← Chapters

မင်း ထပ်သင်လိုက်ပြန်တာပဲလား

Vol. 1-4 Ch. 56

မင်း ထပ်သင်လိုက်ပြန်တာပဲလား

Vol. 1-4 Ch. 56

ထို့နောက်တွင်မူ အခြားသူများ၏ ရမှတ်များ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ သူတို့အားလုံးသည် သိုင်းပညာရှင်များထဲမှ အတော်ဆုံးသူများ ဖြစ်သည်။ အဆိုးဆုံးရလဒ် ရသူပင် ခုနစ်မှတ်ကွင်းကို တစ်ကြိမ် ပစ်ထားမိသူ ဖြစ်သည်။ အများစုမှာ ရှစ်မှတ်ကွင်း သို့မဟုတ် ကိုးမှတ်ကွင်းကိုသာ ထိအောင် ပစ်နိုင်ကြသည်။ အားလုံး၏ ရလဒ်က အတော်လေး ကောင်းသည်ဟု ဆိုရပေမည်။

သို့သော် လူတိုင်းက ရဲ့လင်းချန်၏ အမှတ်ကို စောင့်နေကြသည်။ အစောပိုင်းက ရဲ့လင်းချန်က သူတို့ကို အတော်လေး အထင်ကြီးအောင် လုပ်ခဲ့သည်။ ယခုတစ်ခေါက်တွင် ….

(ရဲ့လင်းချန် သုံးမှတ်ကွင်း တစ်ချက်၊ နှစ်မှတ်ကွင်း သုံးချက်၊ တစ်မှတ်ကွင်း ငါးချက်နှင့် ပစ်မှတ်လွဲ တစ်ချက်၊ စုစုပေါင်း ဆယ့်လေးမှတ်)

“ယီးပဲ ဒါကြီးက ဘယ်လိုတောင်လား”

“ဒါ တကယ်လား၊ သူ ထပ်ဟန်လုပ်နေတာလား”

“ကြည့်ဦး အဲ့ကောင် နည်းပြဆီ လျှောက်သွားပြီ”

လင်းအောင်နှင့် ဖန့်ဟုန်တို့ နှစ်ယောက်လုံးက ရယ်ချင်ပက်ကျိ အမူအရာနှင့် ရဲ့လင်းချန်ကို ကြည့်နေကြသည်။

“ညီလေးရဲ့ မင်း … မင်း ငါ့ဆီက ထပ်သင်ပြတာကို လိုပြန်ပြီလား”

လင်းအောင် မေးလိုက်သည်။

“ဟုတ်တယ် အစ်ကိုလင်း ကျွန်တော့်ကို ဘယ်လို သေနတ်ပစ်ရလဲ ဆိုတာကို သင်ပေးစေချင်ပါတယ်”

ရဲ့လင်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ လင်းအောင် ရင်တုန်သလို ခံစားလိုက်ရသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျင် သူ ရဲ့လင်းချန်အား သင်ပြပေးရမည်ကိုပင် ကြောက်သလို ခံစားလာရ၏။

“သေနတ်ပစ်တဲ့နေရာမှာ မင်း သေနတ်ကို ဘယ်လို ကိုင်ရမလဲ ဆိုတာကို အရင် သင်ရမယ်၊ ဒါက ပစ္စတို၊ လက်မောင်းကို ဖြောင့်နေအောင် တန်းထားပြီးတော့ လက်နှစ်ဖက်နဲ့ ခပ်တင်းတင်း ကိုင်ထား။ ချိန်ရွယ်တဲ့ နေရာမှာ အဓိကက အာရုံစိုက်ဖို့ပဲ၊ မင်း သေနတ်စပ်နေတဲ့အချိန် မောင်းကို သေချာမြဲမြဲ ကိုင်ထားရမယ်၊ ဒါမှ မင်းဘက်ကို ပြန်ကန်မထွက်မှာ …”

“လင်းအောင်ထံမှ လမ်းညွှန်ချက် ရရှိခြင်း သေနတ်ပစ် စွမ်းရည် တစ်မှတ်”

