← Chapters

သွေးသစ်လောင်းခြင်း

Vol. 1-4 Ch. 58

သွေးသစ်လောင်းခြင်း

Vol. 1-4 Ch. 58

ရဲ့လင်းချန် အသုံးပြုသော နည်းလမ်းမှာ လက်သီးသိုင်း၏ လုံးထွေး သတ်ပုတ်ခြင်း ပညာ ဖြစ်သည်။ သူသည် ဝူယွဲ့၏ တိုက်ခိုက်မှုကို ပျက်ပြယ် စေပြီး အနိုင်ရခဲ့သည်။

“ဒါ ဆယ့်တစ်နှစ်စာ လေ့ကျင့်ထားတဲ့ ရလဒ်လား”

ရဲ့လင်းချန်က ဝူယွဲ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“ငါ … ငါ …”

ဝူယွဲ့ စိတ်ဓာတ်ကျသွားပြီး ဘာပြောရမှန်း မသိတော့ချေ။

“မကျေနပ်တဲ့လူ ရှိသေးလား”

ရဲ့လင်းချန် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ ထိုအခိုက်တွင် ရဲ့လင်းချန်ကို စိန်ခေါ်လိုစိတ် ပြင်းပြနေသည့် လူများအားလုံး သူ့အကြည့်ကို ရှောင်လာ ကြသည်။

“ဒါလေးနဲ့ ခင်ဗျားတို့ ကြောက်နေပြီလား၊ ထွက်ပြေးချင်တာလား၊ လတ်စသက်တော့ ခင်ဗျားတို့ကို အမှိုက်လို့ ခေါ်တာက ချီးကျူးတာတောင် ဖြစ်နေပြီ”

ရဲ့လင်းချန်၏ အမူအရာက လေးနက်လာသည်။

“ငါတို့က အမှိုက် မဟုတ်ဘူး”

တစ်ယောက်က ထအော်လာသည်။

“ဘာ ပြန်ပြောပါဦး”

ရဲ့လင်းချန် ငေါက်လိုက်သည်။

“ငါတို့က အမှိုက် မဟုတ်ဘူး”

ထိုစည် ဆယ့်ငါးယောက်လုံး၏ ပြိုင်တူ အော်ဟစ်သံများ ညံလာ၏။

“အနည်းဆုံးတော့ တိုက်ခိုက်ချင်စိတ် ရှိသေးသားပဲ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ တိုက်ခိုက်ချင်စိတ်ကို အော်ဟစ်တဲ့နေရာမှာ သုံးရမှာ မဟုတ်ဘူး၊ လေ့ကျင့်တဲ့နေရာနဲ့ တိုက်ပွဲမှာ သုံးသင့်တာ”

“ခင်ဗျားတို့အားလုံးကို အမှိုက်လို့ ကျွန်တော် ဘာလို့ ပြောလဲ သိလား၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ပျင်းရိနေလို့ပဲ”

ရဲ့လင်းချန်က သူတို့မျက်နှာကို ဝေ့ကြည့်လိုက်သည်။

“ခင်ဗျားတို့က ဒါ မနက်စောစောထပြီး နောက်ကျမှ အိပ်ရာဝင်ရတဲ့ အစီအစဉ်တွေကြောင့်လို့ ထင်မှာပေါ့၊ အဲ့ဒါကြောင့် အားစိုက်ဖို့ ခက်တယ်လို့ ထင်နေတာမလား၊ မှားတယ်၊ လုံးဝ မှားတယ်”

“လေ့ကျင့်ရေးဆိုတာ ရလဒ်ပြဖို့ လိုအပ်တယ်၊ ခင်ဗျားတို့ လက်သီးသိုင်း လှုပ်ရှားမှုတွေက စံချိန်စံနှုန်းတွေကို မရောက်ဘူး၊ လက်သီးချက်တိုင်းက ခွန်အားမဲ့နေတယ်၊ ဒါလား ခင်ဗျားတို့ရဲ့ လေ့ကျင့်ရေး၊ ဒီလို အချိန်ဖြုန်း နေမယ့်အစား အဖွဲ့ဖျက်သိမ်းပြီး အိမ်စောစော ပြန်လိုက်ပါလား”

