← Chapters

မျက်ရည်လည်ရွဲ

Vol. 1-4 Ch. 55

မျက်ရည်လည်ရွဲ

Vol. 1-4 Ch. 55

ဝူယွဲ့က ရှေ့မှပြေးနေချိန်တွင် ရဲ့လင်းချန်က သွေးပူလေ့ကျင့်ခန်း စလုပ် နေသည်ကို လူတိုင်း ကြည့်နေကြသည်။ သူသည် ခန္ဓာကိုယ်နှင့် လည်ပင်း တို့ကို စောင်းငဲ့၍ သွေးပူအောင် လုပ်ကာ အမူအရာက တည်ငြိမ်နေ၏။ လင်းအောင် တောင်မှ ဤသည်ကို ထပ်မကြည့်ရဲတော့သဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားမိသည်။

*ဒီကောင် ဘာလုပ်ချင်နေတာလဲ*

“ငါးမိနစ် ပြည့်ပြီ”

ရဲ့လင်းချန်သည် သဲအိတ်နှင့် အသားကျသွားလေသည်။ ထိုအခိုက်တွင် ဝူယွဲ့က ကုန်းလျှောကို စတက်နေ၏။

“ဝှစ်”

ထိုအခိုက်တွင် သူသည် ကိုယ်ကိုကိုင်း၍ ရှေ့သို့ ချီတာတစ်ကောင်သဖွယ် ပြေးတက်လိုက်သည်။ ကုန်းလျှောကို ပြေးတက်၍ တစ်ချက်တည်း ခုန်ဆင်းလိုက်သည်က ဆယ်စက္ကန့်ပင် မကြာလိုက်ချေ။

*မြန်တယ်*

*မြန်လွန်းတယ်*

သူ့ကို အထင်မကြီးသော လူအုပ်ကြီး မှင်တက်သွားသည်။ သူတို့သည် မယုံနိုင်ဟန်ဖြင့် မျက်လုံးကြီးပြူးနေကာ ထိတ်လန့်လွန်း၍ စကားပင် မပြောနိုင်ပေ။

ရဲ့လင်းချန်၏ စွမ်းဆောင်ရင်က အစောပိုင်းက သူတို့ ထင်ထားသည်နှင့် လုံးဝ ခြားနားနေ၏။ ဖန့်ဟုန်၏ အမူအရာ လေးနက်လာပြီး ရဲ့လင်းချန်အား သေချာ စိုက်ကြည့်လေသည်။

နောက်တစ်ဆင့် တွားသွားရသည့်အဆင့်သို့ ရောက်လာသည်။ ရဲ့လင်းချန်က ကိုယ်ကိုတွန့်လိမ်၍ မြွေတစ်ကောင်သဖွယ် အရှေ့သို့ တွားသွားနေသည်။ သူ၏အရှိန်က မတ်မတ် လမ်းလျှောက်သည့် အရှိန်ထက် မနှေးပေ။

စက္ကန့်နှစ်ဆယ်နှင့် လျှပ်စစ်တိုက်ထားသော အတားအဆီး လေ့ကျင့်ခန်းအား ပြီးသွားလေသည်။ နောက်တစ်ဆင့်မှာ ကျောက်နံရံကို တက်ခြင်းပင်။

ရဲ့လင်းချန်က မျောက်တစ်ကောင်သဖွယ် ခြေလက်အားလုံးကို သုံး၍ တက်နေသည်။ သူ့ခန္ဓာကိုယ်က သဲအိတ် မရှိသကဲ့သို့ ပေါ့ပါးကာ အပေါ်သို့ လျင်မြန်စွာ တက်နေလေသည်။

တစ်ချိန်တည်းမှာပင် ဝူယွဲ့သည် ကျောက်နံရံထိပ်သို့ တက်နိုင်သွားပြီး မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံး ရှိနေသည်။

သူ၏ အတားအဆီး လေ့ကျင့်ခန်းကို ဖြတ်ကျော်သော အချိန်က ပြီးပြည့်စုံလုနီးပါး ဖြစ်ကာ သူ၏ ယခင်မှတ်တမ်းထက် သုံးဆယ်ရာခိုင်နှုန်း ပိုမြန်သေးသည်။

*အဲ့ကောင် အခု စိတ်ဓာတ်ကျနေလောက်ပြီ*

သူ့ရဲဘော်ရဲဘက်များကို လှမ်းကြည့်လိုက်သောအခါ ထိတ်လန့်သော မျက်နှာများ ဖြစ်နေသည်ကို တွေ့လိုက် ရသည်။ ခေါင်းဆောင်ဖန့်တောင်မှ အံ့ဩသော အမူအရာ ဖြစ်နေ၏။ သူ အလွန်အမင်း ဂုဏ်ယူသလို ခံစားလိုက်မိသည်။