“လင်းအောင်ထံမှ လမ်းညွှန်ချက် ရရှိခြင်း သေနတ်ပစ် စွမ်းရည် တစ်မှတ်”

“လင်းအောင်ထံမှ လမ်းညွှန်ချက် ရရှိခြင်း သေနတ်ပစ် စွမ်းရည် တစ်မှတ်”

…

ယခုတစ်ခေါက်တွင် စွမ်းရည်အဆင့်က ငါးဆယ် ရာခိုင်နှုန်းအထိသာ တက်သွားသည်။ ယင်းက သေနတ် အမျိုးအစားနှင့် သတ်ဆိုင်လိမ့်မည်ဟု ရဲ့လင်းချန် တွေးလိုက်မိသည်။

လင်းအောင်က သူ့ကို ပစ္စတိုသေနတ်ကိုသာ ဘယ်လိုပစ်ရမလဲ သင်ပေးနေခြင်း ဖြစ်သည်။ ဤမျှနှင့် လုံလောက် လောက်ပါသည်။

ငါးမိနစ်ကြာပြီးနောက် ရဲ့လင်းချန် ခေါင်းညိတ်၍ သေနတ်ပစ်ကွင်းဘက်သို့ ပြန်လျှောက်သွားသည်။

“မင်း ထပ်သင်လို့ရလိုက်တာပဲလား”

လင်းအောင် မေးလိုက်သည်။ အခြားသူများလည်း ရဲ့လင်းချန်တွင်သာ အာရုံစိုက်နေပြီး ရင်ခုန်နေကြသည်။

“ထင်တာပဲ”

ရဲ့လင်းချန် အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ကျွန်တော် စမ်းကြည့်ဖို့ အဆင်သင့်ပဲ”

“မင်း သေနတ်ပစ်တာကို ဒီလောက် မြန်မြန် သင်ယူနိုင်လိမ့်မယ်လို့ ငါ မယုံဘူး”

ဝူယွဲ့က အော်ပြောလိုက်သည်။ ရဲ့လင်းချန်၏ စွမ်းဆောင်ရည်က သူ၏ အတွေးအမြင်ကို အဆုံးစွန်ထိ ရောက်သွားစေသည်။ သူ၏ လက်ကျန် အတွေးအမြင်လေးကို အစွမ်းကုန် ကြိုးစား၍ ကာကွယ်နေရသည်။

“ခေါင်းဆောင်ဖုန့် ကျွန်တော့်ကို ရဲ့လင်းချန်နဲ့ သေနတ်ပစ် ပြိုင်ဖို့ ခွင့်ပြုပေးပါ”

“ခင်ဗျား ကျွန်တော်နဲ့ ပြိုင်ချင်နေတုန်းပဲလား”

ရဲ့လင်းချန် တအံ့တဩ မေးလိုက်သည်။ ဝူယွဲ့က မျက်နှာမာမာနှင့် ပြန်ပြောလိုက်သည်။

“ပြိုင်ရမယ်၊ ငါ ပြိုင်ကို ပြိုင်ရမယ်”

နှစ်ယောက်လုံး သေနတ်ပစ်ကွင်းသို့ ပြိုင်တူ ရောက်လာသည်။ ထိုအခိုက်တွင် တစ်လောကလုံး တိတ်ဆိတ် သွားသည်။ ဖန့်ဟုန် အပါအဝင် လူတိုင်း သေနတ်ပစ်ကွင်းအား မျှော်လင့်တကြီးဖြင့် ကြည့်နေပြီး အသက်အောင့်ထားမိကြသည်။

“ဒီတစ်ခေါက် ဘယ်သူ နိုင်မယ်လို့ထင်လဲ”

“တကယ်ဆို ဝူယွဲ့ပဲ ဖြစ်သင့်တာ၊ ဒါပေမဲ့ ဒီကောင်က ခုနက လုပ်ခဲ့သလို ငတုံးယောင်ဆောင်နေတယ်လို့ ငါ ခံစားနေရတယ်”