ရဲ့လင်းချန် ဒေါသထွက်နေ၏။ သူ ဒေါကန်ရသည့် အကြောင်းရင်းမှာ သူတို့၏ သာမန်ကာလျှံကာ လေ့ကျင့်ရေး ပုံစံကို ကြည့်မိခြင်းကြောင့် ဖြစ်ပေသည်။

လူဆယ့်ငါးယောက် လေ့ကျင့်နေသော်လည်း ရဲ့လင်းချန်၏ လက်သီးသိုင်း စွမ်းရည်က နှစ်ဆယ်ရာခိုင်နှုန်းသာ တက်ခဲ့သည်။ ယင်းကိုကြည့်ဖြစ်အားဖြင့် သူတို့၏ လက်သီးသိုင်းအပေါ် ကျွမ်းကျင်မှု မည်မျှ ဆိုးရွားကြောင်း သိနိုင်ပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ တစ်ချို့က အရှက်ရကာ တစ်ချို့က မကျေမနပ် ဖြစ်နေကြသည်။

“ခင်ဗျားတို့ရဲ့ လေ့ကျင့်ရေး အဓိက ရည်မှန်းချက်က ဘာလဲ၊ လေ့ကျင့်‌ရေး အစီအစဉ်လား၊ လေ့ကျင့်ချိန်လား၊ ပြင်းထန်တဲ့ လေ့ကျင့်မှုလား၊ အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး”

ရဲ့လင်းချန် အေးစက်စွာ ပြောလိုက်သည်။

“စိတ်ဓာတ်ပဲ၊ လူတစ်ယောက်ရဲ့ စိတ်ဓာတ်”

“ခင်ဗျားတို့က စက်တွေလို နေ့စဉ် လေ့ကျင့်ရေးကို ပြီးအောင် လုပ်နေရုံသက်သက်ပဲ၊ ခင်ဗျားတို့ကို အချိန် ထပ်ပေးရ်တောင် ခင်ဗျားတို့ တစ်စက်ကလေးမှ တိုးတက်လာမှာ မဟုတ်ဘူး၊ ဒါ အမှိုက်နဲ့ အတူတူပဲ မဟုတ်ဘူးလား”

ရဲ့လင်းချန် သူတို့ကို ကြည့်လိုက်သည်။

“ခင်ဗျားတို့နဲ့အတူ ဝင်လာတဲ့ တစ်ချို့လူတွေက အထူးလေ့ကျင့်ရေးစခန်းထဲ ဝင်ဖို့ ရွေးချယ်ခံရပြီးပြီ ဟုတ်တယ်မလား”

လူတိုင်း ခေါင်းညိတ်သည်။

“တစ်ဖွဲ့ထဲအတူတူ သူတို့ ဝင်နိုင်ရင် ဘာလို့ ခင်ဗျားတို့က မဝင်နိုင်ရမှာလဲ”

ရဲ့လင်းချန် ခပ်မာမာ ပြောလေသည်။

“သူတို့နဲ့ယှဉ်လိုက်ရင် ခင်ဗျားတို့က အငြင်းခံလိုက်ရတဲ့သူတွေ၊ အရှုံးသမားတွေ”

တစ်ချို့ အသက်ရှူသံ စပြင်းလာပြီး တစ်ချို့က မျက်လုံးများ နီမြန်းလာ၏။ သို့သော် မည်သူမှ ပြန်မပြောချေ။

“ခင်ဗျားတို့ ပြောကြည့် အငြင်းခံလိုက်ရတဲ့ အရှုံးသမားတွေက အမှိုက် မဟုတ်ရင် ဘာလဲ”

