← Chapters

အခန်း (၂၃၈)

Vol. 24 Ch. 238

အခန်း (၂၃၈)

Vol. 24 Ch. 238

လင်းရန်၊ စုန့်ရှီးယန်နှင့် ချင်းညီအစ်မနှစ်ယောက်တို့ အဘိုးချင်းကို နှုတ်ဆက်ပြီးနောက် စစ်တပ်မိသားစု အိမ်ရာသို့ ပြန်လာခဲ့ကြလေ၏။

သူတို့အိမ်သို့ ပြန်ရောက်ပြီးပါက နောက်နေ့နံနက်တွင် ချွန်ဖုန်းတပ်ရင်းသို့ ရထားဖြင့် ပြန်ရန်အတွက် ပစ္စည်းများကို ထုပ်ပိုးရန် စီစဉ်ခဲ့ကြသည်။

သူတို့ မမျှော်လင့်ထားသည်မှာ လင်းရန်တို့ ပြန်ရောက်ပြီး မကြာမီမှာပင် အဖေစုန့်က အလုပ်မှ ပြန်လာခဲ့ခြင်းကိုပင်။

သူ ဤတစ်ကြိမ် ပြန်လာချိန်တွင် သူ၏ခန့်ညားသည့်မျက်နှာပေါ်မှ အမူအရာမှာ ရှားရှားပါးပါး အလွန်အမင်းတင်းမာနေခဲ့သည်။

အဖေစုန့်နှင့် ရက်အနည်းငယ်သာ အတူရှိခဲ့သော လူများပင်လျှင် အဖေစုန့်ထံ၌ ခက်ခဲသော ကိစ္စတစ်ခုခုနှင့် ကြုံတွေ့နေရကြောင်းကို ပြောနိုင်ပေသည်။

လင်းရန်တစ်ယောက် အဖေစုန့်တစ်ယောက် အလုပ်တွင် တစ်စုံတစ်ခု ဖြစ်ခဲ့သည်လားလို့ တွေးတောနေစဥ်မှာပင် အဖေစုန့်က စုန့်ရှီးယန်ဆီသို့ တိုက်ရိုက် လျှောက်လာခဲ့ပြီး လေးနက်သော အမူအရာဖြင့် သူ့ကို ပြောလာခဲ့သည်။

“ရဲဘော် စုန့်ရှီးယန်၊ အဖွဲ့အစည်းက မင်းကို အခုချက်ချင်း တပ်ဖွဲ့ထဲကို ပြန်လာဖို့ အမိန့်ပေးတယ်၊ အထက်ကနေ အရေးပေါ် ပေးအပ်လာတဲ့ တာဝန်ရှိတယ်!”

ဘာ?

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် အခန်းထဲတွင်ရှိနေသော လူတိုင်း အံ့သြသင့်စွာဖြင့် သူ့ကို လှည့်ကြည့်လိုက်မိကြသည်။

အထူးသဖြင့် ချင်းယွင်ကျစ်ပင်။ သူမ၏ အတွေးထဲတွင် တစ်စုံတစ်ခုကို တွေးလိုက်မိသောကြောင့် ရုတ်တရက် ဒေါသထွက်လာခဲ့သည်။

“စုန့်ကျယ်.. ရှင် ဒါက ဘာသဘောလဲ.. စုန့်ရှီးယန်က မနက်ဖြန် ရန်ရန်နဲ့အတူလိုက်သွားပြီး သူမရဲ့ဇာတိကို လိုက်ပို့မလို့လုပ်နေတယ်ဆိုတာကို ရှင်သိနေတာပဲမလား!

ဒီလိုမျိုး အရေးကြီးတဲ့အချိန်မှာ ရှင်က သူ့ကို အလုပ်တာဝန်ပေးနေတာလား.. ရှင်က ရှင့်ရဲ့သားကို ကောင်းကောင်းမွန်မွန် မနေစေချင်လို့ တမင်သက်သက် လုပ်နေတာ မဟုတ်ဘူးလား”

မည်သို့ပင်ဆိုစေ ချင်းယွင်ကျစ်သည်က အခွင့်အရေးရတိုင်း စုန့်ကျယ်နှင့် စကားများရန် ကြိုးစားတတ်သည်။

