အခန်း (၂၃၅)
Vol. 24 Ch. 235
လင်းရန်တစ်ယောက် စိုးရိမ်နေသည်ကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် သူမကို နုံအလွန်းသည်ဟုပြောရမလား မသိတော့ဘဲ ရယ်မောလိုက်မိသည်။
“သူ အမေ့ကို တစ်ခုခုလုပ်လိမ့်မယ်လို့ မင်း စိတ်ပူနေတာလား”
လင်းရန် တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်မိသည်။
ထို့နောက်တွင်တော့ စုန့်ရှီးယန်က သွားမျာ့ပေါ်သည်အထိ ရယ်မောလာသည်ကို သူမ မြင်လိုက်ရသည်။ သူ၏ မျက်လုံးများတွင် ပျော်ရွှင်နေသည့်အရိပ်အယောင်များအနည်းငယ် ပါရှိသည်။
“ဒါဆို မင်း အဖေ့ကို အထင်ကြီးလွန်းနေပြီ.. တကယ်က အမေ့ဘက်က ဘာမှ မလုပ်ရင်တောင် တော်သေးတယ်လို့တွေးရမှာ”
သူနှင့် သူ၏အဖေကြားမှ ဆက်ဆံရေးက သိပ်မကောင်းလှသော်လည်း သူ့ထံတွင် သူ၏အဖေကို အမြဲ တစေ အထင်ကြီးလေးစားမိသည့် အချက်တစ်ခုရှိသည်။
၎င်းမှာ သူ၏ မိခင်က ဤနှစ်ပေါင်းများစွာအတွင်း မည်မျှပင် ပြဿနာများစွာ ဖန်တီးခဲ့ပါစေ၊ သူ၏အဖေမှာ သူမကို ပြင်းထန်သောလေသံဖြင့်ပင့ စကားတစ်ခွန်းမှမပြောခဲ့ဖူးပါချေ။
ပဋိပက္ခများဖြစ်လာတိုင်း သူ၏ မိခင်ကသာ တစ်ဖက်သတ် စတင်ခဲ့သော်လည်း နောက်ဆုံးတွင် တောင်းပန်သူက သူ၏ဖခင်သာ ဖြစ်လေ့ရှိသည်။
စုန့်ရှီးယန်သည်လည်း ဖခင်ဖြစ်သူ၏ လွှမ်းမိုးမှုကို ခံခဲ့ရသောကြောင့် ဇနီးကို ချစ်တတ်သည့် အသိပညာက ငယ်စဉ်ကတည်းက သူ၏ အရိုးထဲတွင် စွဲမြဲနေခဲ့သည်။
ထို့အပြင် အရွယ်ရောက်ပြီးသော အမျိုးသားတစ်ယောက်အနေနဲ့ အမျိုးသမီးများနှင့် ပတ်သက်၍ မည်သည့်အရာများကို ဂရုစိုက်နေစရာလိုအပ်မည်နည်း။
သူတို့အနေဖြင့် ဤမျှလောက် ကြီးပြင်းလာပြီဖြစ်သောကြောင့် သူတို့၏ စိတ်နဲ့ မျက်လုံး(အမြင်)များကလည်း သူတို့ အရွယ်အတိုင်း ကြီးပြင်းနေဖို့ လိုအပ်ပေသည်။
အမျိုးသားတစ်ယောက်က အကြိမ် အနည်းငယ်လောက် အရှုံးပေးတာက ဘာမှ မဟုတ်ဘူး!
လင်းရန်ကတော့ သူ့၏စကားကို ကြားလျှင် အံ့အားသင့်သွားခဲ့ရသည်။
“မင်းပြောတာက.. အန်တီက...”