အဘယ်သူမှ ပြန်မဖြေကြပေ။ လူတိုင်း၏ မျက်နှာက နီရဲနေပြီး သွေးပွက်ပွက် ဆူနေကြသည်။ အရှက်ကွဲခြင်းက သူတို့၏ အတွင်းစိတ်၌ လှိုက်စားနေကာ သူတို့ အလွန်အမင်း ရှက်ရွံ့နေ၏။

*ဘာလို့ တစ်ခြားသူတွေ လုပ်နိုင်တာကို ငါတို့ မလုပ်နိုင်ရတာလဲ*

တစ်ချိန်က ရဲဖော်ရဲဘက်များသည် ယခု ပိုမြင့်သောနေရာသို့ ရောက်နေပြီး သူတို့ကို အထင်သေးစွာ ကြည့်လာကြသည်။ သူတို့ကိုယ်တိုင်က အဘယ်ကြောင့် အခြားသူများ၏ အမြင့်၌ မရပ်တည်နိုင်ကြသနည်း။

“ခင်ဗျားတို့က အရမ်း တင်းတိမ်ရောင့်ရဲလွန်းတယ်၊ ခင်ဗျားတို့က သိုင်းပညာရှင် ဖြစ်လာလို့ ဂုဏ်ယူနေတာလား၊ နေ့တိုင်း လေ့ကျင့်ရေး လုပ်ရတာနဲ့ လုံလောက်ပြီလို့ ထင်နေတာလား”

သူတို့အားလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း အသက်ရှူသံပြင်းကာ မျက်လုံးများ နီရဲလာ၏။

“ကျွန်တော် ထပ်ပေးမယ်၊ ခင်ဗျားတို့ လေ့ကျင့်ရေးရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“သိုင်းဘုရင် ဖြစ်လာဖို့”

ဝူယွဲ့က ရဲရဲနီနေသော မျက်လုံးဖြင့် အော်လာသည်။

“ငါ့နိုင်ငံကို ငါ ကာကွယ်ချင်လို့”

“ငါ့မိသားစု ဂုဏ်ယူစေချင်လို့”

…

လူဆယ့်ငါးယောက်လုံး တစ်ယောက်ပြီး တစ်ယောက် ဖြေလာကြသည်။

“မှားတယ်၊ အားလုံး မှားတယ်”

ရဲ့လင်းချန် ပြန်အော်လိုက်သည်။

“ခင်ဗျားတို့ကိုယ်တိုင်အတွက်ပဲ ဖြစ်ရမယ်၊ ခင်ဗျားတို့ ချွေးထွက်များလေ သွေးထွက်နည်းလေပဲ၊ ခင်ဗျားတို့ စိတ်နှစ်ပြီး မလေ့ကျင့်ရင် စစ်မြေပြင်ကို ဝင်ရင် … ခင်ဗျားတို့ပဲ အသက်ဆုံးရှုံးရမှာ”

လင်းအောင်နှင့် ဖန့်ဟုန်အပါအဝင် လူတိုင်း သွေးဆူကာ မျက်နှာများ နီရဲနေ၏။ သူတို့၏ ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များကြောင့်လည်းကောင်း၊ သူတို့၏ စိတ်ဓာတ်များ တက်ကြွလာ၍လည်းကောင်း အားလုံး မာန်ပါလာ၏။ ရဲ့လ့်ငးချန်သည် သူတို့ကို ထိန်းချုပ်နိုင်ရုံသာမက လူတိုင်း၏ စိတ်ဝိညာဉ်အား‌ သွေးသစ်လောင်း ပေးလိုက်နိုင်သည်။

“ငါတို့အမှားကို ငါတို့ နားလည်ပြီ”

ဝူယွဲ့၏ ခန္ဓာကိုယ် တုန်ယင်နေပြီး လေသံမာလာပြီး နီရဲနေသော မျက်နှာနှင့် အော်လိုက်သည်။

“မင်းရဲ့အမှားက ဘာလဲ”