ထို့အပြင် ဤရုတ်တရက် တာဝန်သည်က မနက်ဖြန်အတွက် အစီအစဉ်ကို တိုက်ရိုက် ပျက်စီးစေခဲ့ခြင်းကြောင့် သူမ အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။

စုန့်ကျယ်တစ်ယောက် ဤရက်များအးတွင် မိသားစုထဲတွင် အလွန်အမင်း မျက်နှာတည်နေခဲ့သည်ကို ပြန်တွေးလိုက်မိပြီးနောက် ထိုသူက တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းကို များစွာသော အကြောင်းပြချက်များဖြင့် ခန့်မှန်းခဲ့သည်။

သူမ၏စကားများကို ကြားလိုက်ရလျှင် စုန့်ကျယ်က ချင်းယွင်ကျစ်နှင့် ငြင်းခုံရန် မလုပ်ခဲ့ဘဲ အလေးအနက် ရှင်းပြခဲ့သည်။

“အထက်ပိုင်းဒေသမှာ အရမ်းကို ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနေတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်.. ဒေသခံရဲတပ်ဖွဲ့တွေက ကိုယ်တို့ တပ်ဖွဲ့တွေရဲ့ အကူအညီကို လိုအပ်နေတယ်..

ရှီးယန်က စုံစမ်းထောက်လှမ်းတဲ့နေရာမှာ အတွေ့အကြုံ ကြွယ်ဝတယ်.. ဒါကြောင့် သူ ဒီတာဝန်ကို သွားကိုသွားရလိမ့်မယ်!”

“ရှင်!”

တကယ်တမ်းတွင်တော့ ချင်းယွင်ကျစ်အနေဖြင့် စုန့်ကျယ်မှာ အခြေအနေကို ရှင်းပြ ပြောဆိုပြီးနောက်တွင် သူမဘက်မှ စုန့်ကျယ်ကို အထင်လွဲခဲ့ခြင်းဖြစ်ကြောင်းကို သဘောပေါက်ခဲ့သည်။

မည်သို့ပင်ဆိုစေ စုန့်ကျယ်က အလွန် ဆိုးရွားသောလူတစ်ယောက် ဖြစ်သော်လည်း သူ၏ အလုပ်နှင့် ပတ်သက်လာလျှင်တော့ မည်သည့်အချိန်တွင်မှ အမှားလုပ်မည် မဟုတ်ပေ။

သူ၏သားဖြစ်သူကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးရန်အတွက် အလုပ်ကို အကြောင်းပြချက်အဖြစ် အသုံးပြုမည်က ပို၍ပင် မဖြစ်နိုင်ပါချေ။

ထို့ကြောင့် ဤအချိန်တွင် စုန့်ကျယ်က စုန့်ရှီးယန်ကို တပ်သို့ ပြန်ခေါ်ခဲ့သည်က ကြီးမားသော ကိစ္စတစ်ခု ဖြစ်လာ၍သာဖြစ်ပေလိမ့်မည်။

“ဒါဆိုလည်း ရှင် .. ဘာပဲဖြစ်ဖြစ် ရှင်ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်တာပဲလေ.. ရန်ရန်ကတော့ မနက်ဖြန် ပြန်သွားလိမ့်မယ်”

ချင်းယွင်ကျစ်က ဒေါသတကြီး ပြောပြီးနောက် လင်းရန်ကို ဘေးသို့ ခေါ်သွားရန် တွေးတောနေခဲ့သည်။

သူမအနေဖြင့် လင်းရန်၏ စိတ်ခံစားချက်များကို မည်သို့ နှစ်သိမ့်ရမည်ကို တွေးတောရပေတော့မည်။

ဤကိစ္စသည်က ပြောရန်အတွက် လွယ်ကူသည်။ ဆိုရလျှင် စစ်သည်များ၏ ဇနီးများအနေဖြင့် သူတို့သည် စစ်သားများနှင့် လက်ထပ်သည့်အချိန်ကတည်းက သူတို့၏ ခင်ပွန်းသည်များက သူတို့နှင့် မသက်ဆိုင်ဘဲ နိုင်ငံနှင့်သာ သက်ဆိုင်ကြောင်းကို သိရှိနားလည်ခဲ့ကြပြီး ဖြစ်ပေသည်။

ထို့ကြောင့် သူတို့ မည်မျှပင် ချစ်ခင်ကြသည်ဖြစ်စေ၊ အဖွဲ့အစည်းမှ အမိန့်ပေးလိုက်သည်နှင့် သူတို့ ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့ရသည်။