“ငါလည်း အဲ့လို ခံစားနေရတယ်၊ ဒီကောင်လေးက တော်တော်ကို ပုံမှန်မဟုတ်တာ”

…

“လင်းအောင် မင်း ဘယ်လိုထင်လဲ”

ဖန့်ဟုန်က လေ့လာရေးစင်မြင့်၌ ရပ်လျက် မေးလိုက်သည်။ လင်းအောင် အချိန်တစ်ခုအထိ ငြိမ်နေပြီးမှ ခေါင်းခါပြ လေသည်။

“ညီလေးရဲ့ရဲ့ အတားအဆီး လေ့ကျင့်ခန်းတုန်းက တိုးတက်မှု လျင်မြန်ခဲ့တာက သူ့ရဲ့ အတိုက်အခိုက် စွမ်းရည်ကြောင့် ဖြစ်မယ်၊ သူက သိုင်းပညာရှင်ဆိုတော့ သူ့ရုပ်ခန္ဓာက အသာစီးရသွားတာပဲ၊ ဒါပေမဲ့ သေနတ်ပစ်တာနဲ့ သိုင်းပညာနဲ့က မတူညီတဲ့ အရာနှစ်ခုလေ၊ ဒီတစ်ခါတော့ သိပ်တိုးတက်မယ် မထင်ဘူး”

ဖန့်ဟုန်က အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်သည်။

“သူက ပုံမှန်အခြေအနေတွေမှာ သေနတ်နဲ့ မရင်းနှီးဘူးလေ၊ ဒီတစ်ခါတော့ သူက လုံးဝ လူသစ်ပဲ၊ အခြေခံလည်း မရှိဘူး၊ အားသာချက်လည်း မရှိဘူး၊ ဒီတစ်ခါတော့ ရလဒ်က သိသာလောက်ပါတယ်”

သေနတ်ပစ်ခြင်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း မတူညီသော ဗဟုသုတများလည်း လိုအပ်သည်။ အထူးသဖြင့် အသေးစိတ် ပြောရလျင် ပုံမှန်လေ့ကျင်ရန် လိုအပ်ပေသည်။ အချိန်တိုအတွင်း စကားအနည်းငယ်မျှ နားထောင်ရုံလောက်နှင့် တတ်မြောက်နိုင်သော အရာ မဟုတ်ပါ။

“ဒိုင်း ဒိုင်း ဒိုင်း”

ထိုအခိုက်တွင် သေနတ်ပစ်သံများ ထွက်လာသည်။ ရဲ့လင်းချန်က လှုပ်ပင်မလှုပ်သေးချေ။ အရင်ပစ်လိုက်သူက ဝူယွဲ့ပင်။

ယခုတစ်ခေါက်၌ ဝူယွဲ့သည် မျက်တောင်ပင် မခတ်ပါ။ သူ၏ အသက်ရှူပုံကို ထိန်းညှိ၍ စိတ်ကိုပါ အမြင့်ဆုံး ရောက်အောင် ထိန်းချုပ်ထားသည်။ ယင်းသည် သူ့ဂုဏ်သိက္ခာနှင့် သက်ဆိုင်သော ပြိုင်ပွဲ ဖြစ်သည်။ သူ၏ ပန်းတိုင်မှာ သိုင်းဘုရင်ဖြစ်ရန် ဖြစ်သည်။ သူ့ဘဝ၌ ရှုံးနိမ့်ခြင်း ရှိလာ၍ မရပါ။

ပစ်ခတ်ပြီးနောက် သူ သက်ပြင်းချလိုက်သည်။ သူ့အာရုံကို အတည်ငြိမ်ဆုံး ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဝူယွဲ့သည် အလျင်မလိုဘဲ တစ်ချက်ပြီး တစ်ချက် ပစ်ခတ်ခဲ့သည်။

“ဝူယွဲ့က တကယ်ကို တော်တဲ့ သိုင်းသမားပဲ”