ရဲ့လင်းချန် ပြန်မေးလေသည်။

“လေ့ကျင့်ရေးက ငါတို့ ကိုယ်တိုင်အတွက်ပဲ၊ တာဝန်မဟုတ်ဘူး၊ ငါတို့အသက်အတွက်၊ ငါတို့ရဲ့ ခွန်အားကို စိတ်နှစ်ပြီး လုပ်ဆောင်သင့်တာပါ”

ဝူယွဲ့က မားမားမတ်မတ်ရပ်၍ ပြန်အော်ကာ ဖြေလိုက်သည်။ အခြားသူများကလည်း စိတ်အားထက်သန်သော အမူအရာနှင့်အတူ တောက်ပသော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို ကြည့်နေ၏။

ရဲ့လင်းချန် ခေါင်းညိတ်သည်။

“ကောင်းတယ်၊ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်တွေ တက်ကြွနေမှပဲ ခင်ဗျားတို့ လေ့ကျင့်ရေး ရလဒ်တွေ တက်လာမှာ၊ ခင်ဗျားတို့ရဲ့ ပြီးဆုံးအောင် လုပ်ရမယ့် အိပ်မက်တွေကို သတိရပါ၊ ခင်ဗျားတို့ရဲ့ လက်ရှိအခြေအနေကို အမြဲ သတိရပါ”

“နားလည်ပါပြီ”

သိုင်းပညာရှင် ဆယ့်ငါးယောက် ပြိုင်တူ အော်လိုက်သံက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လွန်းလှသည်။ ရဲ့လင်းချန်က ချောင်းဟန့်လိုက်ပြီးနောက် အနေရခက်သော အမူအရာနှင့် ဖန့်ဟုန်ကို ခိုးကြည့်လိုက်သည်။

*သွားပြီ မိုက်ချင်ယောင်ဆောင်တာ ကောင်းပင်မယ့် အခု နည်းနည်း လွန်သွားတယ်*

ဖန့်ဟုန်က ရဲ့လင်းချန်ကို တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။

“ကောင်းပြီ မနက်ပိုင်း လေ့ကျင့်ရေး ပြီးပြီ၊ နေ့လယ်စာ စားကြတော့”

“ခေါင်းဆောင်ဖန့် ကျွန်တော်တို့ မပင်ပန်းသေးပါဘူး၊ ဆက်လေ့ကျင့်ချင်ပါတယ်”

ဝူယွဲ့က နေရာမှာ ရပ်မြဲရပ်နေ၏။

“ဟုတ်ပါတယ် ခေါင်းဆောင်ဖန့် ခုနက ကျွန်တော် လေ့ကျင့်ချိန်မှာ အားကုန်မထည့်မိဘူး၊ ကျွန်တော် နောက်တစ်ခါ လေ့ကျင့်ချင်စိတ် ရှိပါတယ်”

ကျန်လူများလည်း လှုပ်ကိုမလှုပ်ပေ။

“ဘာတွေပြောနေတာလဲ၊ ဘာမှမစားရင် ဘယ်လိုလုပ် လေ့ကျင့်ဖို့ အင်အားရှိမှာပဲ၊ စိတ်ဓာတ်အကြောင်း ပြောနေတာက ဘာမှမဟုတ်ဘူး၊ အစားအသောက်က အရင်လာတာ”

ရဲ့လင်းချန်က ဘေးမှ ငေါက်လိုက်သည်။

“ဟားဟားဟား…”

လူတိုင်း အားပါးတရ ထရယ်ကြသည်။

“ခင်ဗျားတို့ ဘာရယ်တာလဲ၊ သွားစားကြတော့”

“ဟုတ်ကဲ့ ဆရာ”

အဖွဲ့က လူခွဲလိုက်ကြသည်။ လက်ရှိတွင် သူတို့ ရဲ့လင်းချန်ကို ကြည့်သောအကြည့်၌ အလွန် လေးစားစိတ်တို့ဖြင့် ပြည့်နှက်နေ၏။