သူမက ထိုကဲ့သို့အခြေအနေကို ရင်းနှီးနေပြီဖြစ်သည်။ စုန့်ကျယ်အနေဖြင့် ဤနှစ်များအတွင်းအိမ်တွင် အချိန်များစွာ မနေခဲ့ရပါချေ။

သို့သော်လည်း လင်းရန်အတွက်တော့ သူမနှင့် စုန့်ရှီးယန်တို့က ချစ်ခင်စအချိန် ဖြစ်ပြီး သူမက သူတို့၏ အိမ်သို့ ခရီးနှင်၍ လာခဲ့ရခြင်း ဖြစ်ပေသည်။

စုန့်ရှီးယန်ကသာ သူမကို ပြန်မပို့ပေးဘူးဆိုရင် မိန်းကလေးတစ်ယောက်တည်း လမ်းပေါ်မှာ ဘာလိုများ အဆင်ပြေနိုင်မှာလဲ။

ချင်းယွင်ကျစ်တစ်ယောက် ပို၍စဉ်းစားလေ၊ ပို၍ စိုးရိမ်လေ ဖြစ်လာခဲ့ပြီး လင်းရန်အား အမြန် ပြောလိုက်သည်။”ရန်ရန်၊ စိတ်မပူပါနဲ့.. ဒီကိစ္စကို သူ့အဖေကို ကိုင်တွယ်ခွင့် ပေးလို့ရမလားဆိုတာ ကြည့်လိုက်ဦးမယ်.. ဘာပဲဖြစ်ဖြစ် အန်တီက မင်းကို တစ်ယောက်တည်း အိမ်ပြန်ခွင့် ပေးမှာ မဟုတ်ဘူး!”

သို့သော် လင်းရန်က ချင်းယွင်ကျစ် ထင်ထားသည်ထက် များစွာ ပို၍ တည်ငြိမ်နေခဲ့သည်။

အဖေစုန့်က စုန့်ရှီးယန်ကို တပ်သို့ ပြန်ခေါ်စဉ်အချိန်က သူမ ခဏတာလောက် စိတ်ရှုပ်ထွေးခဲ့ရသော်လည်း စိတ်ခံစားချက်များကို လျင်မြန်စွာ ပြန်လည် ချိန်ညှိခဲ့သည်။

သူမအနေဖြင့် စုန့်ရှီးယန်နှင့် ဆက်ဆံရေးရှိရန် သဘောမတူခင်ကတည်းက ဤကိစ္စကို စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် လက်ခံနိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ စုန့်ရှီးယန်၏ အလုပ်အပေါ်တွင် သူမ ဂုဏ်ပင်ယူမိဦးပေမည်။

သို့သော်လည်း မည်သည့် တာဝန်ကို လုပ်ဆောင်သည်ဖြစ်စေ သူ၏ လုံခြုံရေးကို အမြဲ ကာကွယ်ရန်အတွက်တော့ သတိရှိရမည်ဖြစ်သည်။

ဆိုရလျှက် တစ်ဖက်လူက သူမ အိမ်တွင် စောင့်နေသည်ဆိုသောအချက်ကို ရမည်ဟူသော အချက်ကတော့ အဓိက အခြေခံပင်ဖြစ်သည်။

“အဆင်ပြေပါတယ် အန်တီ၊ ကျွန်မ တစ်ယောက်တည်း ပြန်လို့ရတယ်.. ကျွန်မ ဒီကို လာတုန်းက လမ်းကို မှတ်မိထားပြီးသားပဲလေ.. ဒီတော့ လမ်းပျောက်မှာ မဟုတ်ဘူး

ပြီးတော့ အခုက အဖွဲ့အစည်းမှာ လိုအပ်ချက် ရှိနေတာဆိုတော့ ကျွန်မတို့အနေနဲ့ ကိုယ်ပိုင်ကိစ္စလေးတွေကို ဘေးဖယ်ထားပြီး အရေးကြီးတဲ့ ကိစ္စတွေကို အရင် ပြီးမြောက်အောင် လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်..ကျွန်မ မကျေနပ်တာမျိုး လုံးဝ မရှိပါဘူး”

ချင်းယွင်ကျစ်တစ်ယောက် လင်းရန်၏စကားကို နားထောင်ရင်း မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

ဝူးဝူး... သူမရဲ့ ချွေးမလေးက ဘာလို့ ဒီလောက်တောင် ချောမောပြီး နားလည်တတ်သူ ဖြစ်နေရတာလဲ။

အဲဒီကောင်လေး စုန့်ရှီးယန်က ရန်ရန်နှင့် တွေ့ဆုံဖို့အဆွက် ဘယ်နှစ်ဘဝစာလောက်တောင် ကျင့်ကြံခဲ့ရတာလဲ!