သူမဘက်က အရင် လက်ပါပြီး ရိုက်နှက်ခဲ့တာလား။
လင်းရန်တစ်ယောက် လူများအပေါ် ရုပ်ရည်နဲ့ ဆုံးဖြတ်၍ မရဟူသည့်စကားက အလွန်မှန်ကန်ကြောင်းသာ ရေရွက်လိုက်မိသည်။
သူမ၏အမြင်တွင် နူးညံ့သိမ်မွေ့ပြီး သခင်မလေးတစ်ဦးကဲ့သို့သော အန်တီစုန့်က ခင်ပွန်းနှင့်ဇနီးဆက်ဆံရေးတွင် ဤမျှ ဒေါသပြင်းထန်သော စရိုက်ရှိနေခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ..သူတို့ကိစ္စကို စိတ်မပူပါနဲ့.. မင်း ဒီနေ့ ဘာတွေ လုပ်ခဲ့လဲဆိုတာ ဆက်ပြောပါဦး”
စုန့်ရှီးယန်က အလွန်သိချင်နေသည်ကို မြင်လျှင် လင်းရန်သည်လည်း ယနေ့အတွက် ခရီးစဉ်အကြောင်းကို ဆက်လက် ရှင်းပြခဲ့သည်။
သူမ အားလုံး ရှင်းပြပြီးနောက်တွင် ချန်ဟုန်ထောင် ကားပေါ်မှ ဆင်းစဉ် ပြောခဲ့သော စကားကို သတိရသွားခဲ့ရပြန်သည်။
ထို့ကြောင့် ချန်ဖေးဖေး ပျောက်ဆုံးသွားသည့်အကြောင်းကို စုန့်ရှီးယန်အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“အဲဒီ ဖေးဖေးဆိုတဲ့တစ်ယောက်က သူ့ရဲ့တူမလား”
စုန့်ရှီးယန်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
“အင်း.. အဲဒီအန်တီကြီးက ရှင့်ရဲ့အိမ်ဘေးနားမှာ ရှိနေတာလေ.. ရှင် တကယ်ကြီး သတိမပြုမိဘူးလား”
လင်းရန်တစ်ယောက် သံသယဖြစ်စွာ ကြည့်လိုက်သည်။
စုန့်ရှီးယန် သူ၏ ရိုးသားမှုကို လျင်မြန်စွာ ဖော်ပြလိုက်လေသည်။
“ကိုယ် တကယ် မသိဘူး.. ကွမ်းချင်းကသာ အဲဒီနေ့က ချန်ဖေးဖေးက ဘယ်သူလဲဆိုတာကို မပြောပြခဲ့ရင် သူမ ဘယ်သူလဲဆိုတာကို ကိုယ်မှတ်မိဦးမှာ မဟုတ်ဘူး!”
ကောင်းပြီ၊ သူ လိမ်ညာနေပုံတော့မရဘူး။
တစ်ဖက်လူ၏အမူအရာက အလွန်ရိုးသားနေသောကြောင့် လင်းရန် သူ့ကို လွှတ်ပေးလိုက်သည်။
“ ချန်ဖေးဖေးက ဘာဖြစ်သွားလဲဆိုတာ မသိဘူး.. သူမ ဝမ်းနည်းပြီး ခဏလောက် ပြန်မလာချင်သေးတာမျိုးဆိုရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်.. သူမဆီမှာသာ တစ်ခုခု ဖြစ်ခဲ့ရင် ရှင်အပြစ်ရှိသလို ခံစားရမလား”
သူမ စုန့်ရှီးယန်ကို စိုက်ကြည့်ကာ သူ၏ အဖြေကို စောင့်နေခဲ့သည်။
စုန့်ရှီးယန်က ထိုစကားကို ကြားလျှင် အလေးအနက်ရှိသောအမူအရာဖြင့် ပြောလိုက်သည်။
“ကိုယ်က ဘာလို့ အပြစ်ရှိသလို ခံစားရမှာလဲ.. ပထမဆုံးအနေနဲ့ သူမက ကိုယ်တို့ထဲက ဘယ်သူ့ကိုမှ အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာလေ..
သူမ ရောက်လာတာက ကိုယ်တို့အတွက် ပြဿနာတွေကိုတောင် ယူဆောင်လာတယ်!”
စုန့်ရှီးယန်အနေဖြင့် သူသာ ထိုအချိန်က လျင်မြန်စွာ တုံ့ပြန်ပြီး သူ၏ ရပ်တည်ချက်ကို တိုက်ရိုက် မဖော်ပြခဲ့မိပါက သူနှင့် လင်းရန်တို့ ယခုအချိန်တွင် သူ၏ ကိုယ်ပိုင်အိမ်တွင် ရှိနနေရန်အတွက်မဆိုထားနှင့် မျက်နှာချင်းဆိုင်အတွက်ပင် ရှိနေဦးမည်လား မသိနိုင်ပေ။
“ပြီးတော့ သူမ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ကိုယ်တို့ကြောင့် ဖြစ်ခဲ့တာ မဟုတ်ဘူး.. သူမက အရွယ်ရောက်ပြီးတဲ့လူပဲ၊ ကလေးမဟုတ်ဘူး..
သူမမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိရင် လျှောက်သွားမနေသင့်တာ မဟုတ်ဘူးလား”
ထို့ကြောင့် မည်သည့်ရှုထောင့်ကပင် ကြည့်သည်ဖြစ်စေ၊ သူတို့ဘက်မှ အပြစ်ရှိသလို ခံစားနေရန် မလိုအပ်ပါချေ။
လင်းရန်လည်း ထိုစကားကို ကြားလျှင် စိတ်ကျေနပ်သွားခဲ့သည်။
သူမက စုန့်ရှီးယန်မှာ တာဝန်ယူတတ်ပြီး စိတ်အားထက်သန်သူ ဖြစ်ကြောင်းကိုသိသည်။ ဤသည်က သူ့၏ အကျင့်စရိုက်လား၊ အသက်မွေးဝမ်းကျောင်းကြောင့်လားမသိသော်လည်း ထိုသူကသာ ချန်ဖေးဖေး၏ ကိစ္စအပေါ် တာဝန်ယူရန် စီစဉ်ခဲ့မည်ဆိုပါက လင်းရန် သေချာပေါက် ဒေါသထွက်လိမ့်မည်!သူမသည်က သူမ၏ ချစ်သူမှ အချက်အလက်များကို အကောင်းအဆိုး မခွဲခြားဘဲ အရာအားလုံးကို တာဝန်ယူလုပ်ဆောင်တတ်သည့် လူကောင်းတစ်ယောက်အဖြစ် မလိုချင်ပါချေ။
“ဒါဆို အဆင်ပြေပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူမ အဆင်ပြေပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်”
ထိုခေါင်းစဉ်အကြောင်းကို စကားအနည်းငယ် ပြောဆိုပြီးနောက် ရပ်တန့်လိုက်ကြသည်။
ထို့နောက်တွင် စုန့်ရှီးယန်၏ အဘိုးအိမ်သို့ မနက်ဖြန် အတူသွားမည့်အကြောင်းကို စတင်ပြောဆိုခဲ့ကြသည်။
*
တစ်ချိန်တည်းမှာပင် တောင်တန်းဒေသရှိ မြေအောက်ခန်းတစ်ခုထဲတွင် ချန်ဖေးဖေးတစ်ယောက် အချိန် မည်မျှကြာအောင် ငိုနေခဲ့သည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။
သူမ၏ဘေးတွင်တော့ ပြန်ပေးဆွဲခံထားရသော တခြားမိန်းကလေးတစ်ဦးက သူမ မရပ်မနား ငိုကြွေးနေသည်ကို မြင်လျှင် မဖျောင်းဖျဘဲ မနေနိုင်တော့ပေ။
“ကောင်းပြီ.. မငိုပါနဲ့တော့.. နင် ဆက်ငိုနေရင် ခဏနေရင် ခွန်အားတွေ ကုန်သွားလိမ့်မယ်..
တစ်ယောက်ယောက် ငါတို့ကို ကယ်ဆယ်ဖို့ ရောက်လာရင်တောင် နင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး!”
ချန်ဖေးဖေးလည်း ထိုစကားကို ကြားလျှင် ငိုရင်းနှင့် ပြန်ဖြေခဲ့သည်။
“ဒီ တောကန္တာရထဲမှာ ငှက်တောင် ဖြတ်မသွားလောက်ဘူး.. တစ်ယောက်ယောက် ငါတို့ကို ကယ်ဖို့ ရောက်လာမယ်လို့ နင် ထင်နေတာလား”
ထိုမိန်းကလေးမှာ ပြန်ပြောခံရသော်လည်း ဒေါသမထွက်ဘဲ ခိုင်မာစွာ ပြောလိုက်သည်။
“ သေချာပေါက် ဖြစ်လာလိမ့်မယ်၊ ငါတို့တွေ စစ်သားရဲဘော်တွေကို ယုံကြည်ရမယ်၊ သူတို့က ငါတို့ကို သေချာပေါက် လာကယ်လိမ့်မယ်!”