*တကယ် အံ့ဩစရာကောင်းတာက ဘာလဲဆိုတာကို မြင်လိုက်ရလို့ အံ့ဩသွားပြီလား၊ ကျုပ် သိုင်းဘုရင် ဖြစ်ဖို့ ကံပါလာတဲ့ ယောက်ျားဗျ*

သူ ဂုဏ်ယူသလို ခံစားရသောကြောင့် ထိုလူစုကို ပြုံး၍ လက်ပြလိုက်သည်။ သို့သော် မည်သူမှ သူ လက်ပြနေသည်ကို ပြန်မတုံ့ပြန်ပါ။ ထိုအစား သူတို့မျက်နှာပေါ်က ထိတ်လန့်မှုက ပိုတိုးလာ၏။

“ချီးပဲ”

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ ကျိန်ဆဲလေသည်။ ထို့နောက်တွင်မူ …

“ချီးပဲ”

“ချီးပဲ”

….

လူတိုင်း တအံ့တဩ ကျိန်ဆဲပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်ကာ ကျောက်ရုပ်သဖွယ် ရပ်နေကြသည်။

“အဲ့ချီးပဲဆိုတာတွေက ဘာအတွက်လဲ”

ဝူယွဲ့ အံ့အားသင့်သွားပြီး နောက်လှည့်လိုက်ချိန်တွင် လေတိုးလာသလို ခံစားလိုက်ရပြီး အရိပ်တစ်ခုက ဖြတ်ပြေးသွားလေသည်။

*ဟင်*

*ဟိုကောင် ဘယ်မှာလဲ*

ဝူယွဲ့ နောက်လှည့်ကြည့်လိုက်သောအခါ ရဲ့လင်းချန်ကို မတွေ့ချေ။ သူ ရှေ့ပြန်လှည့်လိုက်သည့်အခါ မျက်လုံး ကျွတ်ကျမတတ် ဖြစ်သွားရသည်။

ပုံရိပ်တစ်ခုက တိုင်လုံးများကို ခုန်လွှား၍ မယုံနိုင်သော အရှိန်ဖြင့် ဖြတ်ကျော်နေသည်ကို သူ တွေ့လိုက်ရသည်။ မီတာ တစ်ရာရှိသော တိုင်လုံးအား မိနစ်ဝက်အတွင်း ကျော်လွှားပြီးသွား၏။

နောက်ဆုံးတွင် သူသည်လည်း စိတ်မထိန်းနိုင်ဘဲ တအံ့တဩ ရေရွတ်လိုက်မိသည်။

“ချီးပဲ”

ရဲ့လင်းချန် မြေကြီးပေါ် ပြန်ကျလာချိန်အထိ လူအုပ်ကြီးက ကြက်သေ သေနေဆဲပင်။ ထိုလူများထဲတွင် လင်းအောင်နှင့် ဖန့်ဟုန်လည်း ပါဝင်ပေသည်။

“ခေါင်းဆောင်ဖန့် ဘယ်လိုသဘောရလဲဗျ”

ရဲ့လင်းချန်က ဖန့်ဟုန်ထံသို့ လျှောက်လာပြီး ပြုံးကာ မေးလိုက်သည်။ ထိုအခါတွင်မှ ဖန့်ဟုန် သတိဝင်လာ၏။ သူ၏ အဟောင်းသား ဖြစ်နေသော ပါးစပ်ကို လက်ဖြင့် ပြန်ပိတ်ကာ ချောင်းဟန့်၍ အေးတိအေးစက် ပြောလိုက်သည်။

“မဆိုးဘူး ငါ အောင်တယ်လို့ သဘောထားတယ်”

အခြားသူများသည်လည်း သတိဝင်ကာ ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေကြသည်။ လင်းအောင် ပင့်သက်ရှိုက်ကာ ရဲ့လင်းချန်ကို လက်ညှိုးထိုးပြီး ဘာမှမပြောနိုင်ချေ။

တကယ်တမ်းပ သူတို့သည် ရဲ့လင်းချန်၏ အစောပိုင်းက စမ်းတဝါးဝါး အပြုအမူကို ဟန်လုပ်နေခြင်းဟု ထင်သွားကြလေသည်။ ထိုသို့မဟုတ်ပါက လုံးဝ အခြားလူတစ်ယောက်ကဲ့သို့ လုပ်နိုင်ပါမည်နည်း။

တစ်ကြိမ်မျှ လမ်းညွှန်ချက်ကို နားထောင်လိုက်ရုံနှင့် ဤမျှ အံ့ဩစရာကောင်းလာပါမည်လော။ မဖြစ်နိုင်ပေ။ ယင်းက ယုတ္တိမတန်ပါ။