“ခေါင်းဆောင်ဖန့် ဘာမှပြောစရာမရှိတော့ရင် ကျွန်တော် သွားစားလိုက်ဦးမယ်”

ရဲ့လင်းချန် ထွက်ပြေးရန် ပြင်လေသည်။ သို့သော် ထိုအချိန်တွင် ဖန့်ဟုန်က အော်ပြောလာသည်။

“ရဲ့လင်းချန်”

“ရှိ”

ဖန့်ဟုန်က ရဲ့လင်းချန်ကိုကြည့်၍ ကျေနပ်စွာ ပြုံးလိုက်သည်။

“မင်းက တော်တော်လေး တော်တာပဲ၊ မင်းစကားလုံးတွေက အခု ငါ့ထက်တောင် ပိုထိရောက်နေတယ်”

ရဲ့လင်းချန် ခေါင်းကုတ်လိုက်မိသည်။

“ခေါင်းဆောင်ဖန့်ကတော့ နောက်နေပါပြီ၊ ကျွန်တော့်စကားက ဘယ်လောက်ပဲ ထိရောက်ပါစေ၊ ကျွန်တော် ခင်ဗျားစကားကို နားထောင်ရတာပဲကို ဟုတ်တယ်မလား”

“မင်း သိုင်းပညာရှင် ဖြစ်လာဖို့ တွေးဖူးလား”

ဖန့်ဟုန်က ရဲ့လင်းချန်ကို တည့်တည့်စိုက်ကြည့်၍ မေးလိုက်သည်။

“ခေါင်းဆောင်ဖန့် ကျွန်တော် အခုမှ တက္ကသိုလ်တက်တာပါ၊ လောလောဆယ် အဲ့လို ရည်ရွယ်ချက်မျိုး မရှိပါဘူး”

ဖန့်ဟုန်၏ မျက်လုံးတွင် စိတ်ပျက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက ရဲ့လင်းချန်ကို ပခုံးပုတ် လာသည်။

“ကောင်းပြီလေ၊ မင်း ဆန္ဒရှိတဲ့ ဘယ်အချိန်မဆို ငါ့ကို အသိပေးပါ၊ နေ့လယ်စာ သွားစားတော့”

လင်းအောင်က ရဲ့လင်းချန်ကို ဖက်လိုက်သည်။

“ချီးပဲ မင်းက တကယ်ကို တစ်ခုခုပဲ၊ ငါ မင်းကို စတွေ့တုံးက မင်းကို တော်တော်လေး အရည်အချင်း ရှိတယ်လို့ တွေးခဲ့တာ၊ ငါ ထင်ထားတဲ့အတိုင်းပဲ၊ မင်း အဲ့စကားတွေကို ဘယ်လို ပြောနိုင်တာလဲ”

“ကျွန်တော့်ခံစားချက်တွေကိုပဲ ထုတ်ပြောမိတာပါ”

“မိုက်တယ်ကွာ၊ ပီကင်းတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသား ဖြစ်နေတာ မအံ့ဩတော့ဘူး၊ မင်းစကားတွေက ငါ့ရင်ထဲက စိတ်အားထက်သန်စိတ်ကို နိုးကြားစေတာပဲကွ”

လင်းအောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နေ့လယ်စာ စားရန် လမ်းတစ်လျှောက် သူ့ကို ဆွဲဖက်ကာ လျှောက်လေတော့သည်။

ဖန့်ဟုန်က နေရာမှာတင် ရပ်၍ တီးတိုးပြောနေသည်။

“ချွေးထွက်များလေ သွေးထွက်နည်းလေ၊ ပြီးဆုံးအောင် လုပ်ရမယ့် အိပ်မက်တွေကို သတိရပါ၊ ငါ ဒါတွေကို မှတ်ထားရမယ်၊ နောက်ဆို ဒါက ငါတို့ လေ့ကျင့်ရေးစခန်းရဲ့ ဆောင်ပုဒ် ဖြစ်လာမှာပဲ”

All Chapters