ချန်ဖေးဖေးအနေဖြင့် တစ်ဖက်လူမှာဤအချိန်တွင်ပင် သူမက ရဲနှင့်စစ်သားအကြောင်းကို ဆက်ပြောနေသေးသည်ကို မြင်လျှင် ထိုတစ်ယောက်က ငတုံးဟုသာ ထင်လိုက်မိသည်။
ရဲတွေ စစ်သားတွေက သူတို့ကို တကယ် လာကယ်မယ်ဆိုရင် ဟိုအရင်တွေကတည်းက ရောက်လာသင့်တာ။ အခုတော့ သူတို့ ဖမ်းဆီးခံရတာ ရက်ပေါင်းများစွာ ရှိနေပြီ။
ရဲတွေရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။
ဒါ့အပြင် အဲဒီလူကုန်ကူးသူများအဖွဲ့ က နေ့တိုင်း လူသစ်တွေ အဆက်မပြတ် ခေါ်လာနေတာကိုလည်း မြင်နိုင်သေးတယ်!
ချန်ဖေးဖေးတတစ်ယောက် သူမအနေဖြင့် ဤဘဝတွင် လွတ်မြောက်နိုင်မည် မဟုတ်တော့ဟု ခံစားလိုက်ရပြီး စုန့်ရှီးယန်ကို ရှာရန်အတွက် ဤလမ်းကို လာခဲ့မိခြင်းအတွက် အကြိမ် (၁၀၁) ကြိမ်မြောက် နောင်တရနေမိသည်။
အဲဒီအချိန်က သူမသာ စုန့်ရှီးယန်ကို သွားမရှာခဲ့ရင် သူမ အခုလိုမျိုး အဆုံးသတ်ရမှာ မဟုတ်ဘူး!
သူမအနေဖြင့် အပြင်ဘက်ရှိ လူကုန်ကူးသူများက အလွန် ရက်စက်ကြမ်းကြုတ်ကြောင်း၊ သူတို့ကို မည်သည့်အရာမျှ မလုပ်လျှင် အဆင်ပြေမည်ဖြစ်သော်လည်း တချို့က သူတို့ကို မရောင်းမီ နည်းလမ်းမျိုးစုံဖြင့် အနိုင်ကျင့်ကြလိမ့်မည်ဟု တစ်ယောက်ယောက် ပြောခဲ့သည်ကိုလည်း ကြားခဲ့ဖူးသည်။
ထိုအကြောင်းကို တွေးလိုက်ရုံနှင့်ပင် ချန်ဖေးဖေးတစ်ယောက် အသက်ရှူကျပ်သကဲ့သို့ ခံစားလိုက်ရသည်။
သူမ တွေးတောမိသည်နှင့်အမျှ မထိန်းချုပ်နိုင်ဘဲ ထပ်မံ ငိုကြွေးပြန်သည်။
သူမ၏ဘေးနားရှိ မိန်းကလေးကတော့ ထိုသည်မြင်လျှင် လုံးဝ စိတ်ပျက်သွားပြီး သူမကို နှစ်သိမ့်ရန် မရည်ရွယ်တော့ပေ။
ထိုအချိန်တွင် မြေအောက်ခန်း၏ အဖုံးကို အပေါ်ဘက်မှ ရုတ်တရက် ဖွင့်လိုက်သည်။
အလင်းရောင်တစ်ချက် ဝင်လာခဲ့ပြီး လူအနည်းငယ်က အပေါ်မှ ရုတ်တရက် ပြုတ်ကျလာခဲ့သည်။
“ဘုန်း ဘုန်း!”
ဖုန်မှုန့်များ လွင့်ပြယ်သွားပြီးနောက် မြေအောက်ခန်း၏အပေါ်မှ လူက ပြောလာသည်။
“မင်းတို့အားလုံး ရိုးရိုးသားသားနေကြစမ်း.. မင်းတို့တွေ ဆူညံသံ ထွက်နေတာကို တွေ့ရင် ငါ့ရဲ့ ကြာပွတ်က အချိန်နေရာရွေးနေမှာမဟုတ်ဘူး!”
