← Chapters

ပုံမှန်မဟုတ်သော ရဲ့လင်းချန်

Vol. 1-4 Ch. 57

ပုံမှန်မဟုတ်သော ရဲ့လင်းချန်

Vol. 1-4 Ch. 57

*မတိကျဘူး*

သူ့စကားက လူတိုင်းကို ရင်တုန်သွားစေသည်။ ဖန့်ဟုန်သည် အံ့ဩမှုကြောင့် တောင့်ခနဲ ဖြစ်နေသော မျက်နှာကို ခပ်ဆတ်ဆတ် ပွတ်လိုက်ပြီးနောက် ခပ်သွက်သွက် လျှောက်ပြီး ရှင်းပြလိုက်သည်။

“ငါတို့သေနတ်တွေအားလုံးက သေချာထုတ်လုပ်ထားတာ၊ တိကျမှုမှာ ပြဿနာ မရှိနိုင်ဘူး”

ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။ ထို့နောက် ပြောင်းဝကို သေချာကြည့်ပြီး လက်ကိုဆန့်ကာ အသာလှုပ်ယမ်း လိုက်သည်။

လူတိုင်း အံ့ဩသွားသည်။ ပြောင်းဝမှ သံချေးအနည်းငယ် ကျလာသည်။ သံချေးက သေးငယ်လွန်းသော်လည်း ပြောင်းဝ၏ ချိန်ရွယ်မှုတစ်ချို့ကို တားဆီးနိုင်ပြီး တိကျမှု၌ သက်ရောက်မှု ရှိသည်။

*ဒါက …*

ဖန့်ဟုန် မှင်တက်သွားသည်။

*သူ့ရဲ့ လေ့လာနိုင်စွမ်းက သာမန် မဟုတ်ပါလား၊ ငါတောင် ဒါကို သတိမထားမိဘူး*

ရဲ့လင်းချန်က ကျေနပ်သလို ခေါင်းညိတ်လိုက်သည်။

“အခု ပိုကောင်းသွားပြီ၊ ထပ်စမ်းကြည့်မယ်”

ထိုသို့ပြောပြီး သူသည် ကိုယ်နေဟန်ထား ပြန်ပြင်၍ ချိန်ရွယ်လေသည်။

“ဒိုင်း ဒိုင်း ဒိုင်း”

နောက်ထပ် သေနတ်သံ ဆယ်ချက် ဆက်တိုက် ထွက်ပေါ်လာသည်။ လူတိုင်း နေရာ၌ ကျောက်ရုပ်သဖွယ် ရပ်နေပြီး ဖန်သားပြင်၌ ဖော်ပြလာမည့် ရမှတ်ကို စောင့်နေကြသည်။

(ရဲ့လင်းချန် ဆယ်မှတ်တန်ကွင်း ဆယ်ချက်၊ စုစုပေါင်းရမှတ် တစ်ရာ)

လူတိုင်း အာခြောက်သွားသည်။ လူတိုင်း ကြက်သေ သေသွားကြသည်။ ထိုအခိုက်တွင် သူတို့ ဘာပြောရမလဲ မသိသလို သူတို့ ခံစားချက်ကို ဘယ်လို ပြောရမလဲမသိ ဖြစ်သွားလေသည်။

ဝူယွဲ့သည် မဖြစ်နိုင်သော ရမှတ်ကိုကြည့်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ မြေကြီးပေါ် လဲကျသွားပြီး မျက်ရည်ကျလာပြန်သည်။

ပြောချင်သော စကားများစွာ ရှိနေသော်လည်း တစ်ခွန်းသာ ပြောမိသည်။

“ချီးပဲ ဒါကြီးက သောက်ရမ်း ရူးချင်စရာကောင်းတယ်”

“ညီလေးရဲ့၊ မင်း တကယ် ငါ့ဆီက သင်တာမှ ဟုတ်ရဲ့လား”