လင်းရန်မှ စုန့်ရှီးယန်ကို အလွန် နားလည်နိုင်နေသည်ကို မြင်လိုက်ရပြီးနောက် ချင်းယွင်ကျစ်တစ်ယောက် စိတ်လှုပ်ရှားလာခဲ့ပြီး အတွေးတစ်ခုက ရုတ်တရက် သူမ၏စိတ်ထဲသို့ ဖြတ်ပြေးသွားခဲ့သည်။

“ရန်ရန် ဒီလိုလုပ်လိုက်ရအောင်.. အန်တီ မင်းကို ပြန်လိုက်ပို့ပေးမယ်! မင်းရဲ့မိသားစုကိုလည်း တလက်စတည်း ဝင်တွေ့လိုက်မယ်လေ!”

လင်းရန် ကြောင်အသွားရသည်။

“ဟမ်?”

“ဟုတ်ပြီ၊ အဲလိုပဲ လုပ်ရအောင် ဒီလိုဆိုရင် ငါလည်း လမ်းကို မှတ်မိနိုင်တော့မှာ.. နောက်ပိုင်း မင်းရဲ့အိမ်ကို လက်ထပ်ခွင့် တောင်းဖို့ သွားမယ်ဆိုရင် လမ်းရှာမတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူး!”

ချင်းယွင်ကျစ်တစ်ယောက် ပို၍စဉ်းစားလေလေ၊ သူမ၏ စိတ်ကူးက အလွန်ကောင်းသည်ဟု ပို၍ ခံစားရလေ ဖြစ်ပြီး ဤကိစ္စကို တစ်ဦးတည်း ဆုံးဖြတ်လိုက်လေသည်။

လင်းရန်အနေဖြင့် ခဏလောက်စဉ်းစားလိုက်သော်လည်း ချင်းယွင်ကျစ်၏ ဆန္ဒကို ငြင်းပယ်ရန် အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။

နောက်ဆုံးတွင်တော့ သူမ ချင်းယွင်ကျစ်က သူမကို ကြယ်များတောက်ပနေသကဲ့သို့ မျက်လုံးများဖြင့် မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်ရပြီးနောက် လင်းရန်၏ နှလုံးသားက ပျော့ပျောင်းသွားခဲ့ရသည်။

“ကောင်းပြီ၊ ဒီလိုလည်း အဆင်ပြေပါတယ်.. ဒါပေမဲ့ ကျွန်မတို့ အိမ်က အခြေအနေက သိပ်မကောင်းနိုင်ဘူး.. အန်တီ စိတ်ကိုတော့ ပြင်ဆင်ထားဖို့ လိုမယ်နော်”

ချင်းယွင်ကျစ်ကတော့ သူမ သဘောတူလိုက်သည်ကို မြင်လျှင်အလွန်အမင်း ပျော်ရွှင်သွားခဲ့လေသည်။

အခြေအနေ မကောင်းလောာ်ဆိုသည့်ကိစ္စအတွက်မူ တစ်နိုင်ငံလုံးရှိ လယ်သမားရဲဘော် သိန်းပေါင်းများစွာသည်က ပျော်ရွှင်သော ဘဝတွင် နေထိုင်နိုင်ကြသည်။

သူမသည်လည်း သူတို့ထက် ပို၍ မြင့်မြတ်သူ မဟုတ်သောကြောင့် လိုက်လျောညီထွေ မဖြစ်နိုင်ဘဲ နေလိမ့်မည်ကို အဘယ်ကြောင့် စိတ်ပူနေရမည်နည်း!

“စိတ်မပူပါနဲ့ ရန်ရန်၊ မင်းရဲ့အန်တီက အရမ်းကို လိုက်လျောညီထွေ နေတတ်တဲ့သူပဲ!”