ဝူယွဲ့သည် ကျောက်နံရံထိပ်၌ မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏ ဦးနှောက်က ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်ကို အမှီမလိုက်နိုင်သေးပေ။ နောက်ဆုံးတွင် သူ ဒုန်းခနဲ ဒူးထောက်ကျသွားပြီး ရှေ့တည့်တည့်သို့ မျက်ရည်ဝဲကာ ကြည့်နေမိသည်။

“မင်း … မင်း ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် အံ့ဩစရာကောင်းသွားရတာလဲ”

လင်းအောင်က အသံတုန်တုန်ဖြင့် မေးလာသည်။ ထိုမေးခွန်းက လူတိုင်း မေးချင်သော မေးခွန်းပင်။

“ခင်ဗျားပဲ ကျွန်တော့်ကို သင်ပေးတာ မဟုတ်ဘူးလား”

ရဲ့လင်းချန်က ဘာမှမထူးခြားသကဲ့သို့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ငါ မင်းကို သင်ပေးလိုက်ပါတယ်၊ ဒါပေမဲ့ …”

လင်းအောင် ဘာပြောရမှန်း မသိပေ။

*ငါ မင်းကို သင်ပေးလိုက်ပါတယ်၊ ဒါပေမဲ့ ငါ မင်းလောက် မတော်သလို ခံစားနေရတယ်*

“ဝူယွဲ့ ငိုနေတာ ရပ်တော့၊ မြန်မြန် ဆင်းလာခဲ့၊ ဒုတိယမြောက် လေ့ကျင့်ကွင်းကို ဆက်မယ်”

ဖန့်ဟုန်က ခေါင်းမော့၍ ထိပ်၌ ရှိနေသေးသော ဝူယွဲ့ကို လှမ်းအော်လိုက်လေသည်။

“အာ ဟုတ်ကဲ့ ဆရာ”

ဝူယွဲ့ မျက်ရည်သုတ်၍ အောက်သို့ ဆင်းလာသည်။ သူ့မျက်လုံးများ နီရဲနေပြီး မျက်နှာတွင် မျက်ရည်စီးကြောင်းများ ရှိနေသေးသည်။ သူ အတော်လေး ထိတ်လန့်သွားရကြောင်း သိသာလှသည်။

အဖွဲ့သည် သေနတ်ပစ်ကွင်းသို့ ခပ်သွက်သွက် ပြေးသွားကြသည်။ ၎င်းနေရာက ကြီးမားကျယ်ပြန့်ပေသည်။

“ရဲ့လင်းချန်”

ရဲ့လင်းချန်သည် သေနတ်ပစ်ကွင်းကို ကြည့်နေစဉ်၌ ဝူယွဲ့၏ လှမ်းခေါ်သံကို ကြားလိုက်ရသလို သူ့ထံ လျှောက်လာ နေသည်ကိုလည်း တွေ့လိုက်ရသည်။

လက်ရှိတွင် ဤနက်မှောင်သော အသားအရေနှင့်လူသည် မျက်ရည်များ ခြောက်သွားပြီဖြစ်ပြီး မျက်လုံးတွင် ယှဉ်ပြိုင်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေ၏။ သူက အလေးအနက်ထားသော လေသံဖြင့် ပြောလာသည်။

“မင်း အတားအဆီး လေ့ကျင့်ခန်းကို ငါ့ထက် မြန်မြန် ပြီးအောင် လုပ်နိုင်တာကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ နောင် ငါ မင်းကို ကျော်သွားမှာ၊ ဒီတစ်ခါတော့ ငါ မင်းကို သေနတ်ပစ်တဲ့နေရာမှာ ရှုံးမှာ မဟုတ်ဘူး”

“ဪ ခင်ဗျားက မိုက်ပါတယ်၊ အကောင်းဆုံး လုပ်ဖို့ပါ သတိရပါ”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်ပြောပြီး ဝူယွဲ့ဘေးမှ ဖြတ်သွားလိုက်သည်။ သူ၏ သာမန်ကာလျှံကာ အပြုအမူက ဝူယွဲ့၏ အလှောင်ခံရသော ခံစားချက်ကို ပိုတိုးမြင့်လာစေသည်။ သူ၏ မျက်နှာက နီရဲလာပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။

“ရဲ့လင်းချန် ဒါ အရေးကြီးတဲ့ကိစ္စကွ၊ မင်း စောင့်ကြည့်နေလိုက်”

သူသည် သေနတ်ပစ်ကောင်တာသို့ အလေးအနက် လျှောက်သွားလိုက်ပြီး သေနတ်ကို သေသေချာချာ စစ်ဆေးလိုက်သည်။ ယင်းသေနတ်သည် ကျည်ဆယ်တောင့်ပါသော သာမန် ပစ္စတိုသေနတ် ဖြစ်သည်။