ဖန့်ဟုန်က အသိအမှတ်ပြုသလို ခေါင်းညိတ်ပြသည်။ သူ အုပ်ချုပ်နေသော အဖွဲ့၌ ဝူယွဲ့သည် သူ အကျေနပ်ရဆုံးလူ ဖြစ်လေသည်။

သူ့၌ ရုပ်ပိုင်းဆိုင်ရာ အားသာချက် ရှိသလို သင်ယူနိုင်နှုန်းကလည်း ကောင်းမွန်သည်။ ညွှန်ပြချက် ပေးလိုက်တိုင်း သိသာသော တိုးတက်မှု အမြဲ ရှိသည်။ အထူးသဖြင့် သူ၏ သိုင်းဘုရင် ဖြစ်ချင်သည့် စိတ်အားထက်သန်မှုပင်။

အရည်အချင်းနှင့် အားထုတ်မှုကိုပါ ပေါင်းစပ်လိုက်သောအခါ မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းသွားလေသည်။

“သူ့အပေါ် ရဲ့လင်းချန် လွှမ်းမိုးနေတာလည်း ကောင်းပါတယ်၊ သူ့ရဲ့ ယှဉ်ပြိုင်လိုစိတ်ကို တိုးစေတာပေါ့၊ ဒီသေနတ်ပစ် ပြိုင်ပွဲကို နိုင်ပြီးတာနဲ့ သူ့အပြုအမူကို ထိန်းနိုင်စွမ်း ရှိမယ်လို့ မျှော်လင့်ရတာပဲ”

ဖန့်ဟုန် ဆက်ပြောနေသည်။ လင်းအောင် ငြိမ်၍ နားထောင်နေ၏။ အခြေအနေက ဖန့်ဟုန် မျှော်လင့်ထားသည်နှင့် ကွာခြားနေမည်ဟု သူ ခံစားမိနေ၏။ နောက်ဆုံးတွင် သေနတ်သံများ ရပ်သွားသည်။

ဝူယွဲ့ စိတ်အေးသလို သက်ပြင်းချကာ နဖူးမှချွေးများကို သုတ်လိုက်သည်။ သူ့မျက်လုံးများက ဖန်သားပြင်ကိုသာ စိုက်ကြည့်နေသည်။ ကျန်လူများလည်း အသက်အောင့်ကာ အမှတ်ကို စောင့်နေကြသည်။

(ဝူယွဲ့ ဆယ်မှတ်ကွင်း ရှစ်ချက်၊ ကိုးမှတ်ကွင်း နှစ်ချက်၊ စုစုပေါင်းရမှတ် ကိုးဆယ့်ရှစ်မှတ်)

“ဝိုး…”

ချက်ချင်းဆိုသလိုပင် လူတိုင်း အံ့ဩကာ တအံ့တဩ ရေရွတ်သံများ ထွက်လာ၏။

“အံ့ဩစရာပဲ၊ အံ့ဩစရာ ကောင်းလွန်းတယ်၊ အမှတ်က လက်ဖြောင့်သေနတ်သမားဘွဲ့ရဖို့ ထိုက်တန်နေပြီ”

“ဒါ ဝူယွဲ့ပဲလေ၊ သမိုင်းဝင်မှတ်တမ်း ချန်နိုင်တာပေါ့”

“ဖိအားမရှိရင် စိတ်အားတက်ကြွမှု မရှိဘူးဆိုတဲ့ စကားလိုပဲ၊ အလေးအနက်ထားနေတဲ့ ဝူယွဲ့က ကြောက်ဖို့ ကောင်းတယ်”

…

ဖန့်ဟုန်နှင့် လင်းအောင်တို့ နှစ်ယောက်လုံး ခေါင်းညိတ်လိုက်သည်။ ဤသို့သော ရလဒ်က စစ်သည်တော်ဌာန၏ အထူး လေ့ကျင့်ရေးစခန်းလေးခုမှ ရွေးချယ်ခံရသည့်စာရင်းထဲ ပါနိုင်ပေသည်။

“ဟေ့ကောင် မင်း ရှုံးတာကို ဝန်ခံလိုက်တော့”