ထို့ကြောင့် ထိုသူတို့နှစ်ယောက်က ချင်းယွင်ကျစ်မှ လင်းရန်နှင့်အတူ ပြန်လိုက်မည်ဆိုသည့်ဆုံးဖြဆ်ချက်ကို ပျော်ရွှင်စွာ ဆုံးဖြတ်လိုက်ကြသည်။

ထိုနှစ်ယောက်က ဤကိစ္စကို ဆွေးနွေးနေစဉ် စုန့်ကျယ်ကလည်း စုန့်ရှီးယန်ကို ဘေးဘက်သို့ ခေါ်သွားပြီး အရေးကြီးသော မစ်ရှင်အကြောင်းကို လျင်မြန်စွာ ပြောပြခဲ့သည်။

“ဒီနေ့အထိ နေရာအသီးသီးက ပြည်သူ့လုံခြုံရေးအရာရှိတွေဆီကို မိသားစု အနည်းဆုံး ငါးဆယ်လောက်ဆီကနေ လူပျောက်ဆုံးမှု အစီရင်ခံစာတွေကို လက်ခံရရှိခဲ့ပြီ

နောက်ဆုံးအနေနဲ့ အားလုံးရဲ့ ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေကနေ ဒီအခြေအနေက လူကုန်ကူးမှုအကြီးစား တစ်ခုဖြစ်တဲ့အကြောင်းကို ဆုံးဖြတ်ခဲ့တယ်

ဒါ့အပြင် ရာဇဝတ်မှု ကျူးလွန်သူတွေက အတွေ့အကြုံ အများကြီးရှိတဲ့ လူကုန်ကူးသူတွေ ဖြစ်နေလိမ့်မယ်..

ပြီးတော့ သူတို့အထဲမှာ စစ်တပ်က နှစ်ပေါင်းများစွာ လိုက်နေတဲ့ နိုင်ငံခြားအင်အားစုတွေနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်ကောင်တွေလည်း ပါဝင်နိုင်ခြေ ရှိတယ်

ဒါကြောင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ငါတို့ဆီကနေ အကူအညီ တောင်းခံလာခဲ့တာ”

စုန့်ရှီးယန်လည်း အဖေစုန့်၏စကားများကို ဂရုတစိုက် နားထောင်ခဲ့ပြီး အရာအားလုံးကို ကြားပြီးနောက် အဓိက အချက်ကို နားလည်လိုက်လေ၏။သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဤလူကုန်ကူးသူများမှာ လက်ရှိ ပြန်ပေးဆွဲထားသည့် လူများကို နိုင်ငံ၏ပြင်ပသို့ ပို့ဆောင်ပြီး ပြည်ပတွင် ရောင်းချဖွယ်ရှိသည်ဟု သူ၏ ဖခင်က ရည်ရွယ်ခြင်းသာ ဖြစ်သည်။

ဤသည်က ရိုးရိုးရှင်းရှင်း တောင်ပေါ်ဒေသသို့ ရောင်းစားပြီး ဇနီးအဖြစ် ပေးစားသည်ထက် များစွာပိုမိုဆိုးရွားပြီး နိုင်ငံတကာ အမှုအထိ မြင့်တက်သွားပေပြီ။

ထိာ့ကြောင့် သူတို့ဘက်မှ ဝင်ရောက် ဆောင်ရွက်ဖို့ လိုအပ်သည်မှာ မဆန်းတော့ပေ။

“မင်း နားလည်ပြီလား ဗိုလ်ကြီးစုန့်”

အရာအားလုံးကို ရှင်းလင်းပြောပြပြီးနောက် စုန့်ကျယ်က နဖူးကြောများ ထောင်ထသည်အထိ မျက်မှောင်ကြုတ်၍ စုန့်ရှီးယန်ကို မေးလိုက်သည်။

စုန့်ရှီးယန်လည်း ချက်ချင်းပင် အမူအရာ ပြောင်းလဲကာ ပြန်ဖြေခဲ့သည်။

“နားလည်ပါတယ်!”

“ကောင်းပြီ၊ ဒါဆို အခုချက်ချင်း မင်းရဲ့ အထုပ်အပိုးတွေ ထုပ်ပိုးလိုက်တော့.. နာရီဝက်အတွင်း တပ်ထဲကို ပြန်သွားရမယ်!”

“အမိန့်ကို နာခံပါတယ်!”

All Chapters