လင်းအောင်သည်လည်း နားဝေတိမ်တောင် ဖြစ်နေ၏။ သူ၏ အထူးစွမ်းရည်က အခြားသူများကို သင်ပြပေးခြင်းများ ဖြစ်လေသလောဟု သံသယဝင်စ ပြုလာသည်။

“ဟုတ်ပါတယ်”

ရဲ့လင်းချန်က ရိုးရိုးသားသား ခေါင်းညိတ်ပြသည်။

“ငါ ဘာလို့ မင်း ငါ့ကို လာကစားနေတယ်လို့ ခံစားနေရတာလဲ”

လင်းအောင်က ရဲ့လင်းချန်ကို မသင်္ကာသလို ကြည့်လိုက်သည်။ ရဲ့လင်းချန်က ချက်ချင်း ခေါင်းခါ၍ အာမခံသလို ထပ်ပြောလိုက်သည်။

“အဲ့လို မဟုတ်ရပါဘူး”

…

တတိယ လေ့ကျင့်ရေးမှာ လက်သီးသိုင်း လေ့ကျင့်ရေး ဖြစ်သည်။ စစ်သည်တော် ဌာနသည် အလွန် အင်အားကြီးသည်။ ထို့ကြောင့် သိုင်းပညာရှင်အားလုံး လက်သီးကို အတူတကွ သင်ယူလေ့ကျင့်ရသည်။

ကောလာဟလများအရ လေ့ကျင့်ရသည့် လက်သီးသိုင်းသည် ရှေးခေတ် သိုင်းပညာများကို ပေါင်းစပ်၍ သိုင်းပညာရှင် တစ်ရာကျော် တစ်နှစ်မျှ အချိန်ယူ လေ့လာကာ တီထွင်ခဲ့သော လက်သီးသိုင်း ဖြစ်သည်ဟု ဆိုသည်။

အတိုချုပ်‌ ပြောရလျင် လက်သီးသိုင်းက လေ့ကျင့်ရလွယ်ကူပြီး တိုက်ခိုက်ရာ၌ ထိရောက်ပေသည်။ လှုပ်ရှားမှုများက ဟာကွက်ရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်း တိုက်ခိုက်ရာ၌ သက်ရောက်မှု အရှိဆုံးပင်။

ရဲ့လင်းချန်သည် လက်သီးသိုင်းကို ယခင်က မသင်ယူဖူးသဖြင့် ဘေးကနေသာ ထိုင်၍ ကြည့်နေရသည်။

“လက်သီးသိုင်းအား လေ့လာခြင်း သိုင်းပညာစွမ်းရည် တစ်မှတ်”

“လက်သီးသိုင်းအား လေ့လာခြင်း သိုင်းပညာစွမ်းရည် တစ်မှတ်”

“လက်သီးသိုင်းအား လေ့လာခြင်း သိုင်းပညာစွမ်းရည် တစ်မှတ်”

…

ဤလက်သီးသိုင်း၏ သိုင်းကွက်များအားလုံးကို သူ လျင်မြန်စွာ မှတ်မိသွားသည်။ အခြားသူများအားလုံးထက် သူ ပို၍ ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ရဲ့လင်းချန် ယုံကြည်မှု ရှိနေသည်။

သို့သော် လူတိုင်းအား အံ့ဩစေခြင်းမှ ရှောင်ရှားရန် သူသည် နှိမ့်နှိမ့်ချချနေ၍ ဘေး၌သာရပ်ပြီး သူတို့ကို လေ့လာနေ၏။

ဤလူများ၏ ခံစားချက်ကို သူ ထိခိုက်အောင် လုပ်မိလျင် အပြစ်ကြီး ဖြစ်ပေတော့မည်။ သို့သော် လေ့ကျင့်ရေးကွင်း၌ ဖန့်ဟုန် စိတ်အခြေအနေ ကောင်းနေသည်။ သူ၏ မာထန်သော မျက်နှာတွင် မြင်ရခဲသော အပြုံးတစ်ခု ရှိနေပြီး ထိုအပြုံးက ပျောက်မသွားချေ။