ဝူယွဲ့က သူ့စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်သည်။ သူ စိတ်အားတက်ကြွစွာဖြင့် ရဲ့လင်းချန်ကို ပြုံးကာ ပြုံးလေသည်။ သူ၏ ယခင်က အရှက်ရမှုကို ရှင်းလင်းနိုင်ပြီဟု ခံစားမိနေ၏။

“ငါ့အလှည့်”

ရဲ့လင်းချန်က မည်သည့်ခံစားချက်မှ မပြဘဲ လက်ထဲမှ ပစ္စတိုကို သုတ်လိုက်သည်။

*ဟမ့် ခေါင်းမာလိုက်တာ*

*မင်း အခြေအနေကို ဘယ်လိုပြောင်းနိုင်မလဲ ကြည့်ရသေးတာပေါ့*

သူတို့ရှေ့မှ အံ့ဩစရာကောင်းသော အမှတ်ကြောင့် မည်သူမှ ရဲ့လင်းချန်ကို ယုံကြည်ချက် မရှိတော့ချေ။ သူက ပစ္စတိုကိုမြှောက်၍ ချိန်လိုက်သည်။

“ဒိုင်း ဒိုင်း ဒိုင်း”

တစ်ချက်ကလေးမှ မနားဘဲ ဆယ်ချက် ဆက်တိုက် ပစ်လိုက်သည်။

“သူ ရူးနေတာပဲ ဖြစ်မယ်၊ ပစ်တိုင်း ကန်ချက်ရှိတာပဲကို၊ သူက တစ်ချက်ကလေးမှ မနားပါလား၊ နောက်ပစ်ချက်တွေက ပစ်ချက်ကို မှန်ဖို့ မဖြစ်နိုင်လောက်ဘူး”

“သေနတ်ကို ပစ်တဲ့သူတိုင်း အနည်းဆုံး စက္ကန့်ဝက်လောက် နားသင့်တာ၊ သူ့ကြည့်ရတာ ပုံမှန်လိုပဲ၊ လာကစားနေတာလား”

“သူ လက်လျှော့လိုက်တာလို့ ငါ ထင်တယ်၊ ဝူယွဲ့ရဲ့ အမှတ်က အနိုင်ရဖို့ မဖြစ်နိုင်ဘူးလေ”

ဖန့်ဟုန် ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ ဤသို့ သာမန်ကာလျှံကာ ပစ်ခြင်းက သိုင်းပညာရှင်များအားလုံးကို စော်ကားလိုက်ခြင်းပင်။

*ရဲ့လင်းချန်ရဲ့ အပြုအမူက လိုနေသေးတာပဲ*

သူ တွေးလိုက်မိသည်။ သို့သော် ဖန်သားပြင်ပေါ်မှ အမှတ်ကို သူ လှမ်းကြည့်လိုက်သောအခါ ထခုန်မိသွားရသည်။ သူ့မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာ၏။

(ရဲ့လင်းချန် ဆယ်မှတ်ကွင်း ကိုးချက်၊ ကိုးမှတ်ကွင်း တစ်ချက်၊ စုစုပေါင်းရမှတ် ကိုးဆယ့်ကိုးမှတ်)

“ယ … ယီးပဲ”

ဝူယွဲ့ နှုတ်ခမ်း တဆတ်ဆတ်တုန်ကာ မျက်လုံးများ နီရဲလာ၏။ သူ့ဘဝကို သူ သံသယဝင်စပြုလာသည်။ သို့သော် ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။

လက်ထဲမှ ပစ္စတိုကို ချိန်ဆကြည့်ပြီး သူ့အမှတ်ကို စိတ်ပျက်သွားသည်။ နောက်ဆုံးတွင် သူ့အကြည့်က ပစ္စတို၏ ပြောင်းဝကို ရောက်သွားသည်။ သူ ခေါင်းခါ၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီပစ္စတိုရဲ့ ပြောင်းဝက အနာအဆာ ရှိနေတာပဲ၊ အဲ့ဒါကြောင့် မတိကျတာ”

All Chapters