အခြားသူများလည်း ထိုနည်းတူပင်။ ရဲ့လင်းချန်လည်း သူတို့နည်းတူ သူ့ရှေ့မှ သေနတ်ကို လိုက်ကိုင်လိုက်သည်။

“လူတိုင်း ဆယ်ကြိမ် ပစ်ရမယ်၊ အသင့်ပြင်”

လူတိုင်း သေနတ်ကိုမြှောက်ကာ စံသတ်မှတ်ထားသော သေနတ်ပစ် အနေအထားဖြင့် ရပ်နေကြသည်။ ရဲ့လင်းချန်သာလျင် ကို့ရို့ကားယား အနေအထားဖြင့် ရှိနေ၏။

ဖန့်ဟုန် မျက်မှောင်ကြုတ်သွားသည်။

“တစ်ခါမှ သေနတ်မပစ်ဖူးဘူးလား”

“သူက ကျောင်းသားပဲကို၊ သေနတ်နဲ့ ဘယ်လိုလုပ် ရင်းနှီးမလဲ”

လင်းအောင် ပြန်ဖြေလိုက်သည်။

“သေနတ်ပစ်တာကိုတော့ ငါ သူ့ကို သင်ပေးလိုက်မယ်”

ဖန့်ဟုန်၏ အပြုအမူက ချက်ချင်း ပြောင်းလဲသွားသည်။ လက်ရှိတွင် သူ့၌ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေ၏။

“ဒီကောင်လေးက သိုင်းပညာ တော်တယ်၊ ကောင်းကောင်း လေ့ကျင့်ပေးရင် ငါတို့နိုင်ငံရဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”

“ပစ်တော့”

“ဒိုင်း ဒိုင်း”

…

ငါးမိနစ်ကြာသော် လူတိုင်း ဆယ်ချက် ပစ်ပြီးသွားသည်။ ထို့နောက် သေနတ်ပစ် ရမှတ်က ဒီဂျစ်တယ် ဖန်သားပြင်၌ ပြသလာ၏။

(တစ် ဝူယွဲ့ ဆယ်မှတ်ကွင်း ငါးချက်၊ ကိုးမှတ်ကွင်း ငါးချက်၊ စုစုပေါင်း ကိုးဆယ့်ငါးမှတ်)

ထိုရလဒ်က လူအုပ်ထဲ၌ ဩဘာပေးသံများ ညံသွားစေသည်။

“ဒါ ဝူယွဲ့ပဲလေ၊ သူ့သေနတ်ပစ်အမှတ်က အမြဲငြိမ်နေတာ၊ အံ့ဩစရာပဲ”

“သူသာ နည်းနည်း ပိုတိုးတက်လာရင် ပစ်မလွဲအဆင့်ကို ရောက်လာမှာ၊ သူ လက်ဖြောင့် သေနတ်သမားဖြစ်ဖို့ သိပ်မလိုတော့ဘူး”

…

မီတာသုံးရာသည် ပစ္စတိုသေနတ် ချိန်နိုင်သော အများဆုံး အကွာအဝေး ဖြစ်သည်။ အမှန်အတိုင်း ဆိုရလျင် သာမန် ရဲတစ်ယောက်၏ သေနတ်ပစ် လေ့ကျင့်ကွင်းက မီတာတစ်ရာထက် မကျော်ချေ။

သို့သော် ဝူယွဲ့က အနိမ့်ဆုံးအမှတ်အဖြစ် ကိုးမှတ်ကွင်းကို ပစ်နိုင်လေသည်။ ဤသည်က မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလှပေသည်။

“မဆိုးဘူး ဒါပေမဲ့ နောက်ဆုံးငါးချက်မှာ မင်းစိတ်ထဲမှာ အနှောင့်အယှက် ရှိနေတယ်၊ မင်းရဲ့ မတည်ငြိမ်တဲ့စိတ်က မင်းကို ဆယ်မှတ်ကွင်းကို ထိအောင်ပစ်ဖို့ လွဲချော်သွားစေတာပဲ၊ မင်းအပြုအမူကို ဦးစားပေးသုံးသပ်ပါ၊ ဘယ်လို အခြေအနေမျိုးမှာမဆို မင်း တည်ငြိမ်နေမှရမယ် နားလည်လား”

ဖန့်ဟုန် မှတ်ချက်ချလိုက်သည်။

“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”

ဝူယွဲ့က အလေးပြုလိုက်ပြီးနောက် ရဲ့လင်းချန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဂုဏ်ယူစိတ်ကြောင့် တောက်ပနေ၏။

*ဟားဟားဟား နံပါတ်တစ် သေနတ်သမားကွ*

All Chapters