“လင်းအောင် မင်း ဒီတစ်ခေါက် စစ်သည်တော်ဌာနအတွက် သိပ်ကောင်းတဲ့ လူသစ်လေးကို ရှာနိုင်တာပဲ”

သူ စကားပြောနေပြီးနောက် တစ်ခဏမျှ ရပ်သွားလေသည်။

“ငါ သူ့ကို နဂါးလေ့ကျင့်ရေးစခန်းအတွက် ထောက်ခံချက် ပေးမယ်”

လင်းအောင်က ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်သည်။

“ခေါင်းဆောင်ဖန့် ခင်ဗျား အရမ်း အကောင်းမြင်လွန်းနေပါပြီ၊ သူ့မှာ သိုင်းပညာရှင် ဖြစ်ချင်တဲ့ စိတ်မရှိဘူး”

“ဘာ”

ဖန့်ဟုန် မျက်လုံး ပြူးသွားသည်။

“သိုင်းပညာရှင်က နိုင်ငံကို ကာကွယ်နိုင်ရုံတင်မကဘူး ချစ်ရသူတွေကို ကာကွယ်နိုင်မယ့် အထူး အခွင့်အရေးလည်း ရမှာလေ၊ သူက မလိုချင်ဘူးလား”

“ကျွန်တော် သူ့ကို အရင်က အကြံပေးဖူးပါတယ်၊ ဒါပေမဲ့ သူက ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်ပြီးတော့ ချည်နှောင်ခံရတာကို မကြိုက်ဖူးလို့ ပြောတယ်”

လင်းအောင် ဆက်ပြောလိုက်သည်။

“ကျွန်တော်လည်း သူက သိုင်းပညာရှင်ကောင်းလို့ မြင်တယ်၊ အဲ့ဒါကြောင့် သူ့သိုင်းလေ့ကျင့်ရေးအချိန်မှာ ခင်ဗျား သူ့ကို လေ့ကျင့်ပေးဖို့ ဒီကိုခေါ်လာတာပဲ”

“သိုင်းလေ့ကျင့်ရေးအချိန် ဟုတ်လား၊ သူက ကျောင်းတက်နေတုန်းလား”

ယခင်က ရဲ့လင်းချန်ကို ဖန့်ဟုန် သေချာ သတိမထားခဲ့ကြောင်း သိသာလှသည်။

“ပီကင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသားလေ”

လင်းအောင်က တစ်ခဏမျှ ငြိမ်နေသည်။

“ပြီးတော့ … ကျွန်တော် အရင်က ပြောခဲ့သလိုပဲ သူက အတိုက်အခိုက် တော်တယ်၊ သိပ်တော်တာ”

“မင်းနဲ့ယှဉ်ရင်ရော ဘယ်လိုလား”

“ကျုပ် သူ့ကို တစ်ချက်တည်းနဲ့တောင် မနိုင်ဘူး”

ဖန့်ဟုန် အသက်ပင် မရှူနိုင်အောင် ဖြစ်သွားပြီး ရဲ့လင်းချန်အား လှမ်းကြည့်လိုက်သည်။ သူ အခိုင်အမာ ပြောလာသည်။

“ဒီလိုလူမျိုးကို စစ်သည်တော်ဌာနထဲ ဝင်အောင် မလုပ်နိုင်ရင် ငါတို့နိုင်ငံအတွက် နာတာပဲ၊ သူ့ကို နားချနိုင်မယ့် နည်းလမ်းကို ရှာရမယ်”

သူတို့သည် လက်သီးသိုင်းအား သုံးကြိမ်တိတိ လေ့ကျင့်ပြီးမှ ရပ်နားလိုက်သည်။ ထိုအချိန်တွင် မွန်းလွဲချိန်သို့ ရောက်နေလေပြီ။ နေ့လယ်စာစားပြီးနောက် ညနေဘက် အလေးသယ်၍ တောင်တက်လေ့ကျင့်ခန်း မစခင် တစ်နာရီ နားချိန် ပေးလေသည်။