ထိုသို့ပြောပြီးနောက် သူက မြေအောက်ခန်းတံခါးကို ဘုန်းခနဲ မြည်အောင် ပိတ်လိုက်သည်။
အောက်ဘက်ရှိ မည်သူကမျှ စကားမပြောရဲကြတော့ပေ။ သူတို့အနေဖြင့် အလွန်ပင် ကြောက်လန့်နေခဲ့ကြသည်။
ထိုအချိန်တွင် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသော လူသစ်များထဲမှ ရုတ်တရက် လှုပ်ရှားလာပြီးနောက် ရှုပ်ထွေးသောအသံ ထွက်ပေါ်လာသည်။
“ငါ ဘယ်ကိုရောက်နေတာလဲ.. စစ်ယွီ.. စစ်ယွီ၊ မင်း ဒီမှာ ရှိလား !”
၎င်းက အမျိုးသားတစ်ဦး၏ အသံ ဖြစ်သည်။
ချန်ကျားယန်တစ်ယောက် သူ၏ပတ်ဝန်းကျင်ရှိ မှောင်မည်းသော မြင်ကွင်းကို ကြည့်လိုက်ပြီး မည်သည့်အရာများဖြစ်နေသည်ကို သိရှိရန်အတွက် အချိန်အနည်းငယ် ယူလိုက်ရသည်။
မြေအောက်ခန်းရှိ အက်ကွဲကြောင်းများမှ တိုးဝင်လာနေသော မှေးမှိန်နေသည့် အလင်းရောင်နောက်ကို လိုက်၍ သူ ဘေးဘက်ပတ်လည်ကိုပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ထို့နောက်တွင်တော့ ဤနေရာက မြေအောက်ခန်းတစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်တွင် လူစိမ်းများစိာရှိနေကြောင်းကို တွေ့လိုက်ရသည်။
၎င်းတို့က ဤနေရာတွင် ပိတ်လှောင်ခံထားရကြောင်းကို တွေ့လိုက်ရပြီးနောက် သူ အလွန်အမင်းအံ့သြသွားခဲ့သည်။
ချန်ကျားယန် ကြောင်အ,နေခဲ့သည်။
“ဒါက ဘယ်နေရာလဲ.. ငါ ဘာလို့ ဒီရောက်နေတာလဲ!”
သူ သတိမေ့မသွားမီအချိန်တွင် သူ စုန့်စစ်ယွီနှင့် တွေ့ဆုံခဲ့ပြီးနောက် သူမ၏ နွေးထွေးသော ဖိတ်ခေါ်မှုဖြင့် စာအုပ်များစွာ ရှိသည်ဟုဆိုသော အိမ်တစ်အိမ်သို့ သွားခဲ့ကြောင်းကို မှတ်မိသည်။
သူ အိမ်ထဲသို့ ဝင်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူ့၏ခေါင်း နောက်ဘက်ကို တုတ်ဖြင့် ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီးနောက် သတိလစ်သွားခဲ့သည်။ထိုအကြောင်းကို သတိရလိုက်ပြီးနောက့ ချန်ကျားယန်တစ်ယောက် သူ့၏ခေါင်း အနောက်ဘက်ကို မသိစိတ်ဖြင့် ထိလိုက်ရာ အလုံးကြီးတစ်ခုကို စမ်းမိလိုက်သည်။
ရှီး!
သူ့အနေဖြင့် ရိုက်နှက်ခံခဲ့ရပုံရသော်လည်း သူ့၏အရှေ့မှ လျှောက်သွားသော စုန့်စစ်ယွီကတော့ ဒဏ်ရာရသွားသည်ကိုသူ မမြင်ခဲ့ရပေ။
ထို့အပြင် အဘယ်ကြောင့်မှန်းမသိဘဲ စုန့်စစ်ယွီက ထိုအခန်းထဲသို့ ဝင်သွားပြီးနောက် ရုတ်တရက် သူမ၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်!
မည်သည့်အရာကို စဉ်းစားမိသည်ကို မသေချာသော်လည်း ချန်ကျားယန်၏ အမူအရာက ရုတ်တရက် အလွန် ဆိုးရွားသွားသည်။
စုန့်စစ်ယွီက သူ့ကိုယ်သူ တမင်တကာ အဲဒီနေရာသို့ ခေါ်သွားပြီး တံခါးနောက်ကွယ်မှာ တစ်စုံတစ်ယောက်ကို ကြိုတင် ပုန်းအောင်းနေစေရန် စီစဉ်ခဲ့တာများ ဖြစ်နိုင်လောက်လား!
သူမရဲ့ ရည်ရွယ်ချက်က ဘာလဲ?!