနေတာပဲလေ..

သူမကို တစ်ခါပဲ မြင်ဖူးတဲ့ ကျွန်မက မသွားပါနဲ့လို့ တားဆီးထားလို့မှ မရနိုင်တာ”

လင်းရန် ပြောလိုက်သည့် စကားတို့က နားထောင်၍ မကောင်းသော်လည်း အမှန်တရားသာဖြစ်သည်။

ထိုနေ့က ချန်ဖေးဖေးမှာ စုန့်ရှီးယန်က သူမနှင့် အတူရှိနေပြီဖြစ်ကြောင်းကို သိလိုက်ရပြီးနောက် မျက်ရည်များဖြင့် ပြေးထွက်သွားခဲ့သည်။

လင်းရန်လည်း သူမ ပြေးသွားသည့် လမ်းကြောင်းက မြို့ဘက်သို့ ဦးတည်နေသည်ကို မြင်လိုက်ရသောကြောင့် သိပ်ပြီးဂရုမစိုက်ခဲ့တော့ပေ။

နောက်ဆုံးတွင် သူမအနေဖြင့် တစ်ဖက်လူ၏ နောက်သို့ လိုက်၍ ကားငှားပေးနေရန် မလိုအပ်ပါချေ။

သူမက ထိုသို့သော လူမျိုးမဟုတ်ပေ။

ထို့အပြင် သူမသာ ထိုသို့လုပ်ခဲ့ပါက ချန်ဖေးဖေးက သူမ၏ ဦးနှောက်တွင် ပြဿနာရှိသည်ဟု တွေးပေလိမ့်မည်။

ဒါပေမဲ့ အခု ချန်ဟုန်ထောင်၏ စကားတွေအရ ချန်ဖေးဖေးမှာ တစ်စုံတစ်ခု ဖြစ်သွားတာများလား။

“မင်း မသိဘူးလား! မင်းက ဘယ်လိုလုပ်ပြီး မသိရမှာလဲ! သူမက မင်းတို့ရွာကို သွားပြီး ပြန်မလာတော့တာလေ! သူမက ချောမောကြည့်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ.. အပြင်မှာဆိုရင် အန္တရာယ်ရှိနိုင်တယ်!”

ချန်ဟုန်ထောင်က သူမ၏ တူမ ချန်ဖေးဖေးကို အမှန်တကယ် ချစ်သောကြောင့် ထိုစကားများကိုပြောရင်းနှင့် မငိုကြွေးဘဲ မနေနိုင်တော့ပေ။

ချင်းယွင်ကျစ်သည်လည်း မူလက ချန်ဟုန်ထောင်ကို ဆူပူချင်ခဲ့သော်လည်း သူမက ဤမျှ ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို မြင်လျှင် သူမကို မည်သည့်စကားကိုမှ ထပ်မပြောရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း လင်းရန်က သူမနှင့် မသက်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပေပြီ။

ထို့ကြောင့် ချင်းယွင်ကျစ်က အေးစက်စွာ ပြောလိုက်သည်။

“အခု ကျွန်မတို့ရှေ့မှာ ငိုနေမယ့်အစား ရဲကို သတင်းပို့တာ ပိုကောင်းလိမ့်မယ်.. သူတို့က လူရှာဖို့အတွက် ပိုပြီးအဆင်ပြေလိမ့်မယ်.. ကျွန်မတို့ရှေ့မှာ ငိုနေလို့ အသုံးမဝင်ဘူး”

ချန်ဟုန်ထောင်တစ်ယောက် ရန်လိုစိတ်အပြည့်ဖြင့် သူမကို ကြည့်လိုက်မိသည်။

ဘယ်သူကများ အမှန်တရားကို မသိလို့လဲ။မူလက သူမအနေဖြင့် ယနေ့တွင် ဆေးရုံသို့ သွားပြီး စုန့်ရှီးယန်တွင်လက်တွဲဖော်ရှိလာပြီဖြစ်သည့်အကြောင်းကို ချန်ဖေးဖေးကို ပြောပြချင်ခဲ့သည်။ ပြီးနောက် တူမဖြစ်သူကို စုန့်ရှီးယန်အပေါ် လုံးဝ လက်လျှော့ခိုင်းရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ဆေးရုံသို့ ရောက်သွားချိန်တွင် ချန်ဖေးဖေးက ခွင့်ယူထားသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

ဒီမိန်းကလေးက ဘာကြောင့် ခွင့်ယူထားရတာလဲ။

သူမ စိတ်ရှုပ်ထွေးသွားရသည်။

အိမ်မှာများ တစ်ခုခု ဖြစ်နေတာများလား။

ရလဒ်အနေဖြင့် သူမက ချန်ဖေးဖေး၏ အိမ်သို့ သွားခဲ့ချိန်တွင် တံခါးထဲသို့ပင် မဝင်ရသေးခင် ညီမဖြစ်သူ၏ ငိုကြွေးသံများနှင့် အော်ဟစ်သံကို ကြားလိုက်ရသည်။

သူမလည်း တံခါးကို အမြန် တွန်းဖွင့်ဝင်သွားပြီး မေးမြန်းကြည့်သောအချိန်တွင် မိုးကြိုးပစ်ခံရသကဲ့သို့ သတင်းကို ကြားလိုက်ရသည်။

သူမ၏ တူမ ချန်ဖေးဖေးမှာ လွန်ခဲ့သော တစ်ပတ်ကတည်းက ခွင့်တောင်းပြီး ခရီးဝေးသွားမည်ဟု ပြောခဲ့သည်။

ထိုအချိန်ကတည်းက ပြန်ရောက်မလာခဲ့ပေ!

All Chapters