သို့သော် လူတိုင်းက မတ်မတ်ရပ်၍ ဖန့်ဟုန် လူခွဲမည့်အချိန်ကို စောင့်နေ၏။ ဘေး၌ ထိုင်နေသော ရဲ့လင်းချန်က ရုတ်တရက် ထရပ်လာသည်။

သူ၏ အမူအရာက သုန်မှုန်နေ၏။ သူ အလှောင်ခံရချိန်တွင်တောင်မှ သူ့အမူအရာက သုန်မှုန်မနေခဲ့ပါ။ ဖန့်ဟုန်နှင့် လင်းအောင်တို့ မျက်မှောင်ကြုတ်သွားပြီး ဘာမှမပြောချေ။ သူတို့သည် ရပ်မြဲရပ်ကာ ရဲ့လင်းချန်ကို တိတ်တဆိတ် လေ့လာနေ၏။

“သိုင်းပညာရှင်က တရုတ်လူမျိုးတွေရဲ့ ဂုဏ်ယူစရာ ဖြစ်နေခဲ့တာ၊ နိုင်ငံတစ်ခုလုံးရဲ့ ကျောထောက်နောက်ခံပဲ”

ရဲ့လင်းချန်၏ မျက်နှာက တစ်ခါမှ မမြင်ဖူးခဲ့သော မျက်နှာထားမျိုးနှင့် မာကြောနေသည်။

“ကျုပ် ဒီနေရာကို မလာခင် တစ်ယောက်ယောက်က သိုင်းပညာရှင်ဆိုတာ ဘာလဲလို့ မေးလာရင် သိုင်းပညာရှင်ဆိုတာ အရာအားလုံး သန်မာနေတဲ့သူလို့ ဖြေမိမှာ”

“ဒါပေမဲ့ အခု ကျုပ် စိတ်ပျက်သလို ခံစားရတယ်၊ စိတ်ပျက်တာမှ ပြောတောင် မပြောပြတတ်ဘူး”

ရဲ့လင်းချန်၏အသံက မကျယ်သော်လည်း လူစု၏ အာရုံကို ဖမ်းစားနိုင်သည်။ အားလုံး၏ ဒေါသအကြည့်က သူ့ပေါ် ကျလာပီး အများစုက ရန်လိုလာသည်။

*စိတ်ပျက်တယ်၊ မင်းက ဘာကို စိတ်ပျက်တာလဲ*

“အခု ကျုပ်ကို တစ်ယောက်ယောက်က သိုင်းပညာရှင်က ဘာလဲလို့‌ မေးလာရင် အမှိုက်လို့ ပြောမိမှာ၊ ဒါ ကျုပ် ခင်ဗျားတို့အပေါ် မြင်တဲ့အမြင်ပဲ”

သိုင်းပညာရှင် ဆယ့်ငါးယောက်လုံး၏ အသက်ရှူသံက ပြင်းလာသည်။ သူတို့၏ ဒေါသအကြည့်များက ရဲ့လင်းချန်အပေါ် ကျရောက်လာပြီး မျက်နှာများ နီရဲလာလေသည်။

*အရှက်ခွဲတာ၊ ဒါ လုံးဝ အရှက်ခွဲတာပဲ*

ဝူယွဲ့က ရှေ့ထွက်လာပြီး ဒေါသမီးတောက်လောင်နေသော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်လေသည်။

“မင်းက သိပ်တော်တာကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ ငါတို့ကို ဒီလို အရှက်ခွဲလို့ရတယ်လို့ မဆိုလိုဘူး”

“အရှက်ခွဲတယ် ဟုတ်လား၊ မဟုတ်သေးဘူး အရှက်ခွဲနေတာက ခင်ဗျားတို့ကိုယ်တိုင်ပဲ၊ ခင်ဗျားတို့က ကျုပ် အရှက်ခွဲဖို့တောင် မထိုက်တန်ဘူး”

*ခွေးကောင်*

ထိုစဉ် လူတိုင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လာသည်။ သူတို့၏ ခန္ဓာကိုယ်က ရှေ့ကိုင်းလာပြီး ရဲ့လင်းချန်အား အသေအကြေတိုက်ရန် အသင့်ဖြစ်နေသည့်ပုံပင်။

လင်းအောင် ရှေ့ထွက်ရန် ပြင်သော်လည်း ဖန့်ဟုန်က ပြန်ဆွဲထားသည်။

“မသွားနဲ့ သူ ဆက်ပြောပါစေ”

“ဘာလဲ ခင်ဗျားတို့က လက်မခံဘူးလား”

ရဲ့လင်းချန်က ပြုံးလိုက်သည်။ သူတို့ကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။

“ကျုပ်ကို ချချင်တာလား၊ ရတယ်၊ ကျုပ် အဲ့အခွင့်အရေး ပေးတယ်”

“အစောပိုင်းက ခင်ဗျားတို့ လက်သီးသိုင်း ကျင့်တာကို ကျုပ် ကြည့်ပြီးပြီ၊ ကျုပ် တစ်ခု၊ နှစ်ခုလောက် သင်ယူလိုက်ရတယ်၊ ကျုပ် ခင်ဗျားတို့နဲ့ လက်သီးချင်း ယှဉ်ချမယ်”

ရဲ့လင်းချန်၏ ကျားကဲ့သို့ စူးရှသော မျက်လုံးများက တစ်ဖွဲ့လုံးပေါ် ကျရောက်လာ၏။

“ခင်ဗျားတို့ တစ်ယောက်ချင်း လာမလား  ဒါမှမဟုတ် အကုန်လာမလား ရွေးကြ၊ လာလေ”

“မင်း လွန်လာပြီ”

ဝူယွဲ့က တန်းစီရပ်နေရာမှ ပြေးထွက်လာပြီး ရဲ့လင်းချန်ကို သေချာကြည့်နေသည်။

“ငါ ဒီအဖွဲ့ကို ရောက်နေတာ ဆယ့်တစ်နှစ် ရှိပြီ၊ လက်သီးသိုင်း လေ့ကျင့်တာလည်း ဆယ့်တစ်နှစ် ရှိပြီ၊ တစ်ခါ ကြည့်ရုံနဲ့ ငါတို့ကို နိုင်မယ် ထင်နေတာလား”

“မင်း ဆယ့်တစ်နှစ် လေ့ကျင့်တာတောင် ဒီလို ဆိုးရွားနေတုန်းပဲလား၊ မင်း အမှိုက်ဖြစ်နေတာ မဆန်းဘူး”

ရဲ့လင်းချန်၏‌ အေးဆေးသော လေသံက ဝူယွဲ့၏ မျက်လုံးကို နီရဲသွားစေပြီး ချက်ချင်း ညာသံပေး၍ ပြေးတက်လာသည်။

“ရား….”

လေတိုးသံက ပြင်းလှသည်။ သို့သော် ရဲ့လင်းချန်က လက်တစ်ဖက်ကိုသာ ဆန့်၍ ဝူယွဲ့၏လက်သီးကို ဖမ်း၍ အသာ လိမ်လိုက်သည်။

ဝူယွဲ့ တစ်ကိုယ်လုံး အားမရှိတော့သလို ခံစားရကာ တစ်စက်ကလေးမှ အားမထုတ်နိုင်တော့ချေ။ ထို့နောက် ရဲ့လင်းချန်က သူ့ခြေထောက်ကို ဖြတ်တိုက်လိုက်သဖြင့် ဝူယွဲ့ လဲကျသွားလေသည်။

